← Chapters

အခန်း ၈၁

Vol. 9 Ch. 81

အခန်း ၈၁

Vol. 9 Ch. 81

81

ချောင်နန်ဖုန်းမျက်ဝန်းများထဲတွင် ရည်မှန်းချက်ကြီးမားသော မာန်မာနများဖြင့် ပြည့်နှက်နေပြီး လုရှီမန်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။

“ယှဉ်ပြိုင်ကြမယ်ဆိုမှတော့ အလောင်းအစားတစ်ခုခုတော့ရှိသင့်တာပေါ့၊ ရဲဘော်လုဘက်က ဘာနဲ့ လောင်းကြေးထပ်ရဲမလဲ သိချင်မိတယ်”

အဖွဲ့ခေါင်းဆောင်လျန်၏မျက်နှာအမူအရာမှာ သိသိသာသာပျက်ယွင်းသွားခဲ့သည်။ ယောက်ျားတစ်ယောက်အတွက် ပြဿနာမရှာကြရန် သူမခုလေးတင် ပြင်းပြင်းထန်ထန်သတိပေးထားခဲ့သော်လည်း ယခုတော့ ထပ်စလာပြန်ပြီပင်။ ချောင်နန်ဖုန်းက သူမစကားများကို လေထဲလွင့်ပါသွားသည့် ဖုန်မှုန့်များပမာ လျစ်လျူရှုလိုက်ခြင်းဖြစ်သည်။ လုရှီမန် ရယ်ချင်စိတ်ကို မနည်းထိန်းချုပ်ထားလိုက်ရသည်။

“ဘယ်လိုလောင်းကြေးမျိုး လိုချင်နေတာလဲ”

သူမ၏တိမ်ယံလိုဖုံးကွယ်ထားသော ကလိမ်ကကျစ်အကြံအစည်လေးများမှာ အလွန်တရာရုပ်လုံးပေါ်လွန်းလှသဖြင့် ဝေဖန်ပြောဆိုရန်ပင်ခက်ခဲလှပေသည်။ သူတို့က ယခုမှပထမဆုံးအကြိမ်တွေ့ဆုံကြခြင်းဖြစ်ပါလျက် အဘယ်ကြောင့် ဤကဲ့သို့သော လှည့်ကွက်များကို အသုံးပြုချင်နေရသနည်း။

မိမိကို အလွယ်တကူအနိုင်ကျင့်လို့ရမည့်သူအဖြစ်မြင်နေသည်လား။ ချောင်နန်ဖုန်းက အဖွဲ့ခေါင်းဆောင်လျန်၏ဒေါသတကြီး စိုက်ကြည့်နေသော အကြည့်များကို လျစ်လျူရှုကာ လုရှီမန်ကိုတည့်တည့်စိုက်ကြည့်လိုက်သည်။

ချောင်နန်ဖုန်းက ကိုယ်ကျိုးရှာလိုသော ရည်မှန်းချက်များကို ထုတ်ဖော်ပြသလာသည်။

“တကယ်လို့ ရှင်ရှုံးသွားခဲ့ရင် ရှင် တစ်သက်လုံး ယဉ်ကျေးမှုကပွဲအဖွဲ့ထဲကို မဝင်ပါဘူးလို့ကတိပေးရမယ်”

ဟော်စီစီတစ်ယောက်ရှိနေခြင်းကပင် လုံလောက်အောင် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းနေပြီဖြစ်သည်။ အကယ်၍ လုရှီမန်သာ ထပ်မံရောက်ရှိလာပါက သူမ စင်မြင့်ထက်တွင်နေရာရနိုင်ဖို့ အခွင့်အရေးရှိနိုင်မည်မဟုတ်ပေ။

ထို့ကြောင့် လုရှီမန်၏လမ်းစကိုဖြတ်တောက်ပစ်လိုနေပြီး အဖွဲ့ထဲဝင်ခွင့်ကို လုံးဝလက်မခံနိုင်ချေ။

ဤစကားကိုကြားလိုက်ရသောအခါ လူအားလုံး အံ့သြမှင်တက်သွားကြသည်။ ဤလောင်းကြေးက အနည်းငယ်တော့ များလွန်းနေပြီပင်။

