← Chapters

အခန်း ၈၇

Vol. 9 Ch. 87

အခန်း ၈၇

Vol. 9 Ch. 87

87

သူမယုံကြည်နိုင်စွာဖြင့် မျက်လုံးများကို ပွတ်သပ်လိုက်သော်လည်း နောက်တစ်စက္ကန့်တွင်မူ စုန့်ကျီပိုင်နှင့် လုရှီမန်တို့မှာလူအုပ်ကြီးထဲတွင် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ ဈေးသည်မှာ ဒေါသတကြီးရေရွတ်လိုက်၏။

“ကျစ် ငါ ဘယ်လိုဖြစ်လို့တစ်လှမ်းနောက်ကျသွားရတာလဲ”

သူက နောက်မှပြေးလိုက်သွားသော်လည်း ရုပ်ရှင်ကြည့်သူများ များပြားလွန်းလှပြီး လူအဝင်အထွက်များပြားလှကာ အမှောင်ထုကြောင့် ရှင်းရှင်းလင်းလင်းမမြင်ရတော့ချေ။

သူက ယူကျုံးမရဖြစ်စွာဖြင့်အော်ဟစ်လိုက်သည်။

“ငါ့ရဲ့တစ်ယွမ်တန်လေး ထပ်ပျောက်သွားပြန်ပြီ”

တစ်စုံတစ်ယောက်က သူမကိုရှာနေလိမ့်မည်ဟု လုရှီမန် လုံးဝထင်မှတ်မထားခဲ့ချေ။ ရေခဲချောင်းစားပြီးနောက် သူမက ကလေးငယ်များကစားနေသောနေရာသို့ စုန့်ကျီပိုင်ကိုဆွဲခေါ်သွားခဲ့သည်။

ဤခေတ်ကာလရှိ ကလေးငယ်များတွင် ဆော့ကစားရန် နည်းလမ်းပေါင်းများစွာ ရှိနေသည်။ ငွေကြေးများများစားစားမကုန်ကျသော်လည်း လုရှီမန်တစ်ခါမှမမြင်ဖူးခဲ့သော ကစားနည်းများဖြစ်၏။

လုရှီမန် အံ့သြတကြီးငေးကြည့်ရင်း မှတ်ချက်ချလိုက်သည်။

“သူတို့ခုန်တာ တော်တော်ကောင်းတာပဲ”

တပ်တွင်းအိမ်ရာရှိ ကလေးများလည်း ဤကစားနည်းများကို ကစားကြသော်လည်း သူမကကွင်းပြင်ငယ်လေးဆီသို့သိပ်မသွားဖြစ်ခဲ့သဖြင့် သေချာမကြည့်ဖြစ်ခဲ့ချေ။

ကြက်ခြေခတ်ခုန်တမ်းကစားနည်း အများအပြားရှိပြီး အားလုံးက စိတ်အားထက်သန်စွာ ခုန်ပေါက်နေကြသည်။

မလှမ်းမကမ်းတွင် အခြားကလေးများက ကြိုးခုန်ခြင်းနှင့် ကြိုးကွင်းကစားခြင်းများကို ပြုလုပ်နေကြသည်။ ကျောက်စရစ်ခဲလေးများဖြင့် ကစားနေသူများလည်းရှိ၏။

သာမန်အရုပ်လေးများကိုပင် နည်းလမ်းအသစ်များဖြင့် ဖန်တီးကစားနေကြရာ လုရှီမန်၏အာရုံကို ဖမ်းစားထားနိုင်ခဲ့သည်။ စုန့်ကျီပိုင် အသာမေးလိုက်သည်။

“မင်းရော ကစားချင်လို့လား”

လုရှီမန် ခေါင်းရမ်းပြကာ သူမရေခဲချောင်းကို တစ်ကိုက်တည်းဖြင့် အပြီးဖြတ်လိုက်၏။

“မကစားချင်ပါဘူး၊ ဒါပေမဲ့ နောက်တစ်ချောင်းတော့ စားချင်သေးတယ်”

ဤကဲ့သို့သောရာသီဥတုတွင် ရေခဲချောင်းစားရခြင်းမှာ အမှန်တကယ်ပင်လန်းဆန်းစေသည်။ နောက်တစ်ချောင်းသာထပ်စားရမည်ဆိုလျှင် ပိုကောင်းပေလိမ့်မည်။

