အခန်း ၆၆
Vol. 7 Ch. 66
66
နိုင်ငံရေးဌာနမှူးသည် ထိုအချိန်လေးတွင် ကွက်တိရောက်ရှိလာခဲ့ပြီး အဘွားအိုဝေ၏စကားများကို ကြားလိုက်ရသောအခါ သတိလစ်မူးမေ့လုနီးပါး ဖြစ်သွားရတော့သည်။
ဤကိစ္စသည် စစ်တပ်နယ်မြေအတွင်း၌ လျှို့ဝှက်ချက်တစ်ခုမဟုတ်ဘဲ သူတို့အားလုံးကောင်းကောင်းသိရှိထားကြသည်ဆိုသော်ငြား သူ့ပါးစပ်မှတစ်ဆင့် ဤသတင်းပေါက်ကြားသွားရခြင်းက သူသည် ပါးစပ်ဖွာသောသူတစ်ဦးဖြစ်ကြောင်း သက်သေပြနေသကဲ့သို့ ဖြစ်သွားလေသည်။
အကယ်၍ သူသာ ဤကိစ္စကိုပြောဆိုနေခဲ့ကြောင်း လူတိုင်းသိသွားကြလျှင် စုန့်ကျီပိုင်အပေါ် သူမကျေနပ်မှုတစ်ခုခုရှိနေသည်ဟု သံသယဝင်သွားကြမည်ဖြစ်၏။
သူသည် ရဲဘော်လု၏ထူးချွန်ပြောင်မြောက်မှုကို အထင်ကြီးလေးစားမိ၍သာ စကားစပ်မိရင်းပြောလိုက်မိခြင်းဖြစ်သည်။ သူ့အနေဖြင့် စုန့်ကျီပိုင်အပေါ် မည်သည့်မကျေနပ်ချက်မျှမရှိခဲ့ချေ။
သူသည် အဘွားအိုဝေကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်ပြီးနောက် ကျန်းဖူရှန်းထံ စိတ်ပျက်လက်ပျက်ဖြင့်လှမ်းကြည့်လိုက်သည်။
‘ဒီဒုက္ခကောင်ကြီးကို သူအခုထိမထိန်းချုပ်နိုင်သေးဘူးပဲ၊ သူကတော့ တကယ်ကို ကယ်တင်လို့မရနိုင်တော့တဲ့ အနေအထားပါလား'
အဘွားအိုဝေ ပြန်လည်ရန်တွေ့လိုက်သည်။
“ငါ့ကိုလာစိုက်ကြည့်နေတာလား၊ ငါပြောတာတစ်ခုခုမှားသွားလို့လား”
အဘွားအိုဝေ အခိုင်အမာပြောဆိုလိုက်၏။
“ငါကတော့ အသံကျယ်ကျယ်နဲ့ ရှင်းရှင်းလင်းလင်းကို ကြားခဲ့တာပဲ”
သူမ၏ မူလကတည်းက စူးရှနေသောအသံကြီးကို ရုတ်တရက်ပိုမိုမြင့်တင်လိုက်ရာ ကြားရသူတိုင်းအလိုလို မျက်မှောင်ကြုတ်သွားကြသည်။
အဘွားအိုဝေက လှောင်ပြောင်သရော်လိုက်၏။
“ဒါမှမဟုတ် နင်တို့အားလုံးက တစ်အုပ်စုတည်းတွေများလား၊ စစ်တပ်ဆိုတာ နေရာကောင်းကြီးလို့ပြောကြပေမယ့် အခုကြည့်ရတာကတော့ သာမန်ပါပဲ၊ ရွာလောက်တောင် မကောင်းပါလား”
အဘွားအိုဝေ ဆက်လက်စွပ်စွဲလိုက်သည်။
“ဒီမိန်းမယုတ်လေးက ဘယ်လိုလှည့်ကွက်တွေသုံးပြီး မြှူဆွယ်ထားသလဲဆိုတာတော့ ငါမသိဘူးလေ”
အဘွားအိုဝေသည် မည်သည့်အရာကိုမျှဂရုမစိုက်တော့ဘဲ အပြစ်အားလုံးကို လုရှီမန်အပေါ်သို့ ပုံချလိုက်တော့၏။
သူမကို ကူညီသူမှန်သမျှသည် သူမ၏မြှူဆွယ်မှုကို ခံထားရသောကြောင့်သာဖြစ်သည်ဟု စွပ်စွဲတော့သည်။
လုရှီမန်သည် အေးစက်စက်နှာခေါင်းရှုံ့လိုက်ပြီး ရှေ့သို့အမြန်ပြေးသွားကာ သူမပါးကို တည့်တည့်ဖြန်းခနဲနှစ်ချက်ရိုက်ချလိုက်တော့သည်။
ရိုက်ပြီးသည်နှင့် တစ်ပြိုင်နက် နောက်သို့ခြေနှစ်လှမ်းဆုတ်ကာ လက်ကိုင်ပဝါတစ်ထည်ဆွဲထုတ်၍ လက်သုတ်လိုက်ပြီး လုံးဝရွံရှာစက်ဆုပ်နေသည့် အမူအရာကိုပြသလိုက်၏။
