← Chapters

အခန်း ၇၈

Vol. 8 Ch. 78

အခန်း ၇၈

Vol. 8 Ch. 78

78

အဘွားအိုဝေ၏မျက်နှာကြီးမှာ ဒေါသကြောင့် နီရဲခက်ထန်နေပြီး တုန်ယင်နေသော လက်နှစ်ဖက်ဖြင့် ပြန်လည်တုံ့ပြန်ရန် ရွယ်လိုက်သည်။ သို့သော် လုရှီမန်၏တုံ့ပြန်မှုက သူမထက် ပို၍လျင်မြန်နေခဲ့၏။

လုရှီမန်၏အကြည့်များက အေးစက်စူးရှနေကာ အဘွားအိုဝေ၏ဆံပင်များကို လက်တစ်ဖက်တည်းဖြင့် ဆုပ်ကိုင်ဆွဲယူလိုက်သည်။

“ကျွန်မကို ရိုက်ကြည့်လေ၊ ရှင့်ဦးရေပြားက ပိုမာလား ကျွန်မက ပိုမာလား စမ်းကြည့်ကြတာပေါ့”

ဆံပင်ဆွဲခံရသည့် နာကျင်မှုကြောင့် အဘွားအိုဝေ၏မျက်လုံးအစုံမှာ ပြူးကျယ်သွားပြီး ဒေါသတကြီးကျိန်ဆဲသံများ ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။

ဤကဲ့သို့ ပြင်းထန်လှသောရန်ပွဲကြီးကြောင့် ပတ်ဝန်းကျင်မှလူအများအပြား စုရုံးရောက်ရှိလာကြပြီး အခြေအနေ၏ပြင်းထန်မှုကြောင့် အားလုံးမှာ အံ့သြတုန်လှုပ်ကာ သက်ပြင်းချသံများ ထွက်ပေါ်လာကြ၏။

ရဲဘော်လုတစ်ယောက် ဤမျှလောက် အစွမ်းထက်ပြီး အသက်အရွယ်ကြီးရင့်သူတစ်ဦးကိုပင် လက်မတွန့်ဘဲ ရင်ဆိုင်ရဲလိမ့်မည်ကို မည်သူကမျှထင်မှတ်မထားခဲ့ကြချေ။

“လွှတ်စမ်း”

“မိန်းမယုတ်၊ ကောင်မယုတ်”

လုရှီမန်က သူမကို အေးစက်စွာစိုက်ကြည့်လိုက်သည်။

“ပါးစပ်ကို ဆင်ခြင်ပြော၊ အာလူးဆက်ဖုတ်နေမယ်ဆိုရင် နောက်ထပ်ပါးတစ်ချက် ထပ်ရိုက်ပစ်မယ်”

အဘွားအိုဝေ နာကျင်ခါးသီးစွာငိုယိုလိုက်၏။

“အားလုံးပဲ ကြည့်ကြပါဦး၊ သူက လူကို အနိုင်ကျင့်နေတာ၊ သူက အသားထဲမှာ အဆိပ်ခတ်ထားလို့ ကျွန်မနဲ့ ကျွန်မမြေးလေး တစ်နေကုန်ဝမ်းလျှောပြီး ဆေးရုံတောင်တက်လိုက်ရတယ်၊ အဲဒါ သူ့ဆီကနေ လျော်ကြေးတောင်းတာ ဘာမှားနေလို့လဲ”

ထိုအဆိပ်ခတ်ထားသော အသားများကိုသာမစားခဲ့ရလျှင် ဤမိန်းမယုတ်လေးကို သူမ မနိုင်စရာအကြောင်းမရှိပေ။ မနေ့ကသာဆိုလျှင် ဤကောင်မစုတ်လေးကို မြေကြီးပေါ်ဖိချကာ အသေအလဲရိုက်နှက်ပစ်မည်မှာ သေချာသော်လည်း ယခုမူ အဘယ်ကြောင့် ဤသို့သော အခြေအနေသို့ ရောက်ရှိသွားရသနည်း။

