← Chapters

အခန်း ၉၃

Vol. 10 Ch. 93

အခန်း ၉၃

Vol. 10 Ch. 93

93

သူမ သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်သည်။ နိုင်ငံတော်၏အရေးကိစ္စဟုဆိုလာလျှင် တရုတ်အမျိုးသားရေး အမွေအနှစ်ကို ဆက်ခံသူတစ်ဦးအနေဖြင့် သူမမည်သည့်အရာများလုပ်နိုင်မည်နည်း။ သူမ ထွက်ပြေးလို့လည်း မရနိုင်ပေ။

လင်းယိုချင့် စကားပြောနေစဉ် သူ့မျက်လုံးထောင့်မှ သူမကိုအကဲခတ်နေခဲ့သည်။ သူမစိတ်များ ယိမ်းယိုင်လာသည်ကိုမြင်သောအခါ နိုင်ငံတော်၏ ခက်ခဲကြမ်းတမ်းမှုများအကြောင်းကို အကျယ်တဝင့် ဆက်လက်ဟောပြောနေတော့သည်။

သူသည် စကားပြောနေရင်းမှ မျက်ရည်များပင် ရောယှက်လာခဲ့သည်။ နိုင်ငံရေးဌာနမှူးရှောင်၏ မျက်ဝန်းများပင်လျှင် နီရဲလာခဲ့၏။ နိုင်ငံတော်က အမှန်တကယ်ပင် ခက်ခဲကျပ်တည်းလှပြီး သူတို့က ပို၍ပင်ခက်ခဲနေကြသည်။

လုရှီမန် အလျင်အမြန်သဘောတူလိုက်သည်။

“ကောင်းပါပြီ ကောင်းပါပြီ၊ ကျွန်မ သွားပါ့မယ်၊ ရပြီမလား”

ဤအရာများကို ဆက်လက်နားထောင်နေရန် သူမ မစွမ်းဆောင်နိုင်တော့ချေ။

လုရှီမန် ကြိုတင် စည်းကမ်းသတ်မှတ်လိုက်သည်။

“အရင်ဆုံး ရှင်းရှင်းလင်းလင်း ပြောထားမယ်၊ ကျွန်မ အချိန်ပိုဆင်းမှာမဟုတ်ဘူးနော်”

အလုပ်လုပ်ရခြင်းကပင် သူမကိုသေစေနိုင်လုနီးပါးဖြစ်နေပြီဖြစ်သည်။ သူမ အချိန်ပိုလုံးဝဆင်းနိုင်မည်မဟုတ်ပေ။

သူမအသက်ကလည်း အရေးကြီးသည်။

လင်းယိုချင့် မစဉ်းစားဘဲချက်ချင်းခေါင်းညိတ်သဘောတူလိုက်သည်။

“အချိန်ပိုမရှိပါဘူး အချိန်ပိုမရှိပါဘူး၊ ငါတို့စက်ပစ္စည်းစက်ရုံက အချိန်အရမ်းတိကျတယ်”

အလုပ်သမားများက အချိန်မှန် အလုပ်ဆင်းကြသည်မှာ အမှန်ပင်။ သို့သော် သူတို့သည်တော့မပါပေ။ အရင်ဆုံး သူမကိုအထဲရောက်အောင်ဆွဲသွင်းပြီးမှ ကျန်တာကို ဆက်တွေးရတော့မည်။

သူ ဤမျှအလျင်အမြန် သဘောတူလိုက်သဖြင့် လုရှီမန်မှာ ပင်လယ်ဓားပြသင်္ဘောပေါ်သို့ ထပ်မံတက်ရောက်ရတော့မည်ဟု ခံစားလိုက်ရသည်။ သူမမျက်နှာပေါ်ရှိ အပြုံးများမှာ နောက်တစ်ဖန် အတင်းဖန်တီးထားသောအပြုံးများ ဖြစ်သွားခဲ့ပြန်၏။

သူမ သက်ပြင်းချကာ သူမလက်ကိုသူမ ပြန်ပုတ်လိုက်မိသည်။

‘ဘာဖြစ်လို့များ ငါက အဲဒီလောက် အရေးမပါတဲ့ကိစ္စတွေကို ဝင်စွက်ဖက်ချင်နေခဲ့ရတာလဲ'

လင်းယိုချင့် မေးလိုက်၏။

“မင်း သဘောတူလိုက်ပြီဆိုတော့ အရင်ဆုံး စက်ပစ္စည်းစက်ရုံကို သွားကြမလား၊ မင်းရဲ့မှတ်စုတွေ ရှိနေပေမဲ့လည်း ငါတို့ကပြဿနာနည်းနည်းနဲ့ ရင်ဆိုင်နေရတုန်းပဲ”

လုရှီမန် ခါးသီးစွာရယ်မောလိုက်မိသည်။

‘ငါ့ဘဝက တကယ်ကိုတန်ဖိုးမရှိသလောက်ပါပဲလား'