“ရှင့်ရဲ့နံစော်နေတဲ့ ပါးစပ်ကြီးကိုရိုက်ရတာက ကျွန်မရဲ့လက်တွေကိုညစ်ပတ်သွားစေရုံပဲရှိတယ်”
လုရှီမန်ပြတ်သားစွာ သတိပေးလိုက်သည်။
“ရှင့်ပါးစပ်ထဲမှာ အညစ်အကြေးတွေ အပြည့်ရှိနေပြီး နေရာတကာကိုပက်ဖြန်းနေတာပဲ၊ ကျွန်မ ရှင့်ကိုသည်းခံလာတာ ရက်အတော်ကြာနေပြီ၊ အခုတော့ ရှင် ပါးစပ်ပိတ်ထားဖို့ သင်ယူရမယ့်အချိန်ရောက်ပြီ”
သူမ လက်ပါလာသည်ကိုမြင်သည်နှင့် စုန့်ကျီပိုင်သည် ချက်ချင်းပင် သူမအရှေ့သို့ဝင်ရပ်ကာ သူမနှင့် အဘွားအိုဝေကိုခွဲထားလိုက်သည်။
လုရှီမန် ဆက်ရိုက်နေမည်ကို သူ ကြောက်ရွံ့၍မဟုတ်ချေ။ ဤရိုင်းစိုင်းကြမ်းတမ်းသော အဘွားအိုက သခင်မလေးအား နာကျင်အောင်ပြန်လုပ်မည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။
ပါးနှစ်ချက် အရိုက်ခံလိုက်ရသော အဘွားအိုဝေသည်လည်း ဒေါသကြောင့် လုံးဝရူးသွပ်သွားတော့သည်။
တော်လှန်ရေးကော်မတီမှလူများသည် အစကတည်းက ဤကိစ္စတွင်ဝင်ရောက်စွက်ဖက်ချင်စိတ်မရှိခဲ့ကြပေ။
သူတို့ရန်ဖြစ်နေကြသည်ကို မြင်သောအခါ နိုင်ငံရေးဌာနမှူးရှိရာသို့ လှမ်းကြည့်လိုက်ကြသည်။
တော်လှန်ရေးကော်မတီမှလူများက တာဝန်လွှဲပြောင်းပေးလိုက်၏။
“နိုင်ငံရေးဌာနမှူးလည်း ဒီမှာရှိနေပြီဆိုတော့ ဒီကိစ္စကို ဌာနမှူးဆီကိုပဲ လွှဲပေးခဲ့ပါတော့မယ်၊ စစ်တပ်နယ်မြေရဲ့ပြည်တွင်းရေးကိစ္စတွေကို ကျွန်တော်တို့ ဝင်မစွက်ဖက်တော့ပါဘူး”
ထိုသို့ပြောပြီးနောက် သူတို့သည် တန်းတန်းမတ်မတ်ထွက်ခွာသွားကြတော့သည်။ စစ်တပ်ထဲတွင် လူအင်အားများပြားလှရာ ဤကိစ္စကို သေချာပေါက်ကိုင်တွယ်ဖြေရှင်းနိုင်ပေလိမ့်မည်။
ရူးသွပ်နေပြီဖြစ်သော အဘွားအိုဝေသည်တော့ မည်သည့်အရာကိုမျှ ဂရုမစိုက်တော့ဘဲ အနီးရှိသူများကို အရမ်းကာရောစတင်တိုက်ခိုက်တော့၏။
သူမလက်များသည် ပန်ကာရွက်များအလား အရူးအမူးဝှေ့ယမ်းကာ ရိုက်ပုတ်နေတော့သည်။
စုန့်ကျီပိုင်သည် သူမလမ်းကြောင်းကို ပိတ်ဆို့ထားပြီး အဘွားအိုဝေ၏လက်များကို ဖမ်းချုပ်လိုက်သည်။
သူကိုယ်တိုင်လည်း အချက်အနည်းငယ် အရိုက်ခံလိုက်ရသော်ငြား သုံးစက္ကန့်အတွင်းမှာပင် သူမကိုသေချာထိန်းချုပ်နိုင်ခဲ့၏။
သူမ ဖမ်းချုပ်ခံထားရသည်ကိုမြင်သောအခါ လုရှီမန်သည် အခြေအနေ ရှုပ်ထွေးနေခိုက် အခွင့်အရေးယူကာ သူမအားခြေထောက်ဖြင့် အားကုန်သုံး၍ အချက်အနည်းငယ်ခပ်ပြင်းပြင်းကန်ကျောက်လိုက်တော့သည်။
အဘွားအိုဝေ အော်ဟစ်လိုက်သည်။
“ကုန်းရှန်း နင်ချီးစားနေတာလား၊ နင့်အမေ အနိုင်ကျင့်ခံနေရတာကိုတောင် ဝင်မကူဘူးလား”
