← Chapters

အခန်း ၈၀

Vol. 8 Ch. 80

အခန်း ၈၀

Vol. 8 Ch. 80

80

ဤကဲ့သို့သော ယှဉ်ပြိုင်မှုမျိုးမှာ အဖွဲ့အတွင်း၌ သာမန်ကိစ္စရပ်တစ်ခုသာဖြစ်ပြီး မည်သူကမျှ အရေးတယူမှတ်သားထားလေ့မရှိပေ။

ယခု မြောင်လင်းဖွင့်ပြောလိုက်မှသာ အကြောင်းရင်းမှန်ကို သူမ သဘောပေါက်သွားတော့သည်။

အခြေအနေအရပ်ရပ်ကို မြင်တွေ့လိုက်ရသောအခါ အဖွဲ့ခေါင်းဆောင်လျန်မှာ သက်ပြင်းရှည်ကြီးတစ်ခုကို မချဘဲမနေနိုင်တော့ပေ။ ဤငယ်ရွယ်သော မိန်းကလေးများ၏တွေးခေါ်မှုက အဘယ်ကြောင့် ဤမျှကျဉ်းမြောင်းနေရသနည်း။

သူတို့ခေါင်းထဲတွင် အချစ်ရေးမှလွဲ၍ အခြားတွေးစရာမရှိတော့သောကြောင့်များလား။

သူမ ချောင်နန်ဖုန်းကိုကြည့်လိုက်ရာ သူမမျက်ဝန်းများထဲတွင် စိတ်ပျက်အားလျော့မှုများ အထင်းသားပေါ်လွင်နေသည်။

“ဒီကိစ္စကြောင့်ဆိုရင်တော့ မင်းရဲ့အတွေးတွေကို ရပ်တန်းကရပ်လိုက်ပါတော့၊ စစ်တပ်က အိမ်ထောင်ရေးကို ဝင်စွက်ဖက်တာက ဥပဒေနဲ့မလွတ်ကင်းဘူး၊ မင်း ဒီအလုပ်ကိုမလုပ်ချင်တော့ဘူးဆိုရင်လည်း ငါဝမ်းသာအားရ ခွင့်ပြုပေးပါ့မယ်”

သူမလေသံတွင် စိတ်ပျက်မှုများ ပြည့်နှက်နေသဖြင့် ထိုနေရာတွင်ရှိနေသော မိန်းကလေးများအားလုံး အရှက်ရကာ ခေါင်းငုံ့သွားကြ၏။

ချောင်နန်ဖုန်းမှာ သူ့နှုတ်ခမ်းသူ တင်းတင်းကိုက်ထားရာ မျက်ဝန်းအိမ်မှ မျက်ရည်များပင် ဝဲတက်လာခဲ့သည်။

“ကျွန်မ အလုပ်ဆက်လုပ်ချင်ပါတယ်”

အကယ်၍သာ သူမအလုပ်ပြုတ်သွားပြီး သင့်တော်သောအမျိုးသားတစ်ဦးနှင့် အိမ်ထောင်မကျခဲ့ပါက ဇာတိရွာသို့ပြန်ပြီး အရှုံးသမားတစ်ယောက်အဖြစ်သာ နေထိုင်ရတော့မည်ဖြစ်သည်။

ဟော်စီစီကလည်း အဖွဲ့ခေါင်းဆောင်လျန်ကို တည်ကြည်စွာကြည့်လိုက်၏။

“ကျွန်မလည်း အလုပ်ဆက်လုပ်ချင်ပါတယ်၊ လောကကြီးမှာ ယောက်ျားတွေ အများကြီးပါ၊ စုန့်ကျီပိုင် တစ်ယောက်တည်းမှ မဟုတ်တာ”

အဖွဲ့ခေါင်းဆောင်လျန်၏အသံမှာ ပြတ်သားမာကျောနေသည်။

“ဒီလိုကိစ္စမျိုး နောက်တစ်ခါထပ်ဖြစ်တာကို ငါမမြင်ချင်တော့ဘူး၊ နောက်တစ်ကြိမ်ဆိုရင်တော့ အကုန်လုံးထွက်သွားကြတော့”

ပြဿနာရှာတတ်သောသူများကို အနားတွင်ထားရှိခြင်းမှာ ပြဿနာကိုဖိတ်ခေါ်နေခြင်းသာဖြစ်ရာ ထိုပြဿနာကောင်များကို ရှင်းလင်းဖယ်ရှားပစ်ခြင်းကသာ အကောင်းဆုံးဖြစ်သည်။ လုရှီမန်က အဖွဲ့ခေါင်းဆောင်လျန်ကို လေးစားအားကျသောအကြည့်များဖြင့် ကြည့်လိုက်မိ၏။

