အခန်း ၆၅
Vol. 7 Ch. 65
65
လုရှီမန် မျက်ခုံးတစ်ဖက်ပင့်လိုက်သည်။ သူမအား မည်သူတိုင်ကြားခဲ့သနည်းဆိုသည်ကို ခန့်မှန်းရန်ခက်ခဲမနေချေ။ ဤဒုတိယတပ်မှူးကျန်းသည်လည်း အတော်လေးစိတ်ဝင်စားစရာကောင်းသည်။
သူသည် အကြိမ်တိုင်းတွင်တောင်းပန်တတ်သော်လည်း အကြိမ်တိုင်းအသုံးမဝင်ခဲ့ချေ။ ဒုတိယတပ်မှူးကျန်းအနေဖြင့် စုန့်ကျီပိုင်အပေါ်တွင် ရန်ငြိုးတစ်ခုခုများရှိနေသလားဟု သူမစတင်သံသယဝင်လာမိသည်။
မည်သို့ပင်ဆိုစေကာမူ သူသည် ဒုတိယတပ်ရင်းမှူးတစ်ဦးဖြစ်နေသဖြင့် ဤကိစ္စကို သူကြားသိထားခြင်းက ထူးဆန်းသောအရာတော့မဟုတ်ပေ။ သို့သော် ယခုကဲ့သို့ထုတ်ဖော်ပြောဆိုလာခြင်းကတော့ အလွန်စိတ်ဝင်စားဖွယ်ကောင်းလှသည်။
ဒုတိယတပ်မှူးကျန်း ပြောခဲ့သည်ဖြစ်စေ မပြောခဲ့သည်ဖြစ်စေ လုရှီမန်သည် ဤကိစ္စကိုမှတ်ထားလိုက်ပြီဖြစ်သည်။ သူမသည် မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးဟူသော သဘောတရားကို ယုံကြည်သည့် စိတ်သဘောထားသေးသိမ်သူတစ်ဦးပင်။
သူမ အေးစက်စက်ဖြင့်ပြန်လည်ချေပလိုက်သည်။
“သက်သေပြဖို့တာဝန်က စွပ်စွဲတဲ့သူအပေါ်မှာပဲရှိတယ်၊ ကျွန်မကို အရင်းရှင်ရဲ့သမီးလို့ပြောမယ်ဆိုရင် ခိုင်လုံတဲ့ သက်သေအထောက်အထား ရှိရမယ်၊ ဘယ်အရင်းရှင်ရဲ့သမီးကများ ဒီလိုနေရာမျိုးကိုလာပြီး ဒုက္ခခံနေမှာလဲ၊ ကျွန်မသာ တကယ်ပဲ အဲဒီလောက်စွမ်းဆောင်နိုင်တယ်ဆိုရင် အိမ်မှာပဲဇိမ်ကျကျမနေဘဲ ဘာဖြစ်လို့ဒီကိုလာရမှာလဲ”
သူမသည် ကူကယ်ရာမဲ့နေသော အမူအရာဖြင့် လက်နှစ်ဖက်ကိုဖြန့်ပြလိုက်သည်။
“ဒါမှမဟုတ် ကျွန်မရဲ့မိသားစုဝင်တွေ အလုပ်ကြမ်းစခန်းကိုအပို့ခံရလို့ ကျွန်မက ဒီကိုထွက်ပြေးလာတာလို့ ရှင်ပြောချင်တာလား၊ တကယ်လို့ အဲဒီလိုသာဆိုရင် ကျွန်မက တကယ်ရောထွက်ပြေးလွတ်မြောက်နိုင်ပါ့မလား”
လုရှီမန်၏စကားများကြောင့် စောင့်ကြည့်နေကြသော လူအုပ်ကြီးမှာ ချက်ချင်းပင်အသိတရားရသွားကြ၏။ ယခုလို ခေတ်အခါမျိုးတွင် ထိုသို့သော အခြေအနေမျိုးသာ အမှန်တကယ်ဖြစ်ပွားခဲ့ပါက မည်သူကများ ထွက်ပြေးလွတ်မြောက်နိုင်မည်နည်း။
တော်လှန်ရေးကော်မတီမှလူများသည်လည်း အလွယ်တကူအနိုင်ကျင့်၍ရသောသူများ လုံးဝမဟုတ်ကြပေ။ ထိုသို့သောကိစ္စရပ်မျိုးနှင့် ကြုံတွေ့ရချိန်တွင် သူတို့သည် သက်ဆိုင်သူကိုချက်ချင်းဖမ်းဆီးကာ နွားတင်းကုပ်ကဲ့သို့သော အလုပ်ကြမ်းစခန်းများဆီသို့ ပို့ဆောင်ပစ်ရန် ဆန္ဒစောနေတတ်ကြသည်။
ထိုသို့သောလူမျိုးကို အပြင်ဘက်တွင် လွတ်လွတ်လပ်လပ်သွားလာနိုင်ရန် မည်ကဲ့သို့ ခွင့်ပြုထားနိုင်မည်နည်း။
