← Chapters

အခန်း ၈၂

Vol. 9 Ch. 82

အခန်း ၈၂

Vol. 9 Ch. 82

82

နေ့စဉ်ရက်ဆက် လေ့ကျင့်နေပြီး စင်မြင့်ထက်တွင် အမြဲဖျော်ဖြေနေရသော သူမထက် လုရှီမန်က ပို၍စွမ်းဆောင်နိုင်မည်ဟု သူမလုံးဝမယုံကြည်ပေ။ သူမ၏ခေါင်းမာလွန်းသောအမူအရာများမှာ အဖွဲ့ခေါင်းဆောင်လျန်အား ပို၍ပင်စိတ်ပျက်သွားစေခဲ့သည်။

အဖွဲ့ခေါင်းဆောင်လျန် သက်ပြင်းရှည်ကြီး ချလိုက်သည်။

“မင်းတို့နှစ်ယောက်လုံး နောင်တမရကြဖို့ မျှော်လင့်ပါတယ်”

လုရှီမန် သဘောတကျရယ်မောလိုက်၏။

“တေးသွားစတင်တီးခတ်ပြီးသွားတာနဲ့ နောင်တရစရာအကြောင်းမရှိတော့ပါဘူး”

အကယ်၍ သူမနိုင်သွားခဲ့လျှင် မည်သည့်အရာမျှဆုံးရှုံးမည်မဟုတ်ပေ။ အကယ်၍ ရှုံးသွားခဲ့လျှင်လည်းကိစ္စမရှိချေ။

သူမကိုယ်ပိုင်တန်ဖိုးကို သူမ ကောင်းကောင်း နားလည်သဘောပေါက်ထားပြီးဖြစ်သည်။

လုရှီမန်က အဖွဲ့သားများကိုကြည့်ကာ အရေးကြီးသော မေးခွန်းတစ်ခုမေးလိုက်သည်။

“ဒါပေမဲ့ အနိုင်အရှုံးကို ဘယ်လိုဆုံးဖြတ်ကြမလဲ”

သူတို့နှစ်ဦးမှာ ကျွမ်းကျင်မှုအပိုင်း တူညီချင်မှတူညီကြမည်ဖြစ်ပြီး တစ်ခါတစ်ရံတွင် ဂီတဆိုသည်မှာ နှိုင်းယှဉ်၍မရနိုင်သောအရာမျိုးဖြစ်၏။ ဤစကားတစ်ခွန်းကြောင့် အားလုံးမှာ တိတ်ဆိတ်သွားကြရသည်။

ချောင်နန်ဖုန်းမှာ နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သော်လည်း လုရှီမန်တစ်ယောက် ယဉ်ကျေးမှုကပွဲအဖွဲ့ထဲသို့ ဝင်ရောက်လာမည့်အရေးကို သူမ လုံးဝလက်မခံနိုင်ချေ။

ဤကဲ့သို့သော အခွင့်အရေးကောင်းကြီးက လေထဲတွင်မျောလွင့်ပျောက်ကွယ်မခံနိုင်ပေ။ ချောင်နန်ဖုန်း အကြံဉာဏ်တစ်ခု ရသွားသည်။

“ဒါဆိုရင် အတူတူတီးခတ်ကြမယ်၊ ပြီးရင် ကိုယ်ပိုင်ဟန်နဲ့ ပေါင်းစပ်တီးခတ်ပြီး ဘယ်သူက ဘယ်သူ့ရဲ့စည်းချက်ကို မီအောင်မလိုက်နိုင်ဘူးလဲဆိုတာ ကြည့်ကြတာပေါ့၊ ဘယ်လိုလဲ”

သူမက လုရှီမန်အခွင့်အရေးရသွားမည်ကို စိုးရိမ်သဖြင့် ကိုယ်တိုင်ပင် ခေါင်းစဉ်ကို သတ်မှတ်လိုက်သည်။

