အခန်း ၈၄
Vol. 9 Ch. 84
84
မြန်မြန်တီးခတ်နိုင်စွမ်းရှိသူမှာ သူမတစ်ယောက်တည်းမဟုတ်ပေ။ ဤကဲ့သို့သော မူကြိုအဆင့်လောက်က လုရှီမန်အတွက် လုံးဝခက်ခဲမှုမရှိချေ။
သူမလက်ချောင်းလေးများက တယောကြိုးများထက်တွင် လေပြေလို လျင်မြန်စွာကခုန်နေပြီး လုရှီမန်၏စည်းချက်ကလည်း နောက်မှလိုက်ပါလာကာ ပို၍ပင်မြန်ဆန်လာခဲ့သည်။
သူတို့နှစ်ဦးတစ်လှည့်စီ အပြိုင်အဆိုင် တီးခတ်နေကြချိန်တွင် ပတ်ဝန်းကျင်ရှိ လူအားလုံးမှာ အသက်ရှူရန်ပင် မေ့လျော့နေကြပြီး သူတို့မျက်ဝန်းများမှာ ထိုနှစ်ဦးကြားတွင် အဆက်မပြတ် ရွေ့လျားနေခဲ့သည်။ ကိုယ်ပိုင်ဟန်ဖြင့် ချက်ချင်းပေါင်းစပ်ဖန်တီးရခြင်းကပင် လူတစ်ယောက်၏ကျွမ်းကျင်မှုကို အလုံအလောက် စမ်းသပ်နိုင်ပြီဖြစ်ရာ ဤကဲ့သို့ပြင်းထန်သော အရှိန်အဟုန်ဖြင့် တီးခတ်နေခြင်းက မည်မျှခက်ခဲမည်ကို ဆိုဖွယ်ရာပင်မရှိတော့ချေ။
လုရှီမန်က တီးခတ်ဟန်ကိုပြောင်းလဲလိုက်ရာ ဂီတပုံစံမှာ ပိုစိတ်လှုပ်ရှားဖွယ်ကောင်းလာသော်လည်း သူမအရှိန်မှာ အနည်းငယ်မျှပင် လျော့ကျမသွားခဲ့ပေ။ တယောသံမှာ မြန်ဆန်မှုကြောင့် ခြောက်ကပ်သွားခြင်းမရှိဘဲ ထက်မြက်စူးရှသော အရိပ်အယောင်များကိုပင် ဖော်ပြနေသေးသည်။
ကုချင်းအသံမှာ သဘာဝအရ ပို၍လွှမ်းမိုးနိုင်စွမ်းရှိသော်လည်း တယောသံမှာမူ ပိုကြည်လင်ပြတ်သားနေပြီး တေးသွားကို ပိုမိုပြည့်စုံသွားစေရန် အဆုံးသတ်တွင် ခံစားမှုအပြည့်ပါဝင်သော အလှဆင်သံစဉ်များကိုပင် ထည့်သွင်းပေးထားသေးသည်။
ချောင်နန်ဖုန်း မျက်မှောင်များအားပြင်းပြင်းထန်ထန်ကြုတ်ထားမိပြီး သူမရင်ခုန်သံများမှာ တစ်စထက်တစ်စမြန်ဆန်လာခဲ့၏။ လုရှီမန်၏တိုက်စစ်ဆင်မှုက အလွန်ပင်ကြမ်းတမ်းလွန်းလှသည်။ သူမအနေဖြင့် စည်းချက်ကို ပြန်လည်ထိန်းချုပ်ရန် လိုအပ်နေသော်လည်း လမ်းလွဲသွားသော အရှိန်အဟုန်ကို ပြန်လည်ဆွဲယူနိုင်စွမ်း မရှိတော့ချေ။
လွှမ်းမိုးနိုင်စွမ်းရှိသော ကုချင်းပင်လျှင် အားနည်းသောအနေအထားတွင်သာ ဆက်လက်ရပ်တည်နေရတော့သည်။
သူမ၏အောင်မြင်လိုသော ရည်မှန်းချက်များမှာ တဖြည်းဖြည်း ပြိုလဲစပြုလာသည်။
လုရှီမန်၏အကြည့်များက စူးရှတည်ငြိမ်နေပြီး သူမကိုယ်လုံးလေးမှာ တီးခတ်မှုနှင့်အတူ ညင်သာစွာယိမ်းနွဲ့နေ၏။
သူမက စည်းချက်ကိုအပြည့်အဝ ထိန်းချုပ်ထားနိုင်သော်လည်း အရှိန်လျှော့ချရန် မည်သည့်ရည်ရွယ်ချက်မျှ ရှိမနေခဲ့ပေ။