ထို့အပြင် သူမသာ အမှန်တကယ် အရင်းရှင်၏သမီးဖြစ်ပြီး အဖမ်းမခံရသေးဘူးဆိုလျှင် ဤမျှလောက်ဆင်းရဲမွဲတေနေသောနေရာမျိုးသို့ လာရောက်ရန် သူမ ရူးနေမှသာဖြစ်ပေမည်။
ကွမ်ကျိုးမြို့၏စည်ကားသိုက်မြိုက်မှုများကို မြင်တွေ့ခဲ့ပြီးနောက်တွင်တော့ ဟိုင်နန်ကျွန်းသည် တကယ်ကို ကောင်းမွန်သောနေရာတစ်ခုမဟုတ်တော့ချေ။
မည်သို့ပင်ဖြစ်စေ ဟိုင်နန်ကျွန်းသည် နယ်စပ်ဒေသတစ်ခုသာဖြစ်ရာ မည်မျှကောင်းမွန်စေကာမူ ထိုမျှလောက်အထိ ကြီးကျယ်ခမ်းနားနေမည်မဟုတ်ပေ။
အခြေအနေများပြောင်းလဲသွားသည်ကို မြင်သောအခါ အဘွားအိုဝေသည် စိုးရိမ်ထိတ်လန့်မှုနှင့်အတူ ဒေါသပါ ထွက်လာခဲ့သည်။
“နင်တို့တွေ ဦးနှောက်ကို အသုံးမချတတ်ကြဘူးလား၊ ဒီမိန်းမပျက်လေး ပြောသမျှကို ယုံနေကြတာလား၊ သူက အရင်းရှင်ရဲ့သမီးပါ၊ လုံးဝ အမှားအယွင်းမရှိဘူး”
‘ဒီလူတွေက အရမ်းအသုံးမကျတာပဲ'
သူမ အမှန်တရားကိုပြောနေခြင်းဖြစ်သည်။ ဤစကားများအားလုံးကို နိုင်ငံရေးညွှန်ကြားရေးမှူးကိုယ်တိုင် ပြောခဲ့ခြင်းဖြစ်၏။
‘နိုင်ငံရေးညွှန်ကြားရေးမှူးကများ လိမ်ညာနေတာလား’
လုရှီမန် ခနဲ့တဲ့တဲ့အပြုံးဖြင့်ပြန်လည်တိုက်ခိုက်လိုက်သည်။
“ရှင်က လျှောက်ပြီးလုပ်ကြံဖန်တီးနေတာပဲ၊ ဒါဆိုရင် ရှင့်ကိုလည်း အရင်းရှင်လို့ ကျွန်မပြောမယ်၊ ရှင့်ကို ကျွန်မတိုင်ချင်တယ်၊ အရင်းရှင်တွေကသာ လူတွေကို ခေါင်းပုံဖြတ်ဖို့တွေးတတ်ကြတာ၊ မနေ့က ရှင် အိမ်နီးချင်းဆီက ဟင်းသီးဟင်းရွက်တွေခိုးတယ်၊ ရုပ်ရှင်လာကြည့်တဲ့ လူအများကြီးကို အနိုင်ကျင့်တယ်၊ ကလေးတွေကို အနိုင်ကျင့်တယ်၊ ဒါတွေအားလုံးက အရင်းရှင်တစ်ယောက် လုပ်မယ့်အလုပ်တွေ မဟုတ်ဘူးလား၊ စည်းလုံးညီညွတ်ပြီး ဖော်ရွေတဲ့သာမန်ပြည်သူလူထုက ဘယ်လိုလုပ်ပြီး ဒီလိုကိစ္စမျိုးတွေကို လုပ်ရက်နိုင်မှာလဲ”
အဘွားအိုဝေ ပြာပြာသလဲဖြင့်ပြန်လည်ငြင်းဆန်လိုက်သည်။
“ချီးလိုပဲ ငါ့မိသားစုက မျိုးဆက်သုံးဆက်တိုင်တိုင် ဆင်းရဲတဲ့လယ်သမားတွေချည်းပဲ၊ ငါက ဘယ်လိုလုပ်ပြီး အရင်းရှင်ဖြစ်နိုင်မှာလဲ”
လုရှီမန် ပခုံးတွန့်ပြလိုက်၏။
“သိပ်ရယ်စရာကောင်းတာပဲ၊ ရှင်က ကျွန်မကို ဟုတ်တယ်လို့ပြောရင် ကျွန်မကဖြစ်ရမှာပေါ့၊ ဒါပေမဲ့ ကျွန်မက ရှင့်ကို ပြောတော့ကျ ချီးတဲ့လား၊ ရှင်ပြုမူနေတာက အရင်းရှင်လိုတောင်မဟုတ်ဘူး၊ ဧကရာဇ်တစ်ပါးလို ပြုမူနေတာ၊ အားလုံးပဲ သတိထားကြပါနော်၊ အကယ်၍ ရှင်တို့သာ ဒုတိယတပ်မှူးကျန်းရဲ့အမေကို စော်ကားမိရင် ရှင်တို့အားလုံးလည်း အရင်းရှင်တွေဖြစ်သွားနိုင်တယ်”
သူမသည် လူတိုင်းအတွက် စိုးရိမ်ပူပန်နေဟန်ဖြင့် စုတ်သပ်လိုက်သည်။
