အခန်း ၈၃
Vol. 9 Ch. 83
83
ထိုစကားသံများက ယုံကြည်မှုအပြည့်ရှိနေသောအသံမျိုးမဟုတ်ဘဲ သေခါနီးအချိန်တွင် အသည်းအသန် ရုန်းကန်နေရသောအသံနှင့် ပိုတူနေသည်။ ဤကဲ့သို့ကြီးမားလှသော ဖိအားများအောက်တွင် ချောင်နန်ဖုန်း၏အာရုံကြောများမှာ ပို၍ပင် တင်းမာလာခဲ့၏။
သူမမျက်နှာပေါ်တွင် ခက်ထန်မာကျောသော အမူအရာများ နေရာယူထားပြီး သံပတ်ပေးထားသောအရုပ်ကလေးတစ်ရုပ်ပမာ တူရိယာကို မရပ်မနားတီးခတ်နေတော့သည်။
သို့သော်လည်း ဤကဲ့သို့သော စိတ်အခြေအနေမျိုးဖြင့် တီးခတ်နေသော တေးသွားများတွင် သာယာငြိမ့်ညောင်းမှု လုံးဝကင်းမဲ့နေခဲ့သည်။ အဆက်အစပ်မရှိ ပြတ်တောက်နေသောသံစဉ်များကြောင့် မလှမ်းမကမ်းတွင်ရပ်နေသော အဖွဲ့ခေါင်းဆောင်လျန်မှာ ခေါင်းကိုသာခါယမ်းနေမိတော့၏။
သူမလက်အောက်ရှိ လူတိုင်းသည် ဦးဆောင်သူနေရာကိုယူနိုင်စွမ်းရှိသည်ဟု ကနဦးက သူမထင်မှတ်ထားခဲ့သော်လည်း တကယ်တမ်းတွင်မူ သူမက သူတို့ကိုအထင်ကြီးလွန်းနေခဲ့ခြင်းသာဖြစ်သည်။
ခေါင်းဆောင်တစ်နေရာအတွက် မဆိုထားနှင့် သေးငယ်သောအခက်အခဲလေးတစ်ခုကိုပင် သူတို့ရင်မဆိုင်နိုင်ကြချေ။ အကယ်၍ အခြားကိစ္စတစ်ခုခုသာဖြစ်လာခဲ့ပါက မည်သို့လုပ်မည်နည်း။ သူတို့စိတ်ပိုင်းဆိုင်ရာခံနိုင်ရည်များ ဤမျှလောက်အထိအလွယ်တကူ ပြိုလဲသွားမည်ဆိုပါက ဤကဲ့သို့သော လူများက မည်သည့်အရာကို အောင်မြင်နိုင်မည်နည်း။ သူမ ခေါင်းရမ်းလိုက်ပြီး သူတို့ကိုကြည့်ကာ စိတ်ကူးအသစ်များကို ပုံဖော်နေမိသည်။
သူတို့က အရည်အချင်းမမီကြသေးရာ ပိုပြီးလေ့ကျင့်ကြရုံသာရှိတော့သည်။ လောကဓံမုန်တိုင်းများကို မဖြတ်သန်းဘဲနှင့် မည်ကဲ့သို့ ပါရမီရှင်တစ်ဦး ဖြစ်လာနိုင်မည်နည်း။ နန်ဖုန်း၏အခြေအနေက သူမကို အတွေးသစ်တစ်ခု ရရှိစေခဲ့သည်။
ယခုမှစ၍ သူတို့ကို ဤကဲ့သို့စင်မြင့်တစ်ခုတည်းပေါ်တွင် ယှဉ်ပြိုင်စေရမည်။ သို့မှသာလူတိုင်းက အရေးတကြီး ကြိုးစားရမည်ဟူသော စိတ်ဓာတ်များ နိုးကြားလာမည်ဖြစ်ပြီး သူတို့စွမ်းရည်များ တိုးတက်လာရန် အခွင့်အလမ်းများရှိလာမည်ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ လုရှီမန်မှာ အလွန်ပျော်ရွှင်နေခဲ့သည်။ တူရိယာကို မကိုင်တွယ်ရသည်မှာကြာမြင့်နေပြီဖြစ်ပြီး သူမစိတ်ဝိညာဉ်အနက်ပိုင်းမှ အလိုအလျောက် ပေါ်ထွက်လာသော စည်းချက်များနှင့် ပေါင်းစပ်သွားသောအခါ ပို၍ပင်စိတ်ဝင်စားစရာ ကောင်းလာသည်ဟု ခံစားလိုက်ရသည်။
