← Chapters

အခန်း ၇၃

Vol. 8 Ch. 73

အခန်း ၇၃

Vol. 8 Ch. 73

73

လုရှီမန် တက်ကြွရွှင်လန်းစွာဖြင့် ပြောလာ၏။

“ဒါပေါ့၊ မြို့ထဲသွားပြီး အဲဒီတီဗီသွားဝယ်ဖို့ အချိန်ကိုက်ပဲ၊ မြို့ငယ်လေးထဲက ဘဝက အေးချမ်းတယ်ဆိုပေမဲ့ နည်းနည်းတော့ ပျင်းစရာကောင်းနေတုန်းပဲ၊ ပြည်နယ်မြို့တော်က အများကြီး ပိုကောင်းတယ်လေ၊ အဲဒီမှာက အရာအားလုံးရှိနေတာကိုး”

လုရှီမန် ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်၏။ မြို့ထဲသို့ သွားရောက်ခြင်းက အလွန်ကောင်းမွန်လှသော အကြံဉာဏ်တစ်ခုဖြစ်ပြီး ထိုသို့သွားရောက်ခိုက် မှောင်ခိုဈေးသို့ပါ တစ်ခေါက်လောက် ဝင်ရောက်နိုင်ခဲ့လျှင် အကောင်းဆုံးပင်။

တီဗီဝယ်ယူမည့်အတူတူ အဝတ်လျှော်စက်ကိစ္စကိုပါ တစ်ပါတည်းဖြေရှင်းနိုင်ရန် သူမရည်ရွယ်ထား၏။ ခရီးတစ်ခေါက်တည်းဖြင့် အရာအားလုံးကို ပြီးပြတ်အောင် ဆောင်ရွက်နိုင်ပါက သူမ၏ဇိမ်ကျကျနေထိုင်လိုသော ရည်မှန်းချက်များအတွက် အလွန်ပင် အဆင်ပြေချောမွေ့သွားပေလိမ့်မည်။

ငွေကြေးဖြင့် ဖြေရှင်း၍ရနိုင်သော ပြဿနာတိုင်းသည် ပြဿနာမဟုတ်ဟု သူမ အခိုင်အမာယုံကြည်ထားလေသည်။

ဤစကားကိုကြားလိုက်ရချိန်တွင် စုန့်ကျီပိုင်ရင်ထဲ၌ အနည်းငယ်လေးလံသွားသလို ခံစားလိုက်ရပြီး ကတိပေးလိုက်၏။

“မြို့ထဲကို အမြန်ဆုံးပြောင်းရွှေ့နိုင်ဖို့ ကိုယ်ကြိုးစားပါ့မယ်”

သူ့စကားကြောင့် လုရှီမန်တစ်ယောက် အသံထွက်သည်အထိ ရယ်မောလိုက်မိသည်။

“ဒါဆိုရင်လည်း ရှင်တော်တော်လေး ကြိုးစားရလိမ့်မယ်၊ ဒီအစီအစဉ်ကို ဆယ်နှစ်အတွင်း ပြီးမြောက်အောင် ရည်မှန်းထားလိုက်ကြရအောင်”

ဆယ်နှစ်တာကာလအတွင်း ပေကျင်းမြို့တော်ဆီသို့ ပြောင်းရွှေ့နိုင်ရန် ကြိုးပမ်းအားထုတ်ချင်စိတ်များ သူမရင်ထဲ၌ ကိန်းအောင်းနေခဲ့၏။ မျိုးဆက်သစ်ပေကျင်းမြို့သူတစ်ဦးအဖြစ် ရပ်တည်ကာ ကြီးကျယ်ခမ်းနားသောဘဝကို ပိုင်ဆိုင်ရန်မှာ သူမ၏အကြီးမားဆုံးသော ရည်မှန်းချက်တစ်ခုပင်။

