← Chapters

အခန်း ၉၇

Vol. 10 Ch. 97

အခန်း ၉၇

Vol. 10 Ch. 97

97

မနေ့ညက ရှီမန် ထိုဈေးသည်လက်ထဲသို့ ထိုးထည့်ပေးခဲ့သော ငွေများနှင့် သူမ ပြောခဲ့သောစကားများကို ပြန်လည်စဉ်းစားမိချိန်တွင် စက်ပစ္စည်းစက်ရုံမှလူများ သူမကိုရှာတွေ့သွားမည်ကို သူမလုံးဝမလိုလားခဲ့ကြောင်း သူ ခန့်မှန်းမိလိုက်သည်။

သို့သော် ထိုတစ်ယွမ်က အလုပ်မဖြစ်ခဲ့ပုံရပြီး နောက်တစ်နေ့မှာပင် သူတို့က သူမကိုရှာတွေ့သွားခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ ရှီမန်က စက်ပစ္စည်းကျွမ်းကျင်မှုများအား မည်ကဲ့သို့ တတ်ကျွမ်းနေသနည်းဆိုသည်ကို သူလည်းသိချင်နေမိ၏။

ထို့အပြင် ဤကဲ့သို့သောနည်းလမ်းဖြင့် ဖိတ်ခေါ်ခံရခြင်းက တကယ်ကို စိတ်ဝင်စားစရာကောင်းလှပေသည်။

သူ မထိန်းနိုင်ဘဲဆဲဆိုလိုက်မိသည်။

“တောက် ဒီလူတွေက အသက်သာကြီးတာ အရှက်မရှိကြဘူး”

‘ရှီမန်က အဲဒီကိုသွားပြီးနေပြီလေ၊ သူတို့က ငါ့ကိုဖြောင်းဖျခိုင်းနေသေးတယ်တဲ့လား၊ အဲဒါက ယုတ္တိရှိရဲ့လား၊ ဒီလောကကြီးမှာ တရားမျှတမှုဆိုတာရှိသေးရဲ့လား'

သူမ ညည်းတွားလိုက်၏။

“ဘာမှကို မပြောချင်တော့ဘူး၊ စုန့်ကျီပိုင် ကျွန်မကို ရှင်မမြင်ရတော့မယ့် အချိန်အထိသာ စောင့်နေလိုက်တော့၊ ဝါး ဝါး ကျွန်မရဲ့လှပတဲ့ဘဝလေးတော့ ပျက်စီးသွားပါပြီ၊ မွန်းလွဲတစ်နာရီကျော်မှ နေ့လယ်စာစားခဲ့ရတာ၊ ကျွန်မကိုသနားစရာကောင်းတယ်လို့ ရှင်မထင်ဘူးလား”

သူမက ကုလားထိုင်တစ်လုံးကိုဆွဲထုတ်ကာ ထိုင်လိုက်ပြီး သူမမေးကိုလက်နှစ်ဖက်ဖြင့်ထောက်ကာ ညည်းတွားနေတော့သည်။ သူမ၏အနာဂတ်ဘဝလေး မည်မျှအထိ သနားစရာကောင်းသွားမည်ကို တွေးကြည့်ရုံဖြင့်ပင် သူမ ခန့်မှန်းနိုင်နေပြီဖြစ်၏။

သူမ နေ့လယ်စာကို တစ်နာရီကျော်မှ စားခဲ့ရကြောင်းကြားလိုက်ရသောအခါ စုန့်ကျီပိုင်လည်း မထိန်းနိုင်တော့ချေ။

စုန့်ကျီပိုင် စိုးရိမ်တကြီးပြောလိုက်သည်။

“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ရှီမန် ဆက်မသွားနဲ့တော့၊ မင်း အိမ်မှာပဲနေတာ အများကြီးပိုကောင်းတယ်”

မွန်းလွဲပိုင်းအချိန်တိုလေးအတွင်းမှာပင် သခင်မလေးတစ်ယောက် အနည်းငယ် ပိန်ကျသွားသကဲ့သို့ သူခံစားလိုက်ရသည်။

သူ့အခြေအနေနှင့် မျက်နှာအမူအရာကို မြင်သောအခါ လုရှီမန်မှာ အလွန်တရာ ကျေနပ်သွားခဲ့၏။ နောက်ဆုံးတော့ တစ်စုံတစ်ယောက်က သူမဘက်မှ ရပ်တည်ပေးဖို့ ဆန္ဒရှိလာပြီပင်။ လုရှီမန် သဘောတူလိုက်သည်။

