← Chapters

အခန်း ၉၄

Vol. 10 Ch. 94

အခန်း ၉၄

Vol. 10 Ch. 94

94

သုတေသနအဖွဲ့အစည်း တစ်နည်းဆိုရလျှင် သူမသည် အမှန်တကယ်ပင် ထိုနေရာမှလာခဲ့ခြင်းဖြစ်သည်။ သို့သော် ဆယ်စုနှစ်များစွာ ကြာမြင့်ပြီးနောက် အနာဂတ်ကာလရှိ သုတေသနအဖွဲ့အစည်းတစ်ခုမှဖြစ်၏။

သူမ ခေါင်းကို ညင်သာစွာခါယမ်းလိုက်ပြီး သူမနှုတ်ခမ်းထောင့်များက အနည်းငယ် တွန့်ကွေးသွားခဲ့သည်။

“ကျွန်မသာ သုတေသနအဖွဲ့အစည်းကနေ လာခဲ့တာဆိုရင် ဟိုင်နန်ကျွန်းကိုတောင် ရောက်လာနိုင်ပါ့မလား၊ ပြီးတော့ သူတို့က ကျွန်မကို ဟိုင်နန်ကျွန်းကို လာခွင့်ပြုပါ့မလား”

သူမက ထိုအမျိုးသားများကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး မျက်ခုံးတစ်ဖက်ပင့်ကာ စူးစမ်းလိုက်သည်။ သူမအနေဖြင့် အနည်းငယ်လမ်းညွှန်ပြသပေးရုံသာလုပ်နိုင်မည်။

ကျန်ရှိနေသော ကိစ္စရပ်များမှာ သူမနှင့် သိပ်ပြီး သက်ဆိုင်မည်မဟုတ်တော့ချေ။

“ရှင့်တို့အားလုံး နားလည်သွားကြပြီဆိုတော့ ကျွန်မပြန်လို့ရပြီလား”

လင်းယိုချင့် တင်းမာခက်ထန်သော မျက်နှာထားဖြင့် ခေါင်းကိုအကြိမ်ကြိမ် ခါယမ်းလိုက်သည်။

အကယ်၍ သူမကို စက်ပစ္စည်းစက်ရုံနှင့် အခိုင်အမာမချည်နှောင်ထားနိုင်ပါက နောက်တစ်ကြိမ်တွင် သူမကို ဖမ်းဆီးနိုင်တော့မည်မဟုတ်ဟု သူ ပြင်းပြင်းထန်ထန် ခံစားနေရသည်။

အောင်မြင်ကျော်ကြားလိုသော သူ့ရည်မှန်းချက်များက ဤပါရမီရှင်လေးကို လုံးဝလက်လွှတ်မခံရန် တွန်းအားပေးနေခဲ့၏။

“မင်းက တရားဝင်အလုပ်တောင်မစရသေးတာ၊ ဘယ်လိုလုပ်ပြန်လို့ရမှာလဲ၊ မင်း ဒီမှာနေပြီး သူတို့နဲ့စကားပြောနေလိုက်ပါဦး၊ စက်ရုံမှူးကို ငါသွားအကြောင်းကြားလိုက်ဦးမယ်”

ထို့အပြင် သူမကို ရှောင်ကျန်းတို့နှင့်အတူစကားပိုပြောခွင့်ပြုလိုက်ခြင်းက အချင်းချင်း လေးစားအားကျမှုများကို ဖြစ်ပေါ်လာစေနိုင်ပေသည်။ လုရှီမန်၏နှုတ်ခမ်းထောင့်များမှာ ရှုံ့မဲ့သွားခဲ့ပြီး သူမမျက်ဝန်းများထဲတွင် စိတ်ပျက်အားငယ်မှုအရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့၏။

သူမက ထိုအမျိုးသားများကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သူတို့စိတ်အာရုံများမှာ ယခုလေးတင်ဖြေရှင်းလိုက်သော ပြဿနာများထဲတွင် နစ်မျောနေဆဲဖြစ်ရာ သူမအနေဖြင့် ဝင်ရောက်နှောင့်ယှက်မည် မဟုတ်တော့ပေ။

သူမ ထွက်မသွားသရွေ့ လင်းယိုချင့်တွင် မည်သည့်ကန့်ကွက်စရာမျှမရှိခဲ့ချေ။

“ကောင်းပြီလေ၊ ရှင့်တို့အားလုံး နားလည်သွားကြပြီဆိုတော့ ကျွန်မဘာသာ ခဏလောက်အနားယူနေလိုက်မယ်”

