အခန်း ၈၉
Vol. 9 Ch. 89
89
“မင်းက သူ့ကိုဘာလို့ရှာနေတာလဲ”
စုန့်ကျီပိုင်၏မျက်ဝန်းများထဲတွင် စူးစမ်းလိုသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
သခင်မလေးက ဤနေရာတွင်မည်သူ့ကိုမျှ မသိကျွမ်းသော်ငြား တစ်စုံတစ်ယောက်က သူမကို အဘယ်ကြောင့် လိုက်ရှာနေရသနည်း။ ဖြစ်နိုင်သည်က အကြံအစည်ဆိုးရှိသော ထိုလူယုတ်မာနှစ်ဦးကဲ့သို့ သူမကို လုပ်ကြံသတ်ဖြတ်ရန် ရောက်လာခြင်းဖြစ်နိုင်၏။
မည်သို့ပင်ဆိုစေကာမူ စကားလုံးများဆိုသည်မှာ လိမ်ညာလှည့်စားနိုင်စွမ်းရှိပြီး လက်တွေ့လုပ်ရပ်များကသာ အမှန်တရားကို ဖော်ပြနိုင်ပေသည်။
အကယ်၍ သူသာ ထိုလူ့စကားများကို ယုံကြည်လိုက်မိပြီး ကြီးမားလှသော ဘေးဒုက္ခတစ်ခုခုဖြစ်ပေါ်လာမည်ဆိုလျှင် မည်သို့လုပ်မည်နည်း။
လုရှီမန်ကလည်း အနီးသို့လျှောက်လာခဲ့ပြီး ရင်းနှီးကျွမ်းဝင်နေသောမျက်နှာကို မြင်လိုက်ရချိန်တွင် သူမနဖူးကိုတစ်ချက်ပုတ်လိုက်သည်။
“သူ့ကို ကျွန်မ အရင်ကမြင်ဖူးတယ်ထင်တယ်”
ပြီးခဲ့သည့်တစ်ခေါက်က သူမ သူ့ရေခဲချောင်းများကို ဝယ်စားခဲ့ပြီး ထိုရေခဲချောင်းများကြောင့် သူမ ဝမ်းလျှောခဲ့ရသည်ဟုပင် ထင်မှတ်ရသည်။
သူမက ထိုကိစ္စအတွက် သူ့ကိုပြန်လည်စာရင်းရှင်းရန်ပင် မစဉ်းစားရသေးသော်ငြား သူက သူမကိုလိုက်ရှာရဲသေးသည်။ လုရှီမန် ဒေါသတကြီးအော်ဟစ်လိုက်သည်။
“ဟုတ်တယ် ကျွန်တော်တို့ တွေ့ဖူးကြတယ်၊ အဲဒီနေ့က အင်ဂျင်နီယာလင်းရဲ့စားပွဲပေါ်မှာတောင် မင်းစာတွေရေးခဲ့သေးတယ်မဟုတ်လား”
ဈေးသည်က ကယ်တင်ရှင်ကိုတွေ့လိုက်ရသည့်အလား လုရှီမန်အားကြည့်ကာ ခေါင်းကိုအကြိမ်ကြိမ် ညိတ်ပြလိုက်၏။
“ဒါဆို ရှင်က ကျွန်မကိုဘာလို့လိုက်ရှာနေတာလဲ”
သူမမှာ သိချင်စိတ်ပြင်းပြလာခဲ့သည်။ ဖြစ်နိုင်သည်က သူမကို ရေခဲချောင်း ထပ်ဝယ်စားစေချင်သည်လား။ သို့သော် ဤကဲ့သို့သောအရာမျိုးအတွက် ဖောက်သည်များက ပေါများလှသည်ပင်။
‘နေပါဦး အင်ဂျင်နီယာလင်းတဲ့လား'
လုရှီမန်မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့နေသော အမူအရာများ ပေါ်ထွက်လာခဲ့သည်။
‘အင်ဂျင်နီယာလင်းက ငါ့ကိုလိုက်ရှာနေတာများလား’
သူမ မျက်လုံးများပြူးကျယ်သွားကာ နောက်သို့ အကြိမ်ကြိမ်ဆုတ်သွားခဲ့သည်။ သူမ၏ထိတ်လန့်တုန်လှုပ်နေသောအမူအရာကြောင့် စုန့်ကျီပိုင်က ထိုဈေးသည်ကို ချက်ချင်းဖမ်းချုပ်လိုက်၏။ သခင်မလေးကြောက်လန့်နေသည်ဆိုလျှင် ဤလူတွင် သေချာပေါက် ပြဿနာတစ်ခုခုရှိနေရမည်ဖြစ်သည်။ အကယ်၍ ပြဿနာမရှိလျှင် သခင်မလေးက အဘယ်ကြောင့် ကြောက်လန့်နေမည်နည်း။ ဈေးသည်က အံကြိတ်ကာ အကြိမ်ကြိမ် တောင်းပန်လိုက်သည်။
