← Chapters

အခန်း ၇၂

Vol. 8 Ch. 72

အခန်း ၇၂

Vol. 8 Ch. 72

72

ရာသီဥတုက အလွန်အမင်းပူပြင်းလှ၏။ ပူလောင်အိုက်စပ်နေသော အငွေ့အသက်များကြားတွင် သူမတစ်ကိုယ်လုံး ချွေးများဖြင့်ရွှဲရွှဲစိုနေခဲ့ပြီဖြစ်သည်။

သူမသည် ရေချိုးချင်နေပြီး ရေခဲသေတ္တာထဲမှ အေးစက်နေသော ပဲတီစိမ်းစွပ်ပြုတ်ကိုသာ သောက်ချင်စိတ်ပြင်းပြနေမိသည်။ အေးမြသော ရေချိုးခန်း၏အထိအတွေ့ကိုသာ သူမစိတ်နှလုံးက တောင်းတနေခဲ့၏။

ဤရှုပ်ထွေးသောကိစ္စရပ်များနှင့်ပတ်သက်၍ သူမဆက်လက်ပါဝင်ပတ်သက်လိုခြင်း မရှိတော့ပေ။ စစ်တပ်ကိစ္စရပ်များကို သူတို့အတွင်းရေးအရ သဘာဝကျကျဖြေရှင်းသွားကြလိမ့်မည်ဖြစ်ရာ သူမအကူအညီကို လိုအပ်မည်မဟုတ်တော့ချေ။

လုရှီမန်၏တိုက်တွန်းစကားကိုကြားပြီးနောက် စုန့်ကျီပိုင်သည် သူမအားတပ်မိသားစုဝင်းအတွင်းသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။ သို့သော်လည်း ဤဖြစ်ရပ်ကြောင့် စုန့်ကျီပိုင်တွင် သူမအား အဖော်ပြုပေးရန် အချိန်ပိုများမရှိတော့ချေ။

လုရှီမန်ကမူ ဤအချက်ကို လုံးဝစိတ်အနှောင့်အယှက်မဖြစ်ခဲ့ပေ။ သူ အလုပ်များနေခြင်းက ပို၍ကောင်းမွန်၏။

အကယ်၍ သူ့တွင်အားလပ်ချိန်များရှိနေခဲ့ပါက သူမစိတ်အာရုံထဲတွင် ရှုပ်ထွေးပွေလီသော အတွေးပေါင်းစုံဖြင့် ပြည့်နှက်နေလိမ့်မည်ဖြစ်သည်။

စက်ဘီးကို အချိန်ကြာမြင့်စွာစီးနင်းခဲ့ရခြင်း၏နောက်ဆက်တွဲ ပြဿနာများက မကြာမီမှာပင် ပေါ်ပေါက်လာခဲ့၏။ ကြွက်သားများအတွင်းမှ တဆစ်ဆစ် နာကျင်ကိုက်ခဲမှုက သူမလှုပ်ရှားမှုတိုင်းကို ဟန့်တားချုပ်ချယ်ထားသယောင်ပင်။

သူမ၏ခြေတံသွယ်သွယ်လေးများထဲ ဘိလပ်မြေများ လောင်းထည့်ထားသကဲ့သို့ လေးလံထိုင်းမှိုင်းနေပြီး အနည်းငယ်မြှောက်လိုက်လျှင်ပင် နာကျင်လွန်းလှသည်။

ထို့အပြင် သူလျှိုကိစ္စနှင့်ပတ်သက်၍ ကောလာဟာလများကလည်း နေရာအနှံ့ပျံ့နှံ့နေခဲ့လေသည်။

တပ်မိသားစုဝင်းတစ်ခုလုံးကို အပေါ်မှ အောက်ခြေအထိ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ပြဿနာရှိသူတစ်စုံတစ်ယောက် ခိုးဝင်လာမည်ကို စိုးရိမ်ပူပန်နေကြ၏။

သူလျှိုတန်ပြန်နှိမ်နင်းရေးအဖွဲ့အစည်းဆိုင်ရာ လေ့လာရေးသင်တန်းများကို အမျိုးမျိုးပြုလုပ်ခဲ့ကြသည်။ အချိန်အတိုင်းအတာတစ်ခုအထိ စိုးရိမ်ထိတ်လန့်မှုများက ခြံဝင်းတစ်ခုလုံး၌ ပျံ့နှံ့လွှမ်းမိုးနေခဲ့၏။

