← Chapters

အခန်း ၇၄

Vol. 8 Ch. 74

အခန်း ၇၄

Vol. 8 Ch. 74

74

စုန့်ကျီပိုင်သည် သူတို့အားကြမ်းတမ်းစွာ အော်ဟစ်ငေါက်ငန်းနေသော အမျိုးသားကို လှည့်ကြည့်လိုက်သည်။ သူ့မျက်နှာအမူအရာက ခံစားချက်ကင်းမဲ့နေ၏။

“ရဲဘော် ဘာကိစ္စများရှိလို့လဲ”

တည်ငြိမ်နေသော သူ့အနေအထားကို မြင်လိုက်ရချိန်တွင် လုရှီမန်ရင်ထဲမှ တင်းမာနေသော စိုးရိမ်စိတ်များ အနည်းငယ် လျော့ကျသွားခဲ့သည်။ သူမ လုံးဝမကြောက်ရွံ့ခဲ့ချေ။

သူမ၌လျှို့ဝှက်သိုလှောင်ရုံရှိ၏။ သူတို့က သူမကိုရှာဖွေချင်လျှင်တောင်မှ သူမ အနည်းငယ်မျှ ထိတ်လန့်မည်မဟုတ်ပေ။ သို့သော်လည်း အကယ်၍ ခန္ဓာကိုယ်ကို အမှန်တကယ်ရှာဖွေစစ်ဆေးမှုများပြုလုပ်လာခဲ့ပါက စုန့်ကျီပိုင်တစ်ယောက် သံသယဝင်သွားမည်ကိုသာ သူမစိုးရိမ်နေမိ၏။

လက်ပတ်နီအစောင့်တပ်ဖွဲ့ဝင်က ဒေါသတကြီးဖြင့် မေးလာ၏။

“ခင်ဗျားတို့ ဒီမှာဘာလုပ်နေကြတာလဲ၊ မှောင်ခိုဈေးကို သွားခဲ့တာလား”

သူ့စကားသံများက သံသယဝင်နေခြင်းထက် သေချာပေါက်အတည်ပြုနေသည့်ဟန်ပေါက်နေပြီး အကယ်၍သာ သူ တတ်နိုင်ခဲ့မည်ဆိုလျှင် သူတို့နှစ်ဦးကို ဖမ်းဆီးချုပ်နှောင်လိုက်မည်မှာ အသေအချာပင်။

“မှောင်ခိုဈေး ဟုတ်လား၊ ဒီနားမှာ မှောင်ခိုဈေး ရှိလို့လား”

စုန့်ကျီပိုင်၏အမူအရာက ထိုကိစ္စနှင့် ပတ်သက်၍ ဘာတစ်ခုမျှမသိနားမလည်သည့်အလားပင်။

လက်ပတ်နီအစောင့်တပ်ဖွဲ့ဝင် အမျိုးသားသည် မျက်မှောင်ကြုတ်သွားပြီး သူတို့ကိုစူးစူးရဲရဲစစ်ဆေးကြည့်ရှုလာခဲ့သည်။

သူတို့နှစ်ဦးက အလွန်တရာတည်ငြိမ်လွန်းနေသည့်အတွက် အမှန်တကယ်ပင် ဘာမျှမသိသည့်ပုံပေါက်နေလေသည်။ ပုံမှန်အားဖြင့် မှောင်ခိုဈေးကွက်အတွင်း ဈေးကစားခြင်းနှင့် အမြတ်ထုတ်ခြင်းများပြုလုပ်နေသူတို့သည် သူတို့ကို မြင်သည်နှင့်တပြိုင်နက် ထိတ်လန့်တကြား ထွက်ပြေးလေ့ရှိကြသော်လည်း ဤလူနှစ်ဦးကမူ ပြုံးရွှင်စွာ စကားစမြည်ပြောဆိုနေကြဆဲပင်။

“ရဲဘော် ကျွန်တော်တို့က ဒီမြို့ကိုပထမဆုံးအကြိမ်ရောက်ဖူးတာပါ၊ ဒီက အခြေအနေတွေကို သိပ်ပြီးမရင်းနှီးလို့လေ”

စုန့်ကျီပိုင်၏တည်ငြိမ်အေးဆေးလှသောအပြုအမူကို မြင်လိုက်ရချိန်တွင် လုရှီမန်နှုတ်ခမ်းထောင့်စွန်းများက အနည်းငယ်ကွေးတက်သွားခဲ့သည်။ ဤအမျိုးသားက အမှန်တကယ်ပင် အားကိုးအားထားပြုထိုက်ပေ၏။

ထိုစဉ် မလှမ်းမကမ်းမှ အမျိုးသားတစ်ဦးကလှမ်းအော်လိုက်သည်။

“ဝေကြီး မြန်မြန်လာခဲ့၊ ငါတို့ ငါးကြီးတစ်ကောင် ဖမ်းမိထားတယ်”

