← Chapters

အခန်း ၆၉

Vol. 7 Ch. 69

အခန်း ၆၉

Vol. 7 Ch. 69

69

သူမ သူ့ကိုလှမ်းကြည့်လိုက်ရာ ထိုပူလောင်နေသောအကြည့်များကြောင့် သူမပါ ပူလောင်သွားသကဲ့သို့ခံစားလိုက်ရ၍ ချက်ချင်းခေါင်းငုံ့ကာ လက်ကိုအမြန်ရုတ်သိမ်းလိုက်တော့သည်။

‘အခြေအနေတွေက နည်းနည်းလွန်သွားပြီထင်တယ်'

သူမသည် လေပြည်တစ်ခုအလား အမြန်ထွက်ပြေးသွားပြီး ခြံဝင်းငယ်လေးထဲသို့လျှောက်သွားကာ လေညင်းခံလိုက်တော့သည်။ ထိုအခါမှသာ သူမစိတ်များ အနည်းငယ်တည်ငြိမ်သွားသကဲ့သို့ ခံစားလိုက်ရ၏။

‘ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် နှစ်ယောက်တည်းရှိနေချိန် စိတ်လိုက်မာန်ပါဖြစ်သွားဖို့က နည်းနည်းတော့ လွယ်ကူလွန်းနေသလိုပဲ'

သူမသည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး သူမပါးပြင်ကို ခပ်ဖွဖွလေးပုတ်လိုက်သည်။

လုရှီမန် တီးတိုးရေရွတ်လိုက်သည်။

“စုန့်ကျီပိုင် ရှင်က လူကိုမြှူဆွယ်တတ်တဲ့ကောင်လေးပဲ”

သူမ တကယ်ကို သွေးဆောင်ဖြားယောင်းခံလိုက်ရလုနီးပါးပင်။ အကယ်၍ သူမသာ နောက်ထပ်တစ်စက္ကန့်လောက်ကြာအောင် ဆက်နေခဲ့မိလျှင် သူတို့နှစ်ယောက်ကြားမှာ မီးတောက်များပင် ပွင့်ထွက်သွားနိုင်လောက်၏။

အခြားတစ်ဖက်တွင်တော့ စုန့်ကျီပိုင်သည် ပို၍ပင်နေရခက်နေတော့သည်။

သူတို့နှစ်ဦးသည် အတန်ကြာအောင် တိတ်ဆိတ်နေခဲ့ကြပြီး အချိန်အတော်ကြာပြီးနောက်မှသာ နှစ်ဦးလုံး ပြန်လည်တည်ငြိမ်သွားခဲ့ကြသည်။

သူမ အိမ်ထဲသို့ပြန်လည်ဝင်ရောက်လာချိန်တွင်တော့ လုရှီမန်သည် ရှောင်လွှဲနေသောအကြည့်များဖြင့် စုန့်ကျီပိုင်ကို ကြည့်နေခဲ့ပြီး သူ့မျက်နှာအားတည့်တည့်ကြည့်ရန်ပင် မဝံ့မရဲဖြစ်နေတော့၏။

သူမသည် အမြန်ရေမိုးချိုးသန့်စင်ပြီးနောက် သူမအခန်းထဲသို့ပြေးဝင်သွားကာ တံခါးကိုသော့ခတ်ပစ်လိုက်တော့သည်။

သို့သော်လည်း သော့ခတ်ပြီးနောက် ဤသို့ပြုလုပ်ခြင်းက အနည်းငယ် သိသာလွန်းနေသည်ဟု သူမခံစားလိုက်ရသည်။ သူမသည် ခေတ္တမျှရပ်တန့်သွားပြီးနောက် သော့ကိုပြန်ဖွင့်ထားလိုက်သည်။

လုရှီမန်၏လှုပ်ရှားမှုများကို နားထောင်ရင်း စုန့်ကျီပိုင်၏နှုတ်ခမ်းထောင့်စွန်းများမှာ အသာကွေးတက်သွားတော့၏။

သခင်မလေးသည် တကယ်ကိုချစ်စရာကောင်းလွန်းလှသည်။ သူ သူမကိုနမ်းရှိုက်ချင်မိသော်လည်း ဘယ်အချိန်လောက်မှ ထိုသို့လုပ်ခွင့်ရမည်ကို သူမသိသေးချေ။

‘သခင်မလေးက မမုန်းဘူးဆိုတာကပဲ အရမ်းကောင်းတဲ့ အခြေအနေတစ်ခု ဖြစ်နေပါပြီလေ'

ထိုညက လုရှီမန်တစ်ယောက် ကောင်းကောင်းအိပ်မပျော်ခဲ့ချေ။

သူမအိပ်မက်များထဲတွင် စုန့်ကျီပိုင်က သူမကိုဖိချထားပြီး သူ့ဗိုက်ကြွက်သားများအား အဆက်မပြတ်လာရောက်စမ်းသပ်ခိုင်းနေသောမြင်ကွင်းများဖြင့်သာ ပြည့်နှက်နေတော့သည်။

