← Chapters

အခန်း ၈၅

Vol. 9 Ch. 85

အခန်း ၈၅

Vol. 9 Ch. 85

85

လုရှီမန်၏ဦးရေပြားမှာ ကျင်တက်သွားရသည်။ သူမ စကားပြောကောင်းနေသဖြင့် အချိန်ကုန်သွားသည်ကိုပင် သတိမထားမိခဲ့ချေ။ စုန့်ကျီပိုင်တစ်ယောက် အိမ်တွင် သူမကိုထိုင်စောင့်နေလိမ့်မည်ဟု မည်သူထင်မှတ်ထားခဲ့မည်နည်း။

ဤကိစ္စအတွက် သူမကိုအပြစ်တင်၍ မရနိုင်ပေ။

သူမက နှုတ်ခမ်းစူကာ အတင်းဖန်တီးထားသောအပြုံးတစ်ခုဖြင့် ရယ်မောပြလိုက်သည်။

“ကျွန်မ စီစီနဲ့အတူ ယဉ်ကျေးမှုကပွဲအဖွဲ့ဆီ အလည်သွားနေလို့ပါ၊ မွန်းတည့်ချိန်တုန်းက တစ်ခုခုများဖြစ်လို့လား”

လုရှီမန် နေရခက်စွာဖြင့် ချောင်းတစ်ချက်ဟန့်လိုက်ပြီး စုန့်ကျီပိုင်၏ မျက်ဝန်းများကို တည့်တည့်မကြည့်ရဲဘဲ အကြည့်လွှဲဖယ်သွားချိန်တွင် သူက ချိုသာသောလေသံဖြင့် တုံ့ပြန်လိုက်သည်။

“ဘာမှမဖြစ်ပါဘူး၊ ကိုယ် မင်းကိုလွမ်းနေလို့ပါ”

စုန့်ကျီပိုင်က သူမကိုစိုက်ကြည့်ရင်း ခပ်ဖွဖွသက်ပြင်းချလိုက်မိ၏။

‘ငါ တောင်းဆိုနေတာတွေက များလွန်းနေလို့လား'

သခင်မလေးဆီမှ ဂရုစိုက်ကြင်နာမှုလေးအနည်းငယ်ပိုရချင်ရုံသက်သက်သာ ဖြစ်သည်။

‘ဟော်စီစီကရော ဘာတွေကြံစည်နေတာလဲ၊ ဘာဖြစ်လို့ ငါ့ရဲ့သခင်မလေးကို လုယူဖို့ ကြိုးစားနေရတာလဲ၊ သခင်မလေးက မိန်းကလေးတစ်ယောက်လေ၊ မိန်းကလေးတစ်ယောက်ပါဆိုမှ'

ထိုသို့ပွင့်လင်းလွန်းလှသောစကားများကြောင့် လုရှီမန်၏နားရွက်ဖျားလေးများမှာ ချက်ချင်းပင်နီရဲသွားခဲ့သည်။

“ရှင် ရှင်က ဘယ်လိုလုပ်ပြီး ဒီလိုစကားမျိုးပြောထွက်ရတာလဲ”

‘ကိုယ်မင်းကို ချစ်တယ်’ ဟုတိုက်ရိုက် မပြောသော်လည်း ‘လွမ်းတယ်’ ဆိုသော စကားမှာလည်း သိပ်ပြီးကွာခြားလှသည်မဟုတ်ချေ။ နောက်ခြေတစ်လှမ်းသာ တိုးလိုက်မည်ဆိုလျှင် ‘ချစ်တယ်’ ဆိုသည့်စကားဖြစ်လာတော့မည်ဖြစ်သည်။

ယနေ့တွင် ‘လွမ်းတယ်’ဟု ပြောရဲသော သူက မနက်ဖြန်တွင် ‘ချစ်တယ်’ ဟု သေချာပေါက် ပြောလာမည်သာ ဖြစ်သည်။

စုန့်ကျီပိုင်က လုရှီမန်ကို မျက်တောင်မခတ်တမ်းစိုက်ကြည့်ကာ သူ၏နက်ရှိုင်းသော မေတ္တာတရားများကို ဖွင့်ဟပြသလိုက်၏။

