အခန်း ၉၀
Vol. 9 Ch. 90
90
သူတို့ကို အသက်ရှင်ခွင့်ပေးထားခြင်းက မျက်နှာသာပေးလွန်းရာကျနေပြီး တဖြည်းဖြည်းချင်း ညှဉ်းပန်းနှိပ်စက်ကာ သတ်ပစ်သင့်သည်။ စုန့်ကျီပိုင် ညွှန်ကြားလိုက်သည်။
“ရဲစခန်းကိုသွားပြီး စစ်ဒေသကို ဖုန်းဆက်လိုက်ပါ”
သူက ဤနေရာကနေ သူတို့ကိုစောင့်ကြည့်နေရပေမည်။ သူတို့အားထွက်ပြေးခွင့်ပြု၍မဖြစ်ပေ။
“လမ်းမှာ သတိထားသွားနော်၊ သေနတ်ကိုပါ ယူသွားလိုက်”
သူက သေနတ်ကို လုရှီမန်ထံသို့ပြန်ပေးလိုက်သည်။ ဤအမျိုးသားနှစ်ဦးမှာ ဖမ်းချုပ်ခံထားရပြီးဖြစ်ရာ လတ်တလောတွင် ပြဿနာရှာနိုင်မည် မဟုတ်သော်လည်း လမ်းခရီးတွင် အန္တရာယ်များရှိနိုင်သဖြင့် သေနတ်ကို ရှီမန်ထံသို့ပေးထားခြင်းက ပိုလုံခြုံစိတ်ချရ၏။
လုရှီမန် ဖုန်းဆက်ပြီးပြန်လာချိန်တွင် စစ်ဒေသမှလူများကလည်း မျက်တောင်တစ်ခတ်အတွင်းမှာပင် ရောက်ရှိလာကြပြီး ဖမ်းခေါ်သွားကြလေသည်။
……
ညဉ့်နက်ချိန်တွင် လုရှီမန်က သူမလက်ပတ်နာရီကိုကြည့်ကာ သမ်းဝေလိုက်မိ၏။
‘သူတို့ အလုပ်ဆင်းမရဘူးလား'
‘စစ်သားတွေရဲ့ အသက်ကရော အသက်မဟုတ်ဘူးလား'
နောက်ထပ်နာရီဝက်ခန့်စောင့်ဆိုင်းပြီးနောက် လုရှီမန်မှာ အိပ်ချင်မူးတူးဖြစ်နေပြီဖြစ်ပြီး နောက်ဆုံးတွင်တော့ စုန့်ကျီပိုင် ပြန်ရောက်လာခဲ့သည်။
စုန့်ကျီပိုင်က အိမ်ပေါက်ဝရှိမီးရောင်ကို ကြည့်ကာ သူ့ရင်ထဲတွင်အကြောင်းပြချက်မရှိဘဲ နွေးထွေးသွားသလိုခံစားလိုက်ရသည်။ တံခါးပေါက်မှဝင်လာချိန်တွင် လုရှီမန်ကိုမြင်လိုက်ရသဖြင့် သူ ပို၍ပင်မှင်သက်သွားခဲ့၏။ လုရှီမန် နောက်တစ်ကြိမ် ထပ်မံသမ်းဝေလိုက်သည်။
“ရှင် ပြန်လာပြီပဲ၊ ကျွန်မ တော်တော်လေး အိပ်ချင်နေပြီ”
စုန့်ကျီပိုင် ကြင်နာစွာပြောလိုက်သည်။
“မင်းက တော်တော်ရူးတာပဲ၊ နောက်တစ်ခါဆို မစောင့်နေနဲ့တော့”
‘ရူးတာပဲ’ ဟု စုန်းကျီပိုင်ပြောလိုက်သော်လည်း လုရှီမန်က မည်သည့်မကောင်းသောရည်ရွယ်ချက်ကိုမျှမခံစားရချေ။
သူမက ကြက်ကလေးဆန်စေ့ကောက်နေသကဲ့သို့ ခေါင်းကိုဆက်တိုက်ညိတ်ပြလိုက်သည်။
“မစောင့်ပါဘူး မစောင့်ပါဘူး၊ မြန်မြန်သွားဆေးကြောလိုက်ပါဦး”
အကယ်၍သာ ယနေ့ သူမအပြင်ထွက်မည်ဟုမပြောခဲ့လျှင် ဤကဲ့သို့သောကိစ္စရပ်မျိုးဖြစ်လာမည်မဟုတ်ပေ။ တစ်နည်းအားဖြင့်ဆိုရလျှင် သူမက စုန့်ကျီပိုင်ကိုပါ ဒုက္ခတွင်းထဲဆွဲသွင်းလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။
သူမမတ်တပ်ရပ်ကာ ဘေးဘက်သို့ လျှောက်သွားခဲ့သည်။ ညဉ့်နက်နေပြီဖြစ်ရာ ညစာလေးတစ်ခုခုစားလျှင် ကောင်းမည်ဟုတွေးလိုက်၏။
