← Chapters

အခန်း ၉၂

Vol. 10 Ch. 92

အခန်း ၉၂

Vol. 10 Ch. 92

92

နာကျင်မှုများ ဖုံးလွှမ်းနေသော မျက်နှာဖုံးတစ်ခုပမာ လုရှီမန်၏မျက်နှာအမူအရာမှာ သိသိသာသာပျက်ယွင်းသွားခဲ့သည်။ နိုင်ငံရေးဌာနမှူးရှောင်မှာ ပို၍ပင် အံ့အားသင့်သွားခဲ့ရ၏။ ရဲဘော်လုတွင် ဤကဲ့သို့သော စွမ်းဆောင်ရည်မျိုးရှိနေသေးသည်လား။

ဤမျှ အရည်အချင်းရှိနေလျှင် အဘယ်ကြောင့် စောစောကတည်းက သွားရောက်မလုပ်ကိုင်ခဲ့သနည်း။ အင်ဂျင်နီယာလင်း၏ဤကဲ့သို့ ဖိတ်ခေါ်ခြင်းကို ခံရသည်ဆိုကတည်းက သူမတွင် သာမန်ထက်ထူးကဲသော အစွမ်းအစများ သေချာပေါက်ရှိနေမည်သာဖြစ်သည်။

သို့သော် သူမမျက်နှာအမူအရာက အဘယ်ကြောင့် ဤမျှလောက်ကြည့်ရဆိုးနေရသနည်း။ နိုင်ငံရေးဌာနမှူးရှောင်မှ တိုက်တွန်းလိုက်သည်။

“ရဲဘော်လု ဒါက ကိစ္စကောင်းပဲ၊ မြန်မြန်သဘောတူလိုက်ပါ”

နိုင်ငံရေးဌာနမှူးရှောင် ဆက်ပြောလိုက်၏။

“ငါတို့ရဲ့စက်ပစ္စည်းစက်ရုံက အလုပ်လုပ်ဖို့ တကယ်ကောင်းတဲ့နေရာတစ်ခုပါ၊ တပ်ရင်းမှူးစုန့်လည်း မင်းအတွက် ဂုဏ်ယူနေလိမ့်မယ်လို့ ငါယုံကြည်တယ်”

ဤကဲ့သို့သော အခွင့်အရေးကောင်းကြီးကို ရဲဘော်လုအနေဖြင့် လုံးဝ လက်လွတ်မခံသင့်ပေ။ လင်းယိုချင့်က သူမကို ပြင်းပြသောဆန္ဒများ တောက်လောင်နေသည့်မျက်ဝန်းများဖြင့် စိုက်ကြည့်နေပြီး နောက်တစ်စက္ကန့်မှာပင် သူမကို အထုပ်ထဲထည့်ကာ ခေါ်ဆောင်သွားချင်စိတ်များ တဖွားဖွား ပေါ်ပေါက်နေခဲ့သည်။

လုရှီမန် အနေခက်စွာဖြင့် ရယ်မောလိုက်သည်။

“အဲဒါက သိပ်မသင့်တော်ဘူးထင်တယ်နော်၊ ကျွန်မက ဘာမှအသုံးမကျတဲ့ သာမန်ငဖျင်းတစ်ယောက်ပါ၊ ဘယ်လိုလုပ် စက်ပစ္စည်းစက်ရုံကိုဝင်လို့ရမှာလဲ၊ ဒီလိုအခွင့်အရေးကောင်းကို တခြားလူတွေအတွက်ပဲ ချန်ထားပေးသင့်ပါတယ်”

သူမက တကယ့်ကို ရိုးသားစစ်မှန်စွာဖြင့်ပြောလိုက်ခြင်းဖြစ်သည်။ သူမက အလုပ်ကြိုးစားချင်စိတ် လုံးဝမရှိခဲ့ချေ။

သူမက သက်သောင့်သက်သာလှဲလျောင်းနေချင်ရုံ သက်သက်သာဖြစ်သည်။

‘လှဲလျောင်းနေချင်ရုံလေးပါဆို’