“တကယ်လို့ အဲဒါအဆင်မပြေခဲ့ဘူးဆိုရင်လည်း ကွမ်ကျိုးကိုသွားနိုင်ဖို့ ကြိုးစားကြတာက မဆိုးပါဘူး”

ကွမ်ကျိုးမြို့ကြီးက အလွန်လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေပြီဖြစ်ရာ ထိုနေရာ၌ စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ခြင်းကလည်း အလွန်ကောင်းမွန်သောရွေးချယ်မှုတစ်ခုဖြစ်သည်။ စုန့်ကျီပိုင် သေချာရှင်းပြလာ၏။

“စစ်ဦးစီးချုပ်ရဲ့အရိပ်အမြွက်ပြောပြချက်အရဆိုရင် ဒီတစ်ကြိမ်မှာ ကိုယ်ဒုတိယတပ်မှူးအဖြစ် ရာထူးတိုးခံရနိုင်တယ်”

သူသည် လုရှီမန်၏အကူအညီကြောင့် အကျိုးအမြတ်များ ရရှိခဲ့ခြင်းပင်။

ယခုဖမ်းဆီးရမိခဲ့သော သူလျှိုမှတစ်ဆင့် စစ်ဒေသအတွင်း၌သာမက အစိုးရအဖွဲ့အတွင်း၌ပါ ပြဿနာရှိနိုင်သည့်ပုဂ္ဂိုလ်များစွာကို ဖော်ထုတ်နိုင်ခဲ့လေသည်။

“စစ်ဦးစီးချုပ်က မင်းအတွက်လည်း အလုပ်အကိုင်တစ်နေရာရဖို့ စီစဉ်နေတယ်၊ ကိုယ်ကတော့…”

မည်သို့ပင်ဆိုစေကာမူ သူလျှိုကို တရားဝင်ဖမ်းဆီးခဲ့သူမှာ သူမပင်ဖြစ်ရာ တီဗီကူပွန်လက်မှတ်လေးတစ်ခုတည်း ဆုချီးမြှင့်ခြင်းက အနည်းငယ် နည်းပါးလွန်းနေခဲ့သည်။ သူမအတွက် အလုပ်တစ်ခုရှာဖွေပေးခြင်းက ဤဆုကြေးကို ပိုမိုခိုင်မာစေပြီး သင့်လျော်လှပေ၏။

လုရှီမန် အံကြိတ်ကာ ဒေါသတကြီးဖြင့် ‌ပြောလိုက်သည်။

“စုန့်ကျီပိုင် ရှင်က ကျွန်မအလုပ်သွားလုပ်ရမှာကို အဲဒီလောက်တောင်မြင်ချင်နေတာလား”

သူမအသွင်အပြင်က အလုပ်လုပ်နိုင်မည့် သူတစ်ယောက်နှင့် တူနေသည်လား။

“ကျွန်မ အလုပ်မလုပ်ချင်ဘူးလို့ အဲဒီအဘိုးကြီးကို အခုချက်ချင်းသွားပြောလိုက်၊ လိုချင်တဲ့လူကိုသာ ပေးလိုက်ပါ၊ ကျွန်မကတော့ လုံးဝမလိုချင်ဘူး”

သူမ၌ ငွေကြေးလိုအပ်ချက်လုံးဝမရှိသကဲ့သို့ လူ့အဖွဲ့အစည်းအတွက် အကျိုးပြုလိုသည့်စိတ်ဆန္ဒမျိုးလည်း မရှိချေ။ သူမ၏တစ်ခုတည်းသော ရည်ရွယ်ချက်မှာ အသုံးမကျသောအပျင်းအထူမလေးတစ်ယောက်အဖြစ် ဇိမ်ကျကျနေထိုင်သွားရန်သာပင်။

စစ်ဦးစီးချုပ်အား အဲဒီအဘိုးကြီးဟု သူမခေါ်ဝေါ်သုံးနှုန်းလိုက်သည်ကို ကြားလိုက်ရချိန်တွင် စုန့်ကျီပိုင်တစ်ယောက် နဖူးမှချွေးစေးများကိုပင် သုတ်ပစ်လိုက်ရ၏။

