← Chapters

အခန်း ၆၄

Vol. 7 Ch. 64

အခန်း ၆၄

Vol. 7 Ch. 64

64

ထိုအသံမှာကျယ်လောင်လွန်းလှသဖြင့် တံခါးပိတ်ထားသည့်တိုင် ထိုအော်ဟစ်သံကြီးကို ရှင်းလင်းပြတ်သားစွာကြားနေရသည်။

စုန့်ကျီပိုင် မျက်မှောင်ကြုတ်သွားပြီး သူ့မျက်ဝန်းများအတွင်း၌ ထိတ်လန့်မှုအရိပ်အယောင်တစ်ခု ဖြတ်သန်းသွားခဲ့သည်။

‘ဒီကိစ္စကို ဒီလောက်လူအများကြီးက ဘယ်လိုလုပ်ပြီးသိသွားရတာလဲ'

ဤကိစ္စသည် လူတိုင်းသိထားသော လျှို့ဝှက်ချက်တစ်ခုလိုပင်ဖြစ်နေ၏။ အပြင်ဘက်မှ ဆူညံသံများကို နားထောင်ကြည့်ရုံဖြင့် လူအတော်များများ ချဉ်းကပ်လာနေကြောင်းသိနိုင်သည်။

ဤသတင်းကို မည်သူကများပေါက်ကြားစေခဲ့သနည်း။ ယုတ္တိကျကျ စဉ်းစားကြည့်လျှင် ဤအကြောင်းကိုသိသူ သိပ်မများလှပေ။

ဤမျှမြန်ဆန်စွာ မည်ကဲ့သို့ပျံ့နှံ့သွားရသနည်း။ ညွှန်ကြားရေးမှူးယွင်နှင့် သခင်ကြီးလုတို့မှာ အသိမိတ်ဆွေများဖြစ်ကြသဖြင့် သူတော့သေချာပေါက်မဖြစ်နိုင်ချေ။

သို့ဆိုလျှင် အခြားမည်သူဖြစ်နိုင်မည်နည်း။

လုရှီမန်သည် တူကိုချလိုက်ပြီး မျက်ခုံးတစ်ဖက်ပင့်လိုက်သည်။ တစ်နေ့နေ့တွင်တော့ ဤကိစ္စပေါ်ပေါက်လာလိမ့်မည်ဟု သူမကြိုတွေးထားခဲ့သော်လည်း ဤမျှမြန်ဆန်လိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့ချေ။

သုံးရက်မြောက်နေ့သာရှိသေးသည်။ တစ်စုံတစ်ယောက်က ဤမျှလောက်ပင် စိတ်လောနေပြီပင်။

ထိုသူမှာ မည်သူဖြစ်မည်ကို သူမ အတော်လေး သိချင်စိတ်ပြင်းပြသွားသည်။

စုန့်ကျီပိုင်က သူမကိုစိုးရိမ်တကြီး ကြည့်လိုက်သည်။ ဤပြဿနာသည် ရင်ဆိုင်ရန်မလွယ်ကူလှသဖြင့် ရှီမန်ကို ဖြေရှင်းခွင့်မပြုခြင်းက ပိုကောင်းပေလိမ့်မည်။

“ရှီမန် ကိုယ်သွားကြည့်လိုက်မယ်”

အတင်းအဖျင်းကောလာဟလများသည် လူကိုအထိခိုက်စေဆုံးအရာဖြစ်ပြီး မိန်းမပျိုလေးတစ်ယောက်၏ နှလုံးသားက ထိုမျှလောက်ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

အကယ်၍ သူမသာထိုစကားများကို ရင်ထဲမှတ်ထားလိုက်မည်ဆိုပါက ကြီးမားသောဘေးဒုက္ခဆိုးကြီးတစ်ခုဆီသို့ ဦးတည်သွားနိုင်လေသည်။

သူမမျက်နှာပေါ်တွင် မည်သည့်ကြောက်ရွံ့မှုမျှမရှိဘဲ ယုံကြည်မှုအပြည့်ဖြင့် မတ်တတ်ရပ်လိုက်သည်။

“ကျွန်မကိုယ်တိုင် သွားကြည့်မယ်၊ ကျွန်မက သူတို့ကိုကြောက်နေတဲ့ပုံ ပေါက်နေလို့လား”

နိုင်ငံရေးစိစစ်မှုကို အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့ပြီဆိုလျှင် ကြီးကြီးမားမားပြဿနာရှိမလာနိုင်တော့ချေ။ ထို့အပြင် သူမမိသားစုထဲတွင် မည်သူတစ်ဦးတစ်ယောက်မျှဖမ်းဆီးခံရကာ နယ်စပ်များဆီသို့ နယ်နှင်ဒဏ်ပေးခံရခြင်းမျိုးမရှိခဲ့ရာ သူမ၏လူတန်းစားအဆင့်အတန်းတွင်ပြဿနာရှိနေသည်ဟု မည်ကဲ့သို့ စွပ်စွဲနိုင်မည်နည်း။