“ကိုယ်က ဘယ်လိုပြောလိုက်လို့လဲ၊ ကိုယ်က သခင်မလေးကို သဘောကျလို့ သခင်မလေးကိုလွမ်းနေရုံသက်သက်ပါ”

အကယ်၍ သူသာဖွင့်မပြောခဲ့လျှင် သခင်မလေးက မည်သို့သိနိုင်မည်နည်း။ သူ၏တုံးအလှသောလုပ်ရပ်များကို အားကိုးရမည်လား သို့မဟုတ် သခင်မလေး၏အာရုံခံစားမှု အားနည်းလှသောနာ့ဗ်ကြောများကို အားကိုးရမည်လား။

သခင်မလေးကိုယ်တိုင် သဘောပေါက်လာမည့်အချိန်ကို စောင့်ဆိုင်းနေမည်ဆိုလျှင် အနည်းဆုံး တစ်နှစ်ခန့်အချိန်ယူရလိမ့်မည်ဟု သူခံစားမိသည်။ တစ်နှစ်ဆိုသောအချိန်အတွင်း အခြားသူများဆိုလျှင် ကလေးပင်မွေးဖွားနေလောက်ပြီဖြစ်သော်လည်း သူကတော့ သူမလက်လေးကိုပင် ကိုင်ခွင့်ရဦးမည်မဟုတ်ချေ။

သူက အခြားအရာများတွင်မတော်ချင်နေမည်။ သို့သော် အချစ်ရေးတွင်တော့ အလွန်ရဲရင့်သူဖြစ်သည်။

ယခုမူကား သူမနားရွက်ဖျားလေးများသာမက မျက်နှာတစ်ပြင်လုံးပါ ရှက်သွေးဖြာကာ နီရဲသွားခဲ့ပြီဖြစ်သည်။

“ရှီမန်က ကိုယ့်ရဲ့ဗိုက်ကြွက်သားတွေကို ထိကြည့်ရတာ သဘောမကျတော့ဘူးလား၊ သခင်မလေးက နေ့တိုင်း မထိချင်တော့ဘူးလား၊ ရှက်စရာမလိုဘဲ လွတ်လွတ်လပ်လပ် ထိတွေ့ခွင့်ရမယ့် အခွင့်အရေးမျိုးလေ”

သူမ တိတ်ဆိတ်နေသည်ကိုမြင်သောအခါ စုန့်ကျီပိုင် သွေးဆောင်ဖြားယောင်းသည့် နည်းလမ်းကို အသုံးပြုရန်ပြင်ဆင်လိုက်၏။ သူတို့က အမည်ခံလင်မယားများဖြစ်နေပြီဖြစ်ရာ ဤကဲ့သို့ပြုမူခြင်းက ဥပဒေနှင့်မလွတ်ကင်းစရာအကြောင်းမရှိပေ။

တမင်တကာ နှိမ့်ချထားသော သူ့အသံသြသြလေးမှာ ပို၍ပင်ဆွဲဆောင်မှုရှိနေသည်။

လုရှီမန်သည် လောကီရေးရာကိစ္စရပ်များတွင် အတွေ့အကြုံများစွာရှိသူဖြစ်သော်လည်း အချစ်ရေးနှင့်ပတ်သက်လာလျှင်မူ အဖြူရောင်စက္ကူလေးတစ်ရွက်လို အတွေ့အကြုံလုံးဝကင်းမဲ့နေသူဖြစ်သည်။

ဤကဲ့သို့ အမေးခံလိုက်ရသောအခါ သူမသွေးများ ဦးခေါင်းထဲအထိဆူပွက်တက်လာသကဲ့သို့ ခံစားလိုက်ရ၏။ ဤလောကတွင် ဤကဲ့သို့သောလူစားမျိုး ရှိနေသေးသည်လား။

စုန့်ကျီပိုင် မျက်လွှာချလိုက်ပြီး မျက်ဝန်းများထဲတွင် စိတ်ပျက်ဝမ်းနည်းသွားသော အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။

