အခန်း ၇၉
Vol. 8 Ch. 79
79
အားလုံး၏စူးစိုက်ကြည့်လာသော အကြည့်များကို သတိပြုမိလိုက်ချိန်တွင် ချောင်နန်ဖုန်းမျက်နှာအမူအရာမှာ သိသိသာသာ ပျက်ယွင်းသွားခဲ့သည်။
သူမ စကားမှားပြောမိလေသည်လား။ ဟော်စီစီက စုန့်ကျီပိုင်ကို သဘောကျနေခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ လွန်ခဲ့သော ရက်အနည်းငယ်က စုန့်ကျီပိုင်အိမ်ထောင်ကျသွားပြီဆိုသော သတင်းကို ကြားလိုက်ရချိန်တွင် ဟော်စီစီ၏မျက်နှာလေး ဖြူရော်သွားခဲ့သည်ကို သူမအမှတ်ရနေဆဲဖြစ်သည်။
အမှန်တရားကို ဖွင့်ဟလိုက်ခြင်းသာဖြစ်ပြီး လုရှီမန်ကို အမှောင်ထဲတွင် ဆက်၍မသိနားမလည်ဖြစ်နေမည်ကို မကြည့်ရက်သောကြောင့်သာဖြစ်သည်။
ထိုသို့တွေးမိလိုက်သည်နှင့် သူမက ကျောပြင်ကို ပိုမတ်မတ်ထားလိုက်ကာ မိမိကိုယ်ကိုယုံကြည်မှု ပြန်လည်တည်ဆောက်လိုက်၏။
လုရှီမန် မျက်ခုံးတစ်ဖက်ပင့်တင်လိုက်ရင်း ဤအမျိုးသမီးက ဟော်စီစီအပေါ် နက်ရှိုင်းသောရန်ငြိုးတစ်ခုခုရှိနေသယောင် ခံစားလိုက်ရသည်။ အကယ်၍သာ သူတို့နှစ်ဦးကြားရှိ အထင်လွဲမှားမှုများကို ကြိုတင်ရှင်းလင်းထားခြင်းမရှိခဲ့ပါက ဟော်စီစီ၏ပါးပြင်ထက်သို့ သူမလက်ဝါးချက်တစ်ချက် ပြင်းပြင်းထန်ထန်ကျရောက်သွားနိုင်ချေရှိ၏။
သို့သော် သူတို့က ယခုမှပထမဆုံးအကြိမ်တွေ့ဆုံကြခြင်းသာဖြစ်ရာ ဤမိန်းကလေးက မည်သည့်အကြောင်းကြောင့် မိမိကိုသတိပေးချင်နေရသနည်း။ ယုတ္တိကျကျဆိုရလျှင် ဤမိန်းကလေးသည် မိမိအဖွဲ့သားဖြစ်သူ ဟော်စီစီဘက်မှသာ ရပ်တည်သင့်သည်။
လုရှီမန်က ကြည်လင်တောက်ပသော မျက်ဝန်းများဖြင့် ပြုံးရွှင်စွာတုံ့ပြန်လိုက်သည်။
“ရှင်ပြောတာ မှန်ပါတယ်၊ ကျွန်မကို အမှောင်ထဲမှာ ဖုံးကွယ်မထားသင့်ပါဘူး၊ ဒါပေမဲ့ ကျွန်မတို့ကြားက ကိစ္စတွေကို ရှင်းလင်းပြီးသွားပြီဆိုတာကို ရှင်က ဘယ်လိုလုပ် မသိရတာလဲ၊ စီစီက စုန့်ကျီပိုင်ကို သဘောမကျတော့ပါဘူး၊ အဲဒီလိုမှမဟုတ်ရင် ကျွန်မက ရှင့်တို့ရဲ့ ယဉ်ကျေးမှုကပွဲအဖွဲ့ဆီကို ဘာကိစ္စလာပါ့မလဲ”
ချောင်နန်ဖုန်းမှာ သူတို့နှစ်ဦးကိုမယုံကြည်နိုင်သောအကြည့်များဖြင့် စိုက်ကြည့်နေမိသည်။ ဤအမျိုးသမီးက ရူးနေခြင်းဖြစ်နိုင်၏။
‘အချစ်ပြိုင်ဘက်တွေက အထင်လွဲမှားမှုတွေကို ရှင်းလင်းပြီး အေးအေးချမ်းချမ်း အတူယှဉ်တွဲနေထိုင်နိုင်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား'
မိမိ နားကြားများမှားလေသလားဟုပင် သံသယဝင်လာမိသည်။
