အခန်း ၇၀
Vol. 7 Ch. 70
70
လူတစ်ယောက်က မေးမြန်းလိုက်သည်။
“ငွေတွေရော ဘယ်မှာလဲ”
အခြားလူကပြန်ဖြေလိုက်၏။
“စပေါ်ငွေအနေနဲ့ ရွှေတုံးတစ်တုံးပဲအရင်ယူထား”
ထိုသို့ပြောရင်း သူကရွှေတုံးတစ်တုံးကို ထိုလူ့လက်ထဲသို့ အတင်းထိုးထည့်ပေးလိုက်သည်။
“ကျန်တဲ့ငွေတွေကိုတော့ မင်းရဲ့ဇာတိရွာကို လှမ်းပို့ပေးမယ်၊ ဘယ်သူမှသိသွားမှာမဟုတ်ဘူး”
လုရှီမန်၏ရင်ခုန်သံများက လည်ချောင်းဝအထိပင် ရောက်လာတော့မတတ် မြန်ဆန်နေတော့သည်။
‘သူလျှိုတွေ လျှို့ဝှက်တွေ့ဆုံနေတာကို တည့်တည့်ကြီးလာတွေ့ရလောက်အောင် ငါ့ဆီ ဘယ်လိုကံကြမ္မာမျိုးများဖန်လာခဲ့ရတာပါလိမ့်’
သူမသည် သတိထားမိသွားမည်ကို စိုးရိမ်သဖြင့် အသံတစ်သံမျှပင်မထွက်ရဲအောင်ငြိမ်သက်နေလိုက်၏။
တစ်ချိန်တည်းမှာပင် သူမခေါင်းထဲ၌ အတွေးများစွာက လျှပ်စီးလက်သလို ပြေးလွှားနေတော့သည်။ သူတို့ပြောနေသော ကျင်းယိုဝေ့ဆိုသည်မှာ တပ်စုမှူးကျင်းဖြစ်နိုင်၏။
တပ်စုမှူး၏ရုံးခန်းထဲတွင် အသံဖမ်းကိရိယာသွားရောက်တပ်ဆင်နိုင်သူ ဆိုသည်မှာ စစ်တပ်အတွင်းရှိအဆင့်မြင့် ရာထူးကြီးသူတစ်ဦးသာဖြစ်ရမည်။
ဤသဲလွန်စကိုရရှိသွားပြီဖြစ်ရာ လုရှီမန်သည် ထိုသူ့မျက်နှာကို သေချာမြင်တွေ့နိုင်ရန် အတင်းအကျပ်မကြိုးစားတော့ချေ။
အိမ်ပြန်ရောက်သည့်အခါ ယနေ့စစ်တပ်ထဲမှ မည်သူများအပြင်ထွက်သွားသလဲဟု မေးမြန်းစုံစမ်းလိုက်ရုံဖြင့် သူမ အလွယ်တကူသိရှိနိုင်ပြီဖြစ်သည်။
ဟိုဘက်ရှိ လူနှစ်ဦး၏လျှို့ဝှက်အစည်းအဝေးပြီးဆုံးသွားပြီးနောက် ထိုလူသည် သူ့စက်ဘီးကိုနင်းကာ ထွက်ခွာသွားတော့သည်။
ကျန်ရစ်ခဲ့သောသူက ထွက်ခွာသွားသည့်လူကိုကြည့်ကာ လှောင်ပြောင်သရော်လိုက်သည်။
“ငတုံးကောင်”
ရွှေတုံးတစ်တုံးဆိုသည်မှာ ထိုလူရရှိမည့် အခကြေးငွေအားလုံးပင်ဖြစ်သည်။ ကျန်ရှိနေသောရွှေတုံးများအားလုံးကိုတော့ သူကအပိုင်သိမ်းမည်ပင်။
‘ဒီငတုံးကောင်က ကျန်တဲ့ငွေတွေကို ပြန်လာတောင်းလို့ရလိမ့်မယ်လို့ သူ တကယ်ထင်နေတာလား'
သူက အောင်ပွဲခံသည့်လေသံဖြင့် တီးတိုးရေရွတ်လိုက်သည်။
“ဟောင်ကောင်ရေ ငါလာပြီဟေ့”
သူသည် ဤငွေများကိုယူဆောင်ကာ ဟောင်ကောင်သို့သွားရောက်ပြီး လှပခမ်းနားသောဘဝကို ခံစားတော့မည်ဖြစ်၏။
သူ့စကားများကို နားထောင်ရင်း လုရှီမန်တစ်ယောက် မျက်လုံးလှန်လိုက်မိသည်။
သူလျှိုများက တကယ်ကို ဉာဏ်နီဉာဏ်နက်များလွန်းလှသည်။
‘ဒါပေမဲ့ ဟောင်ကောင်ကိုသွားချင်တယ်ဆိုတော့...’