“အရှေ့အရပ်ကနီရဲနေပြီ သီချင်းကိုပဲ သုံးကြတာပေါ့၊ ဒါက အသုံးအများဆုံးတေးသွားပဲ”

လုရှီမန်မျက်ခုံးတစ်ဖက် ပင့်လိုက်၏။

‘သူက အတော်လေးစိတ်လောနေတာပဲ’

လုရှီမန် ပြတ်ပြတ်သားသားပြောလိုက်သည်။

“ရပါတယ်၊ ကျွန်မကို တစ်နာရီလောက် အချိန်ပေး၊ တူရိယာတွေကို မကိုင်တာ နှစ်ပေါင်းများစွာကြာနေပြီမို့လို့ပါ”

သူမအမူအရာမှာ သက်တောင့်သက်သာရှိပြီး မည်သည့်စိုးရိမ်ထိတ်လန့်မှုမျှမရှိဘဲ သဘာဝကျစွာ တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

တူရိယာတွေကိုမကိုင်တာ နှစ်ပေါင်းများစွာကြာနေပြီဆိုသော စကားကို ကြားလိုက်ရချိန်တွင် ချောင်နန်ဖုန်းမှာ မြေကြီးကို အခိုင်အမာနင်းထားနိုင်သကဲ့သို့ ယုံကြည်မှုများတိုးပွားလာခဲ့၏။

ဤကဲ့သို့ဆိုလျှင် တစ်ဖက်လူမှာ သေချာပေါက် ရှုံးနိမ့်တော့မည်ဖြစ်သည်။ သူမက အောင်ပွဲခံသည့်အလားပြုံးလိုက်ပြီး မျက်ဝန်းများထဲတွင် အနိုင်ရလိုသောရည်မှန်းချက်များ အပြည့်အဝ တောက်ပနေ၏။

ဟော်စီစီက လုရှီမန်၏အင်္ကျီလက်ကို ဆွဲကာသဘောမတူလိုသော အကြည့်များဖြင့် တားဆီးလိုက်သည်။

“ရှီမန် ရှင် ဒီလိုလုပ်စရာမလိုပါဘူး”

လုရှီမန် အေးအေးဆေးဆေးနှစ်သိမ့်လိုက်သည်။

“ရပါတယ်၊ ပျင်းနေတာနဲ့ အပျော်တမ်း ဆော့ကစားကြည့်ရုံပါ”

‘ရှုံးရင်လည်း ရှုံးပါစေပေါ့’

၎င်းက ဖျော်ဖြေရေးသက်သက်သာဖြစ်ပြီး ကြီးကျယ်သောပြဿနာကြီးမဟုတ်ပေ။

လုရှီမန် လက်ဖြန့်ကာ တယောကိုတောင်းလိုက်သည်။

“ရှင့်ရဲ့တယောလေး ခဏလောက်ငှားပါဦး၊ ကျွန်မ အရင်ဆုံးအာရုံခံစားမှုလေးရအောင် ရှာကြည့်ရဦးမယ်”

ထိုအခြေအနေကိုမြင်သောအခါ ဟော်စီစီ သက်ပြင်းချလိုက်ပြီး ခေါင်းညိတ်ကာ သူမတူရိယာကို ထုတ်ပေးလိုက်သည်။

လုရှီမန် တီးခတ်ရန်ပြင်ဆင်နေသည့် ကနဦး ကိုယ်ဟန်အနေအထားကိုမြင်လိုက်ရချိန်တွင် ချောင်နန်ဖုန်းမှာ ပို၍ပင်ယုံကြည်မှုရှိလာခဲ့ပြီး ဟော်စီစီမှာမူ မျက်နှာရှုံ့မဲ့သွားခဲ့၏။

လုရှီမန်က တယောကြိုးများကိုပွတ်ဆွဲလိုက်သည်နှင့် တစ်ပြိုင်နက် မှတ်ဉာဏ်အချို့က သူမစိတ်အာရုံထဲသို့ လှိုင်းလုံးများပမာ ရိုက်ခတ်ဝင်ရောက်လာခဲ့သည်။

