အခန်း ၉၈
Vol. 10 Ch. 98
98
မိုးခြိမ်းသံများ ကျယ်လောင်စွာထွက်ပေါ်လာချိန်တွင် အချိန်ကောင်းရောက်ပြီဖြစ်ကြောင်း စုန့်ကျီပိုင် သဘောပေါက်သွားပြီး သူ့နှုတ်ခမ်းထောင့်များက အပြုံးတစ်ခုအဖြစ်တွန့်ကွေးသွားခဲ့သည်။
သူက လုရှီမန်၏တံခါးရှေ့တွင်ရပ်ကာ တံခါးခေါက်လိုက်သည်။ လုရှီမန် တံခါးဖွင့်ကာမေးလိုက်၏။
“ဘာကိစ္စလဲ”
သူမက စုန့်ကျီပိုင်၏ဖြူရော်နေသော မျက်နှာကိုမြင်လိုက်ရပြီး သူကစောင်တစ်ထည်ကို တင်းတင်းကျပ်ကျပ်ပိုက်ထားခဲ့သည်။ စုန့်ကျီပိုင်က သနားစဖွယ်အသံဖြင့် တောင်းဆိုလိုက်၏။
“ကိုယ် မိုးခြိမ်းတာကိုကြောက်လို့ မင်း ကိုယ်နဲ့အတူ နေပေးလို့ရမလား”
ထိုဆင်ခြေက အလွန်ပင်ရိုးရှင်းပြီး ကြမ်းတမ်းကာ တိုက်ရိုက်ကျလွန်းလှသဖြင့် လုရှီမန်၏ဦးနှောက်မှာ ချက်ချင်းပင် ရပ်တန့်သွားခဲ့၏။
‘ဒီလောက် ခန္ဓာကိုယ်ထွားကျိုင်းတဲ့ ယောက်ျားကြီးက မိုးခြိမ်းတာကို ကြောက်တယ်တဲ့လား၊ အဲဒါဖြစ်နိုင်ပါ့မလား'
လုရှီမန် မယုံကြည်နိုင်စွာဖြင့်မေးမြန်းလိုက်သည်။
“ရှင် တကယ်ပြောနေတာလား”
စုန့်ကျီပိုင် ခေါင်းညိတ်ကာပြန်ဖြေလိုက်သည်။
“တကယ်ပေါ့၊ ပုံမှန်ဆိုရင်တော့ ကိုယ့်ရဲဘော်တွေက ကိုယ်နဲ့အတူတူနေပေးကြတယ်၊ ဒါပေမဲ့ အခုက...အခု မင်း ကိုယ်နဲ့အတူ နေပေးလို့ရမလား”
သူက သနားစဖွယ်ဖြစ်အောင် အစွမ်းကုန်ကြိုးစားနေသော်လည်း ကြမ်းတမ်းခက်ထန်သော သူ့ယောက်ျားပီသသည့် ရုပ်ရည်သွင်ပြင်က လုရှီမန်၏ယုံကြည်နိုင်စွမ်းကို သုညအထိ ကျဆင်းသွားစေ၏။
လုရှီမန် တံခါးဘောင်အားမှီကာ သူ့ကို အကဲခတ်ကြည့်ရှုလိုက်သည်။
“အကယ်၍ ကျွန်မကမရဘူးလို့ပြောရင်ရော”
သူမက အကြောင်းပြချက်မရှိဘဲ သူမကိုယ်သူမ လွှမ်းမိုးနိုင်စွမ်းရှိသော စီအီးအိုတစ်ဦးကဲ့သို့ ခံစားလိုက်ရပြီး တံခါးဝတွင် အဝတ်အစားကင်းမဲ့နေသော အမျိုးသမီးတစ်ဦးက ရင်းနှီးကျွမ်းဝင်ခွင့်ပြုရန် တောင်းပန်နေသည့်အလား ဇာတ်ကောင်စရိုက်များ ပြောင်းပြန်ဖြစ်နေခဲ့သည်။
စုန့်ကျီပိုင် ခေါင်းကိုငုံ့ချလိုက်ရာ ပို၍ပင် သနားစဖွယ်ကောင်းသွားခဲ့၏။
