← Chapters

အခန်း ၉၅

Vol. 10 Ch. 95

အခန်း ၉၅

Vol. 10 Ch. 95

95

ထို့ကြောင့် လူအင်အားကိုသာ ဆက်လက်အသုံးပြုခြင်းက ပိုကောင်းမွန်ပေသည်။ မည်သို့ပင်ဖြစ်စေ သူတို့သည် လူဦးရေထူထပ်သောနိုင်ငံတစ်နိုင်ငံဖြစ်ရာ လူအင်အားဆိုသည်မှာ အရိုးရှင်းဆုံးသောဖြေရှင်းနည်းပင်။

သို့သော် အကယ်၍ သူတို့ကလုရှီမန်၏ပုံကြမ်းကိုသာ အသုံးပြုမည်ဆိုလျှင် စက်ရုပ်လက်တံ၏ထုတ်လုပ်မှုစရိတ်တစ်ခုလုံးမှာ ပြည်ပမှတင်သွင်းသော စက်ကိရိယာများ၏ ဆယ်ပုံတစ်ပုံခန့်သာ ကုန်ကျတော့မည်ဖြစ်သည်။ ဤကဲ့သို့သော ပုံကြမ်းမျိုးဖြင့် စက်ရုံတိုင်းက ၎င်းတို့ကိုတပ်ဆင်နိုင်ရန် ကြိုးပမ်းနိုင်ပြီဖြစ်၏။

လင်းယိုချင့်ပြန်ထွက်လာချိန်တွင် လူတိုင်းက သူမအနောက်၌တိတ်တဆိတ် ရပ်နေကြသည်ကို မြင်လိုက်ရသည်။

သူ စကားပြောရန်ပြင်လိုက်စဉ် ကျန်းဝမ်ဟွမ် ခေါင်းခါပြကာ တိတ်တိတ်နေရန် အချက်ပြလိုက်သည်။ ထိုအခြေအနေကိုမြင်သောအခါ လင်းယိုချင့်လည်း တိတ်ဆိတ်စွာပင် အနီးသို့တိုးကပ်သွားခဲ့၏။

လုရှီမန် ရေးဆွဲနေသည့်အရာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန်တွင် သူ့မျက်လုံးများမှာ ချက်ချင်းပင် အရောင်လက်သွားခဲ့သည်။

အကြမ်းဖျင်းရေးဆွဲထားခြင်းဖြစ်သော်လည်း မျဉ်းကြောင်းများမှာပေတံဖြင့် ဆွဲထားသကဲ့သို့ ဖြောင့်တန်းနေခဲ့သည်။

၎င်း၏ဖွဲ့စည်းတည်ဆောက်ပုံကို သေချာကြည့်ရှုလိုက်သောအခါ သူလည်း ဆွံ့အသွားခဲ့ရ၏။ ပြောင်မြောက်လှသော ရေးဆွဲမှုစွမ်းရည်ကြောင့်သာမက စက်ရုပ်လက်တံ၏ထက်မြက်လှသော ဒီဇိုင်းကြောင့်ပါဖြစ်သည်။

အရေးကြီးဆုံးအချက်မှာ လုရှီမန်သည် ဤနေရာသို့ရောက်ရှိလာသည်မှာ အချိန်ခဏလေးသာရှိသေးသော်လည်း ဤတိုတောင်းလှသောအချိန်လေးအတွင်းမှာပင် ပြဿနာကိုရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီး တိုးတက်မှုတစ်ခုကိုပင် ဖန်တီးနိုင်ခဲ့ခြင်းဖြစ်သည်။

ဤပုံကြမ်းတစ်ရွက်ကိုရရှိရန် သူတို့အနေဖြင့် တစ်လခန့်ပြင်းပြင်းထန်ထန် စဉ်းစားတွေးတောရမည်ဖြစ်သော်လည်း သူမကတော့ ခပ်ပေါ့ပေါ့ပင် ရေးဆွဲပစ်လိုက်၏။

ဤသည်မှာ ယုတ္တိမတန်ပေ။

‘ငါတို့ကပဲ အသက်ကြီးလာလို့လား ဒါမှမဟုတ် ငါတို့ဦးနှောက်တွေကပဲ လိုက်မမီတော့တာလား’

မိမိတို့ကိုယ်ကိုအသုံးမကျသူများဟု ခံစားနေရသော ထိုအမျိုးသားများမှာ ပြစ်ဒဏ်ပေးခံထားရသည့်အလား သူမအနောက်တွင် သပ်သပ်ရပ်ရပ်တန်းစီရပ်နေကြတော့သည်။

နောက်ထပ်နာရီဝက်ခန့်ကြာပြီးနောက် လုရှီမန်မှာ သူမလုပ်ငန်းအာရုံထဲမှ နောက်ဆုံးတွင် ပြန်ထွက်လာခဲ့သည်။

သူမ အကြောဆန့်ကာ သမ်းဝေလိုက်ပြီး မော့ကြည့်လိုက်ချိန်တွင် သူမအနောက်ရှိလူခေါင်းများကို မြင်လိုက်ရ၏။ သူမထိတ်လန့်တကြား အော်ဟစ်လိုက်ရင်း ရင်ဘတ်ကိုဖိကာ အသက်ရှူမှားသွားခဲ့သည်။ လင်းယိုချင့်က သူမကိုရှုပ်ထွေးလှသော မျက်နှာအမူအရာဖြင့် စိုက်ကြည့်နေခဲ့သည်။

“အမလေး ရှင့်တို့အားလုံး ဘာလုပ်နေကြတာလဲ၊ ကျွန်မကို လန့်သေအောင် လုပ်နေတာလား၊ လန့်အောင်လုပ်တာက တကယ်ကြီး လူကိုသေစေနိုင်တယ်ဆိုတာ ရှင်တို့သိကြရဲ့လား”

သူကမယုံနိုင်လောက်အောင် အံ့အားသင့်လျက် တီးတိုးရေရွတ်လိုက်၏။

“အင်ဂျင်နီယာလု ငါ မသိသေးတဲ့ အံ့အားသင့်စရာစွမ်းဆောင်ရည်တွေ မင်းဆီမှာ ဘယ်လောက်တောင်ရှိနေသေးတာလဲ”

အင်ဂျင်နီယာလုဆိုသော အခေါ်အဝေါ်ကိုကြားလိုက်ရချိန်တွင် လုရှီမန်တစ်ယောက် ဦးရေပြားများပင်ကျင်တက်သွားပြီး နေ့ရောညပါအချိန်ပိုဆင်းခဲ့ရသောရက်များကို ပြန်လည်မြင်ယောင်လာခဲ့သည်။ ဤတာဝန်ကြီးကို သူမ မထမ်းဆောင်နိုင်တော့ချေ။

လင်းယိုချင့် အားတက်သရောဆိုလိုက်သည်။ သူက သူမ၏တပည့်အဖြစ်ပင် နေချင်နေပြီဖြစ်၏။

“ကျွန်မကို အဲဒီလိုမခေါ်ပါနဲ့၊ ရဲဘော်လုလို့ပဲခေါ်ပါ"

"ဒီပုံကြမ်းတစ်ရွက်တည်းနဲ့တင် မင်းကို အင်ဂျင်နီယာလုလို့ ခေါ်တာတောင် နည်းနေပါသေးတယ်”

လုရှီမန်က သူမလက်ဘေးရှိပုံကြမ်းအားတစ်ချက်ကြည့်ကာ နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။

သူမက အလုပ်မလုပ်ချင်တာသိသာနေပါလျက်နှင့် အဘယ်ကြောင့် အလိုအလျောက် အလုပ်လုပ်မိသွားရသနည်း။ ထို့အပြင် ဤလူများ၏မျက်ဝန်းများထဲရှိ အမူအရာများကိုကြည့်ရင်း သူမက ကိုယ့်ပေါင်ကို ရိုက်လိုက်မိသည်။

သူမ တကယ်ကိုလက်ဆော့မိသွားခဲ့ပြီဖြစ်သည်။ ပုံကြမ်းက ဆွဲပြီးသွားပြီဖြစ်ရာ အလဟဿတော့မဖြစ်သင့်ပေ။

“ဟားဟား ရှင့်တို့အတွက်ပါ”

ကျန်းဝမ်ဟွမ်က ရတနာတစ်ခုကို လက်ခံရရှိသည့်အလား ပုံကြမ်းကိုယူလိုက်သည်။ ထိုအချိန်တွင် လျောင်ချင်းမြောင်က ပုံကြမ်းကိုလုယူသွားခဲ့၏။ ပိုင်ဖေးလီနှင့် ဖူထီရှင်းတို့ပင်လျှင် စိတ်အားထက်သန်စွာငေးကြည့်နေကြသည်။

သူတို့နှစ်ဦးမှာ စတင်လုယက်နေကြတော့သည်။ သူတို့ ပိုလုယက်လေလေ လုရှီမန်မှာ ဤတစ်ကြိမ်တော့ သူမ တကယ်ပြဿနာရှာမိပြီဟု ပိုခံစားလာရလေလေဖြစ်သည်။

“ငါ့ကို အရင်ကြည့်ခွင့်ပေးစမ်းပါ”

“ဘာတွေလောနေတာလဲ”

သူမက ဟာလာဟင်းလင်းဖြစ်နေသော ဗိုက်ကိုစမ်းရင်း ညှိုးငယ်သောလေသံဖြင့် မေးလိုက်သည်။ တစ်နာရီကျော်ကြာ ဆက်တိုက်ရေးဆွဲနေခဲ့သည်ကိုပင် တစ်ယောက်ကမျှ သူမအားထမင်းစားရန် သတိမပေးခဲ့ကြချေ။

အဘယ်ကြောင့် ယခင်ဘဝကထက် ပိုဆိုးနေသည်ဟု ခံစားနေရသနည်း။ ယခင်ဘဝက အနည်းဆုံးတော့ တစ်စုံတစ်ယောက်က အစားအသောက်များကို မှာယူပေးပြီး အချိန်မှန်စားသောက်ရန် သတိပေးတတ်သည်။

ယခုမူ သူမထမင်းတစ်နပ်ပင် မစားရတော့ချေ။ ဤသည်ကား အမှန်တကယ်ပင် သနားစရာကောင်းလှသည်။

“ကျွန်မတို့ အရင်ထမင်းသွားစားလို့မရဘူးလား”

ထိုစကားကိုကြားလိုက်ရချိန်တွင် လင်းယိုချင့် သူ့နဖူးသူရိုက်လိုက်မိ၏။

‘ဒါ ငါမေ့သွားတာပဲ၊ ငါထွက်လာတုန်းက လူတိုင်းကိုထမင်းစားသွားကြဖို့ ပြောမလို့ ရည်ရွယ်ထားခဲ့တာလေ၊ ငါကိုယ်တိုင်ကပါ ဘယ်လိုလုပ်ပြီး ပုံကြမ်းရေးဆွဲနေတဲ့အထဲ နစ်မျောသွားရတာလဲ’

ဤကဲ့သို့သောရတနာလေးကို တန်ဖိုးထား ကာကွယ်သင့်သည်ပင်။ သူတို့က သူမကို အမှန်တကယ်ပင် ဆာလောင်မွတ်သိပ်စေခဲ့သည်။

ဤအဘိုးကြီးများနှင့် လူရွယ်များက အစားနှစ်နပ်လောက် လွတ်သွားရုံဖြင့် သေသွားမည်မဟုတ်သော်လည်း မိန်းမငယ်လေးတစ်ဦးအတွက်မူ ကွာခြားလှပေသည်။

“ငါတို့ ထမင်းအရင်သွားစားကြတာပေါ့၊ တကယ်လို့ အင်ဂျင်နီယာလုသာ ဗိုက်ဆာသွားရင် ငါ့အမှားဖြစ်တော့မှာပဲ”

လင်းယိုချင့်၏စကားကြောင့် လူတိုင်းက ပုံကြမ်းအားလုယက်နေခြင်းကို ရပ်တန့်လိုက်ပြီး လုရှီမန်အားအပြစ်ရှိသလိုခံစားရသော အကြည့်များဖြင့် ကြည့်လိုက်ကြသ၏။ သူတို့အားလုံး ထိုပုံကြမ်းထဲတွင် အလွန်အမင်းနစ်မျောနေခဲ့ခြင်းမှာ သူတို့အပြစ်သာဖြစ်သည်။

ထိုအမျိုးသားများက လုရှီမန်ကို ပြိုင်တူတောင်းပန်လိုက်ကြသည်။

“တောင်းပန်ပါတယ်၊ ကျွန်တော်တို့ရဲ့ အမှားပါ”

“ရှင့်တို့အမှားရယ်လို့လည်း မဟုတ်ပါဘူး၊ အရင်ဆုံး သွားစားကြတာပေါ့”

ထမင်းစားပြီးနောက်မှသာ လုရှီမန်မှာ အသက်ပြန်ရှင်လာသကဲ့သို့ ခံစားလိုက်ရသည်။ စားသောက်ပြီးနောက် လင်းယိုချင့်က လုရှီမန်ကိုနောက်တစ်ကြိမ် ကြည့်လိုက်၏။

သူက ချောင်းတစ်ချက်ဟန့်ကာ မျှော်လင့်ချက်များစွာဖြင့် မေးလိုက်သည်။

“အင်ဂျင်နီယာလု၊ ငါတို့ ဒီပုံကြမ်းကို ထုတ်လုပ်ရေးမှာ သုံးလို့ရမလား”

All Chapters