ယနေ့ ဟော်စီစီက လုရှီမန်ကို ဤနေရာသို့ခေါ်ဆောင်လာခြင်းမှာ ယဉ်ကျေးမှုကပွဲအဖွဲ့ထဲသို့ ဝင်ရောက်နိုင်ရန် ရည်ရွယ်ချက်ဖြင့်ဖြစ်သည်။ နန်ဖုန်း၏မနာလိုဝန်တိုစိတ်များ ဤမျှလောက်ပြင်းထန်နေမည်ကို သူတို့ အဘယ်ကြောင့် သတိမပြုမိခဲ့ကြသနည်း။

လူတစ်ယောက်ကို ယဉ်ကျေးမှုကပွဲအဖွဲ့သို့ တစ်သက်လုံးဝင်ခွင့်မရအောင် သူမ တားဆီးချင်နေခဲ့သည်။

အဖွဲ့ခေါင်းဆောင်လျန်၏မျက်နှာအမူအရာမှာ ပို၍ပင်ရှုပ်ထွေးသွားခဲ့သည်။ သူမကိုယ်တိုင် ပြုစုပျိုးထောင်ပေးခဲ့သော ကလေးငယ်က ဤကဲ့သို့သောလူစားမျိုး ဖြစ်နေခဲ့သည်။ ယခင်က အမျိုးသားတစ်ဦးအတွက် မနာလိုဖြစ်နေသည်ဟုဆိုနိုင်သော်လည်း ယခုမူ အခြေအနေက ပြောင်းလဲသွားချေပြီ။

လုရှီမန်၏နှုတ်ခမ်းထောင့်မှ အပြုံးများမှာ ပို၍ပင်နက်ရှိုင်းလာခဲ့သည်။ မည်သို့သောအရာများ ဖြစ်လာမည်ကို သူမ စဉ်းစားနေမိသော်လည်း ယဉ်ကျေးမှုကပွဲအဖွဲ့သို့ ဘယ်တော့မှမဝင်ရဆိုသည့် စကားမှာ အတော်လေး အဓိပ္ပာယ်မရှိသည့် စကားမျိုးပင်။

သူမသည် ယဉ်ကျေးမှုကပွဲအဖွဲ့သို့ဝင်ရောက်ရန် တစ်ကြိမ်တစ်ခါမျှပင် စိတ်ကူးမယဉ်ခဲ့ဖူးချေ။ အနုပညာရှင်တစ်ဦး၏နေ့စဉ်ဘဝမှာ ဖြတ်သန်းရ လွယ်ကူလှသည်မဟုတ်ပေ။ ယခုဘဝတွင် သူမ၌သက်သောင့်သက်သာ နေထိုင်ရန် ငွေကြေးများ အလုံအလောက်ရှိနေပြီးဖြစ်ရာ အဘယ်ကြောင့် ဤမျှဆင်းရဲဒုက္ခခံရန် ရှာကြံနေရမည်နည်း။

ဤကဲ့သို့သော လောင်းကြေးမျိုးကို အကြိမ်တစ်သောင်းလက်ခံရလျှင်ပင် သူမအတွက် ပြဿနာမရှိချေ။ သို့သော် တစ်ကြိမ်တစ်ခါ တွေ့ဆုံရုံမျှဖြင့် ချောင်နန်ဖုန်းအား သူမကို ဤမျှလောက်အထိ သတိထားမိစေလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ပေ။

ထိုမိန်းကလေးမှာ မည်မျှတောင် ဆိုးရွားလိုက်သနည်း။

လုရှီမန် ခပ်ပေါ့ပေါ့ပင် သဘောတူလိုက်သည်။

“ကောင်းပြီလေ”

သို့သော် ဟော်စီစီနှင့် အဖွဲ့ခေါင်းဆောင်လျန်တို့မှာမူ မျက်မှောင်များ ပြင်းပြင်းထန်ထန်ကြုတ်ထားမိကြသည်။ သူမက အဘယ်ကြောင့် ဤမျှလောက် အလွယ်တကူသဘောတူလိုက်ရသနည်း။

လုရှီမန်၏အသံမှာ အေးစက်ပြတ်သားနေသည်။

“ကျွန်မဘက်က သဘောတူပြီးပြီဆိုတော့ ရှင့်ဘက်ကရော ဒီလိုလုပ်မလား၊ အကယ်၍ ကျွန်မရှုံးရင် ယဉ်ကျေးမှုကပွဲအဖွဲ့ကို တစ်သက်လုံးမဝင်ဘူး၊ အကယ်၍ ရှင်ရှုံးသွားခဲ့ရင် ရှင် တစ်သက်လုံး စင်မြင့်ပေါ်မှာ တစ်ကိုယ်တော်ဖျော်ဖြေခွင့်မရစေရဘူး ဘယ်လိုလဲ”

