← Chapters

အခန်း ၉၉

Vol. 10 Ch. 99

အခန်း ၉၉

Vol. 10 Ch. 99

99

စုန့်ကျီပိုင်မှာ နှလုံးသားတစ်ခုလုံး ရုတ်တရက် ခုန်ပေါက်သွားခဲ့သည်။ လုရှီမန်သည် တစ်ဖက်သို့လှည့်သွားပြီး သူမမျက်နှာပြင်တစ်ခုလုံးမှာလည်း ရှက်သွေးဖြာကာ နီရဲနေခဲ့သည်။

သူတို့နှစ်ဦးလုံး၏ စိတ်အာရုံထဲတွင် လွန်ခဲ့သော စက္ကန့်အနည်းငယ်ကဖြစ်ပျက်ခဲ့သည့်မြင်ကွင်းကို အသေးစိတ်ကအစ ပြန်လည်မြင်ယောင်နေမိကြ၏။

တစ်မိနစ်လား ငါးမိနစ်လားမသိတော့ပေသိ ဤကဲ့သို့သော အခြေအနေမျိုးတွင် အချိန်ကာလဆိုသည်မှာ အဆုံးအစမရှိ ရှည်လျားသွားသကဲ့သို့ ခံစားနေရသည်။

သူမ မကျေမနပ်ဖြင့်ရေရွတ်လိုက်သည်။

“မဟုတ်သေးဘူး၊ ခုနကလုပ်တာ သိပ်မမှန်ဘူးလို့ထင်တယ်”

လုရှီမန်မှာ တွေးလေတွေးလေ သူမ သေချာမလုပ်နိုင်ခဲ့သေးဘူးဟု ခံစားရလေလေ ဖြစ်လာသည်။

သူမက ဗီဒီယိုများထဲမှအနှစ်သာရအနည်းငယ်ကိုသာ ဆုပ်ကိုင်နိုင်ခဲ့သော်လည်း ဝတ္ထုများထဲတွင် ဖော်ပြထားလေ့ရှိသော တစ်ယောက်၏နှုတ်ခမ်းကို တစ်ယောက် စုပ်ယူဝါးမျိုပစ်ချင်စိတ်ပေါက်သွားစေမည့် ရင်ခုန်သံမြန်ပြီး အသက်ရှူမှားလောက်သော ခံစားချက်မျိုးကင်းမဲ့နေခဲ့၏။

သူမတွင် အရာရာကိုပြီးပြည့်စုံစေချင်သောအကျင့်လေးတစ်ခု ရှိနေသည်။

သူမ ရုတ်တရက်တစ်ဖက်သို့ ပြန်လှည့်လာပြီး စုန့်ကျီပိုင်ကို ပူလောင်ပြင်းပြသောအကြည့်များဖြင့် စူးစိုက်ကြည့်လိုက်သည်။ စုန့်ကျီပိုင်မှာ နေရာတွင်ပင်အေးခဲသွားခဲ့၏။

ထိုမိန်းကလေးက သူ့ကိုမဆင်မခြင် ထပ်မံနမ်းရှိုက်လိုက်ပြန်သည်။ ဤတစ်ကြိမ်တွင်မူ တိုက်ရိုက်ကြမ်းတမ်းစွာဝင်ရောက်လာခြင်းမျိုးမဟုတ်ဘဲ ဂရုတစိုက်နှင့် စူးစမ်းလေ့လာလိုသော အနမ်းမျိုးဖြစ်သည်။

ပြင်းထန်သော အသက်ရှူသံများ အချင်းချင်းရောယှက်သွားပြီး သူတို့မျက်ဝန်းများ ဆုံတွေ့သွားချိန်တွင် အခြေအနေများက ထိန်းချုပ်မှု ကင်းလွတ်သွားခဲ့တော့၏။

စုန့်ကျီပိုင်သည် ယခုအခါတွင် အနှစ်သာရကို အပြည့်အဝနားလည်သဘောပေါက်သွားခဲ့ပြီဖြစ်ရာ လုရှီမန်ပါးစပ်ထဲရှိလေများအားလုံးကို တစ်စက်မကျန် စုပ်ယူပစ်လိုက်တော့သည်။