လင်းယိုချင့် မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။

“သာမန်ငဖျင်းလား”

“ဘာမှအသုံးမကျတဲ့လူတဲ့လား”

သူ့ကမ္ဘာအမြင်ကြီးတစ်ခုလုံးပြိုလဲသွားသကဲ့သို့ လင်းယိုချင့်မှာ တစ်ကိုယ်လုံး တုန်ယင်လာခဲ့၏။ အကယ်၍ သူမကသာ ဤသို့ပြောမည်ဆိုလျှင် စက်ပစ္စည်းစက်ရုံရှိလူအားလုံး သွားသေလိုက်ကြဖို့သာ ရှိတော့သည်။

သူတို့မှာ ဤပြဿနာကို နှစ်ပေါင်းများစွာ ခေါင်းခဲခံကာ ဖြေရှင်းနေခဲ့ရသည်ပင်။ သို့သော် သူမကတော့ အလွယ်တကူပင်ဖြေရှင်းပစ်လိုက်နိုင်သည်။

ဤသည်ကို အသုံးမကျသူဟုခေါ်နိုင်သည်လား။

လုရှီမန် ခေါင်းညိတ်ကာ အတည်ပြုလိုက်သည်။

“ဟုတ်ပါတယ်၊ ကျွန်မက တကယ်ကို အလုပ်နဲ့ ဓာတ်မတည့်တာပါ၊ အလုပ်စလုပ်လိုက်တာနဲ့ ကျွန်မ ခါးတွေနာ၊ ခြေထောက်တွေကိုက်ပြီး တစ်ကိုယ်လုံး နာကျင်လာတတ်တယ်၊ ပြီးတော့ ကျွန်မက အိပ်ရာထနောက်ကျတာကို သဘောကျတယ်”

သူမက နိုင်ငံရေးဌာနမှူးရှောင်ကို တောင်းပန်တိုးလျှိုးနေသောမျက်ဝန်းများဖြင့် ကြည့်လိုက်၏။ သူမက ဤအချိန်ကာလအတွင်း ကောင်းမွန်စွာ အနားယူချင်ရုံသက်သက်သာဖြစ်သည်။

သို့သော် နိုင်ငံရေးဌာနမှူးရှောင်မှာ မျက်နှာလွှဲသွားပြီး သူမကိုလျစ်လျူရှုထားလိုက်သည်။

အရင်းရှင်သခင်မလေးတစ်ယောက်က အလုပ်လုပ်ရန် မသင့်တော်သည်မှာ အမှန်ပင်။

ချမ်းသာသောမိသားစုများမှ သခင်မလေးများသည် အလုပ်မလုပ်ကြဘဲ အိမ်တွင်စားသောက်ပျော်ပါးနေတတ်ကြသည်။ သူမ ပြောသည်မှာလည်းမမှားပေ။

သို့သော် ယခုအချိန်တွင် သူမ၌ထိုသခင်မလေးအဆင့်အတန်းမရှိတော့ချေ။ သူမသည် လှပသောအမိမြေကို အတူတကွ တည်ဆောက်ရန်အတွက် လူတိုင်းနှင့်အတူ ကြိုးပမ်းအားထုတ်သင့်ပေသည်။

သူက အင်ဂျင်နီယာလင်းနှင့် အကြိမ်အနည်းငယ် တွေ့ဆုံဖူးသည်။ သူသည် စက်ပစ္စည်းစက်ရုံ၏မဏ္ဍိုင်ကြီးတစ်ရပ်ဖြစ်၏။ သူ့လိုလူက ဤကဲ့သို့ရိုးသားစစ်မှန်စွာ ဖိတ်ခေါ်နေသည်ဆိုကတည်းက သူမတွင်ထူးကဲသော အရည်အသွေးများ သေချာပေါက်ရှိနေမည်ပင်။

ရဲဘော်လုသည် ပက်လက်ကုလားထိုင်ပေါ်တွင် အေးချမ်းစွာအချိန်ဖြုန်းနေမည့်အစား အပြင်လောကတွင် တောက်ပစွာဖြင့် အကျိုးပြုလုပ်ငန်းများကို လုပ်ဆောင်သင့်ပေသည်။