တေးသွား၏အရှိန်အဟုန်မှာ ပိုမြန်ဆန်လာသော်လည်း လုရှီမန်မှာမူ တည်ငြိမ်အေးဆေးနေပြီး မိမိကိုယ်ကိုယုံကြည်မှု အပြည့်အဝရှိနေသည်။
ချောင်နန်ဖုန်း၏နဖူးပြင်ထက်တွင် ချွေးသီးချွေးပေါက်ကလေးများ ပေါ်ထွက်လာခဲ့သည်။ ဤကဲ့သို့မြန်ဆန်လှသော အရှိန်အဟုန်က လူတစ်ယောက်၏အခြေခံအုတ်မြစ်ကို အမှန်တကယ် စမ်းသပ်နေခြင်းပင်။
သူမ၏အနိုင်ယူလိုသော ကြိုးပမ်းမှုက လုရှီမန်၏ဟန့်တားခြင်းကို ခံလိုက်ရမည်ဟု မည်သူထင်မှတ်ထားခဲ့မည်နည်း။
လုရှီမန်၏ဂီတသံစဉ်များက တစ်လှမ်းချင်းစီ ဖိအားပေးခြိမ်းခြောက်လာခဲ့သည်။
ချောင်နန်ဖုန်းမှာ ပိုထိတ်လန့်စိုးရိမ်လာပြီး သူမလှုပ်ရှားမှုများမှာလည်း တောင့်တင်းခက်ထန်လာခဲ့သည်။ သူမ အမှန်တကယ်ပင် ကတုန်ကယင်ဖြစ်နေခဲ့ပြီဖြစ်၏။
လုရှီမန် မျက်ခုံးတစ်ဖက်ပင့်လိုက်သည်။ အခြေအနေက ဤသို့ဖြစ်လာသည်ဖြစ်ရာ သူမဘက်ကလည်း ညှာတာနေမည် မဟုတ်တော့ပေ။ သူမ၏တီးခတ်မှုအရှိန်မှာ ထပ်မံမြင့်တက်သွားခဲ့သည်။
ကုချင်းအသံမှာ အလောတကြီးဖြစ်နေပြီး သံစဉ်များမှာလည်း ရောထွေးသွားခဲ့သည်။ ချောင်နန်ဖုန်းမှာ ပိုတင်းမာလာပြီး ထိတ်လန့်လာသည်နှင့်အမျှ အမှားများလည်း ပိုလုပ်မိလာတော့၏။
*ဖြောက်*
စူးရှရှအသံကြီးထွက်ပေါ်လာပြီး ကုချင်းကြိုးတစ်ချောင်း ပြတ်တောက်သွားခဲ့သည်။ ပြတ်ထွက်သွားသော ကြိုးလေးမှာ သူမနှလုံးသားကဲ့သို့ပင် အားပျော့စွာတွဲလောင်းကျနေခဲ့သည်။
သူမမျက်နှာမှာ သွေးဆုတ်သွားသကဲ့သို့ ဖြူလျော့သွားပြီး မျက်ဝန်းများထဲတွင် မယုံကြည်နိုင်မှုများ အပြည့်အဝနေရာယူထား၏။
အဖွဲ့ခေါင်းဆောင်လျန် သက်ပြင်းချလိုက်မိသည်။ လုရှီမန်သာမရှိခဲ့လျှင် ချောင်နန်ဖုန်းမှာ လုံလောက်အောင် ထူးချွန်ပြောင်မြောက်သူတစ်ဦးဖြစ်ပေမည်။ သို့သော် လုရှီမန်နှင့်ယှဉ်လိုက်သောအခါ သူမ၏တောက်ပမှုများမှာ လုံးဝဖုံးလွှမ်းခံလိုက်ရပြီး မည်သည့်အရာမျှ ချီးကျူးစရာမရှိတော့ချေ။
တစ်ဖက်လူမှာ ပြိုလဲလုနီးပါးအခြေအနေသို့ ရောက်ရှိသွားသည်ကို မြင်လိုက်ရသောအခါ လုရှီမန်၏နှုတ်ခမ်းထောင့်များက အပြုံးရေးရေးလေးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။
သူမကတေးသွားပြီးဆုံးသည်အထိ တည်ငြိမ်စွာ ဆက်လက်တီးခတ်နေပြီးနောက် ရပ်တန့်ကာ ပရိသတ်ကိုလှပကျော့ရှင်းစွာ ဦးညွှတ်အရိုအသေပေးလိုက်သည်။