သူမအသက်ရှူရပ်လုနီးပါးဖြစ်သွားချိန်မှသာလျှင် စုန့်ကျီပိုင်က သူမကို နောက်ဆုံးတွင် လွှတ်ပေးလိုက်တော့၏။

သူတို့နှစ်ဦးလုံး မောဟိုက်စွာအသက်ရှူနေကြပြီး ထိုအသံမှာ အလွန်အမင်းဆွဲဆောင်မှုရှိကာ ရမ္မက်ဆန်လှပေသည်။ လုရှီမန် မျက်ခုံးတစ်ဖက်ကိုပင့်လိုက်၏။

‘ဒါကမှ ဝတ္ထုတွေထဲမှာဖော်ပြထားတဲ့ ခံစားချက်အစစ်ပဲ'

‘ဒါပေမဲ့…’

သူမ ကိုယ့်ခေါင်းကိုယ်ပြန်ပုတ်လိုက်သည်။

‘ညစ်ညမ်းတဲ့အတွေးတွေကို လက်ခံလို့မဖြစ်ဘူးလေ၊ ဒီအဆင့်ရောက်လာတာကတင် တော်တော်လေးကြီးမားတဲ့ ခုန်ပျံကျော်လွှားမှုကြီးဖြစ်နေပြီ၊ ဒီထက်ပိုပြီးရှေ့ဆက်သွားဖို့ဆိုတာကတော့…. ဆက်သွားဖို့ဆိုတာ စိတ်ကူးကြည့်လို့တောင်မရနိုင်ဘူး'

စုန့်ကျီပိုင်မှာ သူ့စိတ်အာရုံလှုံ့ဆော်မှုများမှ ပြန်လည်ရုန်းထွက်နိုင်ရန်နှင့် ပုံမှန်အခြေအနေသို့ပြန်လည်ရောက်ရှိရန် အချိန်အတော်ကြာယူလိုက်ရ၏။ အမှောင်ထုထဲတွင် သူ့မျက်လုံးများက မီးသီးလေးများပမာ တောက်ပနေခဲ့ရာ လုရှီမန်အနေဖြင့် လျစ်လျူရှုထားရန် လုံးဝမဖြစ်နိုင်တော့ချေ။ သူ ညင်သာစွာ ခေါ်လာသည်။

“မန်မန်”

သူ၏ သြရှရှအသံနိမ့်နိမ့်လေးထဲတွင် ရမ္မက်ဆန်သောဆွဲဆောင်မှုအရိပ်အယောင်လေးများ ပါဝင်နေသည်။ လုရှီမန်၏နားရွက်လေးများ နီရဲသွားခဲ့ပြီး သူမအကြည့်များမှာလည်း အနည်းငယ်ဝေဝါးသွားခဲ့၏။

သူမ တိတ်ဆိတ်နေသည်ကိုမြင်သောအခါ စုန့်ကျီပိုင်ထပ်ခေါ်လိုက်ပြန်သည်။

“မန်မန်”

လုရှီမန် ရှက်ရမ်းရမ်းကာတုံ့ပြန်လိုက်၏။

“ကျွန်မကို ဘာလို့အဲဒီလိုလာခေါ်နေတာလဲ”

၎င်းမှာ သာမန်ခေါ်ဝေါ်မှုတစ်ခုသာဖြစ်သော်လည်း အကြောင်းပြချက်မရှိဘဲ သူမမျက်နှာကို နီရဲပူလောင်လာစေပြီး ရင်ခုန်သံများကို မြန်ဆန်လာစေခဲ့သည်။

စုန့်ကျီပိုင်က သူမလက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

“ဒါဆိုရင် ကိုယ်နဲ့အတူအချစ်ကစားပွဲလေးကို အခုကစားဖို့ဆန္ဒရှိပြီလား”

သူမကိုယ်တိုင်က သူ့အပေါ်အရင်ဆုံး ရင်းနှီးကျွမ်းဝင်အောင်အစပြုခဲ့ခြင်းဖြစ်ရာ တာဝန်မယူဘဲနေ၍မရနိုင်ပေ။