ယဉ်ကျေးမှုကပွဲအဖွဲ့ဝင်တစ်ဦးအတွက် ဤသည်ထက် ပိုရက်စက်ကြမ်းကြုတ်သောအရာမျိုးရှိနိုင်မည်မထင်ပေ။ တစ်ကိုယ်တော်ဖျော်ဖြေခွင့်ရမှသာလျှင် မိမိတောက်ပမှုများကို အခြားသူများမြင်တွေ့နိုင်မည်ဖြစ်သည်။

အဖွဲ့လိုက်ဖျော်ဖြေရာတွင်မူ လူတိုင်းက ထူးချွန်ကြသဖြင့် လူတစ်ဦးတစ်ယောက်တည်းအပေါ် အာရုံစိုက်မိရန်မှာ ခဲယဉ်းလှသည်။ ဂီတပညာရှင်တစ်ဦးအတွက်မူ ဤအရာသည် အဆိုးရွားဆုံးနှင့် အရက်စက်ဆုံးပြစ်ဒဏ်တစ်ခုအဖြစ် သတ်မှတ်ရမည်ဖြစ်၏။

ဤလောင်းကြေးကို ချောင်နန်ဖုန်းတစ်ယောက် လက်ခံနိုင်စွမ်းရှိမရှိဆိုသည်မှာ ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။

ဟော်စီစီ မနေနိုင်တော့ဘဲဝင်ရောက်ပြောဆိုလိုက်သည်။

“ရှင် တကယ်ပဲ ဒီလောက်အကြီးကြီး လောင်းချင်လို့လား”

မည်သူ့အတွက်ပင်ဖြစ်စေကာမူ ဤလောင်းကြေးမှာ ကြီးမားလွန်းလှပေသည်။ ထူးချွန်ပြောင်မြောက်သောသူတစ်ဦးယဉ်ကျေးမှုကပွဲအဖွဲ့သို့ ဝင်ရောက်ခွင့်မရခြင်းနှင့် အစွမ်းအစရှိသော ဂီတပညာရှင်တစ်ဦး စင်မြင့်ထက်တွင် တစ်ကိုယ်တော်ဖျော်ဖြေခွင့်မရခြင်းတို့နှစ်ခုလုံးမှာ ပြင်းထန်သော ထိုးနှက်ချက်များပင်။ သာမန် အတွေ့အကြုံဖလှယ်ပွဲလေးတစ်ခုက အဘယ်ကြောင့် ဤမျှလောက်အထိ ဖြစ်သွားရသနည်း။

လုရှီမန် အပြုံးလေးတစ်ခုကို ဖန်တီးကာ ပေါ့ပေါ့ပါးပါးပင်တုံ့ပြန်လိုက်သည်။

“လောင်းကြေးကကြီးလို့လား ရပါတယ်”

မည်သို့ပင်ဆိုစေကာမူ သူမ ယဉ်ကျေးမှုကပွဲအဖွဲ့သို့ဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ သူမအတွက်တော့ အသေးအဖွဲကိစ္စတစ်ခုမျှသာဖြစ်သည်။ သို့သော် ချောင်နန်ဖုန်းအတွက်မူ တကယ်ကိုကြီးမားလွန်းလှသော လောင်းကြေးတစ်ခုဖြစ်နေသည်။

ထိုမိန်းကလေးမှာ သူမနှုတ်ခမ်းကို တင်းတင်းကိုက်ထားရင်း ဤလောင်းကြေးကို လက်ခံသင့်မခံသင့် ပြင်းပြင်းထန်ထန် စဉ်းစားနေမိ၏။ သို့သော် အဖွဲ့ခေါင်းဆောင်လျန်၏သဘောမတူသောအကြည့်များကို မြင်လိုက်ရချိန်တွင် နောက်တွန့်သွားသော သူမနှလုံးသားမှာ တစ်ဖန် ပြန်လည်မာကျောသွားခဲ့သည်။

အကယ်၍ လုရှီမန်ကိုသာဝင်ခွင့်ပြုလိုက်ပါက သူမအတွက်နေရာကျန်တော့မည်မဟုတ်ပေ။ အောင်မြင်လိုသော အတ္တဆန်ဆန်ရည်မှန်းချက်များက သူမကိုနောက်ဆုတ်ခွင့်မပေးတော့ပေ။

ချောင်နန်ဖုန်း အံတင်းတင်းကြိတ်ကာ လက်ခံလိုက်သည်

“ကောင်းပြီလေ”

All Chapters