ထိုမျက်နှာအမူအရာလေးက လုရှီမန်ကို သူမ အလွန်အကျွံလုပ်မိသွားပြီဟု ချက်ချင်း ခံစားသွားရစေသည်။
၎င်းက ထောင်ချောက်တစ်ခုမှန်းသိနေပါလျက်နှင့် လုရှီမန် နောက်ဆုံးတွင်တော့ ကျော့ကွင်းထဲသို့ဝင်ရောက်ရန် ဆုံးဖြတ်လိုက်သည်။ ဤအခြေအနေအထိရောက်နေပြီဖြစ်ရာ အကယ်၍ သူမသာလက်မခံခဲ့လျှင် သူမသည် သွေးအေးလွန်းသူ လျိုရှားဟွေ့နှင့်တူသွားပေလိမ့်မည်။
အချစ်ကစားပွဲကို မကစားတော့ဘူးဟု ကနဦးက သူမပြောခဲ့သော်လည်း သူမနှလုံးသားကို ခိုင်ခိုင်မာမာကာကွယ်ထားပြီး နောက်ဆုံးတွင် စုန့်ကျီပိုင်ကို အကြီးအကျယ်ရှုံးနိမ့်သွားစေရန် သူမက ပြတ်သားစွာဆုံးဖြတ်ထားခဲ့သည်။
သူမက စုန့်ကျီပိုင်ကိုကြည့်ကာ ဂရုမစိုက်ဟန်ရသောလေသံလေးဖြင့် ခွင့်ပြုလိုက်သည်။
“ကောင်းပြီလေ ဝင်ခဲ့”
အကယ်၍ သူမဘက်က တစ်ခုခု ကျူးလွန်မိသွားခဲ့လျှင်ပင် ၎င်းက စုန့်ကျီပိုင်၏အမှားသာဖြစ်ပေလိမ့်မည်။ သူက သူမကိုအရင်သွေးဆောင်ဖြားယောင်းခဲ့ခြင်းဖြစ်ရာ မည်သို့ပင်ဖြစ်စေ သူမအမှားမဟုတ်ပေ။
ဤကဲ့သို့ တွေးတောလိုက်ခြင်းက သူမကိုယ်သူမအပြစ်ကင်းစင်သွားသည့်အလား ခံစားရစေသည်။
သူမက ကုတင်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားခဲ့ရာ စုန့်ကျီပိုင်ကို အနည်းငယ်အနေခက်သွားစေသည်။ ရလဒ်မှာ သူမျှော်မှန်းထားသည့်အတိုင်းဖြစ်လာခဲ့သော်လည်း သူက အဘယ်ကြောင့်အကြောင်းပြချက်မရှိဘဲ အနေခက်နေရသနည်း။
လုရှီမန် သူ့ကိုတစ်ချက်စောင်းကြည့်လိုက်သည်။
“ရှင် တက်မလာတော့ဘူးလား၊ ဒါဆိုရင်လည်း ပြန်တော့လေ”
သူမ၏တိုက်တွန်းမှုကြောင့် စုန့်ကျီပိုင်မှာ အတွေးဆက်မများရဲတော့ဘဲ ချက်ချင်းပင်ဝင်လှဲလိုက်သည်။ သူ့ခန္ဓာကိုယ်မှာ သစ်တုံးတစ်တုံးပမာ တောင့်တင်းနေခဲ့သော်လည်း သူ့ဦးနှောက်နှင့် ခန္ဓာကိုယ်နှစ်ခုလုံးမှာမူ ပူနွေးလာခဲ့၏။
သူ... သူ ရုတ်တရက် နောင်တအနည်းငယ် ရလာခဲ့သည်။
ဤကဲ့သို့ စိတ်လိုက်မာန်ပါဆုံးဖြတ်ချက်မျိုးမချမှတ်မီ သူသေချာစဉ်းစားခဲ့သင့်ပေသည်။