လုရှီမန်က စုန့်ကျီပိုင်ကို လက်သီးဖြင့်အသာထိုးလိုက်သည်။

“ရှင် ဘယ်လိုထင်လို့လဲ၊ မတတ်သာတဲ့အဆုံး ရှင်နဲ့အတူတူ ကစားပေးလိုက်ပါ့မယ်”

စုန့်ကျီပိုင်၏စွမ်းဆောင်ရည်မှာ အထင်သေး၍ရနိုင်သော အရာမဟုတ်ပေ။ သူနှင့်အတူ ပါဝင်ကစားရခြင်းက သူမအတွက် ဆုံးရှုံးမှုမဖြစ်နိုင်ချေ။

မည်သို့ပင်ဖြစ်စေ အနာဂတ်တွင် သူမ၌ အားလပ်ချိန်များများစားစားရှိတော့မည်မဟုတ်ပေ။ စုန့်ကျီပိုင်နှင့်အတူ ရှိနေခြင်းက မဆိုးလှချေ။ ဤနောက်လိုက်လေးက သူ့ကိုယ်သူ သူမအပေါ် အပြည့်အဝအပ်နှံထားသူဖြစ်သည်။

စုန့်ကျီပိုင်က မတတ်သာတဲ့အဆုံး ဆိုသောစကားလုံးကို ကြားလိုက်ရသော်လည်း သူ့ရင်ထဲတွင်မူပျော်ရွှင်မှုများ အတိုင်းအဆမရှိဖြစ်နေခဲ့သည်။ ယခင်က သူမ လုံးဝဆန္ဒမရှိခဲ့ပေ။ ယခုမူ သူမက မတတ်သာသော်လည်း သူနှင့်အတူ လိုက်ပါကစားရန်ဆန္ဒရှိနေပြီဖြစ်သည်။

နောက်ရက်အနည်းငယ်ကြာလျှင် သူမ သေချာပေါက် သူ့ကိုသဘောကျလာပေလိမ့်မည်။

သူက လုရှီမန်ကိုစိုက်ကြည့်လိုက်ရာ သူ့အကြည့်များမှာ ပို၍ပင်နက်ရှိုင်းပြင်းပြလာခဲ့သည်။ ညဉ့်ယံမှာ ရှည်လျားလှသော်လည်း သူတို့နှစ်ဦး၏အနမ်းများကမူ ပို၍ပင်ရမ္မက်ဆန်ကာ မခွဲခွာနိုင်လောက်အောင် နက်ရှိုင်းရှည်လျားနေခဲ့သည်။ စုန့်ကျီပိုင်မှာ ပြုစားခံထားရသူတစ်ဦးပမာဖြစ်နေခဲ့၏။

လုရှီမန်က အစပိုင်းတွင်ပူးပေါင်းပါဝင်ခဲ့သော်လည်း ကြီးမားလှသောအိပ်ချင်ချိန်များဝင်ရောက်လာချိန်တွင် သူမလည်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတော့သည်။

သူမ နိုးထလာချိန်တွင် ခံစားလိုက်ရသည့်တစ်ခုတည်းသောအရာမှာ နှုတ်ခမ်းများ ယောင်ကိုင်းနေသည့် သက်တောင့်သက်သာမရှိသောခံစားချက်ပင်။

သူမ ဒေါသတကြီးဖြင့်ကုတင်ကို ရိုက်ပုတ်လိုက်ပြီးနောက် ဒေါသများကို စုန့်ကျီပိုင်၏ခေါင်းအုံးပေါ်သို့ ပုံချပစ်လိုက်သည်။

“လူယုတ်မာ၊ ကျွန်မကို သွေးဆောင်ဖြားယောင်းပြီးတော့ နှုတ်ခမ်းတွေ ယောင်ကိုင်းလာတဲ့အထိ နမ်းရက်တယ်”