လုရှီမန် ထပ်မံတိုက်တွန်းလိုက်ပြန်သည်။

“မြန်မြန် သွားပြောလိုက်စမ်းပါ”

ရေရှည်အတွက် မဆိုထားဘိ အနည်းဆုံး နောက်လာမည့်သုံးနှစ်အတွင်း သူမ မည်သည့်အလုပ်ကိုမျှမလုပ်ချင်သေးပေ။

ထို့အပြင် သေချာပေါက်ရရှိမည့် အလုပ်ဆိုသည်က မည်မျှကောင်းမွန်သည့်ရာထူးမျိုး ဖြစ်နေနိုင်မည်နည်း။ သူမ အေးအေးဆေးဆေးအချိန်ဖြုန်းနိုင်မည့် ရုံးအလုပ်မျိုးတော့ သေချာပေါက် ဖြစ်လာမည်မဟုတ်ချေ။

လက်ရှိခေတ်ကာလအနေအထားက အလုပ်ခွင်တွင် ပျင်းရိလေးတွဲနေခြင်းကို လက်ခံခွင့်ပြုထားမည်မဟုတ်ရာ အကယ်၍ သူမသာပျင်းရိနေပါက လူသိရှင်ကြား ဝေဖန်ရှုတ်ချခံရနိုင်ခြေ ရှိလေသည်။ လူသိရှင်ကြားဝေဖန်ခံရမည့် အရှက်ရဖွယ်ကိစ္စကြီးကို စဉ်းစားမိရုံဖြင့် သေလိုက်ချင်စိတ်ပင် ပေါက်သွားရ၏။

စုန့်ကျီပိုင် တိုးညှင်းသောလေသံဖြင့် ပြောလာ၏။

“မင်းကိုယ်စား ကိုယ်ငြင်းလိုက်ပြီးပါပြီ”

သခင်မလေးကို အလုပ်သွားလုပ်ခိုင်းရန်အထိ သူမရဲတင်းပေ။ မိသားစုကို ထောက်ပံ့ရန် ငွေရှာရမည့်ကိစ္စက သူ ကြိုးကြိုးစားစား ထမ်းဆောင်ရမည့် တာဝန်တစ်ရပ်သာ ဖြစ်လေသည်။

လုရှီမန် နှာခေါင်းရှုံ့ကာ ကျေနပ်သွားဟန်ဖြင့် ပြောလာသည်။

“အဲဒီလိုမျိုးပဲ ဖြစ်ရမှာပေါ့”

သူမ မေးစေ့ကိုလက်ဖြင့်ထောက်လျက် စုန့်ကျီပိုင်အားကြည့်ကာ စိတ်ထဲမှ တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။

ဤလူက အကျိုးအကြောင်းကို ကောင်းကောင်း နားလည်သဘောပေါက်သည်မို့လို့ မဆိုးလှပေ။ သူမအတွက် ထိုအလုပ်ကို သူကိုယ်တိုင် ဆုံးဖြတ်၍ လက်မခံခဲ့ခြင်းကတော်သေးသည်။

သို့မဟုတ်ပါက သူမ မည်မျှ အစွမ်းထက်ကြောင်းသိစေရန် စုန်းကျီပိုင်အား အကြိမ်သုံးရာခန့် သေချာပေါက် တိုက်ခိုက်နှိပ်စက်ပစ်မည်မှာ အသေအချာပင်။

စုန့်ကျီပိုင်သည် သူ့နှာခေါင်းသူခပ်ဖွဖွ ပွတ်သပ်လိုက်ရင်း ငြင်းပယ်ခဲ့မိသည်ကိုပင် ကံကောင်းသည်ဟုမှတ်ယူနေမိ၏။ သို့မဟုတ်ပါက ယနေ့တွင် သူ အိမ်ထဲသို့ ခြေချနိုင်ခွင့်ရလိမ့်မည်မဟုတ်ဟု ခံစားနေရသည်။