သူမ နှုတ်ခမ်းတွန့်လိုက်သည်။
ဤလူကို ကောင်းကောင်းကြီးခံစားသွားစေရန်အတွက် သူမ၏လျှို့ဝှက်သိုလှောင်ရုံထဲတွင် အသင့်ပြင်ဆင်ထားသောပစ္စည်းကောင်းအချို့ရှိနေလေ၏။
မည်သို့ပင်ဆိုစေကာမူ လုမိသားစုသည် ရှေးရိုးစွဲအရင်းရှင်ကြီးများဖြစ်ခဲ့ကြရာ သူတို့ထံတွင် လက်နက်ခဲယမ်းအနည်းငယ်ရှိနေခြင်းက အံ့ဩစရာတော့မဟုတ်ချေ။ လုမိသားစု၏ပစ္စည်းများကို လိုက်လံသိမ်းဆည်းစဉ်က သေနတ်အနည်းငယ်ကို သူမရှာတွေ့ခဲ့သည်။
ယခု ထိုအရာများသည် သူမ၏သိုလှောင်ရုံထဲတွင်ရှိနေပြီး အသုံးတည့်မည့်အချိန်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
သူမ၏သေနတ်ပစ်စွမ်းရည်က အတော်လေးတိကျသေချာလှသော်လည်း သူ့ကို ပွဲချင်းပြီးသတ်ပစ်လိုက်ခြင်းက လွယ်လွယ်ကူကူအပြစ်ကင်းလွတ်ခွင့် ပေးလိုက်သလိုဖြစ်သွားပေလိမ့်မည်။
ထို့အပြင် လူတစ်ယောက်ကိုသတ်ပစ်ရမည်ဟူသောအတွေးက သူမရင်ထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုအနည်းငယ်တော့ ဖြစ်ပေါ်စေဆဲပင်။
သူမသည် သေနတ်တစ်လက်ကို ထုတ်ယူလိုက်ပြီး ထိုလူ့ခြေထောက်အား သေချာချိန်ရွယ်ကာ ခလုတ်ကို ဖြတ်ခနဲဆွဲလိုက်တော့သည်။
ဒိုင်းခနဲမြည်သံကြီးနှင့်အတူ ကျည်ဆန်တစ်တောင့်ထွက်သွားခဲ့၏။
လုံးဝသတိမထားမိသော ထိုလူသည် ကျည်ဆန်ထိမှန်သွားပြီး မယုံကြည်နိုင်သောလေသံဖြင့် အော်ဟစ်လိုက်သည်။
“တောက် မင်း ငါ့ကိုတကယ် သစ္စာဖောက်ရဲတယ်ပေါ့လေ”
သူ့အော်ဟစ်သံများကို ဂရုမစိုက်ဘဲ လုရှီမန်သည် အခြားခြေထောက်တစ်ဖက်ကို ထပ်မံချိန်ရွယ်ကာ နောက်တစ်ချက် ထပ်ပစ်လိုက်ပြန်၏။
နောက်ထပ်သေနတ်သံနှင့်အတူ သူ့ခြေထောက်နှစ်ဖက်လုံး ကျည်ဆန်ထိမှန်သွားတော့သည်။
အရိုးထဲထိ စိမ့်ဝင်သွားသောနာကျင်မှုကြောင့် သူသည် မြေပြင်ပေါ်သို့လဲကျသွားပြီး လူးလှိမ့်နေတော့သည်။ သူက နာကျင်စွာရုန်းကန်နေရင်းမှ အော်ဟစ်ဆဲဆိုလိုက်၏။