သူမ ညည်းတွားကျိန်ဆဲနေသော်လည်း တကယ်တမ်း ဒေါသထွက်နေခြင်းမျိုးတော့မဟုတ်ပေ။ တံခါးအပြင်ဘက်တွင်မူ စုန့်ကျီပိုင်က သူမစကားများကို အပြုံးရေးရေးလေးဖြင့် နားထောင်နေခဲ့သည်။ သူက တံခါးဝမှနေ၍ ညင်သာစွာ ပြောလိုက်သည်။

“ကိုယ်မှားသွားပါတယ်”

လုရှီမန် မျက်စောင်းထိုးလိုက်ပြီး သူ့ခေါင်းအုံးကို ကောက်ယူကာ သူ့ဆီသို့ ပစ်ပေါက်လိုက်သည်

“ရှင့်အမှားပဲလေ”

သို့သော် ဝန်ခံရမည်ဆိုလျှင် ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုဆိုသည်မှာ လူနှစ်ဦးကို ပိုမိုရင်းနှီးကျွမ်းဝင်လာစေရန် အကောင်းဆုံးသော နည်းလမ်းပင်။

မနေ့ညက ရင်းနှီးသောထိတွေ့မှုများကြောင့် ယခု သူတို့စကားပြောဆိုနေကြချိန်တွင် လေထုထဲ၌ချိုမြိန်သော အငွေ့အသက်လေးများ ပိုမိုပါဝင်လာခဲ့သည်။ သူက ရွှတ်နောက်နောက်ဖြင့် အလျှော့ပေးလိုက်၏။

“ကျွန်တော်မျိုးက အမှားဝန်ခံပြီး အပြစ်ပေးတာကို ခံယူပါ့မယ်၊ သခင်မလေး ဘာပြောပြော အကုန်နားထောင်ပါ့မယ်၊ ဒါပေမဲ့ လောလောဆယ်တော့ နံနက်စာလေးစားလိုက်ရအောင်နော်”

သူ ခေါင်းအုံးကိုကောက်ယူကာ ပုတ်ခါလိုက်၏။ သူမဒေါသကို အနည်းငယ်မျှပင် စိတ်ထဲမထားခဲ့ချေ။ သူ့အကြည့်က အခန်းထဲသို့ ဝေ့ဝဲသွားခဲ့သည်။

သူ ဤအခန်းထဲသို့တဖြည်းဖြည်းနှင့် သဘာဝကျကျဝင်ရောက်လာနိုင်ရန် ကြိုးပမ်းအားထုတ်ရဦးမည်ဖြစ်သည်။

သူ ခေါင်းအုံးကို နေရာတကျပြန်ထားလိုက်၏။ လုရှီမန်သည်လည်း လုံလောက်အောင် ဒေါသထွက်ပြီးပြီဖြစ်ရာ ဆက်ရစ်မနေတော့ချေ။

‘ကံကောင်းလို့ ဒီနေ့ အလုပ်သွားစရာမလိုတာ၊ အဲဒီလိုမှမဟုတ်ရင် ဒီလိုနှုတ်ခမ်းတွေနဲ့ အပြင်ထွက်ဖို့ ဘယ်လိုမှသင့်တော်မှာမဟုတ်ဘူးလေ'

စုန့်ကျီပိုင် အလုပ်သွားပြီးနောက်နှင့် သူမနှုတ်ခမ်းပေါ်မှ ယောင်ကိုင်းမှုများ အနည်းငယ်ကျသွားချိန်တွင် ဟော်စီစီထံသို့ အရင်ဆုံးသွားရောက်နှုတ်ဆက်ကာ ခေတ္တမျှစကားစမြည်ပြောဆိုပြီးနောက် ပြန်လာခဲ့သည်။

ကျန်ရှိနေသော အချိန်များအတွင်း လုရှီမန်နှင့် စုန့်ကျီပိုင်တို့၏ဆက်ဆံရေးမှာ အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။

သို့သော်လည်း ကောင်းမွန်သောအချိန်ကာလများဆိုသည်မှာ အမြဲတမ်း တိုတောင်းလွန်းလှပေသည်။

အလုပ်သမားတစ်ယောက်၏ ကြမ်းတမ်းသော ဘဝခရီးလမ်းက စတင်တော့မည်ဖြစ်သည်။

All Chapters