အခန်း ၇၆
Vol. 8 Ch. 76
76
အမှန်တကယ် ပြောရမည်ဆိုလျှင် ဤအချိန်ကာလ၌ နိုင်ငံ၏နယ်ပယ်အသီးသီးရှိ နည်းပညာရပ်များမှာ အကန့်အသတ်များဖြင့် ပိတ်လှောင်ကြုံတွေ့နေရဆဲဖြစ်သည်။
ဂီယာအစိတ်အပိုင်းများ ပြုပြင်ထုတ်လုပ်ရာတွင် တိကျသေချာမှု အားနည်းခြင်းနှင့် တိကျသောစက်များအားလုံးကို ပြည်ပသွင်းကုန်များအပေါ် မှီခိုနေရခြင်းတို့ကြောင့် ဤအစိတ်အပိုင်းယန္တရား၏ ချို့ယွင်းမှုနှုန်းက အလွန်တရာမြင့်မားနေခဲ့သည်။
တိုးတက်ကောင်းမွန်အောင်ပြုပြင်မွမ်းမံရန်မှာ လက်တွေ့တွင် ထိုမျှလောက် မခက်ခဲလှပေ။ နည်းစနစ်အချို့ကို သေသပ်ကောင်းမွန်အောင် ပြုပြင်ပေးရန်သာ လိုအပ်သည်။
ဖြေရှင်းနိုင်မည့် နည်းလမ်းများစွာ ရှိလေသည်။ ဂီယာသိပ်သည်းဆ ညီညာမှုကို တိုးတက်စေရန် စင်ထရီဖူဂါသွန်းလောင်းခြင်းနည်းစနစ်ကို မိတ်ဆက်အသုံးပြုနိုင်သလို ဟောင်းနွမ်းနေသော ဂီယာများကို သန့်စင်၍ပြုပြင်မွမ်းမံခြင်း သို့မဟုတ် တိကျမှုကိုမြှင့်တင်ရန်အတွက် ဂီယာများစစ်ရာတွင် နေရာပြောင်းလဲခြင်း နည်းစနစ်ကို အသုံးပြုကာ ဂီယာဟော့ဘင်းရိုက်နည်းကိုပါ အဆင့်မြှင့်တင်နိုင်ပေသည်။
သူမက စာရွက်နှင့် ဘောပင်ကိုကြည့်လိုက်ပြီးနောက် စာရွက်အလွတ်တစ်ရွက်ကိုဆွဲယူကာ လျင်မြန်သွက်လက်စွာ စတင်ရေးသားလိုက်တော့၏။ ရေခဲချောင်းစားလို့ပြီးသွားချိန်တွင်တော့ သူမရေးသားလိုသည့်အရာအများစုမှာ ပြီးပြည့်စုံသွားခဲ့ပြီဖြစ်သည်။ သူမက အဓိကကျသော အချက်အလက်များကိုသာ ထောက်ပံ့ပေးခဲ့ခြင်းဖြစ်၏။
ဤအကြောင်းအရာကို သုတေသနပြုမည့်သူများမှာ အရူးများမဟုတ်ကြရာ တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် ကောင်းကောင်းနားလည်သဘောပေါက်သွားမည်မှာ အသေအချာပင်။
သူမ ရေခဲချောင်းတုတ်တံကို ဘေးသို့ လွှင့်ပစ်လိုက်ပြီး လက်ခုပ်တီးကာ ဖုန်ခါလိုက်၏။ ထို့နောက် စက်ဘီးကိုတွန်းလျက် ထိုနေရာတွင်အချိန်ဆက်မဖြုန်းတော့ဘဲ ထွက်ခွာရန်လှည့်ထွက်သွားခဲ့၏။
သူမ ထွက်ခွာသွားပြီး မကြာမီမှာပင် လင်ယိုချင့်သည် ဝမ်းဗိုက်ကိုဖိကိုင်ထားလျက် နဖူးမှချွေးစေးများကိုသုတ်ပစ်လိုက်သည်။
လင်ယိုချင့် နာကျင်စွာ ညည်းညူလိုက်လျက်လေ၏။
“အား ငါ့ဗိုက်က ဘာဖြစ်နေတာလဲ၊ ဒါမှမဟုတ်.....”