ထိုအသံကြောင့် အသက်ကြီးကြီး အစောင့်ဖြစ်သူသည် သူတို့ကို အနှောင့်အယှက်ဆက်မပေးတော့ဘဲ အသံလာရာဆီသို့ လျင်မြန်စွာထွက်ခွာသွားတော့၏။ ထိုလူအဝေးသို့ ရောက်သွားချိန်မှသာ လုရှီမန်နှင့် စုန့်ကျီပိုင်တို့ နှစ်ဦးလုံးသက်ပြင်းရှည်ကြီးတစ်ခုကို ချနိုင်ခဲ့ကြသည်။ လုရှီမန် ခပ်ဖွဖွတီးတိုးဆိုလိုက်သည်။

“သွားရအောင်၊ ကုန်ထောက်ပံ့ရေးနဲ့ ဈေးကွက်သမဝါယမဆိုင်ဘက်ကို သွားကြမယ်”

ဤမျှကြီးမားသော ပစ္စည်းကြီးများအတွက် အခြားသူများ၏သံသယဝင်ခြင်းမှ ကင်းဝေးစေရန် သမဝါယမဆိုင်သို့တရားဝင်သွားရောက်ဝယ်ယူခြင်းကသာ အကောင်းဆုံးဖြစ်လေ၏။

ကုန်ထောက်ပံ့ရေးနှင့် ဈေးကွက်သမဝါယမဆိုင်သို့ ရောက်ရှိချိန်တွင် လုရှီမန်သည် တီဗီကူပွန်နှင့် အဝတ်လျှော်စက်ကူပွန်လက်မှတ်တို့ကို တိုက်ရိုက်ပင် ထုတ်ယူလိုက်၏။

“ကျွန်မ တီဗီတစ်လုံးနဲ့ အဝတ်လျှော်စက်တစ်လုံးလိုချင်တယ်၊ အကောင်းဆုံး အမျိုးအစားတွေကိုပဲပေးပါ”

သူမတွင် ငွေကြေးလိုအပ်ချက်လုံးဝမရှိသကဲ့သို့ သူမကိုယ်သူမလည်း အောက်ကျခံကာ ချို့ချို့တဲ့တဲ့နေထိုင်မည်မဟုတ်ပေ။ သူမ၏ဇိမ်ကျကျနေထိုင်လိုသော ရည်မှန်းချက်များအတိုင်း ငွေကြေးကို ရေလိုသုံးဖြုန်းတတ်သည့် ဟန်ပန်က လူအများအပြား၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားခဲ့သည်။

ဤပစ္စည်းများအတွက် ကူပွန်လက်မှတ်များရရှိရန် ခက်ခဲလှသည်ကို အသာထားဦး ၎င်းတို့ကိုဝယ်ယူရန်အတွက်လည်း ငွေကြေးမြောက်မြားစွာ ကုန်ကျနိုင်လေသည်။

တီဗီတစ်လုံးလျှင် ယွမ်လေးရာမှ ငါးရာအထိရှိပြီး အပေါဆုံးအဝတ်လျှော်စက် တစ်လုံးပင်လျှင် ယွမ်ရှစ်ရာမှ ကိုးရာအထိ ကျသင့်သည်။

နှစ်ခုပေါင်းလိုက်ပါက ယွမ်တစ်ထောင်ကျော်ပင်ဖြစ်ရာ ထိုပမာဏသည် သာမန်အလုပ်သမားတစ်ယောက်၏ နှစ်ပေါင်းများစွာ လုပ်အားခပင်ဖြစ်လေသည်။ ယွမ်တစ်ထောင်ကျော် စုဆောင်းနိုင်ရန်အတွက် လူတစ်ယောက်အနေဖြင့် အစာမစား ရေမသောက်ဘဲ မည်မျှကြာအောင် အသက်ရှင်နေထိုင်ရမည်နည်း။

အရောင်းစာရေးမက ကူပွန်လက်မှတ်များကိုငေးကြည့်ပြီးနောက် ခံစားချက်ကင်းမဲ့စွာဖြင့် ပြန်ဖြေလာသည်။

“နှစ်ခုလုံး မရှိသေးပါဘူး၊ ပစ္စည်းအသစ်ရောက်တဲ့အထိ စောင့်ပါဦး၊ နောက်တစ်လလောက်နေမှ ပြန်လာခဲ့ပါ”

ကြည်လင်နေသော ကောင်းကင်ယံမှ မိုးကြိုးပစ်ချလိုက်သကဲ့သို့ လုရှီမန်မျက်လုံးများ ပြူးကျယ်သွားခဲ့ရ၏။ ဤခေတ်ကာလတွင် အရင်းအမြစ်များ ရှားပါးလှသည်ကို သူမသိထားသော်လည်း ဤသည်ကတော့ အဓိပ္ပာယ်မဲ့လွန်းလှသည်။