စုန့်ကျီပိုင်မှာ ခေတ္တမျှရပ်တန့်သွားပြီးနောက် ဆိုလိုက်သည်။

“ရေခဲချောင်းသည်က အကုန်ရောင်းကုန်သွားပြီလေ၊ ရော့ တကယ်လို့ မင်း စိတ်မဆိုးဘူးဆိုရင်ပေါ့”

စုန့်ကျီပိုင် နှစ်ကိုက်ခန့်ကိုက်စားထားပြီးဖြစ်သော သူ့လက်ထဲမှ ရေခဲချောင်းကို သူမထံသို့ကမ်းပေးလိုက်သည်။

လုရှီမန်မှာ သူ့စကားကြောင့် မှင်သက်သွားပြီးနောက် ခေါင်းရမ်းလိုက်၏။

“ရှင်ပဲစားလိုက်ပါ”

ဤလုပ်ရပ်က အနည်းငယ်မရှင်းမလင်းဖြစ်နေသလို ခံစားရသည်။ ရေခဲချောင်းတစ်ချောင်းတည်းကို အတူတူ မျှဝေစားသောက်ခြင်းမှာ သိပ်ပြီး မသင့်တော်လှပေ။ စုန့်ကျီပိုင်ဘက်မှ ဆန္ဒရှိနေလျှင်ပင် သူမဘက်ကမဝံ့ရဲချေ။

အကယ်၍ သူမသာစားလိုက်မည်ဆိုလျှင် ၎င်းက သွယ်ဝိုက်သောအနမ်းတစ်ခုဖြစ်သွားနိုင်၏။ သူတို့နှစ်ဦး သေချာပေါက် လက်ချင်းတွဲဖူးသည်မှာ နှစ်ကြိမ်ပင်မပြည့်သေးချေ။

သွယ်ဝိုက်သောအနမ်းဆီသို့ တိုက်ရိုက်ခုန်ကူးသွားခြင်းက အနည်းငယ်တော့ ရဲတင်းလွန်းရာကျနေပေသည်။ စုန်းကျီပိုင်နှင့်အတူ ဤစိတ်ခံစားမှုကစားပွဲလေးကိုကစားရန် သူမဘက်ကဆန္ဒရှိနေသော်လည်း ဤမျှလောက် ကြီးမားသောခြေလှမ်းများကို လှမ်းခွင့်ပြုမည်ဟု မဆိုလိုပေ။

သူမက မစဉ်းစားဘဲပြောဆိုတတ်သည့် အချိန်များမှလွဲ၍ ပုံမှန်အားဖြင့် ရှေးရိုးစွဲဆန်သူတစ်ဦးပင်။

လုရှီမန် လက်ခံမည်မဟုတ်ကြောင်းကို စုန့်ကျီပိုင်ကြိုတင်ခန့်မှန်းထားပြီးဖြစ်သည်။ သူက ရေခဲချောင်းကို ချက်ချင်းပင် အကိုက်အနည်းငယ်ဖြင့် အမြန်အဆုံးသတ်ပစ်လိုက်သည်။ မျက်စိရှေ့မှ ပျောက်ကွယ်သွားခြင်းက စိတ်အနှောင့်အယှက်ကင်းစေသည်ပင်။

လူတစ်ဦးက စိတ်လှုပ်ရှားစွာအော်ဟစ်လိုက်သည်။

“ဟိုမှာကြည့်၊ မျက်လှည့်နဲ့ ကျွမ်းဘားပြပွဲရှိတယ်”

လူအုပ်ကြီးကြားတွင် ရုတ်တရက် ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့သည်။ ဤကဲ့သို့သော ဖျော်ဖြေပွဲများမှာ များသောအားဖြင့် လူကြီးများ၏ခွင့်ပြုချက်လိုအပ်သဖြင့် ယခုကဲ့သို့ ရုတ်တရက်ဖျော်ဖြေနေခြင်းက အံ့သြစရာတစ်ခုပင်။

လုရှီမန်၏မျက်ဝန်းများမှာလည်း အရောင်လက်သွားခဲ့သည်။ ယနေ့ သူမ လာရောက်ခဲ့ခြင်းမှာ အမှန်တကယ်ပင် မှန်သွားခဲ့ပြီဖြစ်သည်။ ကျွမ်းဘားပြပွဲပင် ရှိနေသေး၏။

လုရှီမန် တက်ကြွစွာဖြင့် မေးလိုက်သည်။

“သွားကြည့်ကြမလား”

စည်ကားသောနေရာများကို မနှစ်သက်သည့် တရုတ်လူမျိုးဟူ၍တစ်ယောက်မျှမရှိသလို ပျင်းရိနေသော သူမအတွက်မူ ယခုကဲ့သို့လူအုပ်ကြီးကို ပို၍ပင် သဘောကျနေမိသည်။