သူမ ဤသို့ပြောလိုက်သည်နှင့်တစ်ပြိုင်နက် လူတိုင်းမှာ ရုတ်တရက် အသိတရားရသွားကြသည်။ ရဲဘော်လု၏စကားက အတော်လေးယုတ္တိရှိပေ၏။
အကယ်၍ သူတို့သာ သူမကို အမှန်တကယ်စော်ကားမိသွားလျှင် သူတို့ကိုရော ဤကဲ့သို့လုပ်ကြံစွပ်စွဲနိုင်၏။
ခဏအကြာတွင်တော့ လူတိုင်းသည် အန္တရာယ်ကျရောက်နေပြီဟု ခံစားလာကြရ၏။ ထိတ်လန့်တုန်လှုပ်မှုများ စတင်ဝင်ရောက်လာခဲ့ပြီး အဘွားအိုဝေအားကြည့်နေသော သူတို့အကြည့်များထဲတွင် သတိဝီရိယများအပြည့်ပါဝင်နေတော့သည်။
အဘွားအိုဝေ ပြာပြာသလဲရှင်းပြရန် ကြိုးစားလိုက်သည်။
“လျှာသွက်တဲ့ မိန်းမယုတ်၊ ငါက ဘယ်လိုလုပ်ပြီး အဲဒီလိုကိစ္စမျိုးကို လုပ်နိုင်မှာလဲ”
‘ဒီလူတွေက ဦးနှောက်မရှိဘူးလို့ ဘာဖြစ်လို့များ ခံစားနေရတာလဲ၊ ဒီကောင်မစုတ်လေးရဲ့ စကားတစ်ခွန်းတည်းနဲ့ အခြေအနေတွေကို ပြောင်းပြန်လှန်ပစ်နိုင်တယ်၊ အရင်းရှင်ရဲ့သမီးဆိုတဲ့အတိုင်း တကယ်ကိုကြောက်စရာကောင်းလောက်အောင် အစွမ်းထက်တာပဲ'
လုရှီမန် ပခုံးထပ်တွန့်ပြလိုက်၏။
“ဘယ်သူသိမှာလဲ၊ ကျွန်မတို့က ရှင့်ကို စော်ကားမိလို့ ရှင်ကကျွန်မတို့နှစ်ယောက်ကို အကြိမ်ကြိမ်အခါခါလာပြီး အနိုင်ကျင့်နေတာမဟုတ်ဘူးလား၊ ကျွန်မတို့ရဲ့စုန့်ကျီပိုင်က မိဘမရှိတဲ့ မိဘမဲ့တစ်ယောက်ဖြစ်နေလို့သာ ဒီလောက် အလွယ်တကူအနိုင်ကျင့်ခံနေရတာပါ ဟူး…”
သူမသည် သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်ပြီး ဒုတိယတပ်ရင်းမှူးကျန်းအား နောက်ကွယ်မှပြဿနာ အနည်းငယ်ပေးရန် ဤအခွင့်အရေးကို အသုံးချလိုက်သည်။
ကိုယ့်မိသားစုကိုတောင် သေချာမစီမံနိုင်သော အသုံးမကျသည့်ယောက်ျားတစ်ယောက်အား သူမက အဘယ်ကြောင့် အလျှော့ပေးရမည်နည်း။
အဘွားအိုဝေ အံကြိတ်ကာအော်ပြောလိုက်သည်။
“ငါက လျှောက်ပြောနေတယ်လို့ နင် တကယ်ထင်နေတာလား၊ အပြင်လူဖြစ်တဲ့ငါက ဒီလိုပြောတယ်ဆိုကတည်းက သေချာပေါက် အကြောင်းပြချက်ရှိလို့ပေါ့”
အဘွားအိုဝေသည် ခါးထောက်လျက် သူမကို အမိဖမ်းတော့မည့် မကောင်းဆိုးဝါးတစ်ကောင်၏အကြည့်မျိုးဖြင့် စိုက်ကြည့်ကာ ကြွေးကြော်လိုက်သည်။
“နင်က အရင်းရှင်ရဲ့သမီးအစစ်ပဲ၊ လုံးဝ သံသယဖြစ်စရာမလိုဘူး၊ နိုင်ငံရေးညွှန်ကြားရေးမှူးကိုယ်တိုင် အဲဒီလိုပြောခဲ့တာ၊ နိုင်ငံရေးဌာနမှူးက လျှောက်ပြောနေတယ်ထင်လို့လား”
ဤစကားကိုကြားလိုက်ရသောအခါ ဒုတိယတပ်ရင်းမှူးကျန်း၏အမြင်အာရုံများ အမှောင်ကျသွားတော့သည်။
‘အမေရယ် ဒီလိုစကားမျိုးကို ဘယ်လိုလုပ်ပြီး လူပုံအလယ်မှာထုတ်ပြောရက်ရတာလဲ၊ ဒါက ကျွန်တော့်ကိုသေတွင်းထဲ တွန်းပို့နေတာမဟုတ်ဘူးလား’