သူမ စမ်းသပ်ထိတွေ့နေရင်းမှာပင် ထိုမြင်ကွင်းသည် အရွယ်ရောက်ပြီးသူများသာကြည့်ရှုသင့်သည့် အခန်းဆက်တစ်ခုသို့ ကူးပြောင်းသွားတော့သည်။

သူမ နိုးလာသောအခါ လုရှီမန်သည် သူမပါးကိုပုတ်ကာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်မိ၏။

‘ငါကတော့ တကယ်ကို ကယ်တင်လို့မရနိုင်တော့တဲ့အနေအထားမှာပါလား'

သူမကိုယ်သူမ ဤမျှလောက်အထိ ညစ်ညမ်းသောအတွေးများရှိနေသည်ဟု တစ်ခါမျှမခံစားခဲ့ရဖူးချေ။

သူမသည် အသက်ပြင်းပြင်းရှူကာ ကုတင်ပေါ်တွင် အချိန်ဆွဲနေမိသည်။

အစကတည်းက စုန့်ကျီပိုင်၏မျက်နှာကိုရင်ဆိုင်ရန် သူမရှက်ရွံ့နေခဲ့ပြီဖြစ်ရာ ထိုအိပ်မက် မက်ပြီးနောက်တွင်တော့ ပို၍ပင် ဆိုးရွားလာတော့သည်။

မီးဖိုချောင်ထဲတွင်တော့ စုန့်ကျီပိုင်သည် နံနက်စာကို ချက်ပြုတ်ပြီးစီးနေပြီဖြစ်ကာ သခင်မလေးနိုးထလာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့၏။

သို့သော်လည်း မိနစ်များသာတစ်ရွေ့ရွေ့ကုန်လွန်သွားခဲ့ပြီး သခင်မလေးကတော့ အပြင်သို့ထွက်မလာသေးချေ။

သူ အချိန်ကိုထပ်ကြည့်လိုက်ပြီးနောက် အဆုံးတွင်တော့ ထိုဘက်သို့လျှောက်သွားကာ တံခါးခေါက်ရန်ဆုံးဖြတ်လိုက်တော့သည်။

စုန့်ကျီပိုင် ညင်သာသောလေသံလေးဖြင့် မေးလိုက်သည်။

“ရှီမန် မင်းမနိုးသေးဘူးလား”

အသံချဲ့စက်မှအသံများက အလွန်တရာကျယ်လောင်လွန်းလှရာ ပုံမှန်အတိုင်းဆိုလျှင် သခင်မလေးသည် ယခုအချိန်လောက်ဆိုလျှင် မကျေမနပ် ညည်းညူနေရတော့မည်ဖြစ်၏။

‘သူမ နေမကောင်းဖြစ်နေလို့များလား'

လုရှီမန် ခေါင်းကုတ်ကာ မျက်နှာကြက်ကိုမော့ကြည့်လိုက်သည်။ မည်သို့ပင်ဖြစ်စေ ရင်ဆိုင်ရမည့်အရာကိုတော့ ရင်ဆိုင်ရမည်ဖြစ်၏။ လုရှီမန် အသံပြုလိုက်သည်။

“ကျွန်မ နိုးပါပြီ”

သူမသည် အဝတ်အစားများကို လဲလှယ်ဝတ်ဆင်ကာ မိမိကိုယ်ကို အနည်းငယ် သေသပ်အောင်ပြင်ဆင်လိုက်ပြီးနောက် အပြင်သို့ထွက်လာခဲ့၏။

စုန့်ကျီပိုင်ကိုမြင်လိုက်ရသောအခါ လုရှီမန်သည် သူ့အားခိုးကြည့်လိုက်မိပြီး မနေ့ညက အိပ်မက်ထဲမှမြင်ကွင်းများကို နောက်တစ်ကြိမ်ပြန်လည်သတိရသွားပြန်သည်။

သူမသည် အမြန်ခေါင်းငုံ့ကာ ထမင်းစားပွဲတွင် ထိုင်ချလိုက်ပြီး ချောင်းဟန့်လျက်ပြောလိုက်၏။

“မြန်မြန်စားကြရအောင်”

ထမင်းစားပြီးသွားလျှင် စုန့်ကျီပိုင် အပြင်သို့ ထွက်သွားတော့မည်ဖြစ်ရာ ထိုအခါမှသာ သူမလည်း အသက်ရှူချောင်တော့မည်ဖြစ်သည်။

သူမ၏ရှောင်လွှဲနေသော မျက်လုံးများက သူ့ကိုပို၍ပင်ရယ်မောချင်စိတ် ပေါက်လာစေ၏။

စုန့်ကျီပိုင် အလိုလိုက်ထားသောအပြုံးလေးဖြင့် တုံ့ပြန်လိုက်သည်။

“ကောင်းပါပြီ၊ စားကြတာပေါ့”

