← Chapters

အခန်း ၇၁

Vol. 8 Ch. 71

အခန်း ၇၁

Vol. 8 Ch. 71

71

စုန့်ကျီပိုင်သည် မြေပြင်တွင်လဲကျနေသော ထိုအမျိုးသားအား စူးစိုက်ကြည့်ရင်း သက်ပြင်းတစ်ချက်ကိုလေးလံစွာချလိုက်၏။

ထိုသူ့မျက်နှာသွင်ပြင်မှာ သူစိမ်းတစ်ယောက်ပမာဖြစ်နေသော်ငြား ရင်းနှီးနေသယောင် ဝေဝါးဝါးခံစားချက်တစ်ခုက မှတ်ဉာဏ်အစွန်းတွင် တွယ်ကပ်နေခဲ့သည်။

“သူ့ခမျာ အခက်အခဲတစ်ခုခုများရှိနေရှာတာလား”

“ရှင်တို့အားလုံး သူဘယ်သူလဲဆိုတာ သိနေကြတာလား”

လုရှီမန် သူတို့အားမယုံကြည်နိုင်ဟန်ဖြင့် မျက်လုံးပြူးကာကြည့်လိုက်၏။ သူလျှိုတစ်ယောက်က ဤမျှအထိ ရဲတင်းနိုင်သည်လား။ လူတိုင်းသိနေသည့်အနေအထားအထိရောက်နေခဲ့ပြီး ပို၍ကြောက်မက်ဖွယ်ကောင်းသည်က မည်သူကမျှ အကဲမခတ်မိခဲ့ခြင်းပင်။

ထိုအရာက ယုတ္တိမရှိပေ။ ဤလျှို့ဝှက်ချက်များအားလုံး ပေါက်ကြားသွားခဲ့ပြီဖြစ်ပြီး သူမဖမ်းဆီးသည်မှာနောက်ကျသွားခဲ့သည်လား။

စစ်ဦးစီးချုပ်ယဲ့ ခေါင်းယမ်းလျက်ပြောလိုက်သည်။

“သူ့မှာ ဘယ်လိုအခက်အခဲတွေပဲရှိရှိ အဖွဲ့အစည်းဆီကနေ အကူအညီတောင်းလို့မရဘူးလား၊ အဖွဲ့အစည်းက သူ့ကို အနည်းအကျဉ်းလောက်တောင် အထောက်အပံ့မပေးဘဲနေပါ့မလား၊ ရဲဘော်လု မင်းရဲ့ဒီအရည်အချင်းက တော်တော်လေး ကောင်းမွန်တာပဲ၊ သေနတ်ပစ်လိုက်တာလည်း မင်းပဲလား”

အမျိုးသား၏ခြေထောက်ပေါ်ရှိ သွေးစွန်းနေသောဒဏ်ရာနှစ်ချက်အား ငေးကြည့်ပြီးနောက် လုရှီမန်ဘက်သို့ အကြည့်ရွှေ့လိုက်သော သူ့မျက်နှာထက်တွင် ချီးကျူးလေးစားမှုများပြည့်နှက်နေ၏။

ယောက်ျားများကို အရှုံးမပေးတတ်သည့် မိန်းမသားတစ်ဦးပင်။ ကြိုးတုပ်ထားသည့်နည်းစနစ်က အလွန်ပညာသားပါလှပြီး သာမန်လူတစ်ယောက်အနေဖြင့် အလွယ်တကူရုန်းထွက်နိုင်မည်မဟုတ်ပေ။

သို့သော် သေနတ်ပစ်ခတ်မှုစွမ်းရည်ကတော့ အနည်းငယ်ညံ့ဖျင်းနေသယောင်ပင်။ ကျည်နှစ်တောင့်စလုံးက ခြေထောက်ကိုသာမှန်ခဲ့ပြီး အသက်အန္တရာယ်ကို ထိခိုက်စေနိုင်လောက်သည့် အနေအထားမျိုးမရှိခဲ့ချေ။

လုရှီမန် ဂုဏ်ယူဝင့်ကြွားစွာဖြင့်မျက်ခုံးတစ်ဖက်ပင့်လိုက်သည်။

‘ငါလေးက ကျွမ်းကျင်သူတစ်ယောက်လေ’