သူမ မီးဖိုကိုငြှိမ်းမထားခဲ့သဖြင့် ကျောက်မီးသွေးတုံးအချို့ထည့်ကာ အိုးထဲသို့ ရေအနည်းငယ်ထပ်ထည့်လိုက်သည်။ သူမက ညစာချက်ပြုတ်လေ့သိပ်မရှိသော်လည်း ဖက်ထုပ်အချို့ကိုတော့ ပြုတ်နိုင်စွမ်းရှိသေး၏။
ရေဆူလာသောအခါ သူမဖက်ထုပ်များကို ထည့်လိုက်သည်။ စုန့်ကျီပိုင်ထွက်လာချိန်တွင် ဖက်ထုပ်များကျက်မည့်အချိန်ကို ထိုင်စောင့်နေသော လုရှီမန်အားမြင်လိုက်ရသည်။ ပွက်ပွက်ဆူနေသောရေသံများက နားထဲသို့ဝင်ရောက်လာသော်လည်း ထိုရေသံထက် ပိုကျယ်လောင်နေသည်မှာ ရုတ်တရက် မြန်ဆန်လာသော သူ့ရင်ခုန်သံများပင်။
ညဉ့်နက်နက်တွင် လင်းထိန်နေသော မီးရောင်၊ ထိုမီးရောင်အောက်မှ လူသား၊ သူ့နှလုံးသားမှာ အပြင်းအထန် ရိုက်ခတ်သွားပြီး သူမပုံရိပ်က သူ့မျက်ဝန်းများထဲတွင် နက်ရှိုင်းစွာစွဲထင်သွားခဲ့သည်။
သူက နူးညံ့ကြင်နာမှုများအပြည့်အဝပါဝင်သောလေသံဖြင့် တီးတိုးမေးလိုက်၏။
“ဘာလို့ မအိပ်သေးတာလဲ၊”
လုရှီမန် ခပ်ဖွဖွနှာမှုတ်လိုက်သည်။
“ညစာစားပြီးရင် ရှင့်ရဲ့ဘုန်းကံတွေကို ကျွန်မ မျှဝေခံစားလို့ရပြီလေ၊ ဝမ်းသာမနေနဲ့ဦး ကျက်ပြီ”
သူမ ပန်းကန်လုံးတစ်လုံးကိုယူကာ ဖက်ထုပ်များကို သုံးပုံနှစ်ပုံခန့်ခပ်ထည့်လိုက်ပြီး ကျန်နေသောဖက်ထုပ်များအား နောက်ပန်းကန်လုံးတစ်လုံးထဲသို့ ထည့်လိုက်သည်။
“စားလိုက်၊ ကျွန်မက ဝိတ်ချနေတာဆိုတော့ နည်းနည်းပဲစားမယ်”
သူမက ဖက်ထုပ်ပိုများသော ပန်းကန်လုံးကို စုန့်ကျီပိုင်ထံသို့တွန်းပေးလိုက်၏။
စုန့်ကျီပိုင် လည်ချောင်းတွင်တစ်ခုခုတစ်ဆို့သွားခဲ့သလိုပင်။
“သခင်မလေး ဒီလိုအလုပ်တွေလုပ်ပေးစရာမလိုပါဘူး”
မြင့်မြတ်လှသော သခင်မလေးက သူ့အတွက် ဤကဲ့သို့သောအလုပ်များကို လုပ်ပေးနေခြင်းအတွက် သူ မည်သို့ ကျေးဇူးဆပ်ရမည်ကိုပင် မသိတော့ချေ။
လုရှီမန် ဖက်ထုပ်ကိုတစ်ကိုက်ကိုက်စားရင်း စုန့်ကျီပိုင်ကို စူးစူးရဲရဲကြည့်လိုက်သည်။
“ရှင့်အတွက် လုပ်ပေးနေတာမဟုတ်ပါဘူး၊ ပါးစပ်ပိတ်ပြီးစား စကားအများကြီးမပြောနေနဲ့”
သူမက အေးစက်ပြီး နှလုံးသားမရှိသောသူတစ်ဦးမဟုတ်ပေ။ စုန့်ကျီပိုင်ကို အပြစ်ရှိသလိုမခံစားစေချင်သဖြင့် သူမဆန္ဒအလျောက် လုပ်ပေးခြင်းသာဖြစ်သည်။
အဖြူရောင်ဖက်ထုပ်လုံးလေးများမှာ အရသာရှိလှပြီး ချိုမြိန်သောအရသာကိုပင် ခံစားနေရသည်။
စုန့်ကျီပိုင် ရှင်းပြလိုက်၏။
“ဒါနဲ့ အဲဒီနှစ်ယောက်ကို စစ်ဆေးမေးမြန်းပြီးတဲ့နောက်မှာ သူတို့က ဒီနေ့ မင်းကိုတွေ့တွေ့ချင်း ချက်ချင်းလုပ်ကြံဖို့ဆုံးဖြတ်လိုက်ကြတာတဲ့၊ သူတို့က ချက်ချင်း ဆုံးဖြတ်လိုက်လို့သာပေါ့ မဟုတ်ရင်...”