သူမက အရှေ့အရပ်ကနီရဲနေပြီ သီချင်းကို ခေတ္တမျှတီးခတ်ပြီးနောက် ဂီတသင်္ကေတမှတ်တမ်းများကိုကြည့်ကာ အခြားတေးသွားများကိုပါ ဆက်လက်တီးခတ်နေတော့၏။
တေးသွားတိုင်းမှာ စိတ်ဝိညာဉ်အပြည့်ပါဝင်နေပြီး ဂီတ၏နက်နဲသောစိတ်ခံစားမှုများကို ပြီးပြည့်စုံစွာဖော်ကျူးနိုင်ခဲ့သည်။
ရေတိမ်ရာမှ နက်ရှိုင်းသောခံစားမှုများဆီသို့ ကူးပြောင်းသွားကာ နားဆင်သူတိုင်းကို အမြင်နှင့်အကြားအာရုံခံစားမှု ပွဲတော်ကြီးတစ်ခုအတွင်းသို့ နစ်မျောသွားစေခဲ့သည်။
ဟော်စီစီမှာ အလွန်တရာလေးစားအားကျသွားသဖြင့် စကားပင်မပြောနိုင်တော့ချေ။ သူမက မေးအောက်တွင် လက်နှစ်ဖက်ထောက်ကာ လုရှီမန်ကို ကြယ်ပွင့်လေးများ တောက်ပနေသော မျက်ဝန်းများဖြင့် ငေးကြည့်နေမိသည်။
ဤကဲ့သို့ပြည့်စုံလွန်းသော လုရှီမန်ကို စုန့်ကျီပိုင်ရသွားခြင်းမှာ အလွန်ပင် နှမြောစရာ ကောင်းလှသည်။
‘စုန့်ကျီပိုင်ဆိုတာက ဘယ်လို ယောက်ျားမျိုးမို့လို့လဲ၊ သူက နတ်သမီးလေးတစ်ပါးရဲ့ တောက်ပတဲ့ အလင်းရောင်အောက်မှာ ခိုလှုံခွင့်ရဖို့ ဘယ်လိုလုပ် ထိုက်တန်မှာလဲ'
တေးသွားပြီးဆုံးသွားချိန်တွင် သူမက လုရှီမန်အနားသို့ တိုးကပ်သွားပြီး စိတ်လှုပ်ရှားစွာဖြင့် ဖွင့်ဟလိုက်၏။
“ရှီမန် ငါ အခုယောက်ျားလေးတစ်ယောက်မဖြစ်ရတာကို နောင်တရမိတယ်”
ထိုစကားကြောင့် လုရှီမန်မှာ အံ့ဩမှင်တက်သွားခဲ့သည်။ ဤစကားများက သင့်တော်ရဲ့လားဟု သူမတွေးမိလိုက်၏။
လုရှီမန် ကူကယ်ရာမဲ့စွာပြုံးလိုက်သည်။
“ငါ သီချင်းနည်းနည်းတီးပြလိုက်ရုံနဲ့ နင်က ငါ့ကို လက်ထပ်ချင်နေပြီလား”
မိန်းကလေးများက ဤမျှလောက် လှည့်စားရ လွယ်ကူသည်လား။
တက္ကသိုလ်ကျောင်းများတွင် ဂစ်တာသံတဒေါင်ဒေါင်ဖြင့် မိန်းကလေးများကို ဆွဲဆောင်နေကြသည့် ဗီဒီယိုများကို ယခင်က အင်တာနက်ပေါ်တွင် သူမ အဘယ်ကြောင့်တွေ့ခဲ့ရသည်ကို ယခုမှပင် သဘောပေါက်တော့သည်။