သူက အနီးအနားရှိ ရေခဲချောင်းရောင်းနေသောအမျိုးသားကို စူးစိုက်ကြည့်လိုက်၏။ လမ်းဘေးမှရေခဲချောင်းများ ဝယ်စားခြင်းက ဝမ်းပျက်ဝမ်းလျှောခြင်းကို ဖြစ်စေနိုင်သည်ဆိုသော်ငြား သူ ပြီးခဲ့သည့်ရက်များတစ်လျှောက်လုံး အဆင်ပြေနေခဲ့သည်ပင်။
တိုက်ဆိုင်မှုက ဤမျှလောက်အထိတော့မဖြစ်နိုင်ချေ။ ဤစကားကို ကြားလိုက်ရချိန်တွင် ရေခဲချောင်းသည်မှာ အကြောင်းပြချက်မရှိဘဲ မိမိကိုယ်မိမိ အပြစ်ရှိသလိုခံစားလိုက်ရသည်။
‘တိုက်ဆိုင်လွန်းတယ် မဟုတ်ဘူးလား'
သူ ရေခဲချောင်းများ ရောင်းချလာခဲ့သည်မှာ အတော်လေးကြာမြင့်နေပြီဖြစ်ပြီး ပြဿနာတစ်စုံတစ်ရာမျှမရှိခဲ့ပေ။ အဘယ်ကြောင့်များ ယနေ့မှပြဿနာတက်ရပါသနည်း။
သူက နှုတ်ခမ်းကိုတင်းတင်းစေ့လိုက်ပြီး ခေတ္တမျှတွေဝေသွားပြီးနောက် ပစ္စည်းများသိမ်းဆည်းကာ ထွက်ပြေးရန် ပြင်ဆင်လိုက်၏။
ဟိုဘက်တွင်တော့ လင်ယိုချင့်သည် ကျောက်တုံးခုံတန်းလေးပေါ်သို့ ပြန်လည်ထိုင်ချလိုက်သည်။ အနီးနားတွင် သူ့လက်ရေးမဟုတ်မှန်းသိသာထင်ရှားနေသည့် စာရွက်တစ်ရွက်ကို မြင်လိုက်ရချိန်တွင် တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့ရ၏။
သူ မျက်လုံးများကိုပွတ်သပ်လိုက်မိသည်။ ဝမ်းပျက်ခြင်းက သူ့ကိုအာရုံချောက်ချားစေခဲ့ခြင်းများပင်လား။
သူက စာရွက်ကိုကောက်ယူလိုက်ပြီး သေချာဖတ်ရှုလိုက်သည်။ မျက်စိတစ်ချက်ဝေ့ကြည့်လိုက်ရုံမျှဖြင့် သူသည် စိတ်လှုပ်ရှားလွန်းသဖြင့် စားပွဲကို ပြင်းထန်စွာ ထုချလိုက်လေ၏။
လင်ယိုချင့် အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။
“ပါရမီရှင်ပဲ၊ ဒါက တကယ့်ပါရမီရှင်တစ်ယောက်ရဲ့လက်ရာပဲ”
လပေါင်းများစွာ သူ့ကိုဒုက္ခပေးနေခဲ့သောပြဿနာကြီးက ဤမျှလွယ်လွယ်ကူကူဖြင့် ပြေလည်သွားခဲ့ပြီပင်။ အဘယ်ကြောင့် ဤမျှယုံကြည်နိုင်စရာမရှိအောင် ဖြစ်နေရပါသနည်း။
သူက လက်ဆန့်ထုတ်၍ သူ့ပေါင်ကို ဆွဲလိမ်လိုက်၏။ နာကျင်မှုကို ခံစားလိုက်ရချိန်မှသာ လက်တွေ့ကျကျ အမှန်တရားကို သူခံစားသိရှိသွားတော့သည်။
၎င်းက အတုအယောင်မဟုတ်သလို အာရုံချောက်ချားနေခြင်းလည်းမဟုတ်ကာ အိပ်မက်မက်နေခြင်းလည်း မဟုတ်ပေ။
