အခန်း ၉၁
Vol. 10 Ch. 91
91
သူမနှုတ်ဖျားမှ စကားလုံးများက လေဟုန်စီးသကဲ့သို့ လျင်မြန်စွာလွှတ်ကနဲထွက်သွားပြီး ဦးနှောက်ကနောက်မှ အပြေးအလွှား လိုက်ပါဖမ်းဆီးသော်လည်း မည်သို့မျှမမီနိုင်တော့ချေ။
သူမပြောချင်သည့် ဆိုလိုရင်းမှာ လုံးဝ ထိုအရာမဟုတ်ခဲ့ပါလျက်နှင့် အဘယ်ကြောင့် ထိုစကားလုံးများ ထွက်ကျသွားရသနည်း။
စုန့်ကျီပိုင်ကမူ အနမ်းလေးတစ်ပွင့်လောက်ရော’ဆိုသည့် စကား၏အဓိပ္ပာယ်ကို အလေးအနက် စဉ်းစားတွေးတောနေခဲ့သည်။ သို့သော် သူ့ဦးနှောက်ကို မည်မျှပင်ညှစ်ထုတ်၍ စဉ်းစားစေကာမူ အဖြေတစ်ခုရှာမတွေ့ခဲ့ချေ။
သခင်မလေးက တစ်ခါတစ်ရံတွင် နားလည်ရခက်သောစကားများကို ပြောဆိုတတ်ရာ သူကိုယ်တိုင်ကပင် အနည်းငယ်တုံးအလွန်းနေခြင်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
သူက လုရှီမန်လေသံကို အတတ်နိုင်ဆုံး တူအောင်တုပကာ စိတ်ဝင်တစားဖြင့် မေးမြန်းလိုက်၏။
“အနမ်းလေးတစ်ပွင့်လောက်ဆိုတာ ဘာလဲ”
(T/N…. ဒီနေရာမှာ လုရှီမန်က အခုခေတ်ဗန်းစကားတစ်ခုခုကို သုံးသွားပုံပေါ်ပါတယ်၊ Webကတော့ တစ်ခုတည်းပဲသုံးထားတယ်)
ထိုစကားကိုပြောလိုက်သည်နှင့်တစ်ပြိုင်နက် ပေါ့ပျက်ပျက်နိုင်လှသော လေသံက သူ့ကိုဝေဝါးဝါးအရိပ်အမြွက်တစ်ခု ပေးစွမ်းလိုက်သည်။ ရုတ်တရက် အံ့အားသင့်စရာအခြေအနေမျိုးတွင် လွတ်ခနဲထွက်ကျသွားတတ်သော စကားလုံးများမှာ အများအားဖြင့် ညစ်ညမ်းသောစကားများသာဖြစ်တတ်၏။
မှိန်ဖျော့ဖျော့ဝါကျင်ကျင် မီးရောင်အောက်တွင် နူးညံ့ပြီး ပန်းရောင်သန်းနေသော လုရှီမန်၏နှုတ်ခမ်းလွှာလေးဆီသို့ သူ့အကြည့်များ ကျရောက်သွားခဲ့သည်။
အကြောင်းပြချက်မရှိဘဲ ပြီးခဲ့သည့် ညအနည်းငယ်ကမက်ခဲ့သော အိပ်မက်အချို့၏မှတ်ဉာဏ်များက သူ့စိတ်အာရုံထဲတွင် ရုပ်လုံးပေါ်လာခဲ့သည်။
သူ့အသက်ရှူသံများမှာ ချက်ချင်းပင် ပြင်းထန်လာခဲ့ပြီး သူမကိုတည့်တည့်မကြည့်ရဲတော့ဘဲ အကြည့်များကို အလျင်အမြန် လွှဲဖယ်လိုက်မိ၏။
လုရှီမန် ပန်းကန်နှင့်တူကို ချထားခဲ့ပြီး ထိတ်လန့်တကြားထွက်ပြေးလွတ်မြောက်ရန် ပြင်ဆင်လိုက်သည်။
“အဟမ်း ကျွန်မ ဗိုက်ဝသွားပြီ”
ဤအရာက သူ့ကို သူမရှင်းပြလို့ရမည့် ကိစ္စမျိုးမဟုတ်ပေ။
စုန့်ကျီပိုင်မှာ မထိန်းနိုင်တော့ဘဲ တဟားဟားဖြင့်ရယ်မောလိုက်မိသည်။ သခင်မလေး၏တုံ့ပြန်မှုက အဘယ်ကြောင့် ဤမျှလောက်ပြင်းထန်နေရသနည်း။
စကားပြောရာတွင် ရဲတင်းလှသော်လည်း လက်တွေ့လုပ်ဆောင်ရန်ကျတော့ သတ္တိမရှိချေ။ ယခုတော့ သူမ၏ဆိုလိုရင်းကို သူ နားလည်သဘောပေါက်သွားခဲ့ပြီဖြစ်သည်။