“ဒါမှမဟုတ် ရှီမန်က ကိုယ့်ကိုသဘောမကျတော့ဘူးလား”

လုရှီမန် သူမနှုတ်ခမ်းကို တင်းတင်းကိုက်ထားလိုက်၏။

‘ဒီလူက တကယ်မလွယ်ကြောပဲ’

“ကောင်းပါပြီ ကောင်းပါပြီ၊ ရှင်ပြောချင်တာ ပြောနိုင်ပါတယ်၊ လွမ်းတယ်ဆိုရင်လည်း လွမ်းတယ်ပေါ့”

မည်သို့ပင်ဖြစ်စေ သူမှလွမ်းချင်နေမှတော့လည်း သူမအနေဖြင့် မသိချင်ယောင်သာဆောင်နေလိုက်တော့မည်။

ထိုဝမ်းဗိုက်ကြွက်သားများနှင့် ပတ်သက်၍မူ အခွင့်အရေးရလျှင်ရသလို စမ်းသပ်ထိတွေ့ကြည့်မည်ဟု စိတ်ကူးလိုက်သည်။

ဤသည်မှာ သဘာဝကျသောကိစ္စရပ်တစ်ခုဟု လုရှီမန်တွေးထင်ထားသော်လည်း စုန့်ကျီပိုင်ကမူ သူမအား တုံ့ပြန်မှုမပေးဘဲ ရှောင်ထွက်သွားရန် အခွင့်အရေးပေးမည့် ရည်ရွယ်ချက်မရှိပေ။ အခွင့်အရေးကို အရယူခြင်းမှာ သူလုပ်ဆောင်သင့်သောအရာပင်။

“ဒါဆိုရင် ရှီမန်ရော ကိုယ့်ကိုလွမ်းရဲ့လား”

လုရှီမန်နှလုံးသားမှာ တစ်ချက်ခုန်သွားခဲ့သည်။

‘ဒီကောင်စုတ်လေးကတော့လေ’

အကယ်၍ လွမ်းသည်ဟုပြောလိုက်လျှင် အရမ်းကိုဟန်ဆောင်ရာကျလွန်းနေလိမ့်မည်။ အမှန်တကယ်လည်း ယနေ့တစ်နေ့လုံး သူမက စုန့်ကျီပိုင်ကို လုံးဝမေ့လျော့နေခဲ့သည်ပင်။

သို့သော် မလွမ်းဘူးဟုပြောလိုက်မည်ဆိုလျှင်လည်း စုန့်ကျီပိုင်၏အကြည့်များက သူမကို အရှင်လတ်လတ်မျိုချတော့မည့်အလား ဖြစ်နေသည်။

သူမက မိမိလိပ်ပြာကိုဆန့်ကျင်ကာ စုန့်ကျီပိုင်အား ချော့မော့ရန်တီထွင်ဖန်တီးထားသော ချိုသာသည့်စကားအချို့ ဆိုလိုက်သည်။

“လွမ်းပါတယ် လွမ်းပါတယ်၊ ကျွန်မ အလွမ်းဆုံးလူက ရှင်ပါပဲ၊ နောက်တစ်ခါ ကိစ္စတစ်ခုခုရှိရင် ရှင့်အတွက် စာလေးတစ်စောင် ထားခဲ့ပေးမယ် ဟုတ်ပြီလား”

စုန့်ကျီပိုင်က သူမကို စူးစူးရဲရဲစိုက်ကြည့်နေခဲ့၏။ လိမ်ပြောတိုင်း အလိုအလျောက် ပေါ်လာတတ်သည့် အမူအကျင့်လေးများ သူမတွင်ရှိနေသည်ကို သခင်မလေးမသိထားချေ။

သူမက အင်္ကျီစကိုချေမွဆုပ်နယ်နေပြီး မျက်လုံးများကလည်း ဟိုဟိုဒီဒီရွေ့လျားနေကာ နှာခေါင်းကိုပင်ပွတ်သပ်နေသေးသည်။ ဤကဲ့သို့သော အမူအကျင့်လေးများကို မြင်တွေ့လိုက်ရပြီးနောက် သခင်မလေး၏စကားများကို ယုံကြည်ရန် သူ့အတွက်အလွန်ပင် ခက်ခဲနေခဲ့၏။