သူမက တီဗီလေးတစ်လုံးနှင့် အဝတ်လျှော်စက်လေးတစ်လုံးမျှသာ လိုချင်ခဲ့ခြင်းဖြစ်သည်။ ၎င်းက အဘယ်ကြောင့် ဤမျှအထိခက်ခဲနေရပါသနည်း။

သူမ လက်မလျှော့ချင်သေးသဖြင့် ထက်မံမေးမြန်းလိုက်၏။

“ဒီထက် ပိုမြန်မြန်ရဖို့မဖြစ်နိုင်ဘူးလား”

အရောင်းစာရေးမက စိတ်မရှည်စွာဖြင့် ဆူပူငေါက်ငန်းလာခဲ့သည်။

“ဘာတွေလောနေတာလဲ၊ နောက်ဘဝကို ဝင်စားဖို့ အလျင်လိုနေလို့လား၊ ရှားပါးတဲ့ပစ္စည်းတွေဆိုတာ အချိန်ယူပြီး စောင့်ရတယ်”

ဟိုင်နန်ကျွန်းပေါ်သို့ ကုန်ပစ္စည်းများ ရောက်ရှိလာရန်မှာ တော်တော်လေး အလုပ်ရှုပ်လှပြီး အလွယ်တကူရရှိနိုင်သည့် အရာများမဟုတ်ပေ။ နာရီများ သို့မဟုတ် စက်ဘီးများကဲ့သို့မဟုတ်ဘဲ စက်ဘီးပင်လျှင် ကံမကောင်းပါက အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရနိုင်လေသည်။

ပြဿနာတစ်ခုပေါ်လာတော့မည်ကို ရိပ်မိလိုက်သော စုန့်ကျီပိုင်က အလျင်အမြန် ဝင်ရောက်ဖြေရှင်းလိုက်၏။

“ကောင်းပါပြီ၊ ပစ္စည်းအသစ်ရောက်တဲ့အထိ ကျွန်တော်တို့စောင့်ပါ့မယ်၊ ကျွန်တော်တို့ဘက်က လုပ်ဆောင်ရမယ့် လုပ်ထုံးလုပ်နည်းများရှိသေးလား”

ဤခေတ်ကာလရှိ အလုပ်သမားများက စိတ်ရှည်လှသည်မဟုတ်ဘဲ အထူးသဖြင့် နေ့စဉ်နှင့်အမျှ လူပေါင်းများစွာနှင့် ဆက်ဆံနေရသော သမဝါယမဆိုင်မှဝန်ထမ်းများ၏ စိတ်ရှည်သည်းခံမှုက အလွန်နည်းပါးလှသည်။

အကယ်၍ သခင်မလေးသာ နောက်ထပ်စကားတစ်ခွန်းမျှထပ်ပြောလိုက်ပါက သူတို့အချင်းချင်း အမှန်တကယ် ရန်ပွဲဖြစ်သွားနိုင်ခြေရှိလေသည်။

လုရှီမန်တစ်ယောက် ဒေါသထွက်နေဆဲဖြစ်ပြီး ဆက်လက်ငြင်းခုံချင်နေသေးသော်လည်း စုန့်ကျီပိုင်၏သူမလက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသဖြင့် စိတ်ကို ထိန်းချုပ်လိုက်ရ၏။ စာရွက်စာတမ်းကိစ္စများအားလုံး ပြီးစီးသွား၍ သမဝါယမဆိုင်ထဲမှ သူတို့ ထွက်လာချိန်တွင် လုရှီမန်သည် စိတ်ပျက်ဒေါသထွက်စွာဖြင့် လမ်းဘေးရှိကျောက်ခဲတစ်လုံးကို ကန်ကျောက်လိုက်လေသည်။

စုန့်ကျီပိုင်က ချော့မော့သောလေသံဖြင့် ပြောလာ၏။

“ဟိုင်နန်ကျွန်းဆီကို ပစ္စည်းတွေ ရောက်လာဖို့က သိပ်မလွယ်ဘူးလေ၊ အချိန်နည်းနည်းတော့ ယူရမှာ အသေအချာပဲ၊ ကိုယ်တို့နည်းနည်းလောက် စောင့်လိုက်ကြရအောင်နော်၊ ရက်အနည်းငယ်ကြာလို့ ပစ္စည်းတွေ ရောက်လာတဲ့အခါ အိမ်ကိုအရောက်သယ်သွားကြတာပေါ့၊ ကိုယ့်ကို ခဏလောက်စောင့်နေဦးနော်”

All Chapters