မည်သည့်ခေတ်တွင်မဆို အမျိုးသားများထက် အလုပ်အကိုင်ကသာ ပို၍အရေးကြီးကြောင်းပြသလိုက်ခြင်းပင်။

ချောင်နန်ဖုန်းမှာ အောက်သို့ငုံ့ကြည့်နေပြီး လက်သီးများကို တင်းတင်းဆုပ်ထားမိသည်။ သူမ ထပ်၍ပြဿနာမရှာရဲတော့သော်လည်း မိမိမျှော်လင့်ချက်အားလုံးကို လူတစ်ယောက်တည်းအပေါ်တွင် ပုံအပ်ထားမည်မဟုတ်ပေ။

စုန့်ကျီပိုင်မဟုတ်လျှင် အခြားအမျိုးသားများရှိသေးသည်။ သို့သော် ယနေ့ သူမခံစားလိုက်ရသော အရှက်ကွဲမှုအတွက်မူ မဖြစ်မနေကလဲ့စားချေမည်ဟု စိတ်ထဲမှတေးမှတ်ထားလိုက်သည်။

မြောင်လင်း၊ ဟော်စီစီနှင့် လုရှီမန် မည်သူ့ကိုမျှ သူမအလွတ်ပေးမည်မဟုတ်ချေ။

အဖွဲ့ခေါင်းဆောင်လျန် အသက်ပင် ပြင်းပြင်းမရှူရဲလောက်အောင် ကြောက်ရွံ့နေကြသော မိန်းကလေးများကိုကြည့်ကာ သက်ပြင်းတစ်ချက်ချရင်း ခေါင်းရမ်းလိုက်မိသည်။

သူတို့ကငယ်ရွယ်ပြီး ရင့်ကျက်မှုမရှိကြသေးရာ သူမအနေဖြင့် စိတ်ပိုရှည်သည်းခံရန် လိုအပ်နေသေးသည်။

“ဒီအကြောင်းကို ထပ်မပြောကြတော့နဲ့၊ ကိုယ့်စိတ်ထဲကိုယ်သာ မှတ်ထားလိုက်ကြတော့၊ ရဲဘော်လုက ငါတို့ဆီအတွေ့အကြုံဖလှယ်ဖို့ လာတာဆိုတော့ အားလုံးထိုင်ပြီး စကားပြောကြရအောင်”

ဤလေးလံသောလေထုကို ဖြိုခွင်းရန် ပေါ့ပါးသောအကြောင်းအရာတစ်ခုကို သူမ အသုံးပြုရန်လိုအပ်နေ၏။

လုရှီမန်က ကြည်လင်သောအပြုံးလေးဖြင့် ကွတ်ကီးမုန့်များကို ထုတ်ပေးလိုက်သည်။

“ကျွန်မ အားလုံးအတွက် ကွတ်ကီးမုန့်လေးတွေ ယူလာတယ်၊ ကျေးဇူးပြုပြီး မြည်းကြည့်ကြပါဦး”

လုရှီမန်သည်လည်း အခြေအနေကို ဤမျှတင်းမာမနေစေချင်သဖြင့် မုန့်များကို ထုတ်ယူလိုက်ခြင်းဖြစ်သည်။

ဟော်စီစီကလည်း ပျော်ရွှင်သော လေထုကို ဖန်တီးရန် အလျင်အမြန်ဝင်ရောက်ကူညီပေး၏။ ကွတ်ကီးမုန့်များ၏ချိုမြိန်သော အရသာကြောင့် တင်းမာနေသောလေထုမှာ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

လုရှီမန်သည် တကယ်ပင်စွမ်းဆောင်ရည်ရှိသူဖြစ်ပြီး စကားစမြည်ပြောဆိုရင်းဖြင့် သူမအားသူတို့ပိုမိုသိရှိနားလည်လာကြသည်။

သူတို့အကြားတွင်ထိုင်နေသော အဖွဲ့ခေါင်းဆောင်လျန်၏ရင်ထဲ၌ လုရှီမန်အပေါ် လေးစားအားကျမှုများပိုတိုးလာခဲ့၏။ ဟော်စီစီက လုရှီမန်ကို ယဉ်ကျေးမှုကပွဲအဖွဲ့ထဲသို့ အဘယ်ကြောင့် ခေါ်လာချင်ရသနည်းဆိုသည်ကို ယခုမှပင်သဘောပေါက်သွားတော့သည်။

ဤမျှထူးချွန်သော အရည်အချင်းရှိသူကို သူမတို့အဖွဲ့ထဲသို့ သေချာပေါက်ဆွဲသွင်းချင်မည်သာဖြစ်သည်။