‘သခင်မလေးက ရှက်နေတာကိုး”

ထမင်းစားပြီးသည်နှင့်တစ်ပြိုင်နက် လုရှီမန်သည် တစ်စက္ကန့်လေးမျှပင် ရပ်တန့်မနေချေ။ သူမသည် စက်ဘီးပေါ်သို့ခုန်တက်ကာ စစ်တပ်မိသားစုလိုင်းခန်းထဲမှနေ၍ အပြေးအလွှား ထွက်ခွာသွားတော့သည်။

စစ်တပ်နယ်မြေထဲမှ ထွက်ခွာလာပြီးနောက်မှသာ သူမသည်စိတ်သက်သာရာရသွားသကဲ့သို့ သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်နိုင်တော့၏။

သူမသည် ဝတ္ထု၊နှင့်ရုပ်ရှင်များထဲတွင် အကြိမ်များစွာမြင်တွေ့ဖူးခဲ့သော်ငြားလည်း လက်တွေ့တိုက်ပွဲအတွေ့အကြုံကတော့ သုညသာရှိလေသည်။

စုန့်ကျီပိုင်သည်လည်း အတွေ့အကြုံမရှိသော အသစ်စက်စက်လေးတစ်ယောက်ဖြစ်ပါလျက်နှင့် သူက အဘယ်ကြောင့် သူမထက်ပိုပြီး တည်ငြိမ်နေရသနည်း။

အကယ်၍ သူမနည်းတူ နီရဲနေသော သူ့ပါးပြင်များကိုသာမမြင်ခဲ့ရလျှင် သူသည် အတွေ့အကြုံရင့်ကျက်နေသော မြေခွေးအိုကြီးတစ်ဦးဟု သူမသံသယဝင်သွားမိပေလိမ့်မည်။

ခေါင်းထဲမှရှုပ်ထွေးနေသော အတွေးများကို ရှင်းလင်းပစ်ရန်ရည်ရွယ်ချက်ဖြင့် သူမသည် စက်ဘီးကို ခြေဦးတည့်ရာ လျှောက်စီးနေတော့သည်။

တစ်နာရီနီးပါးခန့် စက်ဘီးစီးပြီးနောက်တွင်တော့ သူမရင်ထဲရှိ အနည်းငယ် စိတ်ရှုပ်ထွေးနေမှုများသည် လုံးဝပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။ လုရှီမန် ကျေနပ်စွာရေရွတ်လိုက်သည်။

“အရမ်းကို လန်းဆန်းသွားတာပဲ”

လေ့ကျင့်ခန်းလုပ်ခြင်းက စိတ်ဖိစီးမှုများကို ပြေလျော့စေရန်အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုပင်။

သူမ စက်ဘီးစီးလာခဲ့သည်မှာ အနည်းငယ် ဝေးလွန်းသွားပုံရသည်။ ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်နေသည်။ သူမက မိမိကိုယ်ကို ဂုဏ်ယူစွာပြောလိုက်၏။

“ငါက လမ်းမမှားတတ်လို့တော်သေးတယ်၊ မဟုတ်ရင် ပြန်ရောက်နိုင်မှာမဟုတ်ဘူး”

သူမသည် တစ်ယောက်တည်းတီးတိုးရေရွတ်ရင်း အိမ်ပြန်ရန်ပြင်ဆင်လိုက်သည်။ သို့သော် သူမ မထွက်ခွာနိုင်ခင်မှာပင် ရှပ်တိုက်သွားသောအသံတစ်သံက သူမနားထဲသို့ဝင်ရောက်လာခဲ့၏။

လုရှီမန်ရင်ထဲတွင် တင်းကြပ်သွားရတော့သည်။ သူမသည် မသိစိတ်၏ စေ့ဆော်မှုကြောင့် စက်ဘီးကိုတွန်းကာ မြက်တောထဲသို့ ဝင်ပုန်းလိုက်သည်။

မြက်တောထဲသို့ရောက်ရှိသွားပြီး လုံခြုံမှုရှိပြီဟုသေချာသွားသောအခါ သူမသည်စက်ဘီးကို လျှို့ဝှက်သိုလှောင်ရုံထဲသို့ထည့်သွင်းလိုက်ပြီး ဆောင့်ကြောင့်ထိုင်ချလိုက်၏။ အမည်မသိအသံတစ်သံက ခပ်သဲ့သဲ့ထွက်ပေါ်လာသည်။

“ကျင်းယိုဝေ့ရဲ့ရုံးခန်းထဲမှာ အသံဖမ်းကိရိယာကို တပ်ဆင်နိုင်ဖို့ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံကို ရှာကြည့်၊ ပြီးတော့ ဆိပ်ကမ်းကာကွယ်ရေးမြေပုံကိုလည်း အလွတ်မှတ်ခဲ့”

All Chapters