လုရှီမန် မျက်လုံးလှန်ပြလိုက်ပြီး ဘေးနားရှိလူအုပ်ကြီးကို လှည့်ကြည့်လိုက်သည်။

“ကျွန်မက ရှင့်အိမ်နဲ့ဒီလောက်ဝေးတာကို ဘယ်လိုလုပ် အဆိပ်သွားခတ်ရမှာလဲ ရူးနေလား၊ စိတ်မမှန်ဘူးဆိုရင်လည်း ဆေးရုံကိုသာပြန်သွားလိုက်ပါ၊ ဒီထဲကတစ်ယောက်ယောက် ကျွန်မ သူ့အိမ်နားသွားတာကို မြင်လိုက်မိသေးလား”

“နင်က ဝန်မခံသေးဘူးပေါ့၊ ငါတို့ကို ဒီလိုဖြစ်အောင်လုပ်တာ နင်မဟုတ်ဘူးလား၊ ဘာလို့ အသားထဲဆေးခတ်ရတာလဲ၊ ငါ ရဲတိုင်မယ်၊ ရဲစခန်းကို တိုင်မယ်”

သူမနှင့်ပတ်သက်၍ လူအများ၏ဝေဖန်ပြောဆိုသံများကိုကြားရသောအခါ အဘွားအိုဝေမှာ ပို၍ပင်စိတ်ပျက်အားငယ်လာမိသည်။ အဘယ်ကြောင့် မည်သူကမျှ သူမကိုမယုံကြည်ကြသနည်း။

“ဒါဆိုလည်း ပြောပြလေ၊ ရှင့်အိမ်က အသားထဲကို ကျွန်မ ဘယ်လိုလုပ်ပြီး အဆိပ်ခတ်လိုက်တာလဲ”

ထိုအဘွားအိုက ရဲစခန်းကိုတိုင်ချင်နေသည်ဖြစ်ရာ ဤသူခိုးမကြီးကို ရဲစခန်းသို့ အရင်ပို့ပေးလိုက်မည်။ သူမ၏ဟင်းချက်လက်ရာဆိုးရွားကြောင်းကို လူတိုင်းသိသွားလျှင်တောင် ဘာဖြစ်သနည်း။

သူမက သူတို့ကိုကျွေးမည်မဟုတ်ရာ မည်သူ့ကိုမျှ ဒုက္ခပေးနိုင်မည်မဟုတ်ချေ။ ဤအဘွားအိုကဲ့သို့ ကိုယ်တိုင်လာခိုးသူများမှလွဲ၍ မည်သူ့ကိုမျှ အန္တရာယ်ဖြစ်စေမည်မဟုတ်ပေ။

အဘွားအိုဝေ၏မျက်နှာမှာ ဖြူရော်သွားသည်။

“ငါ”

လုရှီမန်က အဘွားအိုဝေကို စူးရှသော အကြည့်များဖြင့်ကြည့်ကာ ထိမိသော စကားလုံးများဖြင့် ဆိုလိုက်၏။

“ကျွန်မချက်ထားတဲ့ ခွေးတောင်မစားတဲ့အသားတွေ ဘယ်ရောက်သွားလဲလို့ စဉ်းစားနေတာ၊ ရှင်ခိုးသွားတာကိုး၊ ကျွန်မအသားကို ခိုးသွားသေးတယ်၊ အခုကျတော့ ကျွန်မအိမ်ပေါက်ဝထိလာပြီး ပြဿနာရှာရဲသေးတယ်၊ ဒါက သေချင်နေတာ မဟုတ်ဘူးလား၊ တပ်တွင်းမိသားစုအိမ်ရာထဲမှာ သူခိုးရှိနေတာ တော်တော်ကြောက်စရာကောင်းတာပဲ၊ ဒီနေ့တော့ အသားပေါ့၊ မနက်ဖြန်ကျရင် ပိုက်ဆံတွေဖြစ်လာမလားပဲ”

ပတ်ဝန်းကျင်မှ ထူးဆန်းသောအကြည့်များကို မြင်လိုက်ရသဖြင့် အဘွားအိုဝေမှာ နောက်သို့ အနည်းငယ်ဆုတ်သွားသည်။

“နင် လျှောက်ပြောနေတာ၊ ငါ ငါက ဘယ်တုန်းက နင့်အသားကိုခိုးလို့လဲ”