လင်းယိုချင့် မျက်မှောင်ကုတ်ကာ ခေတ္တမျှ စဉ်းစားတွေးတောနေခဲ့သည်။ ဤပြဿနာများမှာ ကြီးမားသော အတိုင်းအတာအရဆိုလျှင် သိပ်ပြီး အရေးမကြီးလှပေ။

သို့သော် ဤခေတ်ကာလတွင်မူ သေးငယ်သောပြဿနာများလည်း မဟုတ်ချေ။ ပျင်းရိခြင်းက ဝေဖန်ရှုတ်ချခံရပြီး ပြင်းပြင်းထန်ထန်အရေးယူခံရနိုင်ပေသည်။

သို့သော်လည်း ဤမျှလောက် မြင့်မားသော ကျွမ်းကျင်မှုအဆင့်က ဤသေးငယ်သော အားနည်းချက်များကို လုံလုံလောက်လောက်ဖုံးကွယ်ထားနိုင်ပေသည်။

အိပ်ရာထ နောက်ကျခြင်းလား။ သူမကို အိပ်ရာထ နောက်ကျခွင့်ပြုလိုက်မည်။

အလုပ်လာတာနောက်ကျခြင်းလား။ ဒါဆိုလည်း အလုပ်ဆင်းချိန် နောက်ကျအောင် လုပ်ခိုင်းလိုက်မည်။

ခါးနာ၊ ခြေထောက်ကိုက်၊ တစ်ကိုယ်လုံး နာကျင်ခြင်းလား။ စက်ပစ္စည်းစက်ရုံက ဆေးရုံနှင့်နီးသဖြင့် သူမကိုဆေးရုံသို့ပို့ရန် ပို၍ပင်လွယ်ကူသေးသည်။

သူမသည် မိမိတို့စက်ပစ္စည်းစက်ရုံသို့ ဝင်ရောက်ရန် မွေးဖွားလာသူပင်။

လင်းယိုချင့်ပြတ်သားစွာ ပြောလိုက်သည်။

“ဒါတွေက ပြဿနာမဟုတ်ပါဘူး၊ ငါ့ဘက်က တာဝန်ယူဖြေရှင်းပေးမယ်၊ မင်းက မွန်းလွဲပိုင်းအလုပ်မစခင်လေး သတင်းလာပို့ပေးဖို့ပဲလိုတယ်၊ ခန္ဓာကိုယ်က နေရထိုင်ရမကောင်းဘူးဆိုရင်လည်း ငါတို့နားမှာဆေးရုံရှိတယ်၊ နေမကောင်းဖြစ်တိုင်း ဆေးရုံကိုအချိန်မရွေးသွားလို့ရတယ်”

အကယ်၍ သူမစွမ်းရည်များက တကယ်သာကြီးမားနေမည်ဆိုလျှင် သူမအတွက် ကိုယ်ပိုင်ဆရာဝန်တစ်ဦး သတ်မှတ်ပေးရန်ပင် မဖြစ်နိုင်စရာအကြောင်းမရှိပေ။ လုရှီမန် ကောင်းကင်ကြီးကို မော့ကြည့်လိုက်ရာ သူမမျက်ဝန်းများထဲတွင် စိတ်ပျက်အားငယ်မှုများ ပြည့်နှက်နေခဲ့သည်။

'ငါက သူ့ကိုလက်လျှော့သွားစေချင်တာပါ၊ ပြဿနာတွေကို ဖြေရှင်းဖို့နည်းလမ်းတွေ ရှာခိုင်းနေတာ မဟုတ်ဘူးလေ'

‘မွန်းလွဲပိုင်းမှ သတင်းပို့ရမယ်တဲ့လား။ ဒီလူတွေရဲ့အကျင့်အရ ည ၁၀ နာရီမတိုင်မီ ငါအိမ်ပြန်ရောက်ပြီး အိပ်ရာဝင်နိုင်ပါ့မလား'