နူးညံ့သိမ်မွေ့ပြီး အေးချမ်းသော အမျိုးသမီးတစ်ဦးက ကလေးမလေးတစ်ယောက်ကို ညင်သာစွာသင်ကြားပေးနေသည်။ ထိုကလေးမလေးက နားမလည်စွာဖြင့် ခေါင်းညိတ်ပြပြီး ဆက်လက်တီးခတ်နေခဲ့၏။ တေးဂီတသံများမှာ သာယာချိုမြိန်လှပြီး ထိုအမျိုးသမီးကလည်း သံစဉ်လိုက်၍ တီးတိုးညည်းတွားနေခဲ့သည်။

သူမအတွေးများမှာ ထိုမှတ်ဉာဏ်များထဲသို့ နစ်မျောသွားခဲ့ပြီး သူမလက်များကလည်း မှတ်ဉာဏ်အတိုင်း လိုက်ပါကာ အလိုအလျောက် တီးခတ်နေမိသည်။

တယောသံမှာ အစပိုင်းတွင် သစ်သားကိုလွှဆွဲနေသကဲ့သို့ ကြမ်းတမ်းပြတ်တောက်နေသော်လည်း မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုလွှဆွဲသံက သာယာငြိမ့်ညောင်းပြီး လှပသောတေးဂီတတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

ထိုတေးဂီတသံမှာ အလွန်ပင်ကျော့ရှင်းသာယာလှပြီး အေးချမ်းသာယာသော နှစ်ကာလများကို ပန်းချီကားတစ်ချပ်အဖြစ် ရေးဆွဲဖန်တီးနေသကဲ့သို့ရှိရာ ကြားရသူတိုင်းမှာ မလွန်ဆန်နိုင်ဘဲ နစ်မျောသွားကြရသည်။

အဖွဲ့ခေါင်းဆောင်လျန်သည် ထိုတေးသွားထဲမှ နက်ရှိုင်းသောစိတ်ခံစားမှုများကို ခံစားလိုက်ရပြီး လုရှီမန်ထံအံ့သြဝမ်းသာသောအကြည့်များဖြင့် ကြည့်လိုက်မိသည်။

သူမတွင် နည်းစနစ်ပိုင်းရော စိတ်ခံစားမှုပါ အပြည့်အဝရှိနေ၏။ ဤသည်ကား ပါရမီရှင်တစ်ဦးပင်။

သူမ တီးခတ်နေသောတေးသွားကို ကြားလိုက်ရချိန်တွင် ချောင်နန်ဖုန်းလက်ချောင်းများမှာ လက်ဝါးပြင်ထဲသို့ နစ်ဝင်မတတ် တင်းတင်းဆုပ်ကိုင်ထားမိသည်။

နှစ်ပေါင်းများစွာ မတီးခတ်ဖြစ်ဘူးဟု သူမ ပြောထားခဲ့သည်ပင်။

သူမ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ ဤသီချင်းတစ်ပုဒ်တည်းကိုသာ သူမတတ်ကျွမ်းခြင်းဖြစ်နိုင်သည်။ သူမ ကုချင်းကိုကောက်ကိုင်ကာ အပြင်သို့ထွက်သွားခဲ့သည်။ သူမသည် လုရှီမန်၏လွှမ်းမိုးမှုအောက်သို့ ကျရောက်ခံ၍မဖြစ်ပေ။

သူမ သေချာပေါက် နိုင်ကိုနိုင်ရမည်။ သူမ နိုင်ကိုနိုင်ရမည်ဖြစ်သည်။

လုရှီမန်က မှတ်ဉာဏ်ကမ္ဘာလေးထဲမှ ပြန်လည်ထွက်ခွာလာချိန်တွင် လူတိုင်း၏ညှို့စားခံထားရသကဲ့သို့ နစ်မျောနေသောမျက်နှာများကို မြင်လိုက်ရသဖြင့် သူမကိုယ်တိုင်လည်း အနည်းငယ်တွေဝေသွားခဲ့သည်။