မည်သို့ပင်ဆိုစေ သူမသည် အဓိကကာကွယ်စောင့်ရှောက်ခံရမည့်အရေးပါသောပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့ဖူးသည်။ အပြင်ပန်းတွင် နုနယ်အားနည်းပုံပေါ်သော်ငြား သူမအသက်အန္တရာယ်လုံခြုံရေးအတွက် မည်သည့်အရာကိုမဆို လေ့လာသင်ယူရန်ဆန္ဒရှိခဲ့၏။

သူမသည် ဆယ်မှတ်ပြည့်အောင်ပစ်ခတ်နိုင်သည့် လက်ဖြောင့်သေနတ်သမားတစ်ဦးဖြစ်သည်။ သူမရည်မှန်းချက်က ကိုယ့်ကိုကိုယ် အပြည့်အဝကာကွယ်နိုင်စွမ်းရှိရုံမျှမက အကောင်းဆုံးဖြစ်တည်မှုတစ်ခုအဖြစ် ရပ်တည်ရန်ပင်။

“ဒါပေါ့ ကျွန်မက တော်တော်လေး အံ့ဩဖို့ကောင်းနေတယ်မလား”

“ကြိုးတုပ်ထားတာ သေသပ်ကောင်းမွန်ပေမယ့် သေနတ်ပစ်တာကတော့ ညံ့တယ်၊ အားတဲ့အခါ ရှောင်စုန့်ကိုခေါ်ပြီး လေ့ကျင့်ခိုင်းလိုက်ဦး”

စစ်ဦးစီးချုပ်ယဲ့ ရိုးသားပွင့်လင်းစွာ မှတ်ချက်ပြုလိုက်သည်။

ထိုစကားကိုကြားလိုက်ရချိန်တွင် လုရှီမန်၏ခန္ဓာကိုယ်လေး တောင့်တင်းသွားခဲ့ရ၏။

‘ဘယ်လိုလုပ် ညံ့ရမှာလဲ'

“သူ မသေသွားအောင်လို့ရော ထွက်ပြေးလို့မရအောင်လို့ပါ ရည်ရွယ်ပြီး ခြေထောက်ကိုသေသေချာချာ ပစ်လိုက်တာလေ၊ ဒါကို ဘယ်လိုလုပ် ညံ့တယ်လို့ပြောနိုင်ရတာလဲ”

ယခင်က ဤကဲ့သို့သောအကဲဖြတ်မှုမျိုးကို တစ်ကြိမ်တစ်ခါမျှမခံခဲ့ရဖူးသည့် လုရှီမန်မှာ အကြီးအကျယ် ဒေါသထွက်သွားရလေသည်။ ဤအဘိုးကြီးနှင့် ယှဉ်ပြိုင်ကြည့်လိုက်ချင်စိတ်များပင် တစ်ဖွားဖွားပေါ်ပေါက်လာခဲ့၏။

သူမကို ညံ့ဖျင်းသည်ဟုဝေဖန်ရန် သူ့တွင် မည်သည့်အခွင့်အရေးများရှိနေသနည်း။ တစ်သက်နှင့်တစ်ကိုယ် ညံ့ဖျင်းသည်ဟူသော သတ်မှတ်ချက်မျိုးကိုမရရှိခဲ့ဖူးသလို ဤကဲ့သို့သော အဆင့်သတ်မှတ်ချက်ကိုလည်း သူမ လုံးဝအသိအမှတ်ပြုလက်ခံမည်မဟုတ်ပေ။

စစ်ဦးစီးချုပ်ယဲ့မှာ သူမစကားကြောင့် ထပ်မံ၍အံ့ဩသွားရပြန်သည်။ အကယ်၍ ထိုသို့သာအမှန်တကယ် ရည်ရွယ်ခဲ့ခြင်းဆိုလျှင် သူမ၏ပစ်ခတ်မှုစွမ်းရည်က အမှန်တကယ်ပင်မညံ့ဖျင်းလှပေ။

“ရဲဘော်လု လက်ဖြောင့်တပ်သား အရည်အချင်းစစ်စာမေးပွဲကို ဝင်ဖြေကြည့်ပါလား”