သက်သေပြရန်တာဝန်သည် စွပ်စွဲသူအပေါ်တွင်သာရှိသည်။

သူမကို အရင်းရှင်၏သမီးဟုပြောဆိုသူ မည်သူမဆို ခိုင်လုံသောသက်သေအထောက်အထားကို ပြသနိုင်ရမည်။

လျှာဖျားလေးတစ်ချက်လှုပ်ရှားကာ စွပ်စွဲရုံမျှဖြင့်ရနိုင်သည်ဆိုလျှင်တော့ သူမကိုယ်တိုင်လည်း ထိပ်တန်းအဆင့်အကောက်ကြံသူတစ်ဦးအဖြစ် ပြောင်းလဲကာ လူတိုင်းကို ကောလာဟလရွှံ့နွံထဲသို့ ဆွဲချပစ်လိုက်မည်ဖြစ်၏။

သူမသည် ကောလာဟလများကို တည့်တိုးရင်ဆိုင်ရန်အတွက် တည်ငြိမ်အေးဆေးသောဟန်ပန်ဖြင့် အပြင်သို့ လျှောက်ထွက်သွားခဲ့သည်။

တော်လှန်ရေးကော်မတီမှလူများသည် တရားဝင်တာဝန်ထမ်းဆောင်နေသည့် ဟန်ပန်ဖြင့် လုရှီမန်ရှေ့မှောက်တွင် မတ်မတ်ရပ်နေကြသည်။

“ရဲဘော်က လုရှီမန်မဟုတ်လား၊ ရဲဘော်ရဲ့ဘိုးဘွားစဉ်ဆက် လူတန်းစားအဆင့်အတန်းမှာ ပြဿနာရှိနေတယ်လို့ ကျွန်တော်တို့ဆီတိုင်ကြားစာရောက်လာပါတယ်”

သူမသည် တည်ငြိမ်စွာဖြင့်တန်ပြန်မေးခွန်းထုတ်လိုက်သည်။

“ကျွန်မ လုရှီမန်ပါ၊ ဒါပေမဲ့ မေးခွန်းတစ်ခုတော့ မေးချင်တယ်၊ ကျွန်မရဲ့ ဘိုးဘွားစဉ်ဆက်လူတန်းစားအဆင့်အတန်းက ပြဿနာရှိတယ်ပေါ့လေ၊ အခုဒီနေ့ဒီအချိန်ထိ အသက်ရှင်ကျန်ရစ်နေတဲ့ ရှင်တို့အားလုံးရဲ့ ဘိုးဘွားတွေထဲမှာ အရာရှိအချို့မပါခဲ့ဘူးလို့ ပြောနိုင်လား၊ ဘိုးစဉ်ဘောင်ဆက် ဆင်းရဲတဲ့ လယ်သမားတွေသာဆိုရင် အိမ်ထောင်ပြုပြီး သားသမီးတွေမွေးဖို့ ငွေကြေးကို ဘယ်နေရာကနေရနိုင်ခဲ့မှာလဲ”

သူမသည် ခပ်ဖွဖွပြုံးလိုက်ပြီး အနည်းငယ်မျှပင် စိုးရိမ်ပူပန်နေခြင်းမရှိချေ။

သူမ၏လက်ရှိမိသားစုအခြေအနေသည် မွဲတေနေပြီဟုပင်ဆိုနိုင်ရာ သူမ၏လူတန်းစားအဆင့်အတန်းတွင် ပြဿနာရှိနေသည်ဟု မည်သို့ပြောဆိုနိုင်မည်နည်း။

ဤစကားကိုကြားသောအခါ တော်လှန်ရေးကော်မတီမှလူများအားလုံး ဆွံ့အတိတ်ဆိတ်သွားကြသည်။

ထိုအကြောင်းအရာက အလွန်ခိုင်လုံလှ၏။ သူတို့သည် သခင်ကြီးလု၏အကြောင်းကိုလည်း ကြားဖူးကြပြီးဖြစ်သည်။

သူသည် အမှန်တကယ်ပင် အရင်းရှင်ကြီးတစ်ဦးဖြစ်ခဲ့သည်။ သို့သော် သခင်ကြီးလုသည် အခြားသောအရင်းရှင်များနှင့် မတူညီချေ။ သူသည် စစ်မှန်သောမျိုးချစ်အရင်းရှင်တစ်ဦးဖြစ်သည်။