*ဖြောင်း ဖြောင်း ဖြောင်း*

လက်ခုပ်တီးသံများ ထွက်ပေါ်လာပြီး ဟော်စီစီ၏မျက်ဝန်းများထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေ၏။

“အရမ်းကို အံ့သြဖို့ကောင်းတာပဲ၊ ရှင့်ရဲ့တေးသွားကို နားထောင်ရင်းနဲ့ ငယ်ငယ်တုန်းက အမေနဲ့အတူဖြတ်သန်းခဲ့ရတဲ့ အချိန်တွေကို ပြန်ရောက်သွားသလို ခံစားရတယ်၊ အဲဒီသိမ်မွေ့လှတဲ့ ပျော်ရွှင်မှုလေးက တကယ့်ကိုယုံနိုင်စရာမရှိအောင်ပဲ”

ဟော်စီစီက သူမကိုအမွှမ်းတင် ချီးကျူးလိုက်ပြီး အခြားသူများကလည်း ထောက်ခံသည့်ဟန်ဖြင့် ခေါင်းညိတ်ပြကြသည်။ လုရှီမန် ခေါင်းကုတ်ကာမေးလိုက်သည်။

“တကယ်ပဲ အဲဒီလောက်တောင်ကောင်းနေလို့လား”

အကယ်၍ သူမအမှတ်မမှားခဲ့လျှင် ယခင်က ဆရာများက သူမကိုမည်သည့်စိတ်ခံစားချက်မျှမပါဝင်ဘူးဆိုကာ အမြဲတမ်းဆူပူကြိမ်းမောင်းလေ့ရှိ၏။

‘စာအုပ်ထဲကို ကူးပြောင်းလာပြီးနောက်ပိုင်း ငါ ဘယ်လိုများ ရုတ်တရက် စိတ်ခံစားမှုတွေ ရှိလာရတာလဲ'

အဖွဲ့ခေါင်းဆောင်လျန်ကလည်း လေးစားအားကျစွာဖြင့် ချီးကျူးစကားဆိုလိုက်သည်။

“တကယ်ကို စွဲမက်စရာကောင်းလွန်းတယ်၊ မင်းရဲ့တီးခတ်မှုထဲမှာ ငါလုံးဝနစ်မျောသွားခဲ့တာပဲ”

ဤတစ်ကြိမ်တွင် ရှုံးနိမ့်မည့်သူမှာ နန်ဖုန်းဖြစ်မည်ကို သူမစိုးရိမ်နေမိသည်။ လုရှီမန်လည်း ယုံကြည်မှုအနည်းငယ် ပြန်လည်ရရှိသွားခဲ့၏။ သူတို့က ဤသို့ပြောလာသည်ဖြစ်ရာ သူမယုံကြည်လိုက်တော့မည်။

ကိုယ်ပိုင်ဟန်ဖြင့် ပေါင်းစပ်တီးခတ်ရမည့်ကိစ္စအတွက်မူ ထိုမျှလောက် ခက်ခဲလှသည်မဟုတ်ချေ။ သူမက စိတ်ကူးထဲတွင် သံစဉ်များကိုဖန်တီးတည်ဆောက်ပြီးနောက် တစ်ခေါက်ခန့် စမ်းသပ်တီးခတ်ကြည့်လိုက်သည်။

အပြင်ဘက်တွင်မူ ချောင်နန်ဖုန်းမှာ လုရှီမန်၏တယောသံစဉ်များကို နားထောင်နေရင်း မျက်နှာမှာပိုဖြူရော်သွားခဲ့ပြီး သူမ၏လှုပ်ရှားနေသော လက်များပင် ရပ်တန့်သွားခဲ့သည်။

သူမ တီးတိုးရေရွတ်လိုက်၏။

“ငါ သေချာပေါက်ရှုံးမှာမဟုတ်ဘူး၊ လုံးဝကို ရှုံးမှာမဟုတ်ဘူး”

All Chapters