တူရိယာများတွင် ဤမျှလောက်အထိ ညှို့ယူဖမ်းစားနိုင်စွမ်းရှိနေခဲ့၏။ ဤအကြောင်းကို စောစောကတည်းကသာ သိခဲ့မည်ဆိုလျှင် ယောက်ျားလေးများကို ဆွဲဆောင်ရန်အတွက် တူရိယာတစ်ခုခုကို လေ့လာခဲ့သင့်သည်။
တစ်နေကုန် ဓာတ်ခွဲခန်းထဲတွင် အချိန်ကုန်ခံနေရသည်က ဘာအဓိပ္ပာယ်ရှိမည်နည်း။ သူမရင်ထဲတွင် နောင်တရနေမိသော်လည်း ဤကဲ့သို့သော အချိန်မျိုးတွင် ထိုစကားများကို ထုတ်မပြောရဲချေ။
ဤခေတ်ကြီးတွင် လူနှစ်ယောက်ကို တစ်ပြိုင်တည်းတွဲနေသည်ဟု နာမည်ထွက်ပါက အပြင်သို့ဆွဲထုတ်ခံရပြီး သေနတ်ဖြင့် ပစ်သတ်ခံရမည်ဖြစ်သည်။
သူမက နောက်ထပ်သီချင်းအနည်းငယ်ကို ရင်းနှီးကျွမ်းဝင်သည်အထိ ဆက်လက်တီးခတ်လိုက်ပြီးနောက် ရပ်နားကာ ဟော်စီစီ၊ အခြားသူများနှင့် စကားစမြည် ပြောဆိုနေတော့သည်။
ယဉ်ကျေးမှုကပွဲအဖွဲ့ထဲသို့ ဝင်ခွင့်ရသည်ဖြစ်စေ မရသည်ဖြစ်စေ သူမအတွက် မည်သည့်ခြိမ်းခြောက်မှုမျှမရှိသလို သူမက အနည်းငယ်မျှပင်ဂရုမစိုက်ချေ။
သို့သော် ဤကဲ့သို့သက်တောင့်သက်သာရှိနေသော အခြေအနေကပင် အဖွဲ့ခေါင်းဆောင်လျန်ကို သူမအပေါ် ပို၍လေးစားအားကျစေခဲ့သည်။ ဤမျှတင်းမာနေသော အခြေအနေမျိုးတွင် ဖိအားများ၏လွှမ်းမိုးမှုကိုမခံရဘဲ ရယ်မောစကားပြောနိုင်စွမ်းရှိနေခြင်းကပင် သူမသည် အခြားသူများထက် အဆပေါင်းများစွာ သာလွန်နေကြောင်း သက်သေပြနေ၏။
စကားပြောသံများနှင့် ရယ်မောသံများက အတော်လေးကျယ်လောင်နေသော်လည်း ထိုအသံများကိုကြားလိုက်ရချိန်တွင် ချောင်နန်ဖုန်းမှာ အကြောင်းပြချက်မရှိဘဲ စိတ်သက်သာရာရသွားခဲ့သည်။
သူမက မိမိကိုယ်ကိုယုံကြည်မှုများ ပြန်လည်သွင်းယူရင်း နှစ်သိမ့်လိုက်သည်။
“သူ သေချာပေါက် လက်လျှော့လိုက်ပြီ ဖြစ်ရမယ်”
ထိုကဲ့သို့သော အခြေအနေမျိုးဖြင့် သူမကို နိုင်မည်ဟုတွေးထင်နေပါက အိပ်မက်မက်နေခြင်းသာဖြစ်လိမ့်မည်။ ခဏနေ၍ ပြိုင်ပွဲစတင်သည်နှင့် တစ်ပြိုင်နက် လုရှီမန်ကို အစကတည်းက အပြတ်အသတ်အနိုင်ယူပြီး သူမ၏အစစ်အမှန်စွမ်းရည်များကို လူတိုင်းအားပြသလိုက်မည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် အချိန်ကျရောက်လာခဲ့ပြီဖြစ်သည်။ ချောင်နန်ဖုန်းသည် ယုံကြည်မှုအပြည့်ဖြင့် သူမ၏ကုချင်းကို ကိုင်ဆောင်ထားသည်။