နောက်တစ်ကြိမ် သခင်မလေး ထိုသို့ပြောလာခဲ့လျှင် သူမကိုနောက်ဆုတ်ခွင့်မပေးတော့ဘဲ တိုက်ရိုက်ပင်နမ်းရှိုက်ပစ်လိုက်မည်။
ပြောရဲရမည်၊ လုပ်ရဲရမည်၊ တာဝန်ယူရဲရမည်။
ဤသည်မှာ သူ့ပုံစံပင်။
သူက လုရှီမန်၏ပန်းကန်ထဲမှကျန်နေသော ဖက်ထုပ်များကို သူ့ပန်းကန်ထဲသို့ ပြောင်းထည့်လိုက်သည်။ အကုန်စားသောက်ကာ ရှင်းလင်းသိမ်းဆည်းလိုက်ပြီးနောက်ဆုံးတွင် အနားယူရန်အခန်းထဲ ဝင်သွားတော့၏။
နောက်တစ်နေ့ နံနက်စောစောတွင် နံနက်စာချက်ပြုတ်ပြီးနောက် တိတ်တဆိတ်ပင် အပြင်သို့ထွက်သွားခဲ့သည်။
X အဖွဲ့အစည်းနှင့်ပတ်သက်သော ကိစ္စရပ်များက သူ့ကိုအလုပ်များနေစေလေ၏။
သူ ပင်ပန်းနေမည်ကို လုရှီမန် ကောင်းကောင်းသိထားသည်။
သူ့ခွန်အားများပြန်လည်ပြည့်ဖြိုးလာစေရန် ကြက်တစ်ကောင်ဝယ်ကာကြက်စွပ်ပြုတ် ချက်ကျွေးမည်ဟု ကနဦးက သူမစိတ်ကူးထားခဲ့သော်လည်း မနေ့ညက ရေခဲချောင်းသည်ကို သတိရသွားချိန်တွင် သူမသတ္တိများကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားခဲ့ရပြန်သည်။
မနေ့ညက ရေခဲချောင်းသည် တစ်ယောက်တည်းသာရှိသေး၏။ အကယ်၍ ထိုလူပြောသော အင်ဂျင်နီယာလင်းဆိုသူ၏ဖမ်းဆီးခြင်းကိုသာခံလိုက်ရမည်ဆိုလျှင် အရာအားလုံး ပြီးဆုံးသွားပြီဖြစ်သည်။
သူမ အပြင်ထွက်၍မဝယ်ရဲသော်လည်း သူမ၏လျှို့ဝှက်သိုလှောင်ရုံထဲတွင် ပစ္စည်းကောင်းများ အများအပြားရှိနေသေးသည်။ စွပ်ပြုတ်ချက်ခြင်းက သူမအတွက် သိပ်ပြီးခက်ခဲလှသည်တော့မဟုတ်ပေ။
ပါဝင်ပစ္စည်းများကို ရေထဲထည့်ကာ ပွက်ပွက်ဆူလာသည်အထိ တည်ထားလိုက်ရုံသာဖြစ်ပြီး ရှုပ်ထွေးလှသည်မဟုတ်ချေ။ အိုးထဲမှ ပွက်ပွက်ဆူနေသော ရေသံများ တဗွက်ဗွက်ထွက်ပေါ်နေသည်။
သူမက ပက်လက်ကုလားထိုင်ပေါ်တွင် ထိုင်ကာ ထန်းရွက်ယပ်တောင်လေးကို ခပ်ပျင်းပျင်းခတ်ရင်း သက်တောင့်သက်သာ အပန်းဖြေနေခဲ့သည်။
သို့သော်လည်း ဤသက်တောင့်သက်သာရှိမှုမှာ အချိန်ကြာကြာမခံခဲ့ပေ။ နံနက်ဆယ့်တစ်နာရီအချိန်တွင် တံခါးဝမှ ရုတ်ရုတ်သဲသဲအသံများ ထွက်ပေါ်လာခဲ့၏။
နိုင်ငံရေးဌာနမှူးရှောင်က လင်းယိုချင့်အ ရှေ့မှ လမ်းပြခေါ်ဆောင်လာခဲ့သည်။
“ဒီနေရာပါပဲ၊ ရဲဘော်လုရှိနေမလားတော့ မသိဘူး”
လင်းယိုချင့်က သူ့စကားကိုဖြတ်ပြောလိုက်သည်။ ဤကဲ့သို့သောရတနာသိုက်လေးကို သူ့စက်ပစ္စည်းစက်ရုံသို့သာ ခေါ်ဆောင်သွားပြီး လုံလုံခြုံခြုံ ဖုံးကွယ်ထားချင်စိတ်သာရှိတော့သည်။
“အဆင်ပြေပါတယ်၊ သူနဲ့ ဆွေးနွေးစရာကိစ္စလေးတွေရှိနေလို့ပါ”
ထိုအသံများကြားလိုက်ရသောအခါ လုရှီမန် ယပ်တောင်ကိုချထားခဲ့ပြီး ခေါင်းပြူကာ လှမ်းကြည့်လိုက်သည်။