“ဒီကလေးကတော့ ဦးလေး တကယ်ဘာမှမလုပ်ရပါဘူးကွယ်၊ မင်း ဒီလိုလျှောက်လုပ်လို့မရဘူးနော်၊ အင်ဂျင်နီယာလင်းက မင်းကိုရှာပေးဖို့ အကူအညီတောင်းထားပြီးတော့ ဆုကြေးအနေနဲ့ တစ်ယွမ်တောင်ပေးထားတာ၊ ငါက တကယ်လူဆိုးမဟုတ်ပါဘူး”
သူ့မျက်ဝန်းများထဲတွင် စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေပြီး သနားစဖွယ်တောင်းပန်နေခဲ့၏။
“ဦးလေး ရှင့်ကို တစ်ယွမ်ပြန်ပေးပါ့မယ်၊ ကျေးဇူးပြုပြီး အင်ဂျင်နီယာလင်းကို မပြောပါနဲ့နော် တောင်းပန်ပါတယ်”
လုရှီမန် အလျင်အမြန်ဝင်ရောက်ပြောဆိုလိုက်သည်။
‘တစ်ယွမ်တည်းအတွက်နဲ့ ငါ့ကို ဒီလောက်တောင် အသည်းအသန်လိုက်ရှာနေရသလား'
‘ကျွန်မက အသုံးကျတဲ့သူမဟုတ်ပါဘူး၊ မရှာကြပါနဲ့၊ ကျေးဇူးပြုပြီး မရှာကြပါနဲ့’ ဟု သူမ စိတ်ထဲမှ အော်ဟစ်နေမိသည်။
စုန့်ကျီပိုင်မှာ မျက်ခုံးများကို ပြင်းပြင်းထန်ထန် ကျုံ့ထားမိ၏။
‘အခုက ဘာတွေဖြစ်နေတာလဲ'
လုရှီမန် အလျင်အမြန် တစ်ယွမ် ထုတ်ယူကာ ဈေးသည်လက်ထဲသို့ ထိုးထည့်လိုက်သည်။
“ရော့ ယူလိုက်၊ ပြီးတော့ပါးစပ်ပိတ်ထား”
ထို့နောက် သူမက စုန့်ကျီပိုင်ကိုလှည့်ကြည့်လိုက်သည်။
“သူ့ကို မြန်မြန်လွှတ်ပေးလိုက်ပါ၊ ပြီးတော့ ဒီနှစ်ယောက်ကို ခေါ်သွားလိုက်”
သူမ ဤကျိန်စာသင့်နေသောနေရာသို့ နောက်ထပ်လာ၍မဖြစ်တော့ပေ။ အကယ်၍သာ သူမကိုမှတ်မိသွားမည်ဆိုလျှင် ကြီးမားသောဆုံးရှုံးမှုကြီးဖြစ်သွားပေလိမ့်မည်။
‘ဒီလူတွေက မိစ္ဆာတွေပဲ၊ ငါ့ကို အလုပ်လုပ်ဖို့ သေချာပေါက် အတင်းအကျပ် ခိုင်းစေကြလိမ့်မယ်’
စုန့်ကျီပိုင်တွင် ထူးခြားပြောင်မြောက်သော အရည်အချင်းများ မရှိသော်လည်း သူ၏အကြီးမားဆုံး အရည်အသွေးတစ်ခုမှာ နာခံတတ်ခြင်းပင်။
သူက ဈေးသည်ကိုလွှတ်ပေးလိုက်ပြီး သူ မေးရိုးဖြုတ်ထားသော မြေကြီးပေါ်မှ လူနှစ်ယောက်ကို ဆွဲလှည့်လိုက်သည်။
“သွားကြစို့”
ဈေးသည်မှာ သူ့လက်ထဲရှိငွေများကို တစ်လှည့် ထွက်ပြေးရန် အလျင်လိုနေသော လုရှီမန်ကို တစ်လှည့်ကြည့်ကာ မျက်ဝန်းများထဲတွင် နားမလည်နိုင်မှုများ ပြည့်နှက်နေခဲ့သည်။
‘ဒီကလေးမလေးက ဘာဖြစ်လို့ ထွက်ပြေးနေရတာလဲ၊ သူက ငါ့ကို တစ်ယွမ်တောင်ပေးသွားသေးတယ်၊ အဲဒီလောက်အထိ ကြောက်လန့်နေတာလား'