ညစာစားပြီး ရေမိုးချိုးသန့်စင်ပြီးနောက်တွင် စုန့်ကျီပိုင်၏အကြည့်များက ပို၍ပူပြင်းလာခဲ့၏။ သခင်မလေးနှင့် ရင်းနှီးကျွမ်းဝင်စွာမနေခဲ့ရသည်မှာ ရက်အတန်ကြာမြင့်နေပြီဖြစ်ရာ သူမက သူ့ကိုသဘောကျနေဆဲ ဟုတ်မဟုတ် သူ မသိတော့ချေ။

စုန့်ကျီပိုင်၏လောင်ကျွမ်းလုမတတ် ပူပြင်းလှသောအကြည့်များကို သတိထားမိချိန်တွင် လုရှီမန်တစ်ယောက် စတင်၍မျက်နှာလွှဲ ဖယ်ရှားပစ်ရန် ကြိုးစားတော့၏။

သူ အလုပ်များနေခဲ့သည့် ရက်အနည်းငယ်အတွင်း ထိုနေ့က ရင်ခုန်စရာကောင်းပြီး ပါးပြင်များနီမြန်းသွားစေခဲ့သည့်ဖြစ်ရပ်များကို သူမမေ့လုနီးပါးဖြစ်နေခဲ့ပြီပင်။

သူက ထိုအရာကိုမမြည်းစမ်းဖူးသေးသည့် အမျိုးသားတစ်ယောက် ဖြစ်သည်။ အကယ်၍ သူသာမြည်းစမ်းခွင့်ရသွားခဲ့မည်ဆိုလျှင် သူမအတွက် နိဂုံးချုပ်သွားနိုင်၏။ ထိုသို့တွေးမိချိန်တွင် လုရှီမန်သည် မသိစိတ်အလျောက် စုန့်ကျီပိုင်ခန္ဓာကိုယ်အောက်ပိုင်းကို လှမ်းကြည့်မိသွား၏။

အနည်းငယ် ကြီးမားနေသယောင်တော့ ရှိသည်။ သူမသည် တံထွေးကို ခက်ခက်ခဲခဲမျိုချလိုက်ပြီး မျက်လုံးများက ပို၍ပင် ဂနာမငြိမ်ဖြစ်သွားခဲ့ရသည်။

လုရှီမန် လည်ချောင်းရှင်းရင်း ပြောလိုက်၏။

“အဟမ်း ဒီနေ့တော့ လူကောင်းလေးလို နေစမ်းပါ၊ မနက်ဖြန် ကျွန်မကိုမြို့ထဲခေါ်သွားပြီး သယ်ယူပို့ဆောင်ရေးအဖွဲ့နဲ့ ဆက်သွယ်ပေးရဦးမယ် မဟုတ်လား၊ ရှင် လုပ်စရာ ဘာမှမရှိတော့ဘူးဆိုရင် မြန်မြန်နားသင့်ပြီလေ”

ထိုသို့ပြောပြောဆိုဆိုဖြင့် သူမသည် အခန်းထဲသို့ လေပြင်းပမာပြေးဝင်သွားပြီးနောက် အသက်ပြင်းပြင်းရှူသွင်းလိုက်၏။ သူမအနေဖြင့် စုန့်ကျီပိုင်ကို ကိုင်တွယ်ဖြေရှင်းရန် အနည်းငယ်မစွမ်းဆောင်နိုင်သလို ဖြစ်နေခဲ့သည်။

သူက မည်သည့်အရာကိုမျှမလုပ်ခဲ့သော်ငြား ရှင်းပြ၍မရနိုင်လောက်အောင် ဆွဲဆောင်မှုရှိနေခဲ့၏။

မေးစေ့ကို လက်နှစ်ဖက်ဖြင့်ထောက်ကာ မျက်နှာကြက်ကိုငေးကြည့်ရင်း သက်ပြင်းချလျက် ရေရွတ်ခဲ့သည်။