ရေခဲချောင်းသည်မှာလည်း ထိတ်လန့်တုန်လှုပ်သွားခဲ့၏။ သူ့ရေခဲချောင်းက ထိုအဘိုးကြီး၏ဦးနှောက်ကိုများ ထိခိုက်သွားစေခဲ့သည်လား။ လျော်ကြေးပေးရန် တောင်းဆိုလာပါက သူ တတ်နိုင်မည်မဟုတ်သဖြင့် ပစ္စည်းများကို အမြန်ဆွဲယူကာ ထွက်ပြေးရန် ပြင်လိုက်တော့သည်။
သူ ပစ္စည်းများကို ကောက်ယူလိုက်ချိန်မှာပင် လင်ယိုချင့်က သူ့အား အလောတကြီး လှမ်းခေါ်လိုက်၏။
“မသွားနဲ့ဦး၊ ဒီစာကို ဘယ်သူရေးသွားတာလဲ မင်းသိလား”
အမျိုးသား၏စိတ်ထဲတွင် ထိတ်လန့်သွားခဲ့ပြီး ပြန်ဖြေလိုက်သည်။
“ကျွန်တော်မသိတဲ့ ကောင်မလေးတစ်ယောက်ပါ၊ သူမက စက်ရုံကလူဖြစ်ပုံမရဘူး၊ ကျွန်တော် သူ့ကို ဒီနေ့မှပထမဆုံးအကြိမ်မြင်ဖူးတာ”
သူ ခေါင်းယမ်းပြလိုက်၏။ ဖောက်သည်တိုင်းကို သူမည်သို့သိနိုင်မည်နည်း။ ယနေ့ သူ ရောင်းရသည်မှာ နှစ်ချောင်းသာရှိပြီး ဤအဘိုးကြီးအပြင် ခုနက ကောင်မလေးတစ်ယောက်သာ ရှိလေသည်။ လင်ယိုချင့်မှာ စိတ်ပျက်အားငယ်စွာဖြင့် ခြေဆောင့်လိုက်မိ၏။
‘ငါ ဘာဖြစ်လို့အများသုံးအိမ်သာထဲကနေ စောစောမထွက်လာခဲ့ရတာလဲ၊ အဲဒီအချိန်ကျမှ အိမ်သာကို တကယ်ကြီး သွားချင်နေရသလား'
လင်ယိုချင့် တိုက်တွန်းလိုက်သည်။
“နောက်တစ်ခါ သူ့ကိုတွေ့ရင် ငါ့ကိုမြန်မြန်လာခေါ်ပါ၊ မင်းကိုတစ်ယွမ်ပေးမယ်၊ တကယ်လို့ မင်း အခုချက်ချင်း သူ့ကိုရှာပေးနိုင်မယ်ဆိုရင် မင်းကို အဲဒီပိုက်ဆံ အခုချက်ချင်းပေးမယ်”
ထိုအမျိုးသားက သူမကို ယခင်ကမမြင်ဖူးခဲ့သလို သူမက မိန်းမငယ်လေးတစ်ယောက်ဖြစ်ကြောင်းသာ သိထားရာ သူမအားရှာဖွေရခြင်းက သမုဒ္ဒရာထဲ အပ်ကျသလို ခက်ခဲလှပေမည်။
သူသည် ဤရေခဲချောင်းသည်အပေါ်၌သာ အားထားနိုင်တော့သည်။ ဤကဲ့သို့သော ပါရမီရှင်တစ်ယောက်ကို ငွေတစ်ယွမ်တည်းဖြင့် ရှာတွေ့နိုင်မည်ဆိုပါ ကံကောင်းမှုကြီးပင်ဖြစ်ပေလိမ့်မည်။
ဤရိုးရှင်းသော စာရွက်တစ်ရွက်လေးက သူတို့နည်းပညာကို အနည်းဆုံးနှစ်နှစ်ခန့်ရှေ့သို့ ရောက်ရှိသွားစေနိုင်သည်။
အကယ်၍ သူမကိုရှာတွေ့နိုင်ပြီး ပိတ်ဆို့နေသော နည်းပညာများကို သုတေသနပြုရန် အတူတကွပူးပေါင်းလုပ်ဆောင်နိုင်ပါက ဗြိတိန်နှင့် အမေရိကတို့ကို ကျော်တက်နိုင်ရန်မှာ လက်တစ်ကမ်းတွင်သာ ရှိတော့မည်ဖြစ်သည်။