သူမ၏တောက်ပနေသောမျက်ဝန်းများကြောင့် စုန့်ကျီပိုင်မှာ မငြင်းဆန်နိုင်တော့ပေ။ သခင်မလေးနှင့်အတူ အပြင်ထွက်လည်ခွင့်ရခြင်းကပင် သူ့ကံကောင်းမှုဖြစ်ရာ သူမည်သို့ငြင်းဆန်နိုင်မည်နည်း။

စုန့်ကျီပိုင် သဘောတူလိုက်သည်။

“ကောင်းပြီ”

သူတို့နှစ်ဦးလည်း လူအုပ်ကြီးကြားသို့ တိုးဝင်သွားခဲ့ကြသည်။ ကျွမ်းဘားဖျော်ဖြေပွဲတွင် ထိုင်နေသော အမျိုးသားတစ်ဦးက လူအုပ်ကြီးကို အကဲခတ်ကြည့်ရှုနေခဲ့၏။

သူ့အကြည့်များက တိုးကပ်လာသော လုရှီမန်အပေါ်သို့ကျရောက်သွားချိန်တွင် သူ့နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်ကွေးသွားခဲ့သည်။

ယနေ့ညအတွက် နောက်ထပ်အံ့အားသင့်စရာကြီးတစ်ခုရှိနေသေးသည်။ ဤလူနှင့် ဆုံတွေ့နိုင်မည့်အခွင့်အရေးကို မည်ကဲ့သို့ရှာဖွေရမည်နည်းဟု သူတွေးတောနေခဲ့သော်လည်း မျက်တောင်တစ်ခတ်အတွင်းမှာပင် သူမကိုမြင်တွေ့လိုက်ရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။

မိမိလူများကို ရဲရဲဝံ့ဝံ့ဒုက္ခပေးရဲသူတိုင်းတွင် လုံလောက်သောအရည်အချင်းများရှိရန်လိုအပ်သည်။ ငါးက ငါးစာကို ဟပ်လိုက်ပြီဖြစ်ရာ သွေးကိုသွေးဖြင့်သာ ပြန်ဆပ်ရမည့်အချိန်ရောက်ရှိလာပြီဖြစ်၏။

လူအုပ်ကြီးဆိုသည်မှာ အကောင်းဆုံးသော အကာအကွယ်နှင့် ဖုံးကွယ်ရာနေရာပင်။ သူ့လက်က တစ်စုံတစ်ခုကို ညင်သာစွာပွတ်သပ်လိုက်ပြီး လုရှီမန်ထံလှမ်းကြည့်လိုက်ချိန်တွင် မျက်ဝန်းများထဲ၌ ယုတ်မာသောအရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။

လူအားလုံး စုရုံးရောက်ရှိလာချိန်တွင် လုရှီမန်နှင့် စုန့်ကျီပိုင်တို့လည်း လူအုပ်ထဲသို့တိုးဝှေ့ဝင်ရောက်သွားခဲ့ကြသည်။

ထိုအမျိုးသားက လူအုပ်ကြီး၏အာရုံကို ဖမ်းစားရန် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

“မလွတ်တမ်းကြည့်ကြပါဗျို့၊ နှစ်ပေါင်းများစွာ ကျွန်တော်သင်ယူလာခဲ့တဲ့ ပညာရပ်တွေကို ထုတ်ဖော်ပြသချင်ရုံသက်သက်ပါ၊ ပိုက်ဆံမလိုပါဘူး၊ ခင်ဗျားတို့ရဲ့အားပေးမှုလေးတွေပဲ လိုအပ်တာပါ”

ထိုအမျိုးသားက ဆက်ရှင်းပြသည်။

“ကျွန်တော် သိပ်များများစားစားမသင်ခဲ့ရပါဘူး၊ အရိုးကျုံ့ပညာရပ်လောက်ပဲ.....”

ထိုသို့ပြောရင်း သူက ပီပြင်စွာစတင်ဖျော်ဖြေပြသနေတော့သည်။

လုရှီမန် မထိန်းနိုင်ဘဲအော်ဟစ်အားပေးလိုက်၏။

“ကောင်းတယ်”

သူမက စူးစိုက်ကြည့်ရှုနေစဉ် ထိုအမျိုးသားက သူမဘေးနားသို့ တိတ်တဆိတ် တိုးကပ်လာခဲ့သည်။

All Chapters