“ကျွန်မလည်း အဲဒီလိုပဲထင်တယ်”

စုန့်ကျီပိုင်မျက်ဝန်းများထဲတွင် ရင်နာမှုများပြည့်နှက်နေပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် သူကလှုပ်ရှားလာခဲ့ပြီဖြစ်သည်။

“မင်း တော်တော်ဗိုက်ဆာနေမှာပဲ၊ ကိုယ်တို့ အခုစားလို့ရပြီ၊ ကြက်စွပ်ပြုတ်က မင်းရဲ့ခွန်အားတွေကို ပြန်လည်ပြည့်ဖြိုးစေဖို့ အကောင်းဆုံးပဲ၊ တခြားဘာစားချင်သေးလဲ”

လုရှီမန် ပြန်ဖြေသည်ကို သူ လုံးဝနားမထောင်တော့ဘဲ ကြက်စွပ်ပြုတ်ခေါက်ဆွဲအား အပူပေးရန်သာ အလုပ်များနေတော့၏။ လုရှီမန်မှာ ခေတ္တမျှရပ်တန့်သွားပြီး အလုပ်များနေသော ထိုအမျိုးသားကိုငေးကြည့်ရင်း သူမဦးနှောက်မှာ လည်ပတ်နေရာမှ ခဏတာမျှ ရပ်တန့်သွားခဲ့သည်။

သူမက ရင်ဖွင့်ညည်းတွားချင်ရုံ သက်သက်သာဖြစ်ပါလျက် အဘယ်ကြောင့်...အဘယ်ကြောင့် သူက ရုတ်တရက်ကြီးအလုပ်များသွားရသနည်း။ သူမ အလျင်အမြန်လှမ်းခေါ်လိုက်သည်။

“နေပါဦး အလုပ်များမနေပါနဲ့တော့”

သူမ အခုလုံးဝဗိုက်မဆာသေးချေ။

‘ငါ သရေစာမုန့်တွေ ဘယ်နှစ်ခုမှန်းမသိအောင် စားထားခဲ့တာလေ၊ ကြက်စွပ်ပြုတ်ခေါက်ဆွဲ ဘယ်လိုလုပ် စားနိုင်ပါတော့မလဲ'

စုန့်ကျီပိုင် ခေါင်းရမ်းကာ အမြန်လှုပ်ရှားနေရင်း ပြောလိုက်သည်။

“မရဘူး၊ မင်း ဗိုက်ဆာလွန်းလို့ပိန်သွားပြီ”

မျက်တောင်တစ်ခတ်အတွင်းမှာပင် ကြက်စွပ်ပြုတ်ခေါက်ဆွဲပူပူလေးတစ်ပန်းကန် လုရှီမန်ရှေ့မှောက်သို့ ရောက်ရှိလာခဲ့သည်။

လုရှီမန်က ခေါက်ဆွဲကိုကြည့်ရင်း သူမရင်ထဲတွင် နွေးထွေးသွားခဲ့သော်လည်း အမှန်တကယ်ပင် ဆက်စားနိုင်စွမ်းမရှိတော့ချေ။ သို့သော် စုန့်ကျီပိုင်၏စေတနာကို သူမ လျစ်လျူမရှုရက်ပေ။

သူမက တူကိုယူကာ အကိုက်အနည်းငယ်ခန့် စားလိုက်ပြီးနောက် ခေါက်ဆွဲပန်းကန်ကို ရှေ့သို့တွန်းပို့လိုက်သည်။ သူမ ချောင်းတစ်ချက်ဟန့်ကာပြောလိုက်သည်။

“အဟမ်း အဟမ်း ကျွန်မ ဗိုက်ဝသွားပြီ၊ ရှင်ပဲစားလိုက်တော့၊ အိမ်မှာနေဖို့ကိစ္စကလည်း မဖြစ်နိုင်တော့ဘူး၊ ကျွန်မက အလုပ်ကို တရားဝင်စတင်လိုက်ပြီလေ”

ထိုသို့ပြောလိုက်ချိန်တွင် သူမမျက်ဝန်းများထဲ၌ နာကျင်မှုအရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။ ကောင်းမွန်လှသောနေ့ရက်များမှာ ထာဝရပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။ သူမက စုန့်ကျီပိုင်ကို လှမ်းကြည့်လိုက်သည်။

သူမအနောက်သို့ တကောက်ကောက် လိုက်ပါကာ ဂရုတစိုက်ဝန်ဆောင်မှုပေးနေသော သူ့လုပ်ရပ်များကို သူမ ဆက်လက်ခံစားခွင့်ရနိုင်တော့မည်မဟုတ်ချေ။