သူမ ပခုံးတွန့်ပြလိုက်၏။

“ရှင် ကျွန်မအသားကိုမခိုးဘူးဆိုရင် ဘာလို့ ကျွန်မဆီက ဆယ်ယွမ်လာတောင်းနေတာလဲ၊ ရှင် အရိုက်ခံချင်လို့ လာတာလား၊ ဒီလို တန်ဖိုးနည်းတဲ့ တောင်းဆိုမှုမျိုးကို တစ်ခါမှမမြင်ဖူးဘူး၊ အရိုက်ခံချင်တယ်ဆိုရင်လည်း ပြောလေ၊ ရှင့်ကို တစ်နေ့ကို အကြိမ်ရှစ်ရာလောက် ပါးရိုက်ရရင်တောင် ကျွန်မက ညောင်းမှာမဟုတ်ဘူး”

ဤလောကတွင် ထူးဆန်းသောအဘွားအိုများ အရမ်းပေါလွန်းလှပြီး ယခုလည်း သူမကိုယ်တိုင်ကိုယ်တွေ့ကြုံနေရပြီဖြစ်သည်။ တပ်တွင်းရှိအခြားသူများရော မည်သို့နေမည်ကို သူမ တွေးကြည့်မိ၏။ အကယ်၍ အားလုံးကသာ ဤသို့ဆိုလျှင် သူမရူးသွပ်သွားနိုင်သည်။

ကံကောင်းထောက်မစွာဖြင့် သူမသည် အခြားသူများနှင့် ဝေးဝေးတွင်နေထိုင်ပြီး ဆက်ဆံရေးသိပ်မရှိချေ။ သူမက လူပေါင်းဆံ့သူမဟုတ်သလို မည်သူနှင့်မျှလည်း ရင်းနှီးကျွမ်းဝင်မှုမရှိပေ။ လက်ရှိအချိန်တွင် အဘွားအိုဝေမှလွဲ၍ အခြားရန်သူမရှိသေးချေ။

သူမစကားများကို ကြားသောအခါ အားလုံးမှာရယ်မောခြင်းကို မထိန်းနိုင်ကြတော့ပေ။ လုရှီမန်ပြောသလိုသာဆိုလျှင် အဘွားအိုဝေသည် တကယ်ပင် အရိုက်ခံချင်နေခြင်းဖြစ်သည်။

ဆယ်ယွမ်ဆိုသည်မှာ အရာများစွာကို လုပ်နိုင်ပြီး ငွေဆိုသည်မှာ သစ်ပင်ပေါ်မှ ခူးဆွတ်၍ရသည်မဟုတ်ရာ မည်သည့်အတွက်ကြောင့် အလွယ်တကူ ပေးလိုက်ရမည်နည်း။

အကယ်၍ ဤအဖြစ်အပျက်သာ အောင်မြင်သွားပါက ဤအဘွားအိုသည် တပ်တွင်းရှိအခြားသူများအား မည်သို့မည်ပုံငွေညှစ်ဦးမည်ကို မည်သူ သိနိုင်မည်နည်း။

လုရှီမန်က လူအုပ်ကြီးကိုပြုံးပြကာ အကူအညီတောင်းလိုက်သည်။

“ကျေးဇူးပြုပြီး ဒုတိယတပ်မှူးကျန်းကို သွားခေါ်ပေးကြပါဦး၊ သူ့ကို အိမ်ပြန်ခေါ်သွားခိုင်းလိုက်ပါ”

မကြာမီမှာပင် ဒုတိယတပ်မှူးကျန်း ရောက်ရှိလာပြီး မိခင်ဖြစ်သူဖမ်းချုပ်ခံထားရသည်ကို မြင်သောအခါ ခေါင်းပိုကိုက်သွားရသည်။ ရက်အနည်းငယ်မျှပင် ငြိမ်ငြိမ်မနေနိုင်ဘဲပြဿနာရှာနေသောမိခင်ကြောင့် သူ ယခင်ဘ၀က ဘုရားကိုများ သွားစော်ကားမိလေသလားဟု ကိုယ့်ကိုကိုယ်မေးခွန်းထုတ်နေမိ၏။