လုရှီမန် လက်မှိုင်ချကာပြောလိုက်ရတော့သည်။

“သွားကြတာပေါ့ သွားကြတာပေါ့၊ စောစောပြန်လာရမယ်နော်၊ နိုင်ငံရေးဌာနမှူးရှောင် ကျွန်မ နေ့လယ်စာစားဖို့ ပြန်လာဖြစ်လောက်မှာ မဟုတ်ဘူးလို့ စုန့်ကျီပိုင်ကို ပြောပေးပါဦး”

သူမ ကြိုတင်ခံစားနေရပြီးသားဖြစ်သည်။ လင်းယိုချင့် မျက်ခုံးတစ်ဖက်ပင့်လိုက်၏။ ဤမိန်းကလေးက သဘောပေါက်လွယ်ပေသည်။

မီးဖိုကိုငြှိမ်းသတ်ပြီး အိမ်ရှိကိစ္စအဝဝကို ဖြေရှင်းပြီးနောက် လုရှီမန်လည်း သူမစက်ဘီးကိုစီးကာ လင်းယိုချင့်အနောက်မှ စက်ပစ္စည်းစက်ရုံဆီသို့ လိုက်ပါသွားခဲ့သည်။

စက်ပစ္စည်းစက်ရုံ၏ဂိတ်ပေါက်ဝသို့ ရောက်ရှိချိန်တွင် လုရှီမန်မှာ စူးစမ်းအကဲခတ်နေသောအကြည့်ပေါင်းများစွာကို သည်းခံဖြတ်သန်းခဲ့ရပြီးဖြစ်၏။

ကျန်းဝမ်ဟွမ်က လုရှီမန်ကိုအံ့သြမှင်တက်မှုများအပြည့်ဖြင့်ကြည့်ကာ မေးလိုက်သည်။

“အင်ဂျင်နီယာလင်း ခင်ဗျားပြောတဲ့ ပါရမီရှင်ဆိုတာ ဒါလေးလား”

ဤမျှငယ်ရွယ်သော အသက်အရွယ်နှင့် ပါရမီရှင်တစ်ဦး။

ထို့အပြင် မိန်းကလေးတစ်ယောက်ဖြစ်နေသေးသည်။

သူမသည် အစစ်အမှန်ပါရမီရှင်တစ်ဦးပင်။ သို့သော် ဤမိန်းမငယ်လေးမှာ အသားအရေဖြူဖွေးနုဖတ်နေပြီး ကြမ်းတမ်းသောအလုပ်များကို လုပ်ကိုင်နိုင်မည့်သူနှင့် သိပ်မတူလှချေ။

‘သူမက တကယ်ပဲ အဲဒီလောက်ထူးချွန်တဲ့ ပါရမီရှင်လား ဒါမှမဟုတ် တစ်စုံတစ်ယောက်က ပါရမီရှင်နေရာမှာ ဝင်ဟန်ဆောင်ပြီး အခွင့်အရေးယူချင်နေခြင်းများလား'

လင်းယိုချင့် အကြံပြုလိုက်သည်။

“ရဲဘော်လု မင်းရဲ့စွမ်းရည်တွေ ငါတို့ကို နည်းနည်းလောက် ထုတ်ပြပေးနိုင်မလား”

စက်ပစ္စည်းစက်ရုံသို့ ယခုမှစတင်ဝင်ရောက်လာပြီး ငယ်ရွယ်သော မိန်းကလေးတစ်ဦးဖြစ်နေခြင်းကြောင့် သံသယဝင်မှုအချို့ကို ရင်ဆိုင်ရမည်မှာ သေချာသည်။ သို့သော် ဤနေရာမှာ စကားပြောရုံဖြင့် ပြီးသွားသောနေရာမဟုတ်ပေ။ စွမ်းဆောင်ရည်ပါ လိုအပ်၏။

အနည်းငယ်မျှ လက်တွေ့ပြသလိုက်ခြင်းက ထိုပါးစပ်များကိုပိတ်သွားစေနိုင်ပေသည်။ ထို့အပြင် သူကိုယ်တိုင်လည်း ရဲဘော်လု၏စွမ်းရည်များကို မြင်တွေ့ချင်နေသေးသည်။

လုရှီမန် ခြောက်ကပ်ကပ် ရယ်မောလိုက်၏။

“ကျွန်မက သဘောကျသည်ဖြစ်စေ မကျသည်ဖြစ်စေ ဒီပင်လယ်ဓားပြသင်္ဘောပေါ် ရောက်နေပြီပဲလေ”

အဘယ်ကြောင့် သူမက အဖွဲ့အစည်းတစ်ခုလုံးကို စိန်ခေါ်ရန်ရောက်ရှိနေသည်ဟု ခံစားနေရသနည်း။ အကယ်၍ သူမသာ သူတို့ယုံကြည်မှုအားလုံးကိုရိုက်ချိုးပစ်လိုက်မည်ဆိုလျှင် ဤလူများက စောင်ခြုံပြီးငိုနေကြမည်ဖြစ်သည်။ လင်းယိုချင့် နှစ်သိမ့်လိုက်၏။