အကယ်၍ ဤလူက သူမနှင့်အတူ ဆက်ဆံရေးကို ဆက်လက်ပျိုးထောင်ချင်နေသေးလျှင်ပင် ၎င်းကမဖြစ်နိုင်တော့ချေ။

ရှေ့ဆက်ရမည့်အချိန်များတွင် သူမ၏တစ်စိတ်တစ်ပိုင်းက နိုင်ငံတော်အတွက်ဖြစ်ပြီး နောက်တစ်စိတ်တစ်ပိုင်းက စက်ရုံအတွက်ဖြစ်နေမည်ဖြစ်ရာ အချစ်ရေးဆိုသည်မှာ သက်ဆိုင်မှုမရှိသောအရာတစ်ခုဖြစ်သွားတော့မည်ဖြစ်သည်။

သူမအကြည့်များက စုန့်ကျီပိုင်၏ ဝမ်းဗိုက်ကြွက်သားများပေါ်သို့ ဝေ့ဝဲကျရောက်သွားခဲ့သည်။ နောက်တစ်ကြိမ် ဘယ်တော့များမှ ပြန်လည်ထိတွေ့ခွင့်ရနိုင်မည်ကို မည်သူသိနိုင်မည်နည်း။

အာရုံခံစားမှုထက်မြက်လှသော စုန့်ကျီပိုင်က သူမအကြည့်များကျရောက်လာသည့်အခိုက်အတန့်ကို ချက်ချင်းပင် သတိပြုမိလိုက်သည်။

ကောင်းမွန်သောအချိန်ကာလများဆိုသည်မှာ အမြဲတမ်းတိုတောင်းလွန်းလှ၏။ ရိုးရှင်းသော ညစာစားပြီးနောက် လုရှီမန်က စုန့်ကျီပိုင်နှင့်အတူ ခေတ္တမျှအဖော်ပြုပေးခဲ့ပြီး ဆေးကြောသန့်စင်ပြီးနောက်တွင် သူမအခန်းထဲသို့ပြန်ဝင်သွားခဲ့သည်။

စုန့်ကျီပိုင်က ဧည့်ခန်းထဲတွင်ထိုင်နေရင်း သူတို့အတွက် ကျန်ရှိနေသော တိုတောင်းလှသည့် အချိန်လေးအတွင်း သူတို့ဆက်ဆံရေးအား မည်ကဲ့သို့ ပျိုးထောင်ရမည်နည်းဆိုသည်ကို စဉ်းစားတွေးတောနေခဲ့သည်။

စက်ပစ္စည်းစက်ရုံသို့ အလုပ်သွားလုပ်ရခြင်းဆိုသည်မှာ အသွားအပြန် ခရီးစဉ်အတွက် အချိန်ဖြုန်းတီးရခြင်းပင်။

အိမ်ပြန်ရောက်ပြီး ထမင်းစား၊ ရေချိုးပြီးချိန်တွင် သူတို့အတူတကွအချိန်ဖြုန်းရန် တစ်နေ့လျှင်တစ်နာရီခန့်သာအချိန်ရလိမ့်မည်ဟု သူခန့်မှန်းမိသည်။

အကယ်၍ သူမပင်ပန်းနေခဲ့မည်ဆိုလျှင် ထိုတစ်နာရီဆိုသောအချိန်လေးပင် ပျောက်ကွယ်သွားနိုင်ပေ၏။

သူမျက်မှောင်ကြုတ်လိုက်၏။ သူ့မျက်နှာအမူအရာက ကြီးမားလှသော စစ်ရေးလျှို့ဝှက်ချက်တစ်ခုကို စဉ်းစားတွေးတောနေသည့်အလား လေးနက်တည်ကြည်နေခဲ့သည်။

အပြင်ဘက်တွင် လေတိုက်သံများ ထွက်ပေါ်လာပြီး သစ်ရွက်များ တရှဲရှဲမြည်နေကာ အပူချိန်မှာတဖြည်းဖြည်း ကျဆင်းလာခဲ့သည်။ အပြင်ဘက်မှ လျှပ်စီးလက်နေသည်ကိုကြည့်ရင်း သူ့နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်ထွက်လာခဲ့ပြီး တီးတိုးရေရွတ်လိုက်၏။

“ရာသီဥတု ပြောင်းလဲတော့မယ်”

‘လူတစ်ယောက်က အရှက်မရှိဖို့ပဲ လိုအပ်တယ်၊ အဲဒီအခါကျရင်……'

All Chapters