← Chapters

အခန်း ၉၆

Vol. 10 Ch. 96

အခန်း ၉၆

Vol. 10 Ch. 96

96

နိုင်ငံရပ်ခြားတွင်ဆိုလျှင် ဤကဲ့သို့သော ပုံစံကြမ်းများသည် မူပိုင်ခွင့်ကြေးများ ရရှိနိုင်ပြီး ဖန်တီးသူအတွက် ကြီးမားလှသော ဝင်ငွေများကို ယူဆောင်လာပေးနိုင်ပေသည်။

သို့သော် နိုင်ငံတော်က ရုန်းကန်နေရဆဲ အချိန်ဖြစ်သည်။ တစ်ခါတည်းအပြတ်ရောင်းချခြင်းက အဆင်ပြေသော်လည်း မူပိုင်ခွင့်ကြေးများပါ ထပ်မံတောင်းခံနေမည်ဆိုလျှင် စက်ရုံများစွာက တတ်နိုင်မည်မဟုတ်ချေ။

လုရှီမန် မျက်လုံးပင် ပင့်မကြည့်ဘဲ ခပ်ပေါ့ပေါ့တောင်းဆိုလိုက်သည်။

“အဲဒါတွေက ရှင့်တို့အတွက်ပါပဲ၊ ဒါပေမဲ့ ဒီနေ့ ကျွန်မအလုပ်လုပ်ရတာ ပင်ပန်းနေလို့ အနားယူခွင့်နှစ်ရက်လောက် ရနိုင်မလား”

သူမက လင်းယိုချင့်ကို မျှော်လင့်တကြီး ကြည့်လိုက်သည်။ ပုံစံကြမ်းတစ်ရွက်နှင့် အနားယူခွင့်နှစ်ရက်လဲလှယ်ခြင်းက သိပ်ပြီးများလွန်းလှသည်တော့ မဟုတ်ပေ။

ထိုစကားကိုကြားလိုက်ရချိန်တွင် လင်းယိုချင့်မှာ ခေတ္တမျှတုံ့ဆိုင်းသွားပြီး အနည်းငယ်တွေဝေသွားခဲ့သည်။ သူက လက်ထဲရှိပုံစံကြမ်းကို တစ်လှည့် လုရှီမန်ကို တစ်လှည့်ကြည့်လိုက်မိ၏။

သူ့လက်ထဲရှိတန်ဖိုးကြီးမားလှသော ဤပုံစံကြမ်းက သူမတောင်းဆိုနေသော အနားယူခွင့်နှစ်ရက်လောက်ပင် တန်ဖိုးမရှိဘူးဟု အဘယ်ကြောင့်ခံစားနေရသနည်း။

စက်ရုံထဲတွင် ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုခုများရှိနေသည်လား။

‘လူတစ်ယောက်က အလုပ်သွားရတာကို ဘယ်လိုလုပ်ပြီး ဒီလောက်တောင် မုန်းတီးနေရတာလဲ'

သို့သော်လည်း သူ့လက်ထဲရှိပုံစံကြမ်းက အမှန်တကယ်ပင်အရေးကြီးလှသည်။ ခေတ္တမျှချင့်ချိန်စဉ်းစားပြီးနောက် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းကာ ခက်ခဲသောဆုံးဖြတ်ချက်တစ်ခုကို သူချမှတ်လိုက်၏။

“ရပါတယ် ခွင့်ပြုပေးပါ့မယ်၊ သုံးရက်မြောက်နေ့ကျရင် သတင်းလာပို့လှည့်”

လင်းယိုချင့် နာကျင်စွာဖြင့် အတည်ပြုစကားကို ညှစ်ထုတ်လိုက်ရသည်။ အခွင့်ကောင်းယူကာ အချေအတင်လုပ်နေရခြင်းကို သူအနေခက်လှသဖြင့် လက်ခံရန်ဆုံးဖြတ်လိုက်သည်။ အနားယူခွင့် နှစ်ရက်ဆိုသည်မှာလည်း လက်ခံနိုင်စရာပင်။

ဤနှစ်ရက်အတွင်း သူမစိတ်အာရုံများကို သေချာအနားပေးနိုင်မည်ဟု သူ မျှော်လင့်မိပြီး သူမပြန်လာချိန်တွင် နောက်ထပ် အံ့အားသင့်စရာအသစ်တစ်ခုကို ယူဆောင်လာပေးမည်ဟု ယုံကြည်နေခဲ့သည်။