“ခွေးကောင် သတ္တိရှိရင် ထွက်ခဲ့စမ်း၊ အပြင်ထွက်ပြီး ငါနဲ့ချလေ၊ အမှောင်ထဲမှာပုန်းနေတဲ့ သတ္တိကြောင်တဲ့ကောင်”
သေနတ်သံများသည် အလွန်ကျယ်လောင်လွန်းလှသဖြင့် စက်ဘီးဖြင့် ထွက်ခွာသွားသောလူကို ပို၍ပင်ထိတ်လန့်သွားစေခဲ့သည်။
သူသည် အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ပြီး စက်ဘီးကိုအစွမ်းကုန်နင်းတော့သည်။
‘မဖြစ်သေးဘူး၊ ငါ အရင်ဆုံးသွားပုန်းနေမှဖြစ်မယ်’
လုရှီမန် ဘေးနားရှိကျောက်ခဲတစ်လုံးကိုကြည့်ကာ တစ်ယောက်တည်းတီးတိုးရေရွတ်လိုက်သည်။
“ရှင်က ကျွန်မကိုဒုက္ခရောက်အောင်လုပ်နေတာပဲ”
သူမသည် သင့်တော်သော အရွယ်အစားရှိကျောက်ခဲတစ်လုံးကို ရွေးချယ်ကောက်ယူလိုက်ပြီး လူးလှိမ့်ရုန်းကန်နေသောလူထံသို့ အားကုန်ပစ်ပေါက်လိုက်သည်။
ဒုတ်ခနဲမြည်သံနှင့်အတူ ကျောက်ခဲသည် ထိုလူ့ခေါင်းကို တိကျစွာသွားမှန်တော့သည်။ လုရှီမန်၏ပစ်ချက်သည် ဦးနှောက်ကိုမထိခိုက်စေဘဲ သတိလစ်သွားစေရန်အတွက် အင်အားကွက်တိပင်။ သူမ ခေါင်းညိတ်ကာ ကျေနပ်စွာပြောလိုက်သည်။
“ရပြီ၊ အခုလိုဆို ပိုမကောင်းဘူးလား”
ယခုတော့ သူသတိလစ်သွားပြီဖြစ်ရာ ဆက်ပြီး ရုန်းကန်နေရန်မလိုအပ်တော့ချေ။
လုရှီမန်သည် အနီးသို့လျှောက်သွားကာ သူမသိုလှောင်ရုံထဲမှ လျှော်ကြိုးတစ်ချောင်းကိုထုတ်ယူပြီး ထိုလူကို တင်းတင်းကျပ်ကျပ်တုပ်နှောင်လိုက်သည်။
ထို့နောက် သူ့ကိုချုံပုတ်များကြားသို့ ဆွဲသွင်းသွားပြီး ပါးစပ်အားနံစော်နေသော အဝတ်စုတ်တစ်ခုဖြင့် ဆို့ထားလိုက်သည်။
သူ ထွက်ပြေးရန်အခွင့်အရေးမရှိတော့လောက်အောင် သေချာတုပ်နှောင်ထားပြီးမှသာ သူမစိတ်အေးသွားတော့၏။
သူမ နှာခေါင်းရှုံ့ကာကျိန်ဆဲလိုက်သည်။
“သစ္စာဖောက်ခွေးကောင်၊ ရှင်တော့ သက်သာသွားတယ်မှတ်”