လုရှီမန်က ချောင်နန်ဖုန်းဘက်သို့ ခေါင်းလေးအနည်းငယ်စောင်းကာ သိချင်စိတ်ပြင်းပြနေသော မျက်ဝန်းများဖြင့် စူးစမ်းလိုက်သည်။
“ရှင် အံ့သြသွားတာလား၊ ဒါပေမဲ့ ဒီလိုမျိုး သွေးခွဲချင်နေတဲ့ ရှင့်ရဲ့ရည်ရွယ်ချက်ကို ကျွန်မပိုပြီးသိချင်နေမိတယ်၊ ရှင်က စီစီ့ကိုမနာလိုဖြစ်နေတာများလား”
ဟော်စီစီကလည်း ပြဿနာကိုရှောင်လွှဲနေမည့်အစား ချောင်နန်ဖုန်းကိုရဲရဲ၀ံ့၀ံ့ ရင်ဆိုင်လိုက်၏။
“ဟုတ်ပါ့ နန်ဖုန်း၊ ငါတို့ဆက်ဆံရေးက အဲဒီလောက်မရင်းနှီးဘူးဆိုပေမဲ့ ဒီလိုအချိန်မျိုးမှာ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေစရာမလိုပါဘူး၊ ကံကောင်းလို့ ရှီမန်နဲ့ငါက အကုန်ပြောပြီးရှင်းထားလို့ပေါ့၊ မဟုတ်ရင် ဘယ်လို ပြဇာတ်မျိုးတွေ ကပြရမလဲဆိုတာ ဘယ်သူသိမှာလဲ”
ချောင်နန်ဖုန်းမှာ နှုတ်ခမ်းဖျားကို တင်းတင်းကိုက်ထားမိသည်။ ဤအခြေအနေသည် သူမမျှော်လင့်တွေးတောထားသလို လုံးဝမဟုတ်ပေ။
သူတို့ဆက်ဆံရေးက အဘယ်ကြောင့် ဤမျှအဆင်ပြေချောမွေ့နေရသနည်း။ သုတို့သည် တစ်ယောက်နှင့်တစ်ယောက် ရန်ဖြစ်နေကြသင့်သည်။
သူမစိတ်ထဲတွင် ဆင်ခြေပေးရန် အကြောင်းပြချက်အမျိုးမျိုးကို အသည်းအသန်ရှာဖွေနေသော်လည်း မည်သည့်စကားကိုမျှ ထုတ်မပြောနိုင်ခဲ့ချေ။
“ငါ”
သူမကိုယ်တိုင်လည်း စုန့်ကျီပိုင်ကိုသဘောကျနေပြီး သူတို့နှစ်ဦးရန်ဖြစ်သည်ကို စောင့်ကြည့်ကာကြားဖြတ်အမြတ်ထုတ်ချင်နေမိသည်ဟု ဖွင့်ပြော၍မရပေ။
သူတို့နှစ်ဦးရန်ဖြစ်မှသာလျှင် သူမအတွက် အခွင့်အရေးရရှိနိုင်မည်ဖြစ်သည်။ မိမိ၏တစ်ကိုယ်ကောင်းဆန်သောရည်မှန်းချက်များကို ထုတ်ဖော်ပြသရန် သူမဝန်လေးနေမိ၏။
အဖွဲ့ခေါင်းဆောင်လျန်က သူတို့နှစ်ဦးကို စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။ သူမသည် အဖွဲ့အတွင်း မည်သည့်ပြဿနာမျှ မရှိစေချင်ပေ။
အကယ်၍ ပြဿနာတစ်ခုခုရှိလာပါက အနာရင်းမသွားစေရန် ချက်ချင်းဖြေရှင်းပစ်ရမည်ဖြစ်သည်။
“အဖွဲ့ထဲမှာ သဘောထားကွဲလွဲမှုတွေရှိနေမှတော့ မြန်မြန်ရှင်းလိုက်ကြတာပေါ့၊ ကြိတ်မှိတ်ထားရင် နောက်ဆုံးကျစိတ်ဆင်းရဲရတာပဲ အဖတ်တင်လိမ့်မယ်၊ မင်းတို့ရင်ထဲမှာ ဘာတွေရှိနေလဲဆိုတာ ပြောပြကြစမ်း”
အဖွဲ့ခေါင်းဆောင်လျန်၏စကားများကို ကြားလိုက်ရချိန်တွင် ချောင်နန်ဖုန်းမျက်နှာမှာ ပို၍ပင်ဖြူရော်သွားခဲ့၏။ အဖွဲ့ခေါင်းဆောင်လျန်သည် ဟော်စီစီအား မျက်နှာသာအပေးဆုံး ဖြစ်ကြောင်း သူမကောင်းကောင်းသိထားသည်။
ဤမျှ သေးငယ်သောကိစ္စလေးကိုပင် အဘယ်ကြောင့် ဟော်စီစီဘက်မှ ရပ်တည်၍ ဖြေရှင်းပေးရသနည်း။ မည်သည့် အကြောင်းပြချက်ဖြင့်နည်း။ သူမက ဟော်စီစီထက် မည်သည့်နေရာတွင် ညံ့ဖျင်းနေသနည်း။
အောင်မြင်ကျော်ကြားလိုသော သူမရည်မှန်းချက်များက ဒေါသအဖြစ် ပြောင်းလဲသွားကာ အံတင်းတင်းကြိတ်လိုက်သည်။
“ကျွန်မမှာ ဖုံးကွယ်ထားတဲ့ရည်ရွယ်ချက် ဘာမှမရှိပါဘူး၊ ရဲဘော်လု အမှောင်ထဲမှာကျန်ခဲ့မှာကို မကြည့်ရက်လို့ပါ”
သူမ၏စစ်မှန်သော ရည်ရွယ်ချက်များကို မည်သူ့ကိုမျှထုတ်ဖော်ပြသ၍မဖြစ်ပေ။
မြောင်လင်းက ချောင်နန်ဖုန်းနှင့် ဟော်စီစီတို့ကိုတစ်လှည့်စီကြည့်ကာ လေသံတိုးတိုးဖြင့် ဝင်ရောက်ပြောဆိုလိုက်သည်။
“ဘာလို့လဲဆိုတာကို ငါသိမယ်ထင်တယ်၊ ဒါက ယောက်ျားတစ်ယောက်ကြောင့်ဖြစ်ရတဲ့ပြဿနာပဲ၊ နန်ဖုန်းကလည်း တပ်ရင်းမှူးစုန့်ကို သဘောကျနေတာလေ”
အချစ်ပြိုင်ဘက်များအချင်းချင်း ရန်လိုကြသည်မှာ အံ့သြစရာတော့မဟုတ်ပေ။ မြောင်လင်းက ဤကိစ္စကို မတော်တဆသိရှိခဲ့ခြင်းဖြစ်သော်လည်း ထိုအချိန်က တပ်ရင်းမှူးစုန့်မှာ အိမ်ထောင်မကျသေးသဖြင့် ပြိုင်ဘက်များရှိနေခြင်းမှာ ကြီးကျယ်သောပြဿနာတစ်ရပ် မဟုတ်ခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် သူကဲ့သို့ ထူးချွန်ပြောင်မြောက်သော အမျိုးသားတစ်ဦးအတွက် ပြိုင်ဘက်များစွာရှိနေခြင်းမှာ သဘာဝကျသောကြောင့်ဖြစ်သည်။
သို့သော် ယခုအချိန်တွင် တပ်ရင်းမှူးစုန့်မှာအိမ်ထောင်ကျသွားပြီဖြစ်ရာ သူ့အပေါ် သံယောဇဉ်တွယ်နေခြင်းက လုံးဝမှားယွင်းသော လုပ်ရပ်ပင်။
ထိုစကားကိုကြားလိုက်ရသောအခါ လုရှီမန် အလွန်တရာအံ့အားသင့်သွားခဲ့သည်။
‘စုန့်ကျီပိုင်တစ်ယောက် အပြင်မှာ အချစ်ရှုပ်ထွေးမှုတွေ ဘယ်လောက်တောင်များနေခဲ့တာလဲ'
လျှို့ဝှက်ချက်ဖော်ထုတ်ခံလိုက်ရသဖြင့် ချောင်နန်ဖုန်းမျက်နှာမှာ သွေးဆုတ်သွားသကဲ့သို့ ဖြူလျော့သွားခဲ့သည်။ ဤကိစ္စကို အခြားသူများက မည်သို့သိသွားရသနည်း။
သူမ ထစ်ငေါ့တုန်ယင်နေသော အသံဖြင့် ငြင်းဆန်လိုက်သည်။
“နင် နင် လျှောက်ပြောနေတာ”
သို့သော်လည်း သူမမျက်နှာအမူအရာက အမှန်တရားကိုဖော်ပြနေပြီးဖြစ်သည်။
ဟော်စီစီမှာ မရယ်ပဲမနေနိုင်တော့ပေ။
ယခင်က ချောင်နန်ဖုန်းသည် မိမိအပေါ် အမြင်မကြည်ဖြစ်နေသည်ဟု ခံစားခဲ့ရသော်လည်း လူတိုင်းက ထင်ပေါ်ကျော်ကြားရန် အခွင့်အရေးကိုလိုချင်ကြသဖြင့် တစ်ကိုယ်တော်ဖျော်ဖြေမှုများကြောင့်သာဖြစ်မည်ဟု သူမ မှတ်ယူခဲ့သည်။