ဟော်စီစီက ပထမဆုံးလက်ခုပ်တီးလိုက်ပြီး အခြားသူများကလည်း ချက်ချင်းပင် လက်ခုပ်တီးကြ၏။
မိုးခြိမ်းသံပမာ ကျယ်လောင်လှသော လက်ခုပ်သံများကြောင့် လုရှီမန်၏ပါးပြင်လေးများပင် အနည်းငယ်နီမြန်းသွားခဲ့သည်။
“ရှီမန် ရှင် တကယ်ကိုအရမ်းတော်တာပဲ”
ချောင်နန်ဖုန်းမှာ ကြိုးပြတ်နေသော ကုချင်းကို လက်ဖြင့်တင်းတင်းဆုပ်ကိုင်ထားရင်း နေရာတွင်ပင်အေးခဲသွားသကဲ့သို့ရပ်တန့်နေပြီး သူမမျက်နှာမှာလည်း ဖြူရော်နေခဲ့သည်။
သူမ လုံးဝကိုအပြတ်အသတ်ရှုံးနိမ့်သွားခဲ့ပြီဖြစ်၏။ သူမ ခါးသီးစွာရယ်မောလိုက်သည်။ ယခင်က သူမတွင် ဆင်ခြေအမျိုးမျိုးရှိကောင်းရှိနိုင်သော်လည်း ယခု ဤပြိုင်ပွဲအပြီးတွင်မူ ခေါင်းပင်မမော့ရဲလောက်အောင် သူမ ဆိုးဆိုးရွားရွားရှုံးနိမ့်သွားခဲ့ပြီဖြစ်သည်။ အောင်မြင်ကျော်ကြားလိုသော သူမရည်မှန်းချက်များမှာလည်း တစ်စစီကြေမွသွားခဲ့ပြီဖြစ်သည်။
လုရှီမန် မျက်ခုံးတစ်ဖက်ပင့်ကာ ပြတ်ပြတ်ပြတ်သားသားမေးလိုက်သည်။ သူမက စိန်ခေါ်ရဲသည်ဖြစ်ရာ အကျိုးဆက်များကိုလည်း ခံယူရမည်ဖြစ်သည်။ အရွယ်ရောက်ပြီးသူတစ်ယောက်အနေဖြင့် မိမိစကားနှင့် လုပ်ရပ်များအတွက် တာဝန်ယူနိုင်ရမည်ဖြစ်သည်။
“အရှုံးကို လက်ခံပြီလား”
ချောင်နန်ဖုန်း၏အပြုံးများမှာ ပိုခါးသီးလာပြီး မျက်ဝန်းများထဲတွင် မျှော်လင့်ချက်ကင်းမဲ့သွားသော အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။
“ကျွန်မ ရှုံးတာကိုလက်ခံပါတယ်”
မာနများခဝါချကာ အရှုံးပေးသွားသော သူမကိုမြင်လိုက်ရချိန်တွင် လုရှီမန် ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ ရှုံးနိမ့်မှုကို ရိုးသားစွာလက်ခံပြီး မျက်ဝန်းများထဲတွင် ကလဲ့စားချေလိုသောအတွေးများမရှိတော့ခြင်းကမဆိုးလှဟု သူမ မှတ်ယူလိုက်သည်။ လုရှီမန် ခေါင်းငိုက်စိုက်ကျနေသော ချောင်နန်ဖုန်းကိုကြည့်ကာ ပြောလိုက်သည်။
“ရှင့်ကို တစ်ခုပြောပြမယ်၊ ကျွန်မက ဘာလို့ နည်းနည်းလေးတောင်မထိတ်လန့်ခဲ့ရတာလဲဆိုတာ ရှင်သိလား”
ချောင်နန်ဖုန်း မော့ကြည့်လာပြီး ခေါင်းရမ်းပြလိုက်၏။ အကယ်၍ သူမသာဆိုလျှင် ယခုလိုမျိုးသေမတတ်ထိတ်လန့်နေမိမည်မှာ သေချာသည်။
‘သူက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် သက်တောင့်သက်သာဖြစ်နေရတာလဲ’
သူမက လုရှီမန်ကိုသိချင်စိတ်ပြင်းပြစွာကြည့်လိုက်ပြီး အခြားသူများကလည်း အာရုံစိုက်လာကြသည်။