ထိုအချိန်ရောက်လျှင် စက်ပစ္စည်း အနည်းငယ်အတွက် သူများဆီတွင် ခေါင်းငုံ့နေစရာလိုတော့မည်မဟုတ်ပေ။ အကယ်၍ သူတို့သာ ပိုကြိုးစားလိုက်ပါက သူတို့ခေါင်းမော့ထားနိုင်ပြီး ထိုလူများကပင် သူတို့နည်းပညာကို ရောင်းချပေးရန် တောင်းပန်လာစေနိုင်မည်ဖြစ်သည်။
လှပသောအနာဂတ်ကို စိတ်ကူးပုံဖော်ရင်း လင်ယိုချင့်သည် အရူးတစ်ယောက်ပမာ ရယ်မောနေမိ၏။
ရေခဲချောင်းသည်က အလောတကြီး ပြန်ဖြေလာသည်။
“ခင်ဗျားပေးမယ့် အဲဒီတစ်ယွမ်အတွက် ကျွန်တော် သူ့ကိုသေချာပေါက်ရှာပေးပါ့မယ်”
ရှီမန်သည် သူမ၏ပေါ့ပေါ့ပါးပါး ရေးခြစ်ခဲ့မှုက အလိုရှိသည် ကြော်ငြာစာတစ်ခုအဖြစ် ပေါ်ထွက်လာစေခဲ့သည်ကို လုံးဝသိမထားခဲ့ပေ။
ဤအရာများကို စက်ရုံတွင်စမ်းသပ်စစ်ဆေးပြီးသည်နှင့်တပြိုင်နက် ဤအမည်မသိပါရမီရှင်အပေါ် သူတို့လိုအပ်ချက်က ပို၍ပင်အရေးတကြီး ဖြစ်လာပေလိမ့်မည်။
သို့သော်လည်း ဤအချိန်တွင်မူ လုရှီမန်သည် ယနေ့အတွက် ကံထူးရှင်များကို ရွေးချယ်ရန်သာ အာရုံစိုက်နေခဲ့၏။ သူမ၏ပထမဆုံးအကြိမ် စမ်းသပ်ချက်အတွက် ရှုပ်ထွေးသောဟင်းလျာများကို ချက်ပြုတ်ရန် သူမ မရည်ရွယ်ထားပေ။
သူမ၏အခြေခံဟင်းလျာမှာ ပုစွန်ပြုတ်ဖြစ်ပြီး ခရမ်းချဉ်သီးနှင့် ကြက်ဥကြော်လည်းပါဝင်သည်။ ထိုအရာများအပြင် သူမသည် ပဲငံပြာရည်ဝက်သားနှပ်ကိုလည်း စမ်းသပ်ချက်ပြုတ်ရန် ရည်ရွယ်ထား၏။
ပုစွန်ပြုတ်က ကျက်ရုံနှင့်စား၍ရနိုင်ပြီး ခရမ်းချဉ်သီးနှင့် ကြက်ဥကြော်ကလည်း မခက်ခဲလှပေ။ ပဲငံပြာရည်ဝက်သားနှပ်တစ်ခုတည်းကသာ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေလေသည်။
ဈေးဝယ်ပြီးနောက်တွင် သူမသည် ပစ္စည်းများကို သယ်ဆောင်ကာ အိမ်သို့ တက်ကြွစွာ ပြန်လာခဲ့သည်။ ယခင်က မီးမွှေးဖူးသော အတွေ့အကြုံရှိထားသဖြင့် သူမအတွက် မီးပြန်မွှေးရန်မှာမခက်ခဲလှပေ။
မျက်တောင်တစ်ခတ်အတွင်းမှာပင် မီးတောက်လာခဲ့၏။ ထမင်းပေါင်းအိုးတည်ထားစဉ်အတွင်း သူမသည် ပါဝင်ပစ္စည်းများကို ပြင်ဆင်နေခဲ့သည်။
အသားလှီးခြင်း၊ ဟင်းသီးဟင်းရွက် ဆေးကြောခြင်းနှင့် ကြက်ဥခေါက်ခြင်းတို့ကို ပြုလုပ်လိုက်၏။ အရာအားလုံး အသင့်ဖြစ်သွားချိန်တွင် ဝက်သားနှပ်ချက်ပြုတ်မည့် လုပ်ငန်းစဉ်ကို စိတ်ထဲ၌ ပုံဖော်ကြည့်လိုက်ပြီးနောက် ဒယ်အိုးကို အပူပေးကာ ဆီထည့်လိုက်သည်။