သို့သော် သခင်မလေးက သူ့ကိုလိမ်ပြောရန်ဆန္ဒရှိနေခြင်းမှာ သူ့ကို သဘောကျနေဆဲဖြစ်သောကြောင့်ပင်။ အကယ်၍သာ သူမသာသဘောမကျပါက အဘယ်ကြောင့်များ အချိန်ကုန်ခံပြီး သူ့ကိုလိမ်ပြောနေမည်နည်း။

သခင်မလေးက အခြားသူများကို မလိမ်ညာဘဲ သူ့တစ်ယောက်တည်းကိုသာ လိမ်ညာနေခြင်းဖြစ်သည်။ သေချာပေါက် သူ့ကိုသဘောကျနေခြင်းကြောင့်သာ ဖြစ်ရမည်။

ဤမျှတိုတောင်းလှသော အချိန်လေးအတွင်းမှာပင် စုန့်ကျီပိုင်တစ်ယောက် မိမိကိုယ်ကိုယ် အောင်မြင်စွာဖျောင်းဖျနိုင်သွားပြီဖြစ်ကြောင်း လုရှီမန်လုံးဝသိမနေခဲ့ပေ။ စုန့်ကျီပိုင်က ခေါင်းညိတ်ကာ တောင်းဆိုလိုက်သည်။

“လက်သန်းချိတ် ကတိပေး”

လုရှီမန် သူ့ကိုတစ်ချက်စောင်းကြည့်လိုက်၏။

“ပျင်းစရာကောင်းလိုက်တာ”

ပျင်းစရာကောင်းသည်ဟု ပါးစပ်မှ ပြောနေသော်လည်း စုန့်ကျီပိုင်အား စိတ်တိုင်းကျလိုက်လျောပေးရန် သူမ ဆုံးဖြတ်လိုက်သည်။

သို့မှမဟုတ်လျှင် ယနေ့ည သူမ သေချာပေါက် အေးချမ်းစွာအိပ်စက်ရမည်မဟုတ်ချေ။ လက်သန်းချိတ် ကတိပေးပြီးနောက်တွင်တော့ စုန့်ကျီပိုင်သည် ကျေနပ်အားရစွာဖြင့် ညစာချက်ပြုတ်ရန် မီးဖိုချောင်ထဲသို့ဝင်သွားတော့သည်။

ယဉ်ကျေးမှုကပွဲအဖွဲ့သို့ ဝင်ရောက်မည်မဟုတ်ကြောင်း လုရှီမန် အကြိမ်ကြိမ် အလေးအနက်ပြောကြားထားသော်လည်း ဟော်စီစီကမူ ရက်အနည်းငယ်ခြားတစ်ခါ ပုံမှန်လိုလို သူမကို အလည်လာရန် ဖိတ်ခေါ်နေဆဲဖြစ်သည်။

မွန်းတည့်ချိန်တွင် လုရှီမန်အိမ်၌မရှိတိုင်း ဟော်စီစီဆိုသောမြေခွေးမလေး၏မြှူဆွယ်ခေါ်ဆောင်သွားခြင်းကိုခံလိုက်ရပြီဖြစ်ကြောင်း စုန့်ကျီပိုင်အနေဖြင့် စဉ်းစားနေစရာပင်မလိုတော့ချေ။

အေးစက်နေသောမီးဖိုကိုကြည့်ရင်း သူ့မျက်ဝန်းများထဲတွင် တစ်စုံတစ်ခုကို ကြံစည်တွက်ချက်နေသော အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။

ဟော်စီစီမှာ ရည်းစားမရှိသေးသောကြောင့် သူ့ချစ်သူကို အမြဲတမ်း လာလုနေခြင်းဖြစ်ရမည်ဟု သူမှတ်ယူလိုက်သည်။

ညနေခင်းတွင် လုရှီမန်ကိုပြန်တွေ့ရချိန်၌ သူကအရေးမကြီးသည့်ကိစ္စတစ်ခုပမာ ဟန်ဆောင်ကာမေးမြန်းလိုက်၏။