လုရှီမန်က ချောင်နန်ဖုန်းကို အကဲခတ်ကြည့်လိုက်သည်။ ရှုံးနိမ့်မှုကို ဂုဏ်သိက္ခာရှိရှိလက်ခံနိုင်ခြင်းက ကောင်းမွန်သော အကျင့်စရိုက်တစ်ခုပင်။
“ဘာလို့လဲဆိုတော့ ကျွန်မက ရှင့်တို့ရဲ့ ယဉ်ကျေးမှုကပွဲအဖွဲ့ထဲကိုဝင်ဖို့ တစ်ခါမှမရည်ရွယ်ခဲ့လို့ပဲ၊ ဒီအဖွဲ့ကို နည်းနည်းလေးတောင်ဂရုမစိုက်တဲ့အတွက် အနိုင်အရှုံးဆိုတာကရော အရေးပါသေးလို့လား၊ ကျွန်မက အေးအေးဆေးဆေး နေချင်ရုံသက်သက်ပါ၊ ကျွန်မကို အဖွဲ့ထဲဝင်ဖို့ လာမဆွယ်ကြပါနဲ့၊ ရှင်ကတော့....တစ်ကိုယ်တော် ဖျော်ဖြေရေးအတွက်တော့ ရှင့်အဖွဲ့ခေါင်းဆောင်ကိုပဲ သွားမေးလိုက်ပါ၊ အဖွဲ့ခေါင်းဆောင်က သဘောတူတယ်ဆိုရင်လည်း သွားပြီးဖျော်ဖြေလိုက်ပေါ့”
သူမက အကြောင်းပြချက်မရှိဘဲ ပြဿနာရှာတတ်သူမဟုတ်သလို ဤကိစ္စမှာလည်း သူတို့အဖွဲ့၏အတွင်းရေးကိစ္စသာဖြစ်သည်။ အကယ်၍ သူမက ဝင်ရောက်စွက်ဖက်ချင်လျှင်ပင် သင့်တော်မည်မဟုတ်ပေ။
ချောင်နန်ဖုန်း ခေါင်းရမ်းလိုက်ပြီး မိမိ၏မှားယွင်းသောအတွေးများကို ဝန်ခံလိုက်သည်။
သူမ၏စိတ်နေသဘောထားက အမှန်တကယ်ပင်မှားယွင်းနေခဲ့ပြီး အရာအားလုံးက သူမအမှားသာဖြစ်သည်။
“ကျွန်မရှုံးတာကို လက်ခံပါတယ်၊ အရန်နေရာကနေ ဖျော်ဖြေရတာလည်းမဆိုးပါဘူး”
သူမစကားများကြောင့် အဖွဲ့ခေါင်းဆောင်လျန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ ကိုယ့်အမှားကို မြင်တွေ့သွားခြင်းက ကောင်းမွန်သောအရာပင်။ ချောင်နန်ဖုန်းကလည်း ရန်စခြင်းများကို ရပ်တန့်လိုက်သည်။
သူတို့စကားပြောဆိုနေကြရင်းဖြင့် လေထုမှာ ပိုမိုသဟဇာတဖြစ်လာခဲ့သည်။ ကွတ်ကီးမုန့်များစားကာ လက်ဖက်ရည်သောက်ရင်း သူတို့အကြားတွင် နက်ရှိုင်းသောသံယောဇဉ်ကြိုးများ တည်ဆောက်နိုင်ခဲ့ကြ၏။
ယဉ်ကျေးမှုကပွဲအဖွဲ့တွင် အခမဲ့အစားအသောက်များကို အားပါးတရ စားသောက်ပြီးနောက် စကားအနည်းငယ် ထပ်ပြောကြကာ နောက်ဆုံးတွင် လုရှီမန်ကိုမလွှတ်ချင်ဘဲ လွှတ်ပေးလိုက်ကြတော့သည်။
တစ်နေကုန် အပြင်တွင်လည်ပတ်ဆော့ကစားပြီးနောက် လုရှီမန်သည် အိမ်သို့ပြန်ကာအနားယူနေခဲ့၏။ ညနေခင်းတွင် စုန့်ကျီပိုင်ပြန်ရောက်လာသောအခါ သူက လုရှီမန်ကို ညည်းတွားလိုသောအရိပ်အယောင်များ ပါဝင်နေသည့်အကြည့်များဖြင့် ကြည့်လိုက်သည်။
“မွန်းတည့်ချိန်တုန်းက ဘာလို့အိမ်မပြန်လာတာလဲ”
သူက သူမကိုအချိန်အကြာကြီး စောင့်နေခဲ့ရသည်။