“ငါက ခေတ်မီတဲ့လူတစ်ယောက်ဖြစ်ပါရက်နဲ့ ဘာလို့ ဒီကိစ္စမှာ သူ့ထက်ညံ့နေရတာလဲ”

သူမ အနည်းငယ် အပြစ်ကင်းစင်လွန်းနေသေးပုံရသည်။

စုန့်ကျီပိုင်ကမူ ဘာတတ်နိုင်မည်နည်းဟူသော အပြုံးတစ်ခုကိုသာပြုံးလိုက်မိ၏။ သူ အနည်းငယ်အတင်းအကျပ် ဆန်သွားခဲ့သဖြင့် သခင်မလေးကိုရှက်ရွံ့သွားစေခဲ့သည်။ သူ့ဇနီးလေးအား မည်သို့ချော့မြူရမည်ကို အကြံဉာဏ်အချို့တောင်းခံပြီး သင်ယူရန်လိုအပ်နေပုံပေါ်လေ၏။

မြို့ထဲသို့ ဦးတည်သွားမည့်ကားပေါ်သို့ တက်လိုက်ချိန်တွင် လုရှီမန်မှာ အကြောင်းပြချက်မရှိဘဲ စိတ်လှုပ်ရှားနေခဲ့၏။ ကျေးလက်လမ်းမများပင်လျှင် ထူးထူးခြားခြားစိတ်ဝင်စားဖွယ်ဖြစ်လာခဲ့ပြီး လမ်းဘေးရှိပန်းများနှင့် မြက်ခင်းများကပင် အသက်ဝင်နေသယောင် ထင်မှတ်ရသည်။

ပြင်ပလောကကို စူးစမ်းလိုစိတ်အပြည့်ဖြင့် ငေးကြည့်နေသော လုရှီမန်သည် စုန့်ကျီပိုင်မျက်လုံးထဲတွင် အလှပဆုံးသောမြင်ကွင်းတစ်ခု ဖြစ်နေခဲ့လေသည်။

ကြာမြင့်လှပြီး ကားတဒုန်းဒုန်းခုန်လျက် လိုက်ပါလာရသော ခရီးစဉ်မှာ မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့၏။

ဘတ်စ်ကားပေါ်မှ ဆင်းပြီးနောက် လုရှီမန်သည် မှောင်ခိုဈေးတည်နေရာကို မေးမြန်းရန် စုန့်ကျီပိုင်အားခေါ်ဆောင်သွားခဲ့သည်။

စုန့်ကျီပိုင်သည် မည်သည့်စကားမျှမဟဘဲ သစ္စာရှိသောကိုယ်ရံတော်တစ်ဦးပမာ လုရှီမန်အနောက်မှ တိတ်တဆိတ် လိုက်ပါသွားခဲ့၏။ မြေအောက်ဈေးကွက်နှင့်ပတ်သက်၍ မှားယွင်းမှုမရှိချေ။

ယခုခေတ်ကာလတွင် မည်သည့်အရာကိုမဆိုရရှိရန် မလွယ်ကူလှဘဲ ထိုဈေးကွက်သာမရှိပါက အရင်းအမြစ်များက ပို၍ပင်ရှားပါးလာပေလိမ့်မည်။

ထို့အပြင် ထိုအဝတ်လျှော်စက်ကူပွန်လက်မှတ်ရရှိရန်မှာ အမှန်တကယ်ပင် ခက်ခဲလှသည်။ ပုံမှန်အားဖြင့် ဆုကြေးများက အကြီးစား သုံးမျိုးအတွက်သာ ဖြစ်တတ်ပြီး စက်ဘီး၊ နာရီနှင့် အပ်ချုပ်စက်ကူပွန်များ ပေါများသော်လည်း ဤတီဗီကူပွန်လက်မှတ်မှာမူ ကံကောင်းမှသာရရှိနိုင်သောအရာ ဖြစ်၏။