အဘွားအိုဝေပင်လျှင် အပြင်သို့မထွက်ရဲဘဲ အိမ်ထဲတွင်သာပုန်းအောင်းနေခဲ့ရသည်။ ယောင်ဇူကိစ္စနှင့်ပတ်သက်၍မူ လုရှီမန်၏သကြားလုံးမက်လုံးပေးမှုအောက်တွင် ကလေးများက သူတို့တာဝန်ကို ပြီးပြည့်စုံစွာထမ်းဆောင်နိုင်ခဲ့ကြသည်။ တစ်ချိန်က မောက်မာဝင့်ကြွားခဲ့သော ထိုကလေးသည် ယခုအခါ အပြင်ထွက်၍အလွယ်တကူမကစားရဲတော့ချေ။

သူသည် ရွာသို့ပြန်ကာ ဒေသခံ အနိုင်ကျင့်ဗိုလ်ကျသူတစ်ဦးအဖြစ် ဆက်လက်နေထိုင်ချင်စိတ်များ ပြင်းပြနေခဲ့သည်။ ကံမကောင်းစွာဖြင့် ဤကဲ့သို့အကဲဆတ်နေသော အချိန်ကာလအတွင်းတွင် သူတို့အားထွက်ခွာခွင့်မပြုခဲ့ပေ။

အဘွားအိုဝေနှင့် ကျန်းဖူရှန်းတို့၏ကိုယ့်ကိုကိုယ် ဝေဖန်ရေးအစည်းအဝေးများမှာမူ ဤကိစ္စရပ်များကြားတွင် ရောနှောပျောက်ကွယ်သွားခဲ့ရသည်။ သူလျှိုဖမ်းဆီးရေးလွှမ်းမိုးနေသော ပတ်ဝန်းကျင်အနေအထားအောက်တွင် လူတိုင်းက ထိုဝေဖန်မှုများကို စိတ်ဝင်စားမှုကင်းမဲ့သွားကြပြီး ဂရုမစိုက်နိုင်ကြတော့ချေ။

တစ်ပတ်ခန့်ကြာပြီးနောက်တွင် ဤတင်းမာနေသော လေထုကြီးမှာ နောက်ဆုံးတွင်ပြေလည်သွားခဲ့ပြီး စုန့်ကျီပိုင်သည်လည်း အိမ်သို့စောစောပြန်လာနိုင်ရန် အခွင့်အရေးရခဲ့လေသည်။

စုန့်ကျီပိုင်က လုရှီမန်အားငေးကြည့်ရင်း အပြုံးတစ်ခုဖြင့်ပြောလိုက်၏။

“မင်းရဲ့ဆုကြေး ကျလာပြီ”

ဆုကြေးဟူသော စကားလုံးကို ကြားလိုက်ရချိန်တွင် လုရှီမန်တစ်ယောက် ဝမ်းသာအားရခုန်ပေါက်မိသွားသည်။

“ရွှေချောင်းတွေလား”

စုန့်ကျီပိုင် ခေါင်းယမ်းလိုက်၏။ သူ့အိတ်ကပ်ထဲမှ ကူပွန်လက်မှတ်တစ်ထပ်ကိုထုတ်ယူလိုက်ပြီး လုရှီမန်လက်ထဲသို့ ထည့်ပေးလိုက်လေသည်။

“မင်းလိုချင်နေတဲ့ တီဗီဝယ်ခွင့်ကူပွန်လက်မှတ်လေ”

ထို့အပြင် လိုအပ်သောစက်မှုသုံး ဘောက်ချာများလည်း ပါဝင်နေသေး၏။ ဤအရာများနှင့်အတူ ငွေသားဆုကြေးအပိုင်းကမူ များများစားစားမဟုတ်ဘဲ ယွမ်ငါးဆယ်သာ ဖြစ်သည်။ ရွှေချောင်းများထုတ်ပေးရန်မှာမူ လုံးဝမဖြစ်နိုင်သည့်အရာပင်။

သူသည် ဤသခင်မလေးလိုချင်သောအရာကိုရရှိစေရန် အစွမ်းကုန်ကြိုးစားပေးခဲ့ခြင်းဖြစ်သည်။ သူမအတွက် ဇိမ်ကျကျနေထိုင်နိုင်မည့် ရည်မှန်းချက်များကို အကောင်အထည်ဖော်ပေးရန် သူ တိတ်တဆိတ်အားထုတ်နေခဲ့ခြင်းပင်။

အဝတ်လျှော်စက်ကူပွန်ကလည်း အထူးတလည် လိုအပ်နေမည်မဟုတ်ပေ။ အဝတ်လျှော်ခြင်းက သူ့အတွက် ရိုးရှင်းလွယ်ကူသော အလုပ်တစ်ခုမျှသာဖြစ်သည်။