အကယ်၍များ ချက်ချင်းဆုံးဖြတ်လိုက်ခြင်းမဟုတ်ခဲ့ပါက နောက်ဆက်တွဲအကျိုးဆက်များမှာ စိတ်ကူးကြည့်၍ပင်ရမည်မဟုတ်ချေ။ လုရှီမန်မှာ ခေတ္တမျှတိတ်ဆိတ်သွားခဲ့သည်။
‘ဘယ်လို အကုသိုလ်တွေပါလိမ့်’
စုန့်ကျီပိုင် ကျေးဇူးတင်စကားဆိုလိုက်သည်။
“စကားမစပ် ကိုယ် မင်းကိုကျေးဇူးတင်ရမယ်၊ နောက်လထဲဆို ကိုယ်ရာထူးတိုးလောက်ပြီ”
သခင်မလေးက သူ၏ကံကောင်းစေသောကြယ်ပွင့်လေးပင်။ ဤသူလျှိုဖမ်းဆီးရမိမှု စစ်ရေးအောင်မြင်မှုနှစ်ခုလုံးက သူ့အတွက် အသိအမှတ်ပြုခြင်းခံရ၏။
ဤမျှတိုတောင်းသောအချိန်ကာလအတွင်းတွင် သူကဒုတိယတပ်ရင်းမှူးအဖြစ် ရာထူးတိုးတော့မည်ဖြစ်သည်။
လုရှီမန် သူ့ကိုတစ်ချက်စောင်းကြည့်လိုက်၏။
“ဒါက ဖြစ်သင့်တာပဲမဟုတ်လား၊ ကိုယ်လုပ်တဲ့အလုပ်အပေါ် အကျိုးခံစားခွင့်ရတာလေ၊ ပြီးတော့ ရှင်က တော်တော်လေးအရည်အချင်းရှိတဲ့သူပါ”
စုန့်ကျီပိုင်ကဲ့သို့ ထူးချွန်သူတစ်ဦးအတွက် ရာထူးတိုးခြင်းနှင့် လစာတိုးခြင်းများ ရရှိသင့်ပေသည်။
လုရှီမန် ရွှတ်နောက်နောက်ဖြင့်ပြောလိုက်၏။
“အကယ်၍ ရှင်က ကျွန်မကို အဲဒီလောက်တောင် ကျေးဇူးတင်ချင်နေတယ်ဆိုရင် အကောင်းဆုံးကျေးဇူးဆပ်တဲ့နည်းလမ်းကတော့ ရှင့်ရဲ့ဝမ်းဗိုက်ကြွက်သားတွေကို ကျွန်မဆီအချိန်မရွေးထိတွေ့ခွင့်ပေးဖို့ပဲ၊ ယောက်ျားတစ်ယောက်အနေနဲ့ သတ္တိကြောင်မနေစမ်းပါနဲ့”
စုန့်ကျီပိုင်မှာ ခေတ္တမျှတိတ်ဆိတ်သွားခဲ့သည်။ သခင်မလေး၏စကားများက သူ့ကို အကြိမ်ကြိမ်အံ့အားသင့်စေခဲ့၏။
စုန့်ကျီပိုင် ရဲတင်းစွာတုံ့ပြန်လိုက်သည်။
“အခု ထိလို့ရပြီ”
သူက ယခုလေးတင် ရေချိုးထားပြီးဖြစ်ရာ သန့်ရှင်းနေပြီဖြစ်သည်။ လုရှီမန်မှာတော့ ဖက်ထုပ်သီးလုနီးပါးဖြစ်သွားခဲ့၏။ စုန့်ကျီပိုင်၏ စကားများကလည်း အလွန်အံ့အားသင့်စရာကောင်းလှပေသည်။
သူက သတ္တိကြောင်မနေနဲ့ဟုပြောလိုက်သည်နှင့် ချက်ချင်းပင်ရဲတင်းလာခဲ့သည်။
လုရှီမန်၏ပါးစပ်မှ စကားလုံးတစ်လုံး ရုတ်တရက် လွတ်ခနဲပြောထွက်သွားခဲ့၏။
“ဒါဆို အနမ်းလေးတစ်ပွင့်လောက်ရော”