ကျန်းဖူရှန်း ဝင်လာသည်နှင့်တစ်ပြိုင်နက် ချက်ချင်းတောင်းပန်လိုက်သည်။

“ရဲဘော်လု၊ တကယ်ပဲ တောင်းပန်ပါတယ်ဗျာ”

တောင်းပန်စကားမှလွဲ၍ သူပြောစရာ အခြားစကားမရှိတော့ပေ။

“ဒါက အသားကူပွန်ပါ၊ ကျွန်တော့်အမေဘက်က မှားသွားတာမလို့ သူ့ကိုယ်စား ကျွန်တော်တောင်းပန်ပါတယ်”

အသားကူပွန်အပြင် တောင်းပန်သည့် လက်ဆောင်အနေဖြင့် တစ်ယွမ်ပါ ပါဝင်လာသည်။

လုရှီမန်က အသားကူပွန်နှင့် ငွေကို ကြည့်လိုက်ရာ ကျန်းဖူရှန်းမှာ အနည်းငယ်ကြည့်ရပိုအဆင်ပြေသွားသည်ဟု ခံစားလိုက်ရသည်။

မည်သို့ပင်ဖြစ်စေ သူက သနားစရာအကောင်းဆုံး လူတစ်ယောက်ပင်။ သူမက အဘွားအိုဝေ၏ဆံပင်များကို လွှတ်ပေးလိုက်ပြီး ငွေကိုယူကာ ခပ်အေးအေးပင် ပြောလိုက်သည်။

“ဒုတိယတပ်မှူးကျန်းသာ သူမကို သေချာမထိန်းနိုင်ဘူးဆိုရင် အလုပ်ဆက်လုပ်ဖို့တောင်လိုမယ်မထင်ဘူး၊ နေ့တိုင်း တပ်တွင်းအိမ်ရာထဲမှာလိုက်တောင်းပန်နေရုံနဲ့တင် အချိန်ကုန်နေလိမ့်မယ်”

အဘွားအိုဝေမှာ ကျန်းဖူရှန်း၏စူးစူးရဲရဲအကြည့်ကြောင့် ရင်တထိတ်ထိတ်ဖြစ်သွားရသည်။ သူမက လုရှီမန်ကို လျစ်လျူရှုကာ အမြန်ပြေးထွက်သွားတော့၏။ အကယ်၍ သူမသာရွာသို့ အပြန်ပို့ခံရပါက နောင်တွင်မည်သည့်ငွေကြေးမျှ ရနိုင်တော့မည်မဟုတ်ချေ။

လတ်တလောတွင် သူမသည်းခံရဦးမည်ဖြစ်သည်။ လုရှီမန်ဆိုသည့် ထိုမိန်းမယုတ်လေးကိုမူ ပညာပေးရန် အခွင့်အရေးများစွာ ရှိသေးသည်ဟု စိတ်ထဲမှ တေးမှတ်ထားလိုက်သည်။

ကျန်းဖူရှန်း မထွက်ခွာမီ လုရှီမန်ကို ထပ်မံတောင်းပန်စကားဆိုသွားသေးသည်။ လုရှီမန်က သူမလက်များကို ခါထုတ်လိုက်ပြီး လူတိုင်း၏အာရုံစိုက်မှုမှာ အဘွားအိုဝေထံသို့ရောက်သွားသည့်အတွက် သက်ပြင်းချနိုင်ခဲ့၏။ ယခုဆိုလျှင် သူမ၏ဟင်းချက်လက်ရာနှင့်ပတ်သက်၍ မည်သူကမျှဂရုစိုက်တော့မည်မဟုတ်ချေ။

လူအုပ်ကြီးဖြည်းဖြည်းချင်း ကွဲသွားချိန်တွင် ဟော်စီစီလျှောက်လာပြီး လုရှီမန်ကို သံသယဝင်နေသောအကြည့်များဖြင့် ကြည့်လိုက်သည်။ အကယ်၍ ထိုနေ့ကသာ သူမပြဿနာသွားရှာခဲ့ပါက ဤကဲ့သို့ပင် အကြမ်းဖက်ကိုင်တွယ်ခံရနိုင်၏။