“စကားမစပ် ရဲဘော်ဟော်မှာ အခုထိ ရည်းစားမရှိသေးဘူးမလား၊ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျိုးဟောင်ယီနဲ့ ရှောင်ထောင်းတို့မှာလည်း ရည်းစားမရှိကြသေးဘူး၊ သူတို့အတွက် အုပ်စုလိုက် ချိန်းတွေ့ပွဲလေးတစ်ခုလောက် စီစဉ်ပေးလိုက်ရင် မကောင်းဘူးလား၊ သူတို့အချင်းချင်း အဆင်ပြေချင်လည်း ပြေသွားနိုင်တာပဲလေ၊ အဲဒီနှစ်ယောက်က အခုဆိုရင် ဒုတိယတပ်ရင်းမှူးတွေတောင်ဖြစ်နေပြီဆိုတော့ အရည်အချင်းရှိတဲ့ လူငယ်လေးတွေလို့ ပြောလို့ရတယ်၊ ရဲဘော်ဟော်လည်း သူတို့ကို သဘောကျမယ်လို့ ကိုယ်ယုံတယ်”

သူတို့နှစ်ဦးလုံးမှာ အသက်အရွယ်လည်း သိပ်မကြီးကြသေးသဖြင့် ဟော်စီစီနှင့် လိုက်ဖက်ညီသောစုံတွဲများ ဖြစ်လာနိုင်ပေသည်။ အကယ်၍ ဟော်စီစီက သူတို့နှစ်ဦးထဲမှတစ်ဦးဦးကို သဘောကျသွားမည်ဆိုလျှင် အကောင်းဆုံးပင်။ ထိုသို့ဆိုလျှင် သူမက ရှီမန်ကိုလာရောက်လုယူတော့မည်မဟုတ်ချေ။ လုရှီမန် မျက်မှောင်အသာကြုတ်လိုက်သည်။

“အဲဒါက သိပ်မကောင်းဘူးထင်တယ်နော်၊ စီစီက အခုလောလောဆယ် အလုပ်ကိုပဲ အာရုံစိုက်ချင်တယ်လို့ ကျွန်မကို ပြောထားတယ်၊ ရှင့်ရဲ့ ညီအစ်ကိုတွေကို အဲဒီအတွေးတွေ ဖျောက်ပစ်လိုက်ဖို့နဲ့ သူ့ကို သွားမနှောင့်ယှက်ဖို့ပြောလိုက်ပါ”

စုန့်ကျီပိုင် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။

‘သူမက အလုပ်ကို အာရုံစိုက်နေတာတဲ့လား'

“ကောင်းပြီလေ၊ အဲဒီနှစ်ယောက် ကံမပါတာကိုကနှမြောစရာပဲ၊ စနေ တနင်္ဂနွေပိတ်ရက်တောင် ရောက်တော့မယ်၊ ဒီပိတ်ရက်ကျရင် ကိုယ်တို့နှစ်ယောက် ပင်လယ်ကမ်းစပ်ဘက် လမ်းလျှောက်ထွက်ကြမလား”

ပင်လယ်ကမ်းစပ်တွင် အတူတူလမ်းလျှောက်ရင်း နေဝင်ဆည်းဆာကို အတူကြည့်ရှုရခြင်းက အလွန်ပင်ရိုမန်တစ်ဆန်ပြီး သာယာဖွယ်ကောင်းလှပေ၏။

လုရှီမန်၏လှုပ်ရှားနေသော လက်များမှာ ရပ်တန့်သွားခဲ့သည်။ သူမက စုန့်ကျီပိုင်ကို အနည်းငယ်အနေခက်သော အမူအရာဖြင့် ကြည့်လိုက်၏။

“ဒါပေမဲ့ ကျွန်မဒီပိတ်ရက်အတွက် စီစီနဲ့ ချိန်းထားပြီးပြီ၊ နောက်အပတ်ပိတ်ရက်ကျရင်တော့ ရှင်နဲ့အတူသေချာပေါက်အချိန်ဖြုန်းပါ့မယ် ဟုတ်ပြီလား”

All Chapters