ထို့နောက် သူမသည် စက်ဘီးကို ထုတ်ယူကာ သတင်းပေးပို့ရန်အတွက် အိမ်ပြန်ရန်ပြင်လိုက်သည်။
သူမ စက်ဘီးပေါ်တက်မည့်ဆဲဆဲမှာပင် စောစောကထွက်ခွာသွားသော စစ်တပ်နယ်မြေထဲမှ သူလျှိုကိုသတိပြန်ရသွား၏။
သူ ထွက်သွားသည်မှာ သိပ်မကြာသေးသည်ဖြစ်ရာ သေနတ်သံများကိုလည်း ကြားလိုက်ရလောက်သည်။
အကယ်၍ သူမသာထိုလမ်းကြောင်းအတိုင်းပြန်သွားမည်ဆိုလျှင် သူနှင့် သွားရောက်ဆုံတွေ့နိုင်ခြေရှိသည်။
သူမ စိတ်ပျက်လက်ပျက်ဖြင့် ညည်းညူလိုက်သည်။
“တကယ်ကို သောက်ကျိုးနည်းဘဝပဲ၊ ဘာလို့များ ဖုန်းတွေမရှိရတာလဲ”
အကယ်၍ ဖုန်းသာရှိခဲ့လျှင် ဖုန်းတစ်ချက်ဆက်လိုက်ရုံဖြင့် အရာအားလုံး ပြေလည်သွားမည်ဖြစ်၏။ ယခုတော့ သူမ မည်သို့ပြန်ထွက်ရမည်ကို စိုးရိမ်နေရပြီဖြစ်သည်။
သူမ အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ပြီး ပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်လိုက်သည်။
တောင်ပေါ်ဒေသဖြစ်သဖြင့် လမ်းလွှဲတစ်ခုတော့ရှိရမည်ပင်။ သို့သော် ထိုလူကလည်း တောင်ပေါ်လမ်းမှတစ်ဆင့် ထွက်ပြေးရန်တွေးတောနေမည်ကို သူမ စိုးရိမ်မိသည်။ သူမ ခေတ္တမျှတော့အကြပ်ရိုက်သွားရပြန်သည်။
သူမသည် သိုလှောင်ရုံထဲမှ ပေ့ဖျင်ယန်ဆိုဒါရည်တစ်ပုလင်းကို ထုတ်ယူကာ သောက်လိုက်ပြီး စိတ်အလိုမကျသဖြင့် သတိလစ်နေသောလူကို ခြေထောက်ဖြင့် ကန်ကျောက်နေလိုက်၏။
အခြားတစ်ဖက်တွင်တော့ ထိုလူသည် သူ့ဘဝတစ်လျှောက်လုံးတွင် အမြန်ဆုံးသောအရှိန်ဖြင့် စက်ဘီးကိုနင်းနေတော့သည်။ အတော်ဝေးဝေးသို့ ရောက်ရှိသွားပြီး မည်သူမျှနောက်မှလိုက်မလာကြောင်း သေချာသွားသောအခါ သူ့ရင်ထဲတွင် အနည်းငယ်သက်သာရာရသွားတော့၏။
သို့သော်လည်း သူ လုံးဝစိတ်အေးမသွားသေးချေ။ တောင်ခြေတွင် သူ ခေတ္တမျှ စောင့်ဆိုင်းနေခဲ့သည်။
နာရီဝက်ခန့်ကုန်လွန်သွားသည့်တိုင်အောင် မည်သူမျှရောက်မလာသည်ကိုမြင်သောအခါမှသာ သူ ပို၍ စိတ်အေးသွားတော့သည်။