ပတ်ဝန်းကျင်တစ်ဝိုက်တွင် ပိုလျှံနေသောကျည်ဆန်များ လုံးဝမရှိချေ။ အကယ်၍ ကျည်နှစ်တောင့်လုံးက ထိုမျှအထိတိကျသေချာနေမည်ဆိုလျှင် လေ့ကျင့်မှုများပြုလုပ်လိုက်ပါက လက်ဖြောင့်တပ်သားတစ်ဦးဖြစ်လာနိုင်ပေသည်။

တစ်ယောက်က အကောင်းဆုံး စစ်သည်တော်တစ်ဦးဖြစ်လာရန် ကြိုးစားအားထုတ်နေပြီး အခြားတစ်ယောက်က လက်ဖြောင့်သေနတ်သမားတစ်ဦးဖြစ်လာနိုင်၏။

တပ်တွင်းရှိအကြောက်တရားအမြွှာညီနောင်။

မည်မျှအထိ ခံ့ညားလိုက်မည်နည်း။

လုရှီမန်အမြင်အာရုံများ မှောင်မိုက်သွားသလို ခံစားလိုက်ရသည်။

‘ငါ အိမ်မှာအေးအေးလူလူအနားယူနေတာကို လူတိုင်းကြည့်မရဖြစ်နေတာများလား’

အရင်ဦးဆုံး ရှောင်ထောင်းက သူမကို စက်ရုံသို့သွားစေချင်ခဲ့ပြီး ယခု ဤစစ်ဦးစီးချုပ်ကလည်း လက်ဖြောင့်တပ်သားစာမေးပွဲဝင်ဖြေခိုင်းနေပြန်သည်။ နောက်ထပ် သူမကို မည်သည့်အရာတွေများ လုပ်ခိုင်းကြဦးမည်နည်း။

သူမ ဤနေရာသို့ရောက်လာခဲ့ခြင်းမှာ ဇိမ်ကျကျနေထိုင်ရင်း ဘဝကိုခံစားရန်သာဖြစ်ပြီး ခိုင်းဖတ်တစ်ယောက်အဖြစ် အသက်ရှင်ရန်မဟုတ်ပေ။

“ကျေးဇူးပါပဲ၊ ဒါပေမဲ့ မလုပ်ပါရစေနဲ့၊ ကျွန်မက စုန့်ကျီပိုင်ရဲ့ပြုစုယုယတာခံယူရတာပဲ ပိုသဘောကျတယ်၊ ဒါ့အပြင် ကျွန်မကိုတပ်ထဲလွှတ်လိုက်ရင် တပ်တွင်းမှာ အရှုပ်အထွေးတွေ အကြီးအကျယ်ဖြစ်လာမှာကို ရှင်တို့မကြောက်ကြဘူးလား”

အကယ်၍သာ သူမသာအရင်ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်ခဲ့မည်ဆိုလျှင် ထိုကဲ့သို့သော ကိစ္စရပ်များကို အမှန်တကယ်ပင် ကျူးလွန်နိုင်စွမ်းရှိပေလိမ့်မည်။

ယခုအခါ သူမကိုယ်တိုင်က အသိဉာဏ်ပိုရှိပြီး ဆင်ခြင်တုံတရားနှင့်ပြည့်စုံနေသော်ငြား မူလပိုင်ရှင်၏မည်သည့်အခါမျှ အရှုံးမပေးတတ်သောစရိုက်လက္ခဏာကိုမူ သဘောကျမိသည်။ ထိုစရိုက်အတိုင်းပင် ဆက်လက်ထိန်းသိမ်းထားရန် သူမရည်ရွယ်ထား၏။

စုန့်ကျီပိုင်ကလည်း ထိုကိစ္စကိုစဉ်းစားတွေးတောနေမိသည်။ ဤသခင်မလေးကိုရွှံ့ဗွက်များထဲတွင် လူးလှိမ့်ခိုင်းလိုက်ပါက ဒေါသထွက်လွန်း၍ ရူးသွပ်သွားပေလိမ့်မည်။ ထိုကဲ့သို့သော ကြမ်းတမ်းသည့်အရာများက သူမနှင့် လုံးဝလိုက်ဖက်မှုမရှိချေ။

“သူ့ကို အရင်ဆုံးစစ်ဆေးကြည့်ရအောင်၊ ရှီမန်က သူ့ကိုအရှင်ဖမ်းထားတာဆိုတော့ ဒီနေရာမှာသွေးထွက်လွန်ပြီး သေသွားခွင့်ပြုလို့မဖြစ်ဘူး”