“ဘယ်လိုလုပ် ဒါကပင်လယ်ဓားပြသင်္ဘောဖြစ်ရမှာလဲ၊ တကယ်လို့ မင်းသာ သေသေချာချာလုပ်နိုင်ရင် မင်းအတွက် အကြီးတန်းအလုပ်သမားတစ်ယောက်ရဲ့လစာကို ငါတောင်းဆိုပေးပါ့မယ်”

အကြီးတန်းအလုပ်သမားတစ်ယောက်၏လစာမှာ ယွမ်တစ်ရာကျော်ပင်ရှိသည်။ လုရှီမန် နှုတ်ခမ်းမဲ့လိုက်၏။

သူမက ထိုငွေကြေးအနည်းငယ်ကို လိုအပ်နေသူမဟုတ်ပေ။ ထို့အပြင် သူမ လုံးဝလာချင်ခဲ့သည်မဟုတ်ချေ။

လုရှီမန် သူ့ခေါင်းသူ ပွတ်သပ်ရင်းပြောလိုက်သည်။

“ကောင်းပြီလေ၊ ရှင့်တို့ အခုဘယ်နေရာမှာ တစ်ဆို့နေလဲဆိုတာကိုသာပြောပါ၊ ကျွန်မကြည့်ပေးပါ့မယ်”

လင်းယိုချင့်မှာ အလွန်တရာဝမ်းသာသွားခဲ့သည်။ သူက လုရှီမန်ကိုဆွဲခေါ်ကာ တန်းတန်းမတ်မတ်လျှောက်သွားပြီး စက်ပစ္စည်းရှိရာသို့ ခေါ်ဆောင်သွားခဲ့၏။ လုရှီမန်က ပထမဆုံး ဆောင့်ကြောင့်ထိုင်ကာ စက်ပစ္စည်းကို စစ်ဆေးကြည့်ရှုပြီးနောက် စားပွဲပေါ်ရှိ စာရွက်စာတမ်းများအား ကြည့်ရှုလိုက်သည်။

မိနစ်အနည်းငယ်အတွင်းမှာပင် သူမက အခြေအနေတစ်ခုလုံးကို အကြမ်းဖျင်း နားလည်သဘောပေါက်သွားခဲ့သည်။ သူမ၏အဆင့်မြင့်သောအသိပညာနှင့် နည်းပညာများဖြင့် အတွေးများကို အနည်းငယ် စုစည်းပြီးနောက် ရှင်းပြရန်သာ လိုအပ်တော့၏။

အစပိုင်းတွင် မည်သူကမျှသိပ်ပြီးအာရုံမစိုက်ကြဘဲ သူမစွမ်းရည်များကို အထင်သေးကာ စိတ်ပါဝင်စားမှုမရှိဘဲ နားထောင်နေခဲ့ကြသည်။ သို့သော် နှစ်မိနစ်ခန့်နားထောင်ပြီးနောက်တွင်မူ သူတို့မျက်နှာအမူအရာများမှာ သိသိသာသာ ပြောင်းလဲသွားခဲ့၏။

လင်းယိုချင့်က စာရွက်နှင့် ဘောပင်ကို အလျင်အမြန် ကောက်ယူကာ သူ့မှတ်စုစာအုပ်ထဲတွင် အလျင်အမြန် မှတ်စုထုတ်နေတော့သည်။

လုရှီမန်တစ်ယောက် ပါးစပ်များပင် ခြောက်သွေ့လာသည်အထိ ပြောဆိုပြီးနောက် အဆုံးသတ်လိုက်သည်။

“ဒါပါပဲ ရှင့်တို့ဘာသာ ဖြည်းဖြည်းချင်းလေ့လာကြတော့”

ဤသည်မှာ အမှန်တကယ်ပင် အတိုင်းအတာတစ်ခုအထိ နှိမ်ချတိုက်ခိုက်လိုက်ခြင်းပင်ဖြစ်၏။ လက်ရှိ နည်းပညာများမှာ နေရာတိုင်းတွင် လည်ပင်းညှစ်ခံထားရသကဲ့သို့ဖြစ်နေသည်။

ဤမျှရိုးရှင်းသောအရာကိုပင် သူတို့နားမလည်နိုင်ကြသေးချေ။ ဤနေရာသို့ သူမရောက်ရှိလာခြင်း၏ ရည်ရွယ်ချက်မှာ သူတို့ကိုနှစ်ငါးဆယ်ခန့် ခေတ်ရှေ့ပြေးနေသော နည်းပညာများဆီသို့ တိုက်ရိုက်ဦးဆောင်ခေါ်သွားပေးရန်ဖြစ်နိုင်၏။

တစ်စုံတစ်ယောက်က မယုံကြည်နိုင်စွာဖြင့် မေးမြန်းလိုက်သည်

“ရဲဘော်လု၊ မင်းက သုတေသနအဖွဲ့အစည်းတစ်ခုခုကနေ လာတာမဟုတ်ဘူးဆိုတာသေချာရဲ့လား”

All Chapters