← Chapters

အခန်း ၁၀၀

Vol. 10 Ch. 100 - final

အခန်း ၁၀၀

Vol. 10 Ch. 100 - final

100

တိုတောင်းလှသော နှစ်ရက်တာအချိန်အတွင်းမှာပင် လုရှီမန်ရေးဆွဲဒီဇိုင်