အခန်း ၈၈
Vol. 9 Ch. 88
88
လူများလေလေ သူ့စိတ်လှုပ်ရှားမှုများက ပိုပြင်းထန်လာလေလေဖြစ်ပြီး ထိန်းချုပ်မရသော စိတ်လှုပ်ရှားမှုများကြောင့် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
“ငရဲပြည်ကိုသာ သွားလိုက်တော့”
ထိုအော်သံကြောင့် လူအုပ်ကြီးမှာ ချက်ချင်းပင် ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့သည်။ မည်သူသေရမည်ဖြစ်စေကာမူ မိမိတို့တော့ အသေခံနိုင်မည်မဟုတ်ပေ။
လုရှီမန်တစ်ယောက် ဦးရေပြားများထုံကျင်သွားခဲ့သည်။ သူမလှည့်ကြည့်လိုက်ချိန်တွင် သူမဆီသို့ တဟုန်ထိုးဝင်ရောက်လာသော ထက်ရှသည့်ဓားတစ်လက်ကိုမြင်လိုက်ရသည်။ သူမမျက်လုံးအစုံမှာ ပြူးကျယ်သွားပြီး မျက်ဝန်းများထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုများဖြတ်ပြေးသွားခဲ့၏။
သူမ၏ထိတ်လန့်တုန်လှုပ်နေသော မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ ထိုအမျိုးသား၏မျက်ဝန်းများထဲတွင် စိတ်လှုပ်ရှားပျော်ရွှင်မှုများ လင်းလက်သွားခဲ့သည်။
‘ဟုတ်ပြီ ကြောက်လန့်နေလိုက်စမ်း၊ ထိတ်လန့်နေလိုက်စမ်း၊ ပြီးရင်တော့ သေဖို့သာစောင့်နေလိုက်တော့'
သူ့ဓားချက်က လျင်မြန်လှသော်လည်း စုန့်ကျီပိုင်ကလည်း သာမန်လူတစ်ယောက်မဟုတ်ပေ။
သူက လုရှီမန်ကိုလှမ်းဆွဲကာ သူ့နောက်ကျောဘက်သို့ ပို့လိုက်ပြီး သူမအား သေချာကာကွယ်ပေးလိုက်သည်။
သူမကို နောက်သို့ဆွဲယူလိုက်သည့် လှုပ်ရှားမှုမှာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ပြီးဆုံးသွားခဲ့ပြီးနောက် လေထဲသို့ပျံဝဲကာ ခြေကန်ချက်တစ်ချက်ဖြင့် ထိုဓားကိုလွှင့်စဉ်သွားစေခဲ့သည်။
လှုပ်ရှားမှုများမှာ ရေစီးကြောင်းတစ်ခုပမာ ချောမွေ့ဆက်စပ်နေပြီး အရာအားလုံးမှာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်၏။ ထိုအမျိုးသားက တီးတိုးကျိန်ဆဲလိုက်သည်။
“မင်းကို မေ့နေခဲ့တာပဲ”
ထိုအမျိုးသားက ပြိုင်ဘက်ကို အထင်သေးမိသွားပြီး စုန့်ကျီပိုင်ရှိနေခြင်းကို အမှန်တကယ်မေ့လျော့နေခဲ့ခြင်းဖြစ်သည်။ စဉ်းစားကြည့်လျှင်လည်း ယုတ္တိတန်ပေ၏။ လုရှီမန်ဘေးနားတွင် စုန့်ကျီပိုင်မှလွဲ၍မည်သူရှိနေနိုင်မည်နည်း။
တစ်စက္ကန့်မျှအချိန်အတွင်းမှာပင် သူက ဆုံးဖြတ်ချက်တစ်ခုကို ပြတ်ပြတ်သားသား ချလိုက်သည်။
အသက်ရှင်နေသရွေ့ မျှော်လင့်ချက်ရှိသေးသည်။ ဤတစ်ကြိမ်မအောင်မြင်ခဲ့လျှင် နောက်တစ်ကြိမ်ရှိသေးသည်။ သူက လူအုပ်ကြီးကို အကဲခတ်ကြည့်ရှုကာ ထွက်ပြေးရန်ပြင်လိုက်သည်။
သို့သော် ဤကဲ့သို့သောအန္တရာယ်ကောင်ကို စုန့်ကျီပိုင်မှ မည်သို့အလွယ်တကူ ထွက်ပြေးခွင့်ပြုမည်နည်း။
သူက လျင်မြန်စွာနောက်မှထပ်ကြပ်မကွာ လိုက်လံဖမ်းဆီးရာမှ သူတို့နှစ်ဦးမှာ အကြိတ်အနယ်လုံးထွေးသတ်ပုတ်ကြတော့သည်။