လုရှီမန်သည်လည်း အပြင်ပန်းတွင် တည်ငြိမ်နေသယောင်ထင်ရသော်လည်း တကယ်တမ်းတွင်မူ တည်ငြိမ်မနေခဲ့ချေ။ သူမဘေးတွင် အမျိုးသားတစ်ဦး ရုတ်တရက်လာလှဲနေခြင်းကြောင့် သူမနှလုံးသားမှာ ငြိမ်သက်မနေနိုင်တော့ပေ။
သူမစိတ်အာရုံရေကန်ပြင်ထက်တွင် မသင့်လျော်သော အတွေးအမှိုက်သရိုက်များဖြင့် ပြည့်နှက်နေခဲ့သည်။ သူမက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းကာ မိမိကိုယ်ကို အသာဆိတ်ဆွဲလိုက်ပြီး မျက်လုံးများကို အတင်းအကျပ်မှိတ်ထားလိုက်၏။
သူမ ရုတ်တရက်သတိရသွားပြီး ပြောလိုက်သည်။
“မီးသွားပိတ်လိုက်ဦး”
မျက်လုံးများကိုမှိတ်ထားလျှင်ပင် လင်းထိန်နေဆဲဖြစ်ရာ မီးမပိတ်ရသေးကြောင်းကို သူမထိုအခါမှသတိရသွားသည်။
စုန့်ကျီပိုင် အနည်းငယ်မျှပင်တုံ့ဆိုင်းမနေခဲ့ချေ။ မီးပိတ်သွားပြီးနောက်တွင်မူ လုရှီမန်က အမျိုးသားတစ်ဦး အနားတွင်ရှိနေခြင်း၏ ကောင်းကျိုးကို သဘောပေါက်သွားခဲ့သည်။ အနည်းဆုံးတော့ တစ်စုံတစ်ယောက်က မီးပိတ်ပေးရန် ကူညီပေးနိုင်သည်။
မီးများပိတ်လိုက်ချိန်တွင် သိမ်မွေ့တိုးညှင်းလှသော အသံလေးတိုင်းက ပိုကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
သူမနားအနီးမှ ထိုအမျိုးသား၏ ပြင်းထန်သောအသက်ရှူသံများကို ကြားလိုက်ရသဖြင့် လုရှီမန် ခေါင်းလှည့်ကာကြည့်လိုက်သည်။ စုန်းကျီပိုင်၏မျက်လုံးများမှာလည်း ပြူးကျယ်နေပြီး သူ မည်သည့်အရာများတွေးနေမှန်းကို သူမ မသိနိုင်ခဲ့ပေ။
သူတို့အကြည့်များ ဆုံတွေ့သွားချိန်တွင် လုရှီမန်မျက်နှာမှာ ချက်ချင်းပင်ရှက်သွေးဖြာကာ နီရဲသွားခဲ့သည်။ ဤခံစားချက်က အလွန်အမင်းရင်းနှီးကျွမ်းဝင်လွန်းနေသယောင် ရှိပေသည်။
သူမ ချောင်းတစ်ချက်ဟန့်ကာမေးလိုက်၏။
“အဟမ်း ရှင် မအိပ်တော့ဘူးလား”
သူမလေသံထဲတွင် ထူးခြားသော ချွဲနွဲ့မှု အရိပ်အယောင်လေးများ ပါဝင်နေသဖြင့် စုန်းကျီပိုင်၏အသက်ရှူသံများမှာ ပို၍ပင်ပြင်းထန်လာခဲ့သည်။ သူ တကယ်ကို နောင်တရနေမိ၏။
‘ငါ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အသုံးမကျဖြစ်နေရတာလဲ'
စုန့်ကျီပိုင် စကားပြောရန်ပြင်လိုက်သည်။
“ကိုယ်...”