လုရှီမန်၏ချိုသာပြေပြစ်သော စကားလုံးများဖြင့် စုံစမ်းမေးမြန်းမှုများအပြီးတွင် မှောင်ခိုဈေးတည်နေရာကို နောက်ဆုံး၌ ရှာဖွေတွေ့ရှိသွားခဲ့သည်။

တည်နေရာကို သိရှိသွားပြီးနောက် ကျန်ရှိသောအရာများက သူမရင်းနှီးကျွမ်းဝင်ပြီးသား ကိစ္စများဖြစ်သည်။ ကူပွန်များရောင်းချသည့်နေရာကို မေးမြန်းပြီးနောက် သူတို့နှစ်ဦးသည် သက်ဆိုင်ရာလူကို တွေ့ရှိသွားခဲ့၏။

လုရှီမန် တိုက်ရိုက်ပင်မေးမြန်းလိုက်သည်။

“ရှင့်ဆီမှာ အဝတ်လျှော်စက်ကူပွန်လက်မှတ်ရှိလား”

ကျုံးဟန်ရှန်း မော့ပင်မကြည့်ဘဲဖြေလိုက်သည်။

“တစ်ခုကို ယွမ်ခုနစ်ရာ”

ထိုကဲ့သို့သော ကူပွန်များအတွက် သူ့တွင် အဆက်အသွယ်များရှိသော်လည်း ဈေးနှုန်းကမူ သာမန်လူများ တတ်နိုင်စွမ်းမရှိသည့်ပမာဏပင်။ တစ်ခုလျှင် ယွမ်ခုနစ်ရာဆိုသော ဈေးနှုန်းကြောင့် သာမန်အလုပ်သမားတစ်ယောက် အနေဖြင့် ဝယ်ယူနိုင်ရန်အတွက် မစားမသောက်ဘဲ နှစ်နှစ်တိတိစုဆောင်းရမည့် ငွေကြေးဖြစ်လေသည်။

လုရှီမန် လုံးဝဂရုမစိုက်ဟန်ဖြင့်ပြောလိုက်၏။

“အဲဒီလောက်လည်း ဈေးမကြီးပါဘူး၊ ကျွန်မကို တစ်ခုပေးပါ”

ယွမ်ခုနစ်ရာဆိုသည်က သူမအတွက် အရေးမပါချေ။ အတိတ်က ဘဏ်မှငွေထုတ်ယူချိန်များတွင် သူမသည် သောင်းဂဏန်းအထိပင် ထုတ်ယူခဲ့ဖူးသည်ပင်။

ကျုံးဟန်ရှန်း ထပ်မံသတိပေးလာသည်။

“ယွမ်ခုနစ်ဆယ်မဟုတ်ဘူးနော်၊ ခုနစ်ရာ”

လုရှီမန် အလျင်အမြန်တိုက်တွန်းလိုက်လေ၏။

“သိပါတယ် မြန်မြန်လုပ်စမ်းပါ၊ ကျွန်မ အချိန်တွေကို မဖြုန်းစမ်းပါနဲ့”

ဖြစ်နိုင်လျှင် ယနေ့ပင်ဝယ်ယူပြီး အိမ်ပြန်သယ်သွားချင်နေခဲ့သည်။

မနက်ဖြန်တွင် တီဗီတပ်ဆင်မည်ဆိုပါက အင်တန်နာချိန်ညှိခြင်းနှင့် အခြားသောအလုပ်ရှုပ်စရာကိစ္စရပ်များစွာ ရှိနေသေးသည်။

အကယ်၍ အချိန်ဆွဲလွန်း၍ စုန့်ကျီပိုင် အလုပ်များသွားပါက ဤပစ္စည်းကြီးက အချည်းနှီးထိုင်စောင့်နေရဦးမည်ဖြစ်၏။