သူမက အသားများကိုထည့်လိုက်သည်နှင့်တပြိုင်နက် တရှဲရှဲမြည်သံနှင့်အတူ ဆီပူများပေါက်ထွက်လာခဲ့၏။ လွင့်စင်လာသော ဆီပူပေါက်များသည် သူမလက်ပေါ်သို့ ကျရောက်လာသဖြင့် လုရှီမန်တစ်ယောက် အနောက်သို့ခုန်ဆုတ်သွားခဲ့ရသည်။
နီရဲသွားသော အစက်အပြောက်များကို ငုံ့ကြည့်ရင်း သူမနဖူးကိုပွတ်သပ်လိုက်မိ၏။ လုရှီမန် ညည်းညူလိုက်သည်။
“ဟင်းချက်တယ်ဆိုတာ တကယ်ကို ကြောက်စရာကောင်းတဲ့ကိစ္စပဲ၊ တော်တော်လေးနာတယ်ဟ”
ဆီပူမိသွားသောနေရာက စပ်ဖျဉ်းဖျဉ်းဖြစ်နေခဲ့သည်။
လုရှီမန်သည် ရေဖြင့်ဆေးကြောရန် ဘေးဘက်သို့ လျှောက်သွားလိုက်သော်လည်း ဆေးကြောနေစဉ်မှာပင် သူမ ထပ်မံ၍ခုန်ပေါက်သွားရပြန်သည်။ လုရှီမန် လန့်ဖျပ်သွားပြီး ရေရွတ်လိုက်၏။
“ငါ့အသားတွေ”
သူမသည် ရေကိုအမြန်ပိတ်လိုက်ပြီး ချွေးသုတ်ကာ ဒယ်အိုးထဲတွင် တူးခြစ်နေပြီဖြစ်သော အသားများကိုလှမ်းကြည့်လိုက်၏။ လုရှီမန် ကိုယ့်ကိုကိုယ် နှစ်သိမ့်လိုက်လေသည်။
“ပြဿနာသေးသေးလေးပါ သေးသေးလေးပါပဲ၊ နည်းနည်းလေး တူးသွားရုံပါ”
သူမမြန်မြန်ဆန်ဆန် မွှေကြော်လိုက်ပြီး ရေတစ်မှုတ်အပြည့်ထည့်ကာ သူမမြင်သမျှ ဟင်းခတ်အမွှေးအကြိုင်တိုင်းကို ကပျာကယာထည့်သွင်း၍ နှပ်ထားလိုက်လေသည်။
ရေဆူလာသည်နှင့်တပြိုင်နက် ပဲငံပြာရည်ဝက်သားနှပ်ကို ဒယ်အိုးထဲမှ တိုက်ရိုက်ခပ်ထုတ်လိုက်၏။ အရောင်အသွေး၊ အနံ့အသက်နှင့် အရသာတို့ ကင်းမဲ့နေသော ထိုဟင်းလျာကိုကြည့်ရင်း သူမ ထပ်မံတိတ်ဆိတ်သွားခဲ့ရသည်။
‘ငါ... ငါ အစားအစာတွေကို ထပ်ဖြုန်းတီးမိပြန်ပြီလား'
သူမ နှုတ်ခမ်းကိုတင်းတင်းစေ့လိုက်ပြီး အသက်ပြင်းပြင်းရှူသွင်းကာ မြည်းစမ်းကြည့်ရန် တူကိုကောက်ကိုင်လိုက်၏။ သူမ ချက်ချင်းပင်ထွေးထုတ်လိုက်မိသည်။
ဆိုးရွားသည်ဟုပြောခြင်းကပင် သူမ၏ဟင်းချက်စွမ်းရည်ကို အလွန်အမင်း အထင်ကြီးရာကျလွန်းနေပေလိမ့်မည်။ ဤအရာသည် ခွေးကို ကျွေးလျှင်တောင်မှ စားမည်မဟုတ်သည့် အစားအစာမျိုးဖြစ်နေလေသည်။
ရှုပ်ပွနေသော မီးဖိုချောင်နှင့် ကျန်ရှိနေသော ပါဝင်ပစ္စည်းများကို သူမကြည့်လိုက်၏။ မျက်တောင်တစ်ခတ် အတွင်းမှာပင် သူမ၏အစာစားချင်စိတ်များ လုံးဝပျောက်ကွယ်သွားခဲ့ရသည်။