လုရှီမန်မှာ ခေတ္တမျှမှင်သက်သွားပြီးနောက် ဤလူယုတ်မာက သူမကို လုပ်ကြံသတ်ဖြတ်ရန် ရောက်လာခြင်းဖြစ်ကြောင်း အလျင်အမြန် သဘောပေါက်သွားခဲ့သည်။ ဤမျှလောက် နက်ရှိုင်းသောအမုန်းတရားမျိုးရှိရန် သူမ မည်သည့်အရာများလုပ်ခဲ့မိသနည်းဆိုသည်ကိုမသိသော်လည်း သူမကို သတ်ဖြတ်ရန် ကြိုးစားခြင်းကတော့ လုံးဝမှားယွင်းသောလုပ်ရပ်ပင်။
သူမက စုန့်ကျီပိုင်ထံသို့ ဓားတစ်လက်ကမ်းပေးရန် အမြန်ပြေးသွားခဲ့သည်။
အကယ်၍ တစ်စုံတစ်ယောက်က သူမကို သတ်ချင်နေမည်ဆိုလျှင် သူတို့ကိုယ်တိုင်လည်း အသတ်ခံရရန် ပြင်ဆင်ထားသင့်ပေသည်။
ရေခဲချောင်းသည်က လုရှီမန်ကိုမြင်လိုက်ရသည့် အခိုက်အတန့်တွင် ပထမတော့ အလွန်ဝမ်းသာသွားခဲ့၏။ သူ့တစ်ယွမ်တန်ကို ရှာတွေ့သွားခဲ့ပြီပင်။
သို့သော် နောက်တစ်စက္ကန့်တွင်မူ…… သူ ထိတ်လန့်သွားခဲ့ရသည်။
သူမကိုရှာတွေ့သွားသော်လည်း အဘယ်ကြောင့် သူ့တစ်ယွမ်တန်မှာ လုပ်ကြံခံနေရသနည်း။
‘ငါ ကူညီသင့်လား ဒါမှမဟုတ် မကူညီဘဲရပ်ကြည့်နေသင့်လား'
အနီးအနားရှိ အခြားအမျိုးသားမှာလည်း မှင်သက်သွားခဲ့သည်။
ဟာယာတာဆိုသည့် ထိုငတုံးက မိန်းမတစ်ယောက်ကိုပင် မသတ်နိုင်လောက်အောင် အသုံးမကျလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ချေ။
ယခုတော့ သူဖော်ထုတ်ခံလိုက်ရပြီဖြစ်သည်။
‘တကယ့် ငတုံးပဲ'
သူ စက္ကန့်အနည်းငယ်ခန့် တုံ့ဆိုင်းနေပြီးနောက် ဆုံးဖြတ်ချက်ချလိုက်သည်။ ဟာယာတာ ဖော်ထုတ်ခံလိုက်ရပြီဖြစ်ရာ သူလည်းအလွယ်တကူ လွတ်မြောက်နိုင်မည် မဟုတ်တော့ချေ။
အကယ်၍ ဖမ်းမိသွားပါက ထိုငတုံးသည် ညှဉ်းပန်းနှိပ်စက်မှုများအောက်တွင် သူ၏ပုန်းအောင်းရာနေရာကို သေချာပေါက် ဖော်ထုတ်လိမ့်မည်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ သေရမည့်အတူတူ စွန့်စားကြည့်လိုက်မည်ဟု သူတွေးလိုက်သည်။ သူလည်း အပြင်သို့ပြေးထွက်သွားခဲ့ပြီး ယနေ့အတွက် သေချာပြင်ဆင်မလာခဲ့မိခြင်းကိုသာ နောင်တရနေမိ၏။
အကယ်၍ သူ့ထံတွင်သေနတ်တစ်လက်သာရှိနေခဲ့မည်ဆိုလျှင် အရာအားလုံးက ပိုလွယ်ကူရိုးရှင်းသွားမည်ဖြစ်သည်။ လုရှီမန် တီးတိုးကျိန်ဆဲလိုက်သည်။
“ကျစ် နောက်တစ်ယောက်ထပ်လာပြန်ပြီ”
ဓားတစ်လက်နှင့် လုံလောက်မည်မထင်သောကြောင့် သူမလျှို့ဝှက်သိုလှောင်ရုံထဲမှ သေနတ်တစ်လက်ကိုပါထုတ်ယူလိုက်၏။ လုရှီမန် သေနတ်ကို ကမ်းပေးရင်းပြောလိုက်သည်။
“ရှင့်ကိုပဲ အားကိုးရတော့မယ်”
ရုတ်တရက်ထွက်ပေါ်လာသော သေနတ်ကိုကြည့်ရင်း စုန့်ကျီပိုင်မျက်ဝန်းများထဲတွင် နားမလည်နိုင်သော အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။ သို့သော် မည်မျှပင်နားမလည်နိုင်ဖြစ်နေပါစေ လက်ရှိအရေးပေါ်အခြေအနေလောက်တော့ အရေးမကြီးလှပေ။
စုန့်ကျီပိုင်သည် သေနတ်ကိုလှမ်းယူလိုက်ပြီး သူ့အကြည့်များကလည်း စူးရှထက်မြက်သွားခဲ့သည်။
ဟာယာတာနှင့် ဂန်ဒါတို့နှစ်ဦးလုံး၏ မျက်နှာအမူအရာများ အေးခဲသွားခဲ့သည်။ သူတို့က ရိုးရှင်းသောတာဝန်တစ်ခုကို ထမ်းဆောင်ရန်လာခဲ့ကြခြင်းဖြစ်သည်။