ထိုနေရာတွင် အမျိုးသားများမှာ အပြင်းအထန် ဆွေးနွေးငြင်းခုံနေကြသည်။ လုရှီမန်က သူတို့အမြင်များကို နားထောင်ရင်းကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်မိ၏။ သူတို့သည် အသိပညာနှင့် နည်းပညာပိုင်းတွင် အနည်းငယ်နောက်ကျနေရုံမျှသာဖြစ်ပြီး သူတို့ဦးနှောက်များမှာမူ သူမထက်ပင် အဆပေါင်းများစွာထက်မြက်ကြပေသည်။

သဘောတရားများကို ချက်ချင်းပင် နားလည်သဘောပေါက်သွားကြသည်။ ဆွေးနွေးနေကြရင်းဖြင့် ထိုအမျိုးသားများမှာ ခေါင်းများကိုငုံ့ကာ ပုံကြမ်းများကို စိတ်အားထက်သန်စွာဆွဲနေကြပြန်၏။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားပြီးနောက် လုရှီမန်မှာလည်း ပျင်းရိငြီးငွေ့လာခဲ့သည်။

သူမက စာရွက်တစ်ရွက်နှင့် ခဲတံတစ်ချောင်းကို ခပ်ပေါ့ပေါ့ပင်ကောက်ယူကာ ပုံကြမ်းများကို စတင်ရေးဆွဲနေခဲ့သည်။

ခဲတံအသစ်တစ်ချောင်းကို ကိုင်ဆောင်ထားရင်း ခဲဖျက်ပါသောအဖျားပိုင်းကို ကိုက်ကာ နက်ရှိုင်းသောအတွေးကမ္ဘာထဲသို့ နစ်မျောနေခဲ့၏။ ဤကဲ့သို့သော အထူးပြုရှုပ်ထွေးလှသည့် အကြောင်းအရာများကို ဆွေးနွေးရခြင်းက အနည်းငယ်တော့ပင်ပန်းလှပေသည်။

အနည်းငယ် အပန်းဖြေလိုက်ခြင်းက ပိုကောင်းပေမည်။ သူမက မလှမ်းမကမ်းတွင် အလုပ်များနေကြသော အလုပ်သမားများကို စဉ်းစားတွေးတောနေသောအကြည့်များဖြင့် ငေးကြည့်နေမိသည်။

လက်ရှိ ကြိတ်စက်များမှာလက်ဖြင့် တင်ခြင်းနှင့် ချခြင်းများကိုသာ အသုံးပြုနေရဆဲဖြစ်ရာ အချိန်ကုန် လူပင်ပန်းပြီး ခန္ဓာကိုယ်ခွန်အားကို အလွန်အကျွံအသုံးပြုရသောအလုပ်မျိုးဖြစ်သည်။ နွေဦးရာသီဖြစ်ပြီး အလွန်အမင်း ပူအိုက်မှုမရှိသေးသော်လည်း သူတို့မျက်နှာများထက်တွင်မူ ချွေးသီးချွေးပေါက်များဖုံးလွှမ်းနေခဲ့ပြီဖြစ်၏။

သူတို့မျက်နှာများမှာ နီရဲနေသော်လည်း တစ်ယောက်ကမျှ ညည်းညူခြင်းမရှိဘဲ ခေါင်းငုံ့ကာ ကြိုးစားပမ်းစားအလုပ်လုပ်နေကြသည်။

သူမက မိမိလက်ထဲရှိစာရွက်နှင့် ခဲတံဆီသို့ အကြည့်များပြောင်းလဲလိုက်ပြီးနောက် ချက်ချင်းပင် စာရွက်ထက်၌ ရေးဆွဲမှုများကို စတင်လိုက်သည်။ ဤနေရာသို့ရောက်ရှိနေပြီဖြစ်ရာ အသေးစားတိုးတက်မှုလေးတစ်ခုကို ဖန်တီးပေးခဲ့မည်ဆိုလျှင်ကောင်းပေမည်။

လူအားသီးသန့်ကိုသာ အသုံးပြုရသော အလုပ်မှ တစ်စိတ်တစ်ပိုင်း အလိုအလျောက်စနစ်သို့ကူးပြောင်းပေးလိုက်မည်။

သူမက အလွန်အမင်းအာရုံစိုက်ကာ ရေးဆွဲနေသဖြင့် သူမနောက်ကျောဘက်တွင် လူအများအပြားစုရုံးရောက်ရှိနေသည်ကိုပင် သတိမထားမိခဲ့ချေ။

စက်ရုပ်လက်တံ၏ဖွဲ့စည်းပုံမှာလည်း အလွန်အမင်းရှုပ်ထွေးလှသည်တော့မဟုတ်ပေ။

အခြေခံခုံ၊ တိုင်၊ လက်မောင်းကြီး၊ လက်မောင်းငယ်၊ ဆုပ်ကိုင်ကိရိယာ၊ ရွေ့လျားစေသော ယန္တရားနှင့် ထိန်းချုပ်ကိရိယာတို့ကို ပေါင်းစပ်ကာ ရိုးရှင်းသော တစ်စိတ်တစ်ပိုင်း အလိုအလျောက် စက်ရုပ်လက်တံတစ်ခုကို ဖန်တီးထားခြင်းဖြစ်သည်။

ထိန်းချုပ်ကိရိယာ၏ခြေနင်းပြားကို အသုံးပြု၍ သံမဏိကြိုးကိုဆွဲကာ ပစ္စည်းတင်ခြင်းနှင့် ချခြင်းအတွက် ဆုပ်ကိုင်ကိရိယာကို ထိန်းချုပ်နိုင်၏။

ဤစက်ကိရိယာအစုံက လူအင်အားဖြင့် ပစ္စည်းတင်ချခြင်းကို အစားထိုးနိုင်ပြီး လုပ်အားပြင်းထန်မှုအား လျှော့ချပေးနိုင်ရုံသာမက စက်ယန္တရား၏ ထုတ်လုပ်မှုကိုပင် တိုးမြှင့်ပေးနိုင်ပေသည်။

ထို့အပြင် ဤဖွဲ့စည်းတည်ဆောက်ပုံက လက်ရှိနည်းပညာများနှင့် အတိအကျ ကိုက်ညီနေသည်။ သံမဏိကြိုးများမရှိလျှင်တောင်မှ စက်ဘီးချိန်းကြိုးများကို အစားထိုးအသုံးပြုနိုင်ပြီး ပျော့ပျောင်းသော သတ္တုပြွန်များဖြင့် ကာကွယ်ထားနိုင်၏။

ဤတစ်စိတ်တစ်ပိုင်း အလိုအလျောက် စက်ရုပ်လက်တံသည် လျှပ်စစ်မီး သို့မဟုတ် ဟိုက်ဒရောလစ်စနစ်များမလိုအပ်သဖြင့် သူတို့နိုင်ငံနှင့်ပိုကိုက်ညီမှုရှိလှပေသည်။

လုရှီမန် နက်ရှိုင်းသောအတွေးများထဲတွင် နစ်မျောနေပြီး သူမအနောက်တွင် ရပ်နေကာ ပုံကြမ်းကိုကြည့်နေကြသော သူများအားလုံးမှာလည်း နက်ရှိုင်းသော အတွေးကမ္ဘာထဲသို့ ကျဆင်းသွားကြပြီဖြစ်သည်။

ဤကဲ့သို့သော စက်ရုပ်လက်တံများမရှိသည်တော့မဟုတ်ပေ။ ၎င်းတို့ကို ပြည်ပမှတင်သွင်းရန် အလွန်အမင်း ဈေးကြီးလွန်းလှပြီး လက်ရှိ စက်ယန္တရားများနှင့်လည်း အလွယ်တကူ ကိုက်ညီအောင် ပြုပြင်၍မရနိုင်ချေ။

လူအင်အားဖြင့် ပစ္စည်းတင်ချခြင်းက ပိုပင်ပန်းသော်လည်း ငွေကြေးကုန်ကျမှုကိုတော့ များစွာသက်သာစေသည်။

သူတို့က ထိုစက်များကိုအတုယူတည်ဆောက်ရန် စဉ်းစားခဲ့ဖူးသော်လည်း နိုင်ငံခြားသားများက အလွန်ပင်ပါးနပ်လွန်းလှသည်။ ၎င်းတို့ကို ခွဲခြမ်းစိတ်ဖြာနားလည်ရန် အချိန်များစွာယူရမည်ဖြစ်၏။

All Chapters