လုရှီမန် လက်လှမ်းကာ သူမလက်ချောင်းများဖြင့် သူ့နှုတ်ခမ်းကို ဖိပိတ်လိုက်ပြီး စကားဆက်မပြောရန် တားမြစ်လိုက်သည်။
“စကားမပြောနဲ့ အိပ်တော့”
အလိုအလျောက်သိစိတ်မှတစ်ဆင့် စုန့်ကျီပိုင်က သူမလက်ချောင်းကို လျှာဖြင့် ယက်လိုက်မိ၏။ စိုစွတ်ပြီးပူနွေးသော ခံစားချက်ကြောင့် လုရှီမန်လန့်ဖြပ်သွားခဲ့သည်။
သူမက လက်ကိုအလျင်အမြန်ပြန်ရုတ်လိုက်ပြီး စုန့်ကျီပိုင်ကို မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်လိုက်သည်။
‘ဒီလူက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အထိန်းအကွပ်ကင်းမဲ့နေရတာလဲ'
စုန့်ကျီပိုင်၏ဦးခေါင်းတစ်ခုလုံးလည်း ပူထူသွားခဲ့၏။ ၎င်းက အလိုအလျောက်တုံ့ပြန်မှုတစ်ခုသာ ဖြစ်သည်။ သူ ရိုးသားစွာ ဝန်ခံလိုက်သည်။
“ကိုယ်မှားသွားပါတယ်”
ထိုစကားကို ကြားသောအခါ လုရှီမန်မှာ မထိန်းနိုင်ဘဲ ရယ်မောလိုက်မိသည်။
‘ဒီလောကမှာ ဒီလောက်သတ္တိကြောင်တဲ့ ယောက်ျားမျိုး ရှိနိုင်သေးတာလား’
သူ့တွင်ဆန္ဒရှိသော်လည်း သတ္တိမရှိချေ။ သူမကုတင်ပေါ်သို့ တက်လာရဲပါလျက်နှင့် သေးငယ်သောလုပ်ရပ်လေးတစ်ခုအတွက် မှားသွားသည်ဟုဝန်ခံနေခဲ့သည်။ လုရှီမန် မေးလိုက်သည်။
“ဘာကို မှားသွားတာလဲ”
ဤကဲ့သို့ အမေးခံလိုက်ရသောအခါ စုန့်ကျီပိုင်ဦးနှောက်မှာ ဝါယာရှော့ဖြစ်သွားသကဲ့သို့ ရပ်တန့်သွားခဲ့၏။
သူ... သူ မည်သည့်အမှားကို လုပ်မိသွားမှန်းပင် သူကိုယ်တိုင်မသိခဲ့ပေ။ သူ အချိန်အကြာကြီး ဘာမှမပြောနိုင်ဖြစ်နေသည်ကို မြင်သောအခါ လုရှီမန် သူမနဖူးကိုသူမ ပွတ်သပ်လိုက်မိသည်။
သူမက စုန့်ကျီပိုင်ကို အထင်ကြီးလွန်းနေခဲ့ခြင်းဖြစ်သည်။ ဤကောင်လေးက အလွန်အမင်း သတ္တိကြောင်လွန်းလှ၏။ သူမတံခါးကို လာခေါက်ရန် မည်သည့်နေရာမှသတ္တိများရလာခဲ့သည်ကိုပင် သူမ မသိတော့ချေ။
သူမက စုန့်ကျီပိုင်ကိုကြည့်လိုက်ပြီး အမှောင်ထုထဲမှ စုန့်ကျီပိုင်ကလည်း သူမကို ပြန်လည်ကြည့်ရှုနေခဲ့သည်။ သူတို့ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြစဉ် စုန့်ကျီပိုင်၏စိတ်အာရုံထဲတွင် သူမပြောခဲ့သောအနမ်းအကြောင်းကို အကြောင်းပြချက်မရှိဘဲ ပြန်လည်သတိရသွားခဲ့၏။
သူက နှုတ်ခမ်းကိုကိုက်ကာ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် သူမကို တိုက်ရိုက်ပင် နမ်းရှိုက်လိုက်တော့သည်။
‘အရိုက်ခံရရင်လည်း ခံရပါစေတော့၊ ယောက်ျားတစ်ယောက်က မရဲတင်းဘူးဆိုရင် ပူနွေးတဲ့ထမင်းတစ်နပ်ကိုတောင် စားရမှာမဟုတ်ဘူး’
အကယ်၍သာ သခင်မလေးချမှတ်ထားသော စည်းမျဉ်းနောက်သို့ သူလိုက်နေမည်ဆိုလျှင် နောင်ဘဝရောက်သည်အထိ အလှပိုင်ရှင်လေး၏နှလုံးသားကို သူ ရရှိလိမ့်မည်မဟုတ်ပေ။
သူမ၏နူးညံ့သော နှုတ်ခမ်းလွှာလေးများနှင့် ထိတွေ့သွားချိန်တွင် လုရှီမန်မှာ နေရာတွင်ပင် အေးခဲသွားခဲ့သည်။
သူမက လုံးဝမယုံကြည်နိုင်စရာအရာတစ်ခုကို မြင်လိုက်ရသည့်အလား မျက်လုံးများ ပြူးကျယ်ကာ စိုက်ကြည့်နေခဲ့သည်။
လုရှီမန် အံ့သြတကြီး ရေရွတ်လိုက်၏။
“ရှင်...”