ထိုအဘွားအို၏အသားအရေက ထူထဲလှသော်လည်း ယခုတော့ ယောင်ကိုင်းနေပြီဖြစ်သည်။ သေချာပေါက် ဝက်ခေါင်းတစ်လုံးလို ဖြစ်သွားတော့ပေမည်။

ထိုအချိန်က သူမနောက်ဆုတ်ခဲ့သည့်အတွက် အတော်လေးကံကောင်းသွားသည်။ လုရှီမန် မျက်ခုံးတစ်ဖက်ပင့်လိုက်သည်။

“ဒီကို ဘာကိစ္စနဲ့လာတာလဲ”

ဤသခင်မလေးရှေ့တွင် ဤကဲ့သို့ ကြမ်းကြမ်းတမ်းတမ်းပြုမူမိခြင်းက အနည်းငယ် ရိုင်းပျရာကျသည်ဟု သူမ ခံစားလိုက်ရ၏။

“ကျွန်မ ရှင်ဆီလာတာ၊ မနက်ဖြန် ကျွန်မတို့ ယဉ်ကျေးမှုကပွဲအဖွဲ့ဆီ အလည်လာချင်လားလို့”

သူမက လုရှီမန်ကို အလွန်လေးစားအားကျပြီး ဤမျှထူးချွန်သောသူကို ယဉ်ကျေးမှုကပွဲအဖွဲ့နှင့် မိတ်ဆက်ပေးချင်နေသည်။ အဖွဲ့ခေါင်းဆောင်လျန်ကလည်း သူမကိုသေချာပေါက် သဘောကျမည်ဟု ဟော်စီစီယုံကြည်ထား၏။

လုရှီမန်မှာ အံ့သြမှင်သက်သွားသည်။

“ယဉ်ကျေးမှုကပွဲအဖွဲ့ဆီ သွားရမှာလား”

သူမကဲ့သို့လူတစ်ယောက် ယဉ်ကျေးမှုကပွဲအဖွဲ့သို့သွားရန် သင့်တော်သည်လား။ အလည်သွားရုံသက်သက်ပင်ဖြစ်စေကာမူ အနည်းငယ်တော့တစ်မျိုးကြီးဖြစ်နေသည်။

ဟော်စီစီ၏စကားများမှာ အလွန်ပင် ရိုးသားပွင့်လင်းနေသည်။

“ဟုတ်တယ်လေ၊ ကျွန်မတို့ အချင်းချင်း အကြံဉာဏ်တွေဖလှယ်လို့ရတာပေါ့၊ ဘယ်လောက်တောင် ကောင်းလိုက်မလဲ၊ ဒီမှာက တူရိယာတွေမှ မရှိတာ၊ ဒါကြောင့် ကျွန်မတို့ရဲ့ စိတ်ဝိညာဉ်ချင်း ထိတွေ့ခွင့်မရနိုင်ဘူးလေ”

ဤမျှထူးချွန်ပြောင်မြောက်လှသော သူမကဲ့သို့ လူတစ်ယောက်က အံ့အားသင့်စရာ အသစ်အဆန်းများစွာကို ယူဆောင်လာပေးမည်မှာ အသေအချာပင်။

လုရှီမန် ခေတ္တမျှတိတ်ဆိတ်သွားသည်။ စိတ်ဝိညာဉ်ချင်း ထိတွေ့မည်ဆိုသည့် စကားကိုကြားလိုက်ရုံဖြင့် သူမဦးရေပြားများပင် ကျင်တက်သွားရသည်။ သူမသည် နည်းစနစ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုသက်သက်သာရှိသူဖြစ်ပြီး မည်သည့်စိတ်ဝိညာဉ်ခံစားမှုမှ ရှိမနေချေ။

သို့သော် ဟော်စီစီ၏တက်ကြွနေသော အကြည့်များကို မြင်လိုက်ရသောအခါ ငြင်းဆန်ရန် ခက်ခဲနေခဲ့သည်။