ကျုံးဟန်ရှန်းသည် တံထွေးမြိုချလိုက်ပြီး အသက်ပြင်းပြင်းရှူသွင်းလိုက်မိသည်။

“ပိုက်ဆံအရင်ပြပါဦး”

လုရှီမန် မျက်လုံးလှန်ကြည့်လိုက်၏။ သူမမေးနေပြီဖြစ်ရာ သေချာပေါက် တတ်နိုင်၍သာဖြစ်သည်။ သူမအိတ်ထဲတွင် မွှေနှောက်ရှာဖွေလိုက်ပြီး ငွေသားတစ်ထပ်ကို ဆွဲထုတ်ရင်းပြောလိုက်၏။

“အခုရော ရပြီလား”

ထိုငွေများကိုကြည့်ပြီးနောက် စုန့်ကျီပိုင်မျက်ခုံးများ အနည်းငယ်တွန့်ကွေးသွားခဲ့သည်။ သူတို့အိမ်တွင် ဤမျှများပြားသော ငွေသားများရှိနေခဲ့သည်လား။

သို့သော်လည်း သခင်မလေးက ဤမျှများပြားသောငွေများကို ထုတ်ပြနိုင်ခြင်းက အံ့ဩစရာတော့မဟုတ်ပေ။

မည်သို့ပင်ဆိုစေ သူမကတစ်ကြိမ်လျှင် ယွမ်ရာဂဏန်းမျှလောက်ကို ပေါ့ပေါ့ပါးပါးပင် ပေးကမ်းတတ်သူဖြစ်သည်။

ကျုံးဟန်ရှန်း အလောတကြီး ပြန်ဖြေလာ၏။

“ရှိတယ် ရှိတယ်၊ ခဏလေးစောင့်ပါဦး”

သူ့ထံတွင် ထိုကူပွန်လက်မှတ်အမှန်တကယ်ရှိနေခဲ့ပြီး ယွမ်ခုနစ်ရာဆိုသည်မှာ သူပါးစပ်ထဲရှိရာ ရမ်းသန်း၍ပြောလိုက်သော ဈေးနှုန်းတစ်ခုဖြစ်သည်။ ဤကဲ့သို့ဝယ်ယူမည့် အရူးတစ်ယောက်ကို အမှန်တကယ်တွေ့လိမ့်မည်ဟု သူ လုံးဝမမျှော်လင့်ထားခဲ့ချေ။ ပေကျင်းတံဆိပ်အဝတ်လျှော်စက်တစ်လုံးပင်လျှင် ယွမ်တစ်ထောင့်နှစ်ရာသာကျသင့်သည်။

အဝတ်အစားအနည်းငယ်ကို လက်ဖြင့် ပွတ်လျှော်လိုက်လျှင်ရနိုင်ပါလျက်နှင့် ဤကဲ့သို့သော လူမိုက်လေးများသာ ၎င်းကိုလိုအပ်ပေလိမ့်မည်။ လုရှီမန် စိတ်ပြောင်းသွားမည်ကို စိုးရိမ်သဖြင့် ကူပွန်လက်မှတ်သွားယူရန် သူအမြန်ပြေးသွားတော့၏။

ငွေချေပြီးနောက် အဝတ်လျှော်စက် ကူပွန်လက်မှတ်ကိုယူကာ သူတို့နှစ်ဦး မှောင်ခိုဈေးထဲမှထွက်လာချိန်တွင် သူတို့အနောက်မှ ဆူညံပွက်လောရိုက်နေသောအသံများ ထွက်ပေါ်လာခဲ့သည်။

လုရှီမန်ရင်ထဲတွင် ထိတ်လန့်သွားခဲ့သော်လည်း စုန့်ကျီပိုင်က သူမလက်ကို ခပ်ဖွဖွပုတ်ပေးလိုက်ပြီး စိတ်အေးအေးထားရန် အချက်ပြလိုက်၏။

“မင်းတို့နှစ်ယောက်၊ အဲဒီမှာရပ်လိုက်စမ်း”

All Chapters