ဤတီဗီလေးရှိလာပါက သခင်မလေး၏အိမ်တွင်းအောင်းဘဝလေးက အနည်းငယ် ပို၍ပျော်ရွှင်စရာကောင်းလာနိုင်ပေမည်။

“အဲဒီအဘိုးကြီးက အသိတရားလေး နည်းနည်းပါးပါး ရှိသေးတာပဲ”

သူမ၏သေနတ်ပစ်စွမ်းရည်ညံ့ဖျင်းသည်ဟု ပြောဆိုခဲ့ခြင်းအပေါ် ရန်ငြိုးဖွဲ့ထားဆဲဖြစ်သော လုရှီမန်သည် စစ်ဦးစီးချုပ်ယဲ့အပေါ်တွင် မကျေနပ်ချက်အချို့ကိန်းအောင်းနေဆဲပင်။ သို့သော်လည်း ဤရုပ်မြင်သံကြားကူပွန်လေးကတော့ တော်တော်လေး ကောင်းမွန်လှ၏။

အနည်းဆုံးတော့ ထိုအရာက အချိန်ဖြုန်းရန်အတွက် အသုံးဝင်ပေလိမ့်မည်။ သေချာစဉ်းစားကြည့်မည်ဆိုပါက ဤကဲ့သို့စဉ်းစားတွေးခေါ်ပေးမှုက စုန့်ကျီပိုင်ထံမှ မြစ်ဖျားခံလာခြင်းဖြစ်ကြောင်း သူမခန့်မှန်းမိသည်။

အကယ်၍ စုန့်ကျီပိုင်ကသာ ဤကိစ္စကို ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပါက သူမအတွက် ဤကူပွန်လက်မှတ်လေးရရှိလာမည်မဟုတ်ပေ။

စုန့်ကျီပိုင် ဆက်လက်ရှင်းပြလိုက်သည်။

“မင်းကိုယ်စား လူသိရှင်ကြားဂုဏ်ပြုချီးမြှင့်ပွဲလုပ်ပေးမယ့်ကိစ္စကို ကိုယ်ငြင်းပယ်လိုက်တယ်”

မူလအစီအစဉ်မှာ သူမအား လူသိရှင်ကြားဂုဏ်ပြုချီးမြှင့်ရန်ဖြစ်သော်လည်း ဤကိစ္စတွင်ပါဝင်နေသော အန္တရာယ်များကို သူက ပိုသိရှိနားလည်ထားသည်။

အကယ်၍ သခင်မလေးက သူလျှိုကို ဖမ်းဆီးခဲ့ကြောင်း လူအများသိသွားကြပါက နောက်ကွယ်ရှိလူယုတ်မာများက သူမအားပစ်မှတ်ထားလာနိုင်ခြေရှိလေ၏။

“ငြင်းလိုက်တာ ကောင်းတယ်၊ ပြပွဲတစ်ခုထဲက မျောက်တစ်ကောင်လိုတော့ အဖြစ်မခံနိုင်ဘူး”

လုရှီမန် သူ့ကို စူးစိုက်ကြည့်ကာမေးလိုက်သည်။

“ရှင် အလုပ်တွေများနေတာ ရက်တော်တော်ကြာနေပြီပဲ၊ မနက်ဖြန်ရော နားရက်ရလား”

ထိုသို့မေးမြန်းလိုက်ခြင်းမှာ စိုးရိမ်ပူပန်မှုကြောင့်မဟုတ်ပေ။ အကယ်၍ သူမ တီဗီသွားဝယ်မည်ဆိုပါက ထိုလေးလံသောစက်ကြီးကို သူမ၏သွယ်လျသော လက်မောင်းလေးများဖြင့် မည်သို့မျှ သယ်ဆောင်နိုင်စွမ်းမရှိရာ အလေးအပင်များကို သယ်ပေးမည့် အလုပ်သမားတစ်ယောက် လိုအပ်နေခြင်းကြောင့်ပင်။

ဤစကားကိုကြားလိုက်ရချိန်တွင် စုန့်ကျီပိုင်ရင်ထဲ၌ နွေးထွေးသောခံစားချက်တစ်ခုကူးစက်သွားခဲ့ပြီး ပြန်ဖြေလိုက်လေသည်။

“နားတယ်လေ၊ နှစ်ရက်နားရမယ်၊ မြို့ထဲသွားချင်လို့လား”

All Chapters