ကျဲ့မြို့မှ လုမိသားစုသည် တရုတ်သမ္မတနိုင်ငံခေတ်ကတည်းက နိုင်ငံတော်အတွက် ရေတွက်၍မရနိုင်လောက်အောင် များပြားလှသော လှူဒါန်းမှုများကို ပြုလုပ်ခဲ့၏။

ဂျပန်များနှင့် စစ်ဖြစ်ပွားနေစဉ်ကာလအတွင်း၌ လုမိသားစုသည် ငွေကြေးနှင့် ရိက္ခာများကို ထောက်ပံ့ပေးခဲ့ရုံသာမက နိုင်ငံခြားမှလက်နက်ခဲယမ်းအများအပြားကို တင်သွင်းနိုင်ရန်အတွက် သူတို့အဆက်အသွယ်များကိုပင် အသုံးပြုခဲ့ကြသည်။

နိုင်ငံတော်အသစ်တည်ထောင်ပြီးနောက်တွင်လည်း နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများကို ပံ့ပိုးကူညီရန်အတွက် သူတို့၏ဓနဥစ္စာအများစုကို လှူဒါန်းခဲ့ကြသည်။

ထို့အပြင် ရဲဘော်လု၏ဂုဏ်ယူဖွယ်ကောင်းလှသော စွမ်းဆောင်ရည်များကိုလည်း သူတို့ကြားသိခဲ့ရပြီးဖြစ်၏။ ရထားပေါ်တွင် ရန်သူ့သူလျှိုတစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး လျှို့ဝှက်စာရွက်စာတမ်းများကို ကာကွယ်ပေးနိုင်ခဲ့လေသည်။ သခင်ကြီးလု ကွယ်လွန်သွားခဲ့ပြီဖြစ်ရာ လုမိသားစု၏ဂုဏ်ကျက်သရေများလည်း တည်ရှိမနေတော့ချေ။

လူတစ်ယောက်သည် မိမိ၏မွေးဖွားရာဇာစ်မြစ်ကို ရွေးချယ်ခွင့်မရှိသော်လည်း ရဲဘော်လုကဲ့သို့အလွန်တရာထူးချွန်ပြောင်မြောက်သော အရည်အချင်းများကိုပိုင်ဆိုင်ထားရန်က ပိုအရေးကြီးသည်ပင်။

သူတို့သည် ဤမျှလောက် ကောင်းမွန်သောလူတစ်ယောက်ကို လာရောက်ပြဿနာရှာရန် ဆန္ဒမရှိခဲ့သော်လည်း ကိုင်တွယ်ရခက်ခဲသော အဘွားအိုတစ်ဦးနှင့် ရင်ဆိုင်ခဲ့ရသည်။

သူတို့အမြင်တွင် စစ်တပ်၏နိုင်ငံရေးစိစစ်မှုကို အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့ခြင်းကပင် ပြဿနာလုံးဝမရှိကြောင်း သက်သေပြနေပြီဖြစ်သည်။ သို့သော် ထိုအဘွားကြီးကမူ သူတို့သည် လုရှီမန်၏မြှူဆွယ်မှုကိုခံရပြီး အရင်းရှင်တစ်ဦးကို ကာကွယ်ပေးနေကြသည်ဟု ထပ်တလဲလဲစွပ်စွဲနေခဲ့၏။ အခြားရွေးချယ်စရာမရှိတော့သဖြင့် သူတို့ဤခရီးကို မဖြစ်မနေလာခဲ့ကြရခြင်းဖြစ်သည်။

အဘွားအိုဝေသည် ခါးထောက်လျက် ရန်လိုသောအမူအရာဖြင့် ရှေ့ထွက်လာသည်။

“ချီးလိုပဲ နင်သာ အရင်းရှင်ရဲ့သမီး မဟုတ်ခဲ့ဘူးဆိုရင် ဒီလိုမျိုးနေနိုင်ပါ့မလား၊ ရထားပေါ်မှာတောင်မှ ဖောက်ပြန်တဲ့အရင်းရှင်ပေါက်စလေးလို ဟန်ရေးပြနေတာ၊ နင့်လိုလူ ဘယ်သူများရှိသေးလို့လဲ”

ဤစွပ်စွဲချက်တစ်ခုတည်းကပင် သူမကို ဒုက္ခရောက်စေရန်လုံလောက်နေပြီဖြစ်သည်။ သူမကို အရင် ရဲရဲဝံ့ဝံ့စော်ကားရဲခဲ့သည်ပင်။

‘ဒီကောင်မ သွားသာသေလိုက်တော့'

All Chapters