‘အဲဒီလူမှာ သေနတ်တစ်လက် ဘယ်လိုလုပ် ရှိနေရတာလဲ'
ထိုနှစ်ဦးက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး သူတို့ခေါင်းထဲတွင် အတွေးတစ်ခုတည်းသာရှိနေတော့သည်။
‘ပြေး'
အနီးကပ်လက်နက်များက မည်မျှပင် အစွမ်းထက်နေပါစေ ကျည်ဆန်များလောက်တော့ လျင်မြန်မည်မဟုတ်ချေ။
*ဒိုင်း ဒိုင်း*
သို့သော် သူတို့မည်မျှပင်မြန်မြန်ပြေးပါစေ ကျည်ဆန်များကိုမူကျော်တက်နိုင်စွမ်းမရှိခဲ့ပေ။ စုန့်ကျီပိုင် နှစ်ချက် ဆက်တိုက်ပစ်ခတ်လိုက်ရာ သူတို့နှစ်ဦးလုံး ချက်ချင်းလဲကျသွားခဲ့သည်။
သူ့လှုပ်ရှားမှုများမှာ လျင်မြန်လွန်းလှသဖြင့် သူတို့မှာတုံ့ပြန်ရန်အခွင့်အရေးပင် မရလိုက်ချေ။
သန့်ရှင်းသပ်ရပ်ပြီး ပြတ်သားလှသော သူ့လှုပ်ရှားမှုများကို မြင်လိုက်ရသောအခါ လုရှီမန်မှာမနေနိုင်ဘဲ အော်ဟစ်အားပေးလိုက်မိသည်။ ပတ်ဝန်းကျင်တွင် လူအများအပြားရှိနေသဖြင့် ဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်လာမည်ကို သူမစိုးရိမ်နေခဲ့သော်လည်း စုန့်ကျီပိုင်၏လှုပ်ရှားမှုများက မြန်ဆန်တိကျပြီး ရက်စက်ကြမ်းကြုတ်လှပေ၏။
တပ်မတော်၏စစ်ဘုရင်တစ်ပါးအဖြစ် သတ်မှတ်ခံရခြင်းနှင့် အမှန်တကယ်ပင် ထိုက်တန်လှပေသည်။
သူမက စုန့်ကျီပိုင်ကိုလေးစားအားကျမှုများပြည့်နှက်နေသော မျက်ဝန်းများဖြင့် ငေးကြည့်နေမိသည်။
မြေကြီးပေါ်တွင် လဲကျနေသော ဟာယာတာနှင့် ဂန်ဒါတို့မှာ မျှော်လင့်ချက်ကင်းမဲ့မှုများဖြင့်ပြည့်နှက်နေခဲ့၏။ သူတို့စိတ်ပျက်အားငယ်နေချိန်မှာပင် စုန့်ကျီပိုင်က လျှပ်စီးလက်သကဲ့သို့ အလျင်အမြန်ပြေးသွားပြီး သူတို့မေးရိုးများကို ဖြုတ်ချလိုက်သည်။
အကယ်၍ သူတို့က သူလျှိုများ သို့မဟုတ် လျှို့ဝှက်အေးဂျင့်များဖြစ်နေခဲ့ပါက အဆိပ်များသယ်ဆောင်လာနိုင်ချေရှိရာ သူတို့ကိုအသေခံခွင့်ပြု၍မဖြစ်ပေ။
ဤကဲ့သို့ပြတ်သားလှသောလုပ်ရပ်ကြောင့် ထိုနှစ်ဦးမှာ ပိုနက်ရှိုင်းသော စိတ်ပျက်အားငယ်မှုတွင်းနက်ကြီးထဲသို့ ကျဆင်းသွားခဲ့ရသည်။
ရေခဲချောင်းသည်မှာ စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်နေခဲ့၏။ သူ့တစ်ယွမ်တန်လေး အသက်ရှင်နေသေးသည်။
သူမကို ရှာတွေ့သွားပြီဖြစ်ရာ အင်ဂျင်နီယာလင်းက သူ့ကတိကိုဖျက်မည်မဟုတ်ဟု သူတွေးလိုက်မိသည်။
သူ့မျက်နှာပေါ်တွင် ပါးနပ်သော အရိပ်အယောင်တစ်ခုဖြတ်ပြေးသွားပြီး အကဲခတ်နေဟန်ရသော သူ့အကြည့်များကြောင့် စုန့်ကျီပိုင်မျက်လုံးများကို ကျဉ်းမြောင်းလိုက်၏။
ရေခဲချောင်းသည်မှာ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသလိုခံစားလိုက်ရပြီး စုန့်ကျီပိုင်ကို အလျင်အမြန် ရှင်းပြလိုက်သည်။
“ကျွန်တော်... ကျွန်တော်က အဲဒီရဲဘော်ကိုရှာချင်ရုံသက်သက်ပါ၊ ဘယ်သူ့ကိုမှ သတ်ဖို့ရည်ရွယ်ချက်မရှိပါဘူး”