သတင်းအခြေအနေ စုံစမ်းရန်အတွက် အနီးအနားရှိမြို့သို့ အရင်ဆုံး သွားရောက်ရပေမည်။ အကယ်၍ တစ်စုံတစ်ရာသတင်းထူးရှိပါက ရွှေတုံးကို ယူဆောင်ကာထွက်ပြေးမည်ဖြစ်သည်။
သတင်းမရှိပါက ထိုလူက သူ့ကိုသစ္စာမဖောက်သေးခြင်းဖြစ်ပေလိမ့်မည်။ သူလျှိုအလုပ်ကို ရပ်တန့်လိုက်သရွေ့ မည်သူကမှသိတော့မည်မဟုတ်ချေ။
တစ်ဖက်တွင်တော့ လုရှီမန်သည် ဆိုဒါရည်တစ်ပုလင်းသောက်ပြီး ဘီစကွတ်မုန့်နှစ်ထုပ်ကို စားပြီးသွားပြီဖြစ်သည်။
အချိန်ကိုကြည့်လိုက်ရာ နာရီဝက်ကုန်လွန်သွားပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် သူမဆက်တွေဝေမနေတော့ချေ။
သူမသည် ဝတ္ထုထဲသို့ကူးပြောင်းလာသူ တစ်ဦးပင်။
‘ကောင်းကင်ဘုံက ငါ့ကိုမျက်နှာသာ ပေးမှာ အသေအချာပဲ’
သူမ သေချာပေါက်ဘေးကင်းကင်းဖြင့် အိမ်ပြန်ရောက်မည်မှာသေချာ၏။ ထိုသို့တွေးတောလိုက်ပြီးနောက် သိုလှောင်ရုံထဲမှ စက်ဘီးကိုထုတ်ယူကာ ခုန်တက်လိုက်တော့သည်။
သို့သော်လည်း ဤတစ်ကြိမ်တွင်တော့ သူမမြန်မြန်မစီးတော့ချေ။ စစ်တပ်မိသားစုလိုင်းခန်းသို့ ဘေးကင်းကင်းဖြင့်ရောက်ရှိသွားသောအခါမှသာ သူမ သက်ပြင်းရှည်ကြီးတစ်ခုချနိုင်တော့သည်။
စစ်တပ်နယ်မြေထဲမှသူလျှိုက ယခုလောလောဆယ် သိပ်အရေးမကြီးလှပေ။ တောင်ပေါ်ရှိသူလျှိုကို ဖမ်းဆီးခေါ်ဆောင်သွားရန် လူတစ်ယောက်အား အရင်ဆုံး ရှာဖွေရမည်ဖြစ်သည်။
ကျည်နှစ်ချက်အပစ်ခံထားရပြီး သတိလစ်နေသော ထိုလူသည် ထိုနေရာတွင် သေဆုံးသွားမည်လားဆိုသည်ကိုတော့ သူမ မသိချေ။
မိသားစုလိုင်းခန်းသို့ရောက်ရှိသည်နှင့်တစ်ပြိုင်နက် သူမသည် စုန့်ကျီပိုင်၏ရုံးခန်းဆီသို့ အပြေးအလွှားသွားရောက်ခဲ့သည်။
ဤမျှကောင်းမွန်သောအခွင့်အရေးကို အခြားမည်သူ့ကိုမျှပေး၍မဖြစ်နိုင်ပေ။ သူမက ဖမ်းဆီးခဲ့သည်ဖြစ်ရာ ဤဂုဏ်ပြုမှုကို စုန့်ကျီပိုင်သာရရှိသင့်သည်ပင်။