သူမ အခန်းထဲသို့ ဝင်လာသည်နှင့် သက်တောင့်သက်သာရှိနေသော လုရှီမန်ကိုမြင်လိုက်ရသည်။ သူမမျက်ဝန်းများထဲတွင် မထီမဲ့မြင်ပြုသော အရိပ်အယောင်များဖြတ်ပြေးသွားခဲ့ပြီး ‘ဒီလိုလူမျိုးက ငါ့ကို ဘယ်လိုလုပ် ယှဉ်ပြိုင်နိုင်မှာလဲ’ဟု တွေးလိုက်မိ၏။
သူမ ခေါင်းကိုမော့ကာ အဖွဲ့ခေါင်းဆောင်လျန်ကို ကြည့်လိုက်သည်။
သူမက ယုံကြည်မှုအပြည့်ဖြင့် ကြေညာလိုက်သည်။
“အဖွဲ့ခေါင်းဆောင်လျန်၊ ကျွန်မ အဆင်သင့်ဖြစ်ပါပြီ”
လုရှီမန်ကလည်း စကားပြောနေခြင်းကို ရပ်တန့်လိုက်၏။ သူမက မရှိသော ဖုန်မှုန့်များကိုခါထုတ်ဟန်ပြုလိုက်ပြီး နေရာမှထရပ်လိုက်သည်။
လုရှီမန် တည်ငြိမ်စွာတုံ့ပြန်လိုက်သည်။
“ကျွန်မလည်း အဆင်သင့်ဖြစ်ပါပြီ”
အဖွဲ့ခေါင်းဆောင်လျန် ခေါင်းညိတ်ကာ အမိန့်ပေးလိုက်၏။
“ဒါဆိုရင်လည်း စကြတာပေါ့”
လုရှီမန် သူမကို မည်ကဲ့သို့သောအံ့သြစရာများပေးစွမ်းနိုင်မည်ကို သူမကိုယ်တိုင်လည်း သိချင်နေမိသည်။
လုရှီမန်က သူမတယောကိုမြှောက်ကိုင်လိုက်ချိန်တွင် ချောင်နန်ဖုန်းကလည်း နေရာတွင်ထိုင်လိုက်သည်။ နှစ်ဦးလုံးက စတင်ရန် အသင့်အနေအထားဖြစ်နေပြီး တင်းမာနေသောလေထုကြောင့် ဟော်စီစီပင်လျှင် တံတွေးကိုခက်ခက်ခဲခဲ မျိုချလိုက်မိ၏။
ချောင်နန်ဖုန်းက စည်းချက်ကို ဦးဆောင်ကာ ပထမဆုံးစတင်တီးခတ်လိုက်သည်။
တေးသွားက ပုံမှန်အရှိန်ဖြင့်စတင်ခဲ့ပြီး လုရှီမန်ကလည်း အလျင်စလိုမရှိဘဲ နောက်မှလိုက်ပါတီးခတ်ခဲ့သည်။ တယောနှင့် ကုချင်းတို့၏ရောယှက်နေသောအသံများမှာ အလွန်ပင် လိုက်ဖက်ညီပြီး သာယာနာပျော်ဖွယ်ကောင်းလှသည်။
စက္ကန့်အနည်းငယ်ကြာပြီးနောက် ချောင်နန်ဖုန်းက လုရှီမန်ကိုရန်လိုသော အကြည့်ဖြင့်ကြည့်လိုက်ပြီး သူမ၏အောင်နိုင်လိုသော ရည်မှန်းချက်များက လက်ချောင်းများ၏အလျင်ကို ပိုမိုမြန်ဆန်စေကာ ကြိုးများပေါ်တွင် လျင်မြန်စွာရွေ့လျားသွားခဲ့၏။ လုရှီမန် မျက်ခုံးတစ်ဖက်ပင့်လိုက်သည်။
‘သူက အရှိန်တင်ဖို့ကြိုးစားနေတာလား'
ချောင်နန်ဖုန်းတစ်ယောက် လုရှီမန်၏စွမ်းရည်များကို အထင်သေးမိသွားပုံရသည်။