အရှင်ဖမ်းဆီးထားနိုင်သည့် သုံ့ပန်းတစ်ယောက်ရှိနေပြီဖြစ်ရာ အခွင့်အရေးကို ဆုပ်ကိုင်၍ သေချာစစ်ဆေးမေးမြန်းရပေမည်။

“သူ့အိမ်ကိုရှာဖွေဖို့ မမေ့နဲ့နော်၊ ရွှေချောင်းတွေ အများကြီးရှိနေလောက်တယ်၊ ဖြစ်နိုင်ရင် ကျွန်မသိပ်လောဘမကြီးပါဘူး၊ နှစ်ချောင်းလောက်ပဲပေးပါ”

လုရှီမန်သည် အခြားအမျိုးသားတစ်ဦးနှင့် သူ့စကားပြောဆိုမှုများကို ပြန်လည်အမှတ်ရနေမိ၏။ သူ့အိမ်သို့တိုက်ရိုက်သွားရောက်၍ ရွှေချောင်းများကိုမခိုးယူနိုင်ခဲ့ခြင်းက နှမြောစရာပင်။

သို့မဟုတ်ပါက သူမကိုယ်ပိုင်ဘဏ္ဍာတိုက်လေးထဲတွင် နောက်ထပ်စည်းစိမ်တစ်ခု ထပ်တိုးလာမည်မှာ အသေအချာပင်။

သူမ၏ချမ်းသာကြွယ်ဝလိုသည့် ရည်မှန်းချက်များကို ထိုရွှေချောင်းများက အပြည့်အဝဖြည့်ဆည်းပေးနိုင်စွမ်းရှိလေသည်။

ဤကဲ့သို့ပွင့်လင်းမြင်သာစွာ ဆုကြေးတောင်းခံသည့်လုပ်ရပ်မျိုးက အလွန်ရှားပါးလှပြီး အနည်းဆုံးတော့ စစ်ဦးစီးချုပ်ယဲ့၏လုပ်ငန်းခွင်သက်တမ်း တစ်လျှောက်လုံးတွင် တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးချေ။ သူသည် အနည်းငယ် တိတ်ဆိတ်သွားခဲ့၏။

စုန့်ကျီပိုင်သည်လည်း ဘာပြောရမှန်းမသိတော့ဘဲ သူ့နဖူးသူသာ ခပ်ဖွဖွပွတ်သပ်နေမိသည်။ လုရှီမန် နှုတ်ခမ်းဆူလိုက်ပြီး နှာခေါင်းရှုံ့ကာပြောလာ၏။

“ကပ်စေးနှဲလိုက်တာ ကောင်းပြီလေ၊ မရဘူးဆိုရင်လည်း ပြီးတာပါပဲ”

“ရွှေချောင်းတွေကိုတော့ နိုင်ငံတော်ဆီ အပ်နှံရလိမ့်မယ်၊ ဒါပေမဲ့ မင်းအတွက် ဆုကြေးရဖို့ကိုတော့ အဖွဲ့အစည်းဆီမှာ ငါလျှောက်ထားပေးပါ့မယ်”

သူလျှိုကိုဖမ်းဆီးနိုင်ခဲ့ခြင်းက သူတို့အတွက်ကြီးမားသောဆုံးရှုံးမှုများကို ရှောင်ရှားနိုင်စေခဲ့သည်။ ဆုကြေးတစ်ခု ရထိုက်သည်မှာ သေချာသော်လည်း ရွှေချောင်းများရရှိရန်မှာမူ မဖြစ်နိုင်ပေ။

“ဒါဆိုရင်လည်း အဲဒီဂုဏ်ပြုဆုကို စုန့်ကျီပိုင်နာမည်နဲ့ပဲ စာရင်းသွင်းလိုက်ပါ၊ လူကိုလည်း အပ်ပြီးသွားပြီ၊ တပ်ထဲက သူလျှိုဘယ်သူလဲဆိုတာကိုလည်း ရှင်တို့ခန့်မှန်းမိနေလောက်ပြီဆိုတော့ ကျွန်မတို့ အမြန်ပြန်ကြတော့မလား”

All Chapters