သူလျှိုတစ်ယောက်ကို ဖမ်းဆီးနိုင်ခဲ့ပြီဖြစ်ရာ ရာထူးတိုးခြင်းနှင့် လစာတိုးခြင်းတို့က မျက်စိရှေ့တွင် သေချာပေါက် မြင်တွေ့နေရပြီဖြစ်သည်။
စိတ်လှုပ်ရှားနေသောနှလုံးသားဖြင့် လုရှီမန်ခြေလှမ်းများသည် ပို၍ပင်တက်ကြွနေတော့သည်။
သူမသည် နှစ်နာရီကြာအောင်စက်ဘီးကို တောက်လျှောက်စီးနင်းလာခဲ့ရသော်လည်း နိုင်ငံတော်အတွက် အကျိုးပြုရခြင်းက အလွန်ဂုဏ်ယူဖွယ်ကောင်းလှသည်ပင်။
သူမသည် သွက်လက်မြန်ဆန်စွာ လျှောက်သွားပြီး စုန့်ကျီပိုင်ကိုခေါ်ပေးရန် တစ်စုံတစ်ယောက်အား အကူအညီတောင်းလိုက်သည်။
စုန့်ကျီပိုင်ထွက်လာသောအခါ သူမသည် သူ့ကိုဘေးဘက်သို့ စိတ်လှုပ်ရှားစွာဖြင့်ဆွဲခေါ်သွားပြီး သူ့နား,နားသို့ ကပ်ကာ တီးတိုးပြောလိုက်သည်။
“စုန့်ကျီပိုင် ကျွန်မ သူလျှိုတစ်ယောက်ကို ဖမ်းမိခဲ့တယ်”
သူတို့နှစ်ဦးသည် အလွန်နီးကပ်စွာရှိနေသော်လည်း မည်သည့်ရင်ခုန်စရာအငွေ့အသက်မျှမရှိချေ။ နံနက်ပိုင်းက သူမခံစားခဲ့ရသော ရှက်ရွံ့မှုများအားလုံးကို လုံးဝမေ့ပျောက်ထားခဲ့ပြီး သူမမျက်လုံးများထဲတွင် သူလျှိုဖမ်းမိခြင်းကြောင့်ဖြစ်ပေါ်လာသော စိတ်လှုပ်ရှားမှုများသာရှိနေတော့သည်။
စုန့်ကျီပိုင်မျက်လုံးများမှာ ပြူးကျယ်သွားတော့သည်။ သူအံ့ဩတကြီး တုံ့ပြန်လိုက်၏။
“ဟင်”
‘သူမက သူလျှိုတွေနဲ့ ဘယ်လိုလုပ်ပြီး ထပ်ဆုံရပြန်တာလဲ၊ အရင်တစ်ခါက ရထားပေါ်မှာလျှို့ဝှက်အေးဂျင့်တစ်ယောက်ကို ဖမ်းမိခဲ့တာ၊ အခုလည်း နောက်တစ်ယောက်နဲ့ ထပ်ဆုံပြန်ပြီတဲ့လား၊ သူလျှိုတွေက အုပ်စုလိုက်ကြီး ဘယ်အချိန်ကများ ရောက်လာကြတာပါလိမ့်'
သူမက တစ်စုံတစ်ယောက်ကြားသွားမည်ကိုစိုးရိမ်သဖြင့် ဘေးဘီဝဲယာသို့ မျက်လုံးဝေ့ကြည့်ကာ တိုးတိုးလေး စတင်ရှင်းပြလိုက်သည်။
“ဒီနေ့ ကျွန်မ......”