အဘွားအိုဝေ နာကြည်းဟန်ဖြင့်အော်ပြောလိုက်၏။
“နင့်ကိုမွေးထားရတာ ဘာအသုံးကျလို့လဲ”
အဘွားအိုဝေက နိုင်ငံရေးဌာနမှူးကိုပါ ဆွဲထည့်လိုက်သည်။
“ပြီးတော့ ဌာနမှူးဆိုတဲ့ နင် အဲဒီစကားတွေကို နင်ပြောခဲ့တာ မဟုတ်ဘူးလား၊ အခုကျမှ ဝန်မခံဘူးပေါ့လေ၊ မိန်းမတစ်ယောက်လို အတင်းအဖျင်းတွေပြောနေတဲ့ကောင်ပဲ”
သူမ ပစ်မှတ်ပြောင်းသွားသည်ကိုမြင်သောအခါ လုရှီမန်သည် စုန့်ကျီပိုင်အားလွှတ်ပေးလိုက်ရန် အချက်ပြကာ လက်ဖြင့် ခပ်ဖွဖွဆိတ်လိုက်၏။ သူတို့အချင်းချင်းအပြန်အလှန် ကိုက်ဖြတ်နေကြသည်ကိုကြည့်ရခြင်းက ပို၍ စိတ်ဝင်စားစရာကောင်းသည်ပင်။
သူမ လွတ်မြောက်သွားသည်နှင့်တစ်ပြိုင်နက် အဘွားအိုဝေသည် ရှေ့သို့ အပြေးအလွှားတိုးဝင်သွားတော့သည်။
လုရှီမန် တီးတိုးရေရွတ်လိုက်သည်။
“ချစမ်း ချစမ်း”
လုရှီမန်သည် တိုးတိုးလေးရေရွတ်နေပြီး သူမမျက်လုံးများထဲရှိ စိတ်လှုပ်ရှားမှုများကို လုံးဝဖုံးကွယ်ထား၍မရနိုင်ချေ။
သူမစကားများကို ကြားလိုက်ရသောအခါ စုန့်ကျီပိုင်နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးရေးရေးလေးတစ်ခုထွက်ပေါ်လာခဲ့သည်။ သခင်မလေးသည် တကယ်ကိုချစ်စရာကောင်းလွန်းလှ၏။
သို့သော်လည်း ဤအဘွားအိုက နိုင်ငံရေးဌာနမှူးနှင့် ကျန်းဖူရှန်းတို့အား ပြဿနာသွားရှာနေသည်ကို မြင်ရခြင်းက သူ့ကိုလည်း အလွန်အမင်း ကျေနပ်အားရသွားစေသည်။
….
ထိုအချိန်တွင် တပ်စုမှူးကျင်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ခင်ဗျားတို့ ပြဿနာရှာနေတာ ရက်အတော်ကြာနေပြီ၊ အခုထိ ဒီအတိုင်း ဆက်လုပ်နေတုန်းပဲလား”
တပ်စုမှူးကျင်းက နိုင်ငံရေးဌာနမှူးကို မကျေမနပ်ပြောလိုက်၏။
“အဘိုးကြီးရှောင် ခင်ဗျားပြောခဲ့တဲ့ အရည်အချင်းဆိုတာကို ကျုပ်စပြီးသံသယဝင်လာပြီ”
တပ်စုမှူးကျင်းနှင့် စစ်ဦးစီးချုပ်ယဲ့တို့သည် အတူလျှောက်လာကြပြီး နိုင်ငံရေးဌာနမှူးရှောင်ကို မကျေမနပ်သောအကြည့်များဖြင့်ကြည့်လိုက်ကြသည်။
ဤကိစ္စကို နိုင်ငံရေးဌာနမှူးကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းရသည်အထိကြီးလေးနေပြီဖြစ်သော်လည်း ယခုအချိန်ထိပြီးဆုံးမသွားသေးဘဲ ပို၍ပင်ဆိုးရွားလာနေလေ၏။
ထိုသို့ အော်ဟစ်ခံလိုက်ရသဖြင့် နိုင်ငံရေးဌာနမှူးရှောင်သည် မည်သည့်စကားမျှမဆိုနိုင်ဘဲ ငြိမ်သက်စွာရပ်နေခဲ့သည်။
ဤသည်ကပင် အဘွားအိုဝေအတွက် အကောင်းဆုံး အခွင့်အရေးတစ်ခုဖြစ်သွားခဲ့ပြီး သူမသည် လက်လှမ်းကာ နိုင်ငံရေးဌာနမှူးရှောင်၏မျက်နှာကို ကုတ်ခြစ်ပစ်လိုက်တော့သည်။