နိုင်ငံပိုင်စားသောက်ဆိုင်က ကောင်းမွန်သောရွေးချယ်မှုတစ်ခု ဖြစ်ပုံရသည်။ အချိန်စောနေသေးသည်မို့အပြင်ထွက်ပြီး အရသာရှိသော ဝက်သားနှပ်တစ်ပွဲကို ပါဆယ်သွားဝယ်သင့်သည်ဟု သူမတွေးလိုက်၏။
ထိုအတွေးနှင့်အတူ စက်ဘီးပေါ်သို့ ထပ်မံခုန်တက်ကာ နိုင်ငံပိုင် စားသောက်ဆိုင်ဆီသို့ ထွက်ခွာသွားခဲ့သည်။ စားသောက်ဆိုင်သို့ရောက်ရှိ၍ ဝက်သားနှပ်ဝယ်ယူပြီး တပ်မိသားစုဝင်းဆီသို့ ပြန်ရောက်ချိန်တွင် အချိန်က အတိအကျ ကွက်တိပင်ဖြစ်နေခဲ့သည်။
လုရှီမန် တီးတိုးရေရွတ်လိုက်၏။
“ဒီအခွင့်အရေးကိုယူပြီး သက်သေတွေကို ဖျက်ဆီးပစ်ဖို့ ပြန်သွားရမယ်၊ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ထားလိုက်မယ်”
သူမ တီးတိုးရေရွတ်ရင်း ခြံဝင်းငယ်လေးထဲသို့ အလောတကြီးပြေးဝင်သွားခဲ့သည်။ သူမသည် မီးဖိုချောင်ထဲသို့ ဝင်သွားသော်လည်း ယခုအခါအသားတစ်ပန်းကန်ပျောက်ဆုံးနေသော မီးဖိုချောင်ကိုကြည့်ရင်း အေးခဲသွားခဲ့ရ၏။
လုရှီမန် ကြောင်အမ်းအမ်းဖြင့် ရေရွတ်လိုက်သည်။
“ငါ့အသားတွေ ဘယ်ရောက်သွားတာလဲ”
သူမ အလောတကြီးထွက်သွားခဲ့သဖြင့် တံခါးသော့ခတ်ရန် အချိန်မရခဲ့ပေ။ ထို့အပြင် ဤနေရာကတပ်မိသားစုဝင်းဖြစ်သောကြောင့် မည်သူကမျှ တစ်စုံတစ်ရာကို ခိုးယူလိမ့်မည်ဟု သူမ မထင်ထားခဲ့ဘဲ စိုးရိမ်ပူပန်မှုလည်းမရှိခဲ့ချေ။
သို့သော် သူမပြန်ရောက်သည်နှင့်တပြိုင်နက် ထိုအသားက ပျောက်ဆုံးနေခဲ့၏။
သူမမှတ်ဉာဏ်က သူမကိုလှည့်စားနေခြင်းများလား။ ထိုဝက်သားနှပ်ကို သူမ လုံးဝမချက်ပြုတ်ခဲ့သည်လား။
သူမ ပတ်ဝန်းကျင်ကို လိုက်လံကြည့်ရှုလိုက်၏။ အခန်းထဲတွင် ထိုအသားပန်းကန်နှင့် ကြက်ဥနှစ်လုံးမှလွဲ၍ မည်သည့်အရာမျှ ပျောက်ဆုံးနေခြင်းမရှိချေ။ ပုစွန်ကိုပင် မည်သူကမျှခိုးမသွားခဲ့ပေ။
ပျောက်ဆုံးသွားသောအရာများကို အတည်ပြုပြီးနောက်တွင် သူမစိတ်ကိုပင် ထိရှစေလောက်သည့်မေးခွန်းတစ်ခုကို သူမ မေးလိုက်မိသည်။
“ငါချက်ထားတဲ့ အစားအစာကို ခိုးစားရဲလောက်အောင် ဘယ်သူကများ အဲဒီလောက် သတ္တိရှိနေရတာလဲ၊ သူတို့က သေမှာမကြောက်ကြဘူးလား”