သူမ၏ရှင်းပြချက်ကို နားထောင်ပြီးနောက် စုန့်ကျီပိုင်မျက်နှာထား တည်ကြည်လေးနက်သွားတော့သည်။
“ကိုယ်နားလည်ပြီ၊ ကိုယ့်ကိုခဏလောက်စောင့်နေ”
ဤမျှကြီးမားလှသောကိစ္စရပ်သည် သေချာပေါက် အထက်သို့အစီရင်ခံရန် လိုအပ်လေ၏။
ငါးမိနစ်ခန့်အကြာတွင်တော့ စုန့်ကျီပိုင်သည် သူမ မနေ့ကတွေ့ဆုံခဲ့ဖူးသော စစ်ဦးစီးချုပ်ယဲ့နှင့်အတူ အပြင်သို့ပြန်ထွက်လာခဲ့သည်။ စစ်ဦးစီးချုပ်ယဲ့က လေးလေးစားစား တောင်းဆိုလာ၏။
“ရဲဘော်လု ကျေးဇူးပြုပြီး လမ်းပြပေးပါဦး”
လုရှီမန်အသံထဲတွင် စိတ်လှုပ်ရှားမှုအနည်းငယ်ပါဝင်နေပြီး တက်ကြွစွာ ဖြေလိုက်သော်လည်း နောက်တစ်စက္ကန့်မှာပင် သူမအားလျော့သွားဟန်ဖြင့် ညည်းညူလိုက်၏။
“တာဝန်ကျေပွန်စေရမယ်လို့ ကျွန်မ အာမခံပါတယ်၊ ဒါပေမဲ့ ကားနဲ့သွားလို့ရမလားဟင်၊ ကျွန်မ စက်ဘီးစီးလာတာ နှစ်နာရီတောင်ရှိပြီ၊ ခြေထောက်တွေ ပြုတ်ထွက်တော့မလိုပဲ”
သူမသည် သူတို့နှစ်ဦးထံသနားစရာကောင်းသောအကြည့်များဖြင့် ကြည့်လိုက်သည်။
အကယ်၍ သူမသာ နောက်တစ်ကြိမ် စက်ဘီးဆက်စီးရမည်ဆိုပါက အိပ်ရာထဲတွင် တစ်လခန့်လဲနေရပေလိမ့်မည်။
ဤစကားကိုကြားသောအခါ စစ်ဦးစီးချုပ်ယဲ့သည် မနေနိုင်တော့ဘဲရယ်မောလိုက်မိပြီး ခေါင်းယမ်းကာပြန်ဖြေလိုက်၏။
“ကားနဲ့သွားလို့မဖြစ်ဘူး၊ ပစ်မှတ်က အရမ်းကြီးလွန်းနေတယ်၊ စုန့်ကျီပိုင်ကိုပဲ စက်ဘီးနောက်ကနေတင်ခေါ်သွားခိုင်းလိုက်ပါ”
ကားဖြင့်သွားရောက်ခြင်းက ရန်သူကို အလွယ်တကူသတိထားမိစေနိုင်သည်။ မည်သို့ပင်ဖြစ်စေ ရဲဘော်လု၏ပြောပြချက်အရ စစ်တပ်အတွင်း၌သူလျှိုတစ်ယောက်ရှိနေဆဲဖြစ်သည်ပင်။
စက်ဘီးဖြင့်သွားမည်ဆိုလျှင်ပင် သူတို့သည် အနည်းငယ်ခွဲ၍သွားကြရမည်ဖြစ်သည်။
လုရှီမန် နှုတ်ခမ်းကိုတင်းတင်းစေ့ထားလိုက်သော်လည်း ဤနည်းလမ်းက အကောင်းဆုံးဖြစ်ကြောင်း သူမ နားလည်လေ၏။
သူမ၏လမ်းညွှန်မှုဖြင့် တစ်နာရီခန့်အကြာတွင်တော့ နံနက်ပိုင်းက သူမရှိနေခဲ့သောနေရာသို့ ပြန်လည်ရောက်ရှိသွားကြသည်။
တုပ်နှောင်ခံထားရသောလူကို စုန့်ကျီပိုင်က ဆွဲထုတ်လာချိန်တွင်တော့ စစ်ဦးစီးချုပ်ယဲ့သည် နေရာမှာပင်မှင်တက်သွားပြီးနောက် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းယမ်းလိုက်မိတော့၏။
သူသည် ဤလူကို ယခင်ကမြင်ဖူးခဲ့သည်။ ယခုတော့ စစ်တပ်နယ်မြေထဲမှ သူလျှို မည်သူဖြစ်ကြောင်းကိုပါ သူသိသွားခဲ့ပြီဖြစ်သည်။ စစ်ဦးစီးချုပ်ယဲ့ သက်ပြင်းရှည်ကြီးချကာ ဝမ်းနည်းစွာဖြင့် ရေရွတ်လိုက်သည်။
“ဟူး ဘယ်လောက်တောင်မိုက်မဲလိုက်သလဲ”