သူမတွင် တပ်တွင်းအိမ်ရာ၌ သူငယ်ချင်းများများစားစားမရှိသလို အမှန်တကယ်လည်း ပျင်းရိနေမိသည်။ ထို့အပြင် ဟော်စီစီတွင် မည်သည့်မကောင်းသောရည်ရွယ်ချက်မှရှိပုံမပေါ်ချေ။

အလည်တစ်ခေါက်သွားခြင်းက မဆိုးလှဟု သူမတွေးလိုက်မိသည်။

အလည်သွားရင်း သူတို့ကို မုန့်အနည်းငယ် ဝေငှပေးလိုက်မည်ဆိုလျှင် လုံလောက်ပြီဖြစ်သည်။

အချိန်အတိအကျ သတ်မှတ်ပြီးနောက် ဟော်စီစီ၏ပျော်ရွှင်နေသော မျက်နှာလေးကိုကြည့်ရင်း လုရှီမန် ပို၍ပင်နားမလည်နိုင်ဖြစ်သွားရ၏။ အချစ်ပြိုင်ဘက်ဟု သတ်မှတ်ခံထားရသော သူမက အလည်လာမည်ကို ဟော်စီစီမှာ တကယ်ပဲ ဝမ်းသာနေပုံရ၏။

နောက်တစ်နေ့တွင် လုရှီမန်သည် ကွတ်ကီးမုန့်ဘူးအနည်းငယ်နှင့် ယုန်ဖြူနို့သကြားလုံးတစ်ထုပ်ကို ယူဆောင်ကာ ယဉ်ကျေးမှုကပွဲအဖွဲ့ဆီသို့ ထွက်လာခဲ့သည်။ ချိန်းဆိုထားသောအချိန်မှာ သူတို့အနားယူချိန်ဖြစ်သဖြင့် အခြားသူများအနှောင့်အယှက်ဖြစ်မည်မဟုတ်ချေ။

လုရှီမန် ရောက်လာသည်ကိုမြင်သောအခါ ဟော်စီစီကပြုံးရွှင်စွာ ဆီးကြိုလိုက်သည်။

“ရှင် ရောက်မလာတော့ဘူးလားလို့ စိတ်ပူနေတာ”

လုရှီမန် သူတို့ကိုပြုံးပြလိုက်၏။

“အားလုံးပဲ မင်္ဂလာပါရှင်”

ဟော်စီစီက တစ်ယောက်ချင်းစီကို မိတ်ဆက်ပေးလိုက်သည်။

“ဒါက တပ်ရင်းမှူးစုန့်ရဲ့ဇနီး လုရှီမန်တဲ့”

“ဒါက အဖွဲ့ခေါင်းဆောင်လျန်ပါ”

လျန်ယွီက လုရှီမန်၏လှပကျော့ရှင်းသောရုပ်ရည်ကိုကြည့်ကာ ဖော်ရွေသော အပြုံးတစ်ပွင့်ဖြင့် တုံ့ပြန်လိုက်သည်။ သို့သော်လည်း သူမသည် ချစ်ခြင်းမေတ္တာနှင့်ပတ်သက်၍ အလွယ်တကူ လက်လွှတ်တတ်ပြီး သဘောထားကြီးလှသော ဟော်စီစီကို ပို၍ပင်ကျေနပ်သဘောကျမိ၏။

ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် အားလုံးအကြည့်များမှာ ထိုနေရာသို့ ရောက်သွားသည်။

“စီစီ၊ နင်က ဘာလို့ သူ့ကိုဒီခေါ်လာရတာလဲ၊ နင်က တပ်ရင်းမှူးစုန့်ကို သဘောကျနေတာ မဟုတ်ဘူးလား”

စကားသံဆုံးသည်နှင့် အကြည့်များအားလုံး သူမဆီသို့ရောက်ရှိလာကြသည်။

“ငါပြောတာ မှားသွားလို့လား၊ ဘာလို့ ငါ့ကိုအဲ့ဒီလိုကြီး ဝိုင်းကြည့်နေကြတာလဲ၊ ရဲဘော်လုက ဒီကိစ္စကိုသိလောက်မှာ မဟုတ်ဘူးလေ၊ ဒါကြောင့် ငါက သူ့ကို ဖုံးကွယ်မထားချင်လို့ ပြောပြတာပါ”

All Chapters