ဖြစ်နိုင်သည်က သူမက အင်ဂျင်နီယာလင်း၏စာရွက်ပေါ်တွင် စာလုံးအမှားများရေးဆွဲခဲ့မိသဖြင့် ရှာတွေ့သွားမည်ကို ကြောက်ရွံ့နေခြင်းဖြစ်နိုင်၏။ သို့သော် အင်ဂျင်နီယာလင်းမှာ မကျေမနပ်ဖြစ်နေပုံမပေါ်ဘဲ စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်နေခဲ့သည်ကို သူ ကောင်းကောင်းမှတ်မိနေသေးသည်။
သူခေါင်းကုတ်ကာ သူ့လက်ထဲရှိငွေများကို ထပ်မံကြည့်ရှုလိုက်သည်။
‘ဦးလေးက အမြတ်ကြီးစားတဲ့ ဈေးသည်ပါ ကလေးမလေးရေ တောင်းပန်ပါတယ်’ ဟု စိတ်ထဲမှတွေးလိုက်မိသည်။
လုရှီမန် ခြေလှမ်းအနည်းငယ်လျှောက်ပြီးနောက် ဈေးသည်ကိုမမြင်ရတော့ချိန်တွင် သူမရင်ဘတ်ကိုဖိကာ သက်ပြင်းချလိုက်၏။
“တော်သေးတာပေါ့ မိတော့မလို့၊ ဒါနဲ့ ဒီလူနှစ်ယောက်ရဲ့ကိုယ်ပိုင်အမှတ်အသားက ဘာတွေလဲ၊ ဒီမှာ အမှတ်အသားတစ်ခုတောင်ရှိနေသေးတယ်”
သူမက ထိုအမျိုးသားနှစ်ဦးကို စူးစမ်းကြည့်ရှုလိုက်ရာ မျက်ဝန်းများထဲတွင် သိချင်စိတ်များဖြတ်ပြေးသွားခဲ့သည်။
‘ဒီအမှတ်အသားက...’
သူမမျက်မှောင်အသာကြုတ်လိုက်သည်။ ဤအမှတ်အသားကို သူမ အနည်းငယ်ရင်းနှီးနေသလို ခံစားနေရ၏။ စုန့်ကျီပိုင်၏မျက်နှာအမူအရာမှာ ပို၍ လေးနက်သွားခဲ့သည်။
“X အဖွဲ့အစည်း”
သူတို့တစ်ကြိမ်ရှင်းလင်းပြီးသွားပြီဖြစ်သော်လည်း X အဖွဲ့အစည်းမှလူများ ကျန်ရှိနေသေးသည်။ လုရှီမန်မှာ နားမလည်နိုင်ဖြစ်သွားရသည်။
“အဲဒါက ဘာလဲ”
X အဖွဲ့အစည်းဆိုသည်ကို သူမတစ်ကြိမ်တစ်ခါမျှ မကြားဖူးခဲ့ချေ။
ဤအချိန်ကာလတွင် တရုတ်ပြည်အတွင်း အကြမ်းဖက်အဖွဲ့အစည်းများ ရှိနေသေးသည်လား။ စုန့်ကျီပိုင် ရှင်းပြလိုက်သည်။
“ကျွန်းနိုင်ငံက သူလျှိုအဖွဲ့အစည်းတစ်ခုပဲ၊ ပြီးခဲ့တဲ့တစ်ခေါက် မင်းဖမ်းမိခဲ့တဲ့သူကလည်း ဒီအဖွဲ့ကပဲ”
ပြီးခဲ့သည့် အဖြစ်အပျက်ကြောင့် X အဖွဲ့အစည်းက သခင်မလေးကို ရန်ငြိုးဖွဲ့ကာ ဤလုပ်ကြံသတ်ဖြတ်မှုကို ကျူးလွန်ခဲ့ခြင်းဖြစ်ကောင်းဖြစ်နိုင်သည်။ ဤပိုးမွှားများက တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းလှ၏။
ကျွန်းနိုင်ငံဟူသော စကားလုံးကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် လုရှီမန်၏မျက်နှာမှာ မှောင်မိုက်သွားခဲ့ရသည်။
သူမခြေထောက်မြှောက်ကာ ထိုအမျိုးသားနှစ်ဦးကို နှစ်ချက်ခန့် ကန်ကျောက်လိုက်၏။
“ဘယ်လောက်တောင် ရွံစရာကောင်းလိုက်သလဲ”