သို့သော် စုန့်ကျီပိုင်မှာလည်း အတွေ့အကြုံမရှိသူတစ်ဦးပင်။
သူက မည်ကဲ့သို့နမ်းရမည်ကိုမကျွမ်းကျင်သဖြင့် နှုတ်ခမ်းချင်းထိတွေ့ပြီးသည်နှင့်တစ်ပြိုင်နက် ချက်ချင်းပင် နောက်သို့ ပြန်ဆုတ်သွားခဲ့သည်။
စုန့်ကျီပိုင် နောက်ဆုတ်သွားသည်ကို ကြည့်ရင်း လုရှီမန် ခပ်ဖွဖွနှာခေါင်းရှုံ့လိုက်မိသည်။
သူက အရမ်းရဲရင့်လှသည်ဟု သူမ ထင်မှတ်ထားခဲ့သော်လည်း…..
‘တကယ်တမ်းကျတော့ ဒီလောက်လေးပဲရှိတာကိုး၊ အနမ်းလေးတောင် မနမ်းတတ်ဘူး'
သူမကိုယ်တိုင်လည်း မနမ်းတတ်သော်ငြား Webများတွင်တော့ မြင်ဖူးထားလေ၏။ သူမကြည့်ဖူးခဲ့သမျှ အနမ်းဗီဒီယိုများက အလဟဿဖြစ်သွားမည်မဟုတ်ချေ။
သူမက လက်တစ်ဖက်ဖြင့် စုန့်ကျီပိုင်၏ နောက်စေ့ကို ဆုပ်ကိုင်လိုက်ပြီး ကျန်လက်တစ်ဖက်ကို သူ့ခါးပေါ်သို့ တင်လိုက်သည်။ သူမ ပြတ်သားစွာ ပြောလိုက်သည်။
“ရှင်က အနမ်းလေးတောင်မနမ်းတတ်ဘူး၊ ကျွန်မသင်ပေးမယ်”
သူမက လူရိုင်းတစ်ယောက်ကဲ့သို့ သူမလျှာကို သူ့ခံတွင်းထဲသို့တိုက်ရိုက်ထိုးသွင်းလိုက်ပြီး စုန့်ကျီပိုင်ပါးစပ်တစ်ခုလုံးကို စတင်မွှေနှောက်နေတော့၏။ စုန့်ကျီပိုင်မှာ မှင်သက်သွားပြီး သူ့ဦးနှောက်မှာလည်း အပြင်းအထန် အလုပ်လုပ်နေခဲ့သည်။
သို့သော် လုရှီမန်သည်လည်း အပြင်ပန်းတွင်သာ အစွမ်းထက်နေပြီး လက်တွေ့တွင်တော့ အားနည်းသူတစ်ဦးပင်။
သူမက ကျွမ်းကျင်သယောင်ထင်ရသော်လည်း တကယ်တမ်းတွင်မူ စုန့်ကျီပိုင်ထက် ပိုတော်မနေခဲ့ပေ။ ငါးစက္ကန့်မျှကြာပြီးနောက် သူမ နောက်သို့ဆုတ်ခွာသွားခဲ့သည်။
စုန့်ကျီပိုင်က သူ့နှုတ်ခမ်းသူလျှာဖြင့်သပ်လိုက်သည်။ သခင်မလေး၏ လမ်းညွှန်ပြသမှုဖြင့် သူအတော်လေး နားလည်သွားသကဲ့သို့ရှိသည်။
လုရှီမန် ရှက်ရမ်းရမ်းကာအမိန့်ပေးလိုက်၏။
“အဟမ်း အိပ်တော့၊ နောက်ထပ် ပေါက်ကရတွေ ထပ်မလုပ်နဲ့တော့”