သူမ အပြုံးဖျော့ဖျော့တစ်ခုကို အတင်းဖန်တီးကာ နဖူးကို ပွတ်သပ်လိုက်သည်။

“မရဘူး မရဘူး၊ ကျွန်မခေါင်းကိုက်နေပြီ၊ ဒီကိစ္စကို နောက်မှပဲဆက်ပြောကြတာပေါ့”

၎င်းက အချိန်ဆွဲသည့်ဗျူဟာပင်။ သူမက အချိန်ကြာကြာဆွဲထားနိုင်မည်ဆိုလျှင် သူတို့ အလိုအလျောက်မေ့သွားကြမည်ဖြစ်သည်။

:မနက်ဖြန်ကျရင်တော့ သူတို့ ငါ့ကိုလုံးဝ ရှာမတွေ့စေရဘူး'

လင်းယိုချင့် ခပ်ဟဟရယ်မောလိုက်သည်။

“နိုင်ငံရေးဌာနမှူးရှောင် ကျေးဇူးပြုပြီး ကားတစ်စီးလောက် စီစဉ်ပေးပါ၊ ရဲဘော်လုကို အခုချက်ချင်းဆေးရုံပို့ပြီး ဆေးစစ်ပြီးတာနဲ့ ငါတို့စက်ပစ္စည်းစက်ရုံဆီကို တိုက်ရိုက်ပို့ပေးလိုက်ပါ”

ဤလှည့်ကွက်လေးက သူ့သားဖြစ်သူ ကျောင်းမသွားချင်၍ အကြောင်းပြသည်နှင့် မည်သည့်နေရာများကွာခြားနေသနည်း။

‘ဟမ့် ငါ့ကိုများ လာပြီးလှည့်စားချင်နေသေးတယ်'

လုရှီမန် အလျင်အမြန်တားဆီးလိုက်သည်။

“ရပ်လိုက်ပါတော့၊ ကျွန်မ စက်ပစ္စည်းစက်ရုံကိုမသွားရဖို့ ဘာတွေလုပ်ပေးရမလဲဆိုတာကိုသာပြောပါ၊ ကျွန်မဆီမှာ ရှင် သဘောမကျတဲ့အရာတွေရှိရင်ပြောပါ၊ ကျွန်မပြင်ပါ့မယ် ဟုတ်ပြီလား”

သူမ သနားစဖွယ်လေသံဖြင့် အသနားခံလိုက်သည်။ အလုပ်သွားရခြင်းကို အမှန်တကယ် နှစ်သက်မြတ်နိုးသူဟူ၍ မည်သူမျှမရှိချေ။ လုံးဝကို မရှိချေ။

လင်းယိုချင့် လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

“မင်းမှာ ရွေးချယ်စရာတစ်ခုပဲရှိတယ်၊ အဲဒါက ငါတို့နဲ့ပူးပေါင်းဖို့ပဲ ဒါမှမဟုတ် တခြားနိုင်ငံတွေက ငါတို့ကိုနေရာတိုင်းမှာ လည်ပင်းညှစ်အနိုင်ကျင့်နေတာကို မင်းက ရပ်ကြည့်နေချင်လို့လား၊ တိုးတက်မှုအားလုံးက သန်းပေါင်းများစွာသော စစ်သားတွေနဲ့ ပြည်သူတွေအတွက်ပါ၊ ငါတို့ရဲ့နည်းပညာ နောက်ကျနေမှုကြောင့် နေရာတိုင်းမှာ သူတစ်ပါးဆီကနေ တောင်းရမ်းနေရတယ်၊ ဒါတောင်မှ.......မင်းသာ ပူးပေါင်းပါဝင်လာမယ်ဆိုရင် ငါတို့တုံ့ပြန်မှုလုပ်နိုင်မယ်လို့ ယုံကြည်တယ်”

သူ စကားမဆုံးမီမှာပင် လုရှီမန်လည်း သူမခေါင်းကို ငုံ့ချလိုက်မိသည်။ ဤအခြေအနေများကို သူမ မသိရှိဘဲနေမည်မဟုတ်ပေ။

All Chapters