ရင်းနှီးကျွမ်းဝင်မှုမရှိသော မျက်နှာစိမ်းတစ်ယောက်ဖြစ်သော်လည်း လုရှီမန်၏မျက်လုံးများ ချက်ချင်းကျုံ့ဝင်သွားခဲ့သည်။
အလိုအလျောက်အသိစိတ်ပင်။
ဤသူမှာ သူမလုံးဝမသိကျွမ်းချင်သော သူတစ်ဦးဖြစ်ကြောင်း သူမ၏အလိုအလျောက်အသိစိတ်က သတိပေးနေခဲ့သည်။
သို့သော် တံခါးပေါက်မှာ ပိတ်ဆို့ခံထားရပြီဖြစ်သည်။ အကယ်၍ သူမ ထွက်ပြေးချင်လျှင်ပင် ပြေးစရာမြေမရှိတော့ချေ။ သူမတီးတိုးကျိန်ဆဲလိုက်သည်။
“တောက် ဒီသိုလှောင်ရုံက ဘာလို့လူတွေကိုအထဲခေါ်သွားလို့မရတာလဲ”
အကယ်၍ သူမသာ အထဲသို့ဝင်လို့ရမည်ဆိုလျှင် ထိုအထဲတွင်ပုန်းအောင်းနေမည်ဖြစ်သည်။ သူမက ဤအခြေအနေကို မရင်ဆိုင်ချင်သဖြင့် မျက်လုံးများကိုမှိတ်ထားလိုက်သော်ငြား ရှောင်လွှဲနေ၍လည်းအသုံးမဝင်ချေ။ နိုင်ငံရေးဌာနမှူးရှောင်က တံခါးခေါက်လိုက်သည်။
“ရဲဘော်လု မင်းကို လာတွေ့တဲ့သူရှိတယ်”
လုရှီမန် မကျေမချမ်းဖြစ်နေသော လေသံဖြင့်ပြန်လည်တုံ့ပြန်လိုက်သည်။
“အိမ်မှာမရှိဘူး၊ ပြန်သွားကြတော့”
လင်းယိုချင့်မှာ မထိန်းနိုင်ဘဲကျယ်လောင်စွာ ရယ်မောလိုက်မိ၏။
‘ဒီမိန်းမငယ်လေးကတော့’
တကယ်ကို ချစ်စရာကောင်းလှပေသည်။ သူမက ဤမျှလောက် အံ့မခန်းထက်မြက်လှသောအကြံဉာဏ်များကို ဖန်တီးပေးနိုင်သူဖြစ်နေခြင်းမှာ အံ့သြစရာတော့မဟုတ်ပေ။ သူ မေးလိုက်သည်။
“ဒါဆိုရင် မင်းကို ငါခေါ်သွားလို့ရမလား”
သူ၏ ရုတ်တရက်ထွက်ပေါ်လာသောစကားကြောင့် နိုင်ငံရေးဌာနမှူးရှောင်မှာ နေရာတွင်ပင် အေးခဲသွားခဲ့ရသည်။ သူက လင်းယိုချင့်အားတစ်လှည့် လုရှီမန်ကိုတစ်လှည့် ကြည့်လိုက်မိ၏။
စုန့်ကျီပိုင်မှာ သူ့လက်အောက်တွင်မရှိသော်လည်း သူတို့၏စစ်ဘက်ဆိုင်ရာ ဝန်ထမ်းများကိုတော့ ဤကဲ့သို့ခေါ်ဆောင်သွားခွင့်ပြုမထားပေ။
စစ်တပ်၏အိမ်ထောင်ရေးကို ဖျက်ဆီးခြင်းမှာ ကြီးလေးသောရာဇဝတ်မှုတစ်ခုဖြစ်သည်။ အင်ဂျင်နီယာလင်းက ထိုအချက်ကို မသိသောကြောင့်များလား။
ထိုစကားကိုကြားသောအခါ လုရှီမန်မှာ နေရာမှ ဝုန်းခနဲထရပ်လိုက်သည်။
“မရဘူး၊ ကျွန်မ သူ့ကိုပိုက်ဆံပေးပြီးပြီလေ၊ သူက ဘာဖြစ်လို့ ကျွန်မနေရာကို ဖော်ကောင်လုပ်ရတာလဲ”
သူမလေသံထဲတွင် မကျေနပ်မှုအရိပ်အယောင်များ အထင်းသား ပေါ်လွင်နေသည်။
‘ဒါက လိမ်လည်လှည့်စားတတ်တဲ့ ကုန်သည်ယုတ်တွေရဲ့သရုပ်မှန်ပဲလား'
လင်းယိုချင့် တစ်ယွမ်ကိုထုတ်ကာ လုရှီမန်ထံသို့ ကမ်းပေးလိုက်၏။
“ဒါဆိုရင်တော့ မင်းပေးတဲ့ငွေက မလုံလောက်လို့ဆိုပြီး ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်လိုက်တော့ ရဲဘော်လု၊ ဟိုင်နန်ကျွန်းတတိယစက်ပစ္စည်းစက်ရုံကိုယ်စား မင်းကိုငါတို့နဲ့ပူးပေါင်းဖို့ ရိုးသားစစ်မှန်စွာဖိတ်ခေါ်ပါတယ်”