စားစရာများကို အရသာမခံနိုင်လောက်အောင်ဖြစ်နေသော ချောင်နန်ဖုန်းမှလွဲ၍ အားလုံးမှာတက်ကြွပျော်ရွှင်စွာ စကားပြောဆိုနေကြသည်။ လူတိုင်းမျက်နှာပေါ်ရှိ လေးစားအားကျနေသော အမူအရာများကို မြင်လိုက်ရသောအခါ ချောင်နန်ဖုန်းမှာ ပို၍ပင်ခံပြင်းဒေါသထွက်လာမိ၏။

ချောင်နန်ဖုန်းမှာ ခေတ္တမျှတွေဝေသွားပြီးနောက် လုရှီမန်ကို မော့ကြည့်လိုက်သည်။

“ရဲဘော်လုက ယှဉ်ပြိုင်ကြည့်ဖို့များ ဆန္ဒရှိမလား မသိဘူးနော်”

ထိုစကားကြောင့် လုရှီမန်မှာအံ့သြမှင်တက်သွားခဲ့သည်။ အဘယ်ကြောင့် ရုတ်တရက်ကြီး လက်တွေ့ယှဉ်ပြိုင်ရမည့်အခြေအနေသို့ ရောက်ရှိသွားရသနည်း။

လုရှီမန် နှုတ်ခမ်းကို တင်းတင်းစေ့ကာ တုံ့ဆိုင်းတုံ့ဆိုင်းဖြင့်ဆိုလိုက်သည်။

“အဲဒါက သိပ်မသင့်တော်ဘူးထင်တယ်နော်”

ရောက်ရောက်ချင်းမှာပင် သူတို့ကို စိန်ခေါ်လိုက်မည်ဆိုလျှင် သူမက အလွန်ရိုင်းပျပြီး မိတ်ဆွေမဆန်သူအဖြစ် သတ်မှတ်ခံရနိုင်ချေရှိသည်။ သူမက လူကောင်းတစ်ယောက်ဖြစ်လေ၏။

ချောင်နန်ဖုန်းမျက်ဝန်းများထဲတွင် မထီမဲ့မြင်ပြုသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

“ရှင် ကြောက်နေတာလား”

သူမက စကားပြောရာတွင်တော့ အလွန်ကျွမ်းကျင်ပိုင်နိုင်လှသည်။ သေချာပေါက် လက်တွေ့စွမ်းဆောင်ရည်လည်း ကင်းမဲ့နေမည်မဟုတ်ချေ။

လုရှီမန် မျက်ဝန်းများထဲတွင်နောက်ပြောင်လိုသော အရိပ်အယောင်ဖြင့် နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။ သူမက ယုတ္တိကျကျပြောဆိုနိုင်စွမ်းရှိသူဖြစ်ရာ မည်သည့်အရာကိုကြောက်ရွံ့နေစရာလိုမည်နည်း။

အကယ်၍သာ ကြောက်ရွံ့နေမည်ဆိုလျှင် ကျွမ်းကျင်ပညာရှင်များရှေ့တွင် မိမိ၏နည်းပါးလှသော စွမ်းရည်များကို လာရောက်ပြသရန် ယဉ်ကျေးမှုကပွဲအဖွဲ့သို့ ရဲရဲဝံ့ဝံ့လာရောက်ခဲ့မည်မဟုတ်ပေ။

အဖွဲ့ခေါင်းဆောင်လျန် ပြတ်သားမာထန်သောလေသံဖြင့် ဟန့်တားလိုက်သည်။

“နန်ဖုန်း အဓိပ္ပာယ်မရှိတာတွေမလုပ်စမ်းနဲ့”

ချောင်နန်ဖုန်း မေးငေါ့ကာခေါင်းမာမာဖြင့် ငြင်းဆန်လိုက်၏။

“ကျွန်မ အဓိပ္ပာယ်မရှိတာလုပ်နေတာမဟုတ်ပါဘူး၊ ရဲဘော်လုရဲ့စွမ်းရည်ကို မြင်ချင်ရုံသက်သက်ပါ”

လုရှီမန် တည်ငြိမ်အေးဆေးစွာဖြင့် စိန်ခေါ်မှုကို လက်ခံလိုက်သည်။

“အကယ်၍ ကျွန်မက သဘောမတူဘူးဆိုရင် ရှင်က ကျွန်မကို သူရဲဘောကြောင်တဲ့သူလို့ထင်သွားမှာပေါ့၊ ရှင်က ယှဉ်ပြိုင်ချင်နေမှတော့လည်း ပြိုင်ကြတာပေါ့”

All Chapters