ထိုအဖြေကိုကြားလိုက်ရသောအခါ လုရှီမန်၏မျက်နှာမှာ ညှိုးကျသွားခဲ့သည်။ အဘယ်ကြောင့် သူမ အကြီးအကျယ်ရှုံးနစ်သွားသည်ဟု ခံစားနေရသနည်း။

သူမက စမ်းသပ်သည့်လေသံဖြင့် ထပ်မံမေးမြန်းလိုက်သည်။

“ငါးရက်လောက်ဆိုရင်ရော”

အကယ်၍ သူမသာအစကတည်းက ငါးရက်ဟုတောင်းဆိုခဲ့လျှင် သူတို့ သဘောတူလိုက်ကြမည်ဟု သူမခံစားနေမိ၏။ လင်းယိုချင့် သူမကို စူးစူးရဲရဲကြည့်ကာ ဟန့်တားလိုက်သည်။

“ရတာကိုပဲ ယူလိုက်ပါ၊ ဆက်ပြီး အတောမသတ် တောင်းဆိုမနေနဲ့တော့”

အကယ်၍ သူမသာလောဘကြီးလွန်းနေမည်ဆိုလျှင် သူက နှလုံးသားမရှိသောမြေရှင်ကြီးတစ်ဦးအဖြစ် ပြောင်းလဲသွားကာ ပုံစံကြမ်းများကို သိမ်းယူပြီးခွင့်မပေးဘဲ သူမကို ဒီအတိုင်း အလုပ်ဆက်ဆင်းခိုင်းပစ်မည်ဖြစ်၏။

ထိုကဲ့သို့စိုက်ကြည့်ခံလိုက်ရသောအခါ လုရှီမန် နှုတ်ခမ်းမဲ့လိုက်သည်။ သူမ တကယ်ကို အကြီးအကျယ်ရှုံးနစ်သွားခဲ့ပြီဖြစ်သည်။

သူမ လက်မထောင်ပြကာ ချက်ချင်းပင် လှည့်ထွက်သွားခဲ့၏။

“နှစ်ရက်ဆိုလည်း နှစ်ရက်ပေါ့၊ ရှင့်တို့အားလုံးကြိုးစားလုပ်ကြနော်”

သူမ ဤနေရာတွင်ကြာကြာနေလေလေ သူမအနားယူချိန်များ နည်းပါးသွားလေလေဖြစ်မည်။ သူမ ဤမျှပြတ်သားစွာ ထွက်ခွာသွားသည်ကိုမြင်သောအခါ လင်းယိုချင့် ကူကယ်ရာမဲ့စွာခေါင်းရမ်းလိုက်မိသည်။

စက်ပစ္စည်းစက်ရုံဆိုသည်မှာ မူလက လူတိုင်း ဝင်ရောက်ချင်ဆုံးသောစက်ရုံကြီးဖြစ်သော်လည်း ယခုမူ မည်သည့်ဆွဲဆောင်မှုမျှရှိမနေတော့သကဲ့သို့ဖြစ်နေသည်။

လင်းယိုချင့် သက်ပြင်းချကာ တီးတိုးရေရွတ်လိုက်၏။

“ရဲဘော်လု အိမ်ထောင်ကျနေတာ တကယ်ကို နှမြောစရာကောင်းတာပဲ၊ အဲဒီလိုမှမဟုတ်ရင်...”

သူကဘေးနားရှိ အမျိုးသားလေးဦးကို လှမ်းကြည့်လိုက်သည်။ သူတို့အားလုံးက ရဲဘော်လုနှင့်အသက်အရွယ် မတိမ်းမယိမ်းများပင်။ အကယ်၍ သူတို့ထဲမှတစ်ယောက်ယောက်ကသာ လုရှီမန်နှလုံးသားကို သိမ်းပိုက်နိုင်ပြီး သူမကို စက်ပစ္စည်းစက်ရုံနှင့် အခိုင်အမာ ချည်နှောင်ထားနိုင်မည်ဆိုလျှင် အလွန်ပင် ကောင်းမွန်ပေလိမ့်မည်။

ဤမျှအရည်အချင်းရှိသော လူငယ်လေးများ အများအပြားရှိနေပါလျက်နှင့် ဤမိန်းမငယ်လေးက ထိုလူရမ်းကား၏လှည့်စားခေါ်ဆောင်သွားခြင်းကို မည်သို့မည်ပုံခံလိုက်ရသနည်း။

ကျန်းဝမ်ဟွမ်နှင့် အခြားသူများမှာ လင်းယိုချင့်၏အကြည့်များအောက်တွင် ဦးရေပြားများပင်ကျင်တက်သွားသလို ခံစားလိုက်ရသည်။ အင်ဂျင်နီယာလင်း၏အကြည့်များက သူတို့ကိုဝက်ပေါက်လေးများအဖြစ် ရောင်းစားချင်နေသည့်အလား ကြောက်မက်ဖွယ် ကောင်းလှပေ၏။

ကျန်းဝမ်ဟွမ် အလျင်စလိုတိုက်တွန်းလိုက်သည်။

“အင်ဂျင်နီယာလင်း အချိန်လည်းလင့်နေပြီ၊ စက်ယန္တရားတွေက ကျွန်တော်တို့ကို စောင့်နေမှာမဟုတ်ဘူး၊ ထုတ်လုပ်ရေးစတင်ဖို့ မြန်မြန်စီစဉ်သင့်ပြီ”

စက်ရုံရှိအတွေ့အကြုံရင့်ကျွမ်းကျင်အလုပ်သမားကြီးအနည်းငယ်နှင့် ပူးပေါင်းကာ သူတို့အုပ်စုနှစ်စုခွဲ၍ တစ်ပြိုင်နက်တည်း အလုပ်လုပ်ကြမည်ဖြစ်သည်။

တစ်ဖက်တွင် လက်နက်ယန္တရားချို့ယွင်းမှုကို အဆင်ပြေချောမွေ့စွာ ဖြေရှင်းနိုင်မည်ဖြစ်ပြီး စက်ရုံထုတ်လုပ်မှုပမာဏကိုလည်း တိုးမြှင့်နိုင်မည်ဖြစ်၏။

ဤကိစ္စက အချိန်ဆွဲနေ၍မရနိုင်ချေ။ ဤအကြောင်းကိုပြောလာသောအခါ လင်းယိုချင့်လည်း စိုးရိမ်ပူပန်လာခဲ့သည်။ လုရှီမန်၏ ခွင့်တောင်းခံမှုနှင့် နှိုင်းယှဉ်လျှင် စက်ယန္တရားများက အမှန်တကယ်ပင် ပိုအရေးကြီးလှပေသည်။ သူမခွင့်လိုချင်လျှင်လည်း ပေးလိုက်ရုံသာရှိ၏။

လုရှီမန်၏ ခပ်ပေါ့ပေါ့ရေးဆွဲလိုက်သော ပုံကြမ်းလေးတစ်ခုကြောင့် စက်ပစ္စည်းစက်ရုံကြီးမှာ အလုပ်များနေခဲ့သော်လည်း လုရှီမန်ကမူ အပြင်ဘက်တွင် အေးအေးဆေးဆေးပင် လမ်းလျှောက်နေခဲ့သည်။

မုန့်ပဲသရေစာများစားလိုက်၊ ခွေးနှင့် ကြောင်များကို စနောက်လိုက်ဖြင့် အတော်လေးတက်ကြွပျော်ရွှင်နေခဲ့သည်။

အိမ်ပြန်ရောက်သောအခါ မွန်းတည့်ချိန်က ချက်ပြုတ်၍မပြီးသေးသော ကြက်စွပ်ပြုတ်မှာ ယခုဆိုလျှင် အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး စုန့်ကျီပိုင်တစ်ယောက် သူမအား စောင့်ဆိုင်းနေသည်ကိုမြင်လိုက်ရ၏။

လုရှီမန်က စုန့်ကျီပိုင်ကို မျက်ခုံးတစ်ဖက်ပင့်ပြကာ မေးလိုက်သည်။

“ဒီနေ့ တော်တော်စောပါလား”

စုန့်ကျီပိုင် အောက်သို့အသာခေါင်းငုံ့ကြည့်ကာ ကူကယ်ရာမဲ့စွာပြုံးလိုက်သည်။

“မင်း ကျေးဇူးကြောင့်ပေါ့၊ မင်းကို နားလည်အောင် ဖြောင်းဖျပေးဖို့ နိုင်ငံရေးဌာနမှူးက ကိုယ့်ကိုခိုင်းလိုက်လို့လေ”

ရှီမန်ကို စက်ပစ္စည်းစက်ရုံမှဝန်ထမ်းများ ခေါ်ဆောင်သွားပြီဖြစ်ကြောင်း နိုင်ငံရေးဌာနမှူး၏စကားကို ပထမဆုံး ကြားလိုက်ရချိန်တွင် သူအလွန်အမင်း မှင်သက်သွားခဲ့ရ၏။

All Chapters