← Chapters

အခန်း ၆၇

Vol. 7 Ch. 67

အခန်း ၆၇

Vol. 7 Ch. 67

67

သတိလွတ်နေသော နိုင်ငံရေးဌာနမှူးရှောင်၏မျက်နှာပေါ်တွင် မျက်စိတစ်မှိတ်အတွင်းမှာပင် သွေးထွက်နေသော ကုတ်ရာကြီးတစ်ခု ထင်ကျန်ရစ်ခဲ့တော့၏။

အကယ်၍ ဤသည်မှာ အဘွားအိုဝေ၏လက်ချက်မှန်း လူတွေသာမမြင်ခဲ့ပါက သူသည် အိမ်တွင်မိန်းမဖြစ်သူနှင့် ရန်ဖြစ်ပြီး အကုတ်ခံလာရသည်ဟု သံသယဝင်သွားကြပေလိမ့်မည်။

ကျန်းဖူရှန်းတစ်ယောက်လည်း မှင်တက်သွားရတော့သည်။ သူ့မိခင်သည် ကြမ်းတမ်းခက်ထန်သူမှန်း သိရှိထားသော်လည်း ဤမျှလောက်အထိ ရမ်းကားရဲလိမ့်မည်ဟု တစ်ခါမျှမတွေးထားခဲ့ဖူးချေ။

နိုင်ငံရေးဌာနမှူးကိုပါ ပြဿနာရှာပြီးသွားပြီဖြစ်ရာ သူ့အတွက် မည်သည့်အခွင့်အရေးကျန်ဦးမည်နည်း။

သူသည် မျှော်လင့်ချက်မဲ့စွာဖြင့် အဘွားအိုဝေကို ဆွဲဖမ်းလိုက်သော်လည်း ဒေါသထွက်နေသော သူမသည် မည်သည့်အရာကိုမျှ ဂရုမစိုက်တော့ချေ။

သူမသားအရင်းကိုပင် ပြန်လည်ကုတ်ခြစ်တော့သည်။

သူတို့၏သနားစရာကောင်းလှသော အခြေအနေကိုကြည့်ရင်း လုရှီမန်တစ်ယောက် စိတ်ထဲမှကြိတ်၍ ရယ်မောနေတော့သည်။

‘လူယုတ်မာတွေကို တခြားယုတ်မာတဲ့လူတွေနဲ့ရှင်းခိုင်းတာက အကောင်းဆုံးပဲ၊ သူတို့က အဘွားကြီးကိုသေသေချာချာ ဆုံးမထားသင့်တာ၊ အခုတော့ သူတို့နဲ့ထိုက်တန်တဲ့အရာကို ရသွားကြပြီ'

သူမအပြုံးကိုမြင်သောအခါ စစ်ဦးစီးချုပ်ယဲ့သည် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းယမ်းလိုက်မိသည်။ ဤမိန်းကလေးငယ်သည် ငယ်ရွယ်လွန်းသေး၏။ သူမ၏စိတ်ခံစားမှုများကိုပင် ဖုံးကွယ်မထားတတ်ချေ။

‘အဘိုးကြီးလုက သူ့ရဲ့တစ်ဦးတည်းသောမြေးမလေးကို အရမ်းအလိုလိုက်ထားလွန်းတယ်ထင်ပါရဲ့'

မျက်နှာအကုတ်ခံလိုက်ရပြီးနောက်တွင် နိုင်ငံရေးဌာနမှူးရှောင်သည် ကျန်းဖူရှန်းအပေါ် ပို၍ပင်စိတ်ပျက်သွားတော့သည်။ လွန်ခဲ့သောနှစ်များတစ်လျှောက်လုံး သူသည် လူအကဲခတ် မှားယွင်းခဲ့သည်မှာ အသေအချာပင်။

တပ်စုမှူးကျင်း စကားစပြောလိုက်သည်။

“လူစုံနေပြီဆိုတော့ ကျွန်တော် စကားနည်းနည်းလောက်ပြောပါရစေ၊ ရဲဘော်လုရဲ့နောက်ခံအခြေအနေမှာ ဘာပြဿနာမှမရှိပါဘူး၊ ကျဲ့မြို့က လုမိသားစုဆိုတာ အခုချိန်မှာတည်ရှိမနေတော့ပါဘူး၊ ပြီးတော့ ရဲဘော်လုရဲ့ဖခင်ဖြစ်သူကလည်း အနောက်မြောက်ဒေသရဲ့တည်ဆောက်ရေးလုပ်ငန်းတွေမှာ သူ့ကိုယ်သူမြှုပ်နှံထားပြီးသားပါ၊ သူက ဘယ်လိုလုပ်ပြီး အရင်းရှင်ဖြစ်နိုင်မှာလဲ၊ အားလုံးပဲ ဒီကောလာဟလတွေကြောင့် အထင်အမြင်မလွဲမှားကြဖို့ မျှော်လင့်ပါတယ်”

လူတိုင်းငြိမ်သက်သွားပြီးနောက် တပ်စုမှူးကျင်းသည် ချောင်းတစ်ချက်ဟန့်ကာ ရှင်းပြလာပြန်သည်။

“လုမိသားစုက အရင်းရှင်တွေမဟုတ်ပါဘူး၊ သူတို့က သမ္မတနိုင်ငံခေတ်ကတည်းက မျိုးချစ်စိတ်ဓာတ် ပြင်းထန်ခဲ့ကြပြီး နိုင်ငံတော်အတွက် ရေတွက်လို့မရနိုင်အောင် အကြိမ်ကြိမ် အလှူငွေတွေထည့်ဝင်ခဲ့ကြတာပါ၊ ဒီလိုမိသားစုမျိုးကို ကျွန်တော်တို့ အလေးအနက်ထားပြီး လေးစားသင့်ပါတယ်”

တပ်စုမှူးကျင်း ချီးကျူးစကားဆိုလိုက်သည်။

“ရဲဘော်လုအတွက်ဆိုရင်လည်း သူက ကျွန်တော်တို့အတွက် နိုင်ငံတော်ရဲ့ လျှို့ဝှက်ချက်တွေကို ကာကွယ်ပေးခဲ့တာမို့ လူတိုင်းရဲ့လေးစားမှုကို ပိုပြီးတော့တောင် ခံယူထိုက်ပါတယ်၊ ရဲဘော်လုက အခုဆိုရင် ကျွန်တော်တို့တတိယတပ်မမိသားစုကြီးထဲကို ဝင်ရောက်လာခဲ့ပြီမို့ အားလုံးပဲ စည်းလုံးညီညွတ်ပြီး ဖော်ဖော်ရွေရွေနေထိုင်ကြဖို့ မျှော်လင့်ပါတယ်”

မျှတသော သူ့ဆုံးဖြတ်ချက်ကို ကြားလိုက်ရသောအခါ လုရှီမန်ရင်ထဲတွင် သူ့အပေါ်အထင်ကြီးလေးစားမှုများ အနည်းငယ်ပိုတိုးလာခဲ့သည်။

တပ်စုမှူးကျင်း အမိန့်ပေးလိုက်၏။

“ဒုတိယတပ်ရင်းမှူးကျန်း ခင်ဗျားရဲ့ မိသားစုပြဿနာတွေကို ရှင်းလင်းပြီးမှပဲ တာဝန်တွေကိုပြန်လည်ထမ်းဆောင်တော့၊ အဘိုးကြီးရှောင် ခင်ဗျားက သူ့ကို ကူညီပေးလိုက်ပါအုံး”

ထို့နောက် တပ်စုမှူးကျင်းက စုန့်ကျီပိုင်ကို နှစ်သိမ့်လိုက်သည်။

“တပ်ရင်းမှူးစုန့် ဒီကိစ္စမှာ မင်း တော်တော်လေး နစ်နာသွားခဲ့ရတယ်၊ မနက်ဖြန်ကျရင် ဒုတိယတပ်ရင်းမှူးကျန်းကို သူ့အမေခေါ်လာပြီး ကိုယ့်အမှားကိုယ် ဝန်ခံတဲ့စာတမ်းဖတ်ခိုင်းပြီး မင်းတို့နှစ်ယောက်လုံးကို တောင်းပန်ခိုင်းလိုက်မယ်”

တပ်စုမှူးကျင်းသည် လုရှီမန်ကိုကြည့်ကာ မေးလိုက်၏။

“ရဲဘော်လု၊ ဒီရလဒ်ကို ကျေနပ်ရဲ့လား”

“ကျွန်မ ကျေနပ်ပါတယ်”

တပ်စုမှူးကျင်း လူစုခွဲလိုက်သည်။

“ဒါဆိုရင်လည်း လူစုခွဲကြရအောင်၊ အချိန်လည်း လင့်နေပြီဆိုတော့ သွားနားကြတော့"

တပ်စုမှူးကျင်းသည် လက်ဝှေ့ယမ်းပြပြီးနောက် ချက်ချင်းပင်ထွက်ခွာသွားတော့သည်။

စစ်ဦးစီးချုပ်ယဲ့သည် အနီးသို့လျှောက်လာပြီး စုန့်ကျီပိုင်ပခုံးကို ခပ်ဖွဖွပုတ်ပေးလိုက်၏။

“တပ်ရင်းမှူးစုန့် မိသားစုဝင်ရဲ့စိတ်ခံစားမှုတွေကို သက်သာရာရအောင် သေချာနှစ်သိမ့်ပေးလိုက်ပါဦး”

ထိုသို့ပြောပြီးနောက် သူသည် လုရှီမန်ဘက်သို့ ခေါင်းညိတ်ပြကာ ထွက်ခွာသွားတော့သည်။

လူအားလုံးထွက်သွားကြပြီးနောက် လုရှီမန်သည် နောက်ဆုံးတွင် ကျေနပ်အားရစွာဖြင့် ပြုံးလိုက်တော့သည်။

လုရှီမန် မှတ်ချက်ချလိုက်၏။

“ဒီခေါင်းဆောင်နှစ်ယောက်က တော်တော်လေး အသိဉာဏ်ရှိတာပဲ”

‘ကျေနပ်စရာပဲ’

စုန့်ကျီပိုင် ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။

တပ်စုမှူးရောက်ရှိလာခြင်းမှာ စစ်ဦးစီးချုပ်ယဲ့၏အကူအညီကြောင့်ဖြစ်ဖို့များသည်။

သူတို့နှစ်ဦးအိမ်ထဲသို့ အတူဝင်လာခဲ့ကြ၏။ စားပွဲပေါ်ရှိမစားရသေးသော ခေါက်ဆွဲများကိုကြည့်ရင်း လုရှီမန်တစ်ယောက် စားချင်စိတ်များ လုံးဝပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

စုန့်ကျီပိုင်ကတော့ ထိုအရာများကိုသိပ်ပြီး အရေးမစိုက်ချေ။ ပြဿနာတစ်ခုခုဖြစ်တိုင်းသာ သူ ထမင်းမစားဘဲနေမည်ဆိုလျှင် လွန်ခဲ့သောနှစ်များတစ်လျှောက်လုံး သူထမင်းစားရမည်ပင်မဟုတ်တော့ချေ။

သူ ထိုင်ချလိုက်သည်နှင့်တစ်ပြိုင်နက် သခင်မလေး စောစောကပြောခဲ့သော စကားများကို ရုတ်တရက်ပြန်လည်သတိရသွားသည်။

သူသည် စက္ကန့်အနည်းငယ်ခန့်စဉ်းစားလိုက်ပြီးနောက် လုရှီမန်ကိုမော့ကြည့်လိုက်၏။

‘ယောကျ်ားတစ်ယောက်က တွေဝေဆိုင်းတွနေမယ်ဆိုရင် ဘယ်လိုလုပ်ပြီး အောင်မြင်မှုတွေ ရနိုင်တော့မှာလဲ'

အကယ်၍ သခင်မလေးကသာ သူ့ကို သဘောမကျဘူးဆိုလျှင်လည်း အခြေအနေအရပ်ရပ်ကို ရှင်းရှင်းလင်းလင်းသိမြင်အောင် ကြိုးစားရမည်ပင်။

စုန့်ကျီပိုင် မေးလိုက်သည်။

“သခင်မလေး၊ စောစောကပြောခဲ့တဲ့ စကားတွေ တကယ်ပြောခဲ့တာလား”

လုရှီမန်တစ်ယောက် မှင်တက်သွားရတော့သည်။ သူမ စောစောကပြောခဲ့တာက...

‘ငါ စကားအများကြီးပြောခဲ့တာလေ၊ သူက ဘယ်စကားကိုပြောတာပါလိမ့်’

‘ရှင့်ကို ချစ်တယ်’ဆိုသည့် စကားလုံးများက သူမခေါင်းထဲတွင် ပြန်လည်ပဲ့တင်ထပ်လာရာ လုရှီမန်၏မျက်နှာသည် ချက်ချင်းပင်ရှက်သွေးဖြာကာနီရဲသွားတော့၏။

လုရှီမန် အထစ်ထစ်အငေါ့ငေါ့ဖြင့် စတင်ပြောဆိုလိုက်သည်။

“ကျွန်မ...”

သူမစိတ်ထဲတွင် ရှုပ်ထွေးဝေဝါးနေပြီး ဘယ်လိုရှင်းပြရမည်ကိုပင် မသိတော့ချေ။

စုန့်ကျီပိုင် အတင်းအကျပ်မေးလိုက်သည်။

“သခင်မလေးက ကျွန်တော့်ကိုမုန်းနေလို့လား”

လုရှီမန် ခေါင်းယမ်းလိုက်သည်။ အကယ်၍ သူမသာ သူ့ကိုမုန်းနေခဲ့လျှင် လက်ထပ်ချင်ခဲ့မည်လုံးဝမဟုတ်ပေ။ ထို့အပြင် သူသည် သဘောထားပြည့်ဝပြီး အရည်အချင်းရှိသူတစ်ဦးဖြစ်ရာ ဤကဲ့သို့သော သူတစ်ယောက်ကို မည်သူကများ မုန်းတီးနိုင်မည်နည်း။

စုန့်ကျီပိုင် ဆက်လက်မေးခွန်းထုတ်လိုက်သည်။

“ဒါဆိုရင် သခင်မလေးက ကျွန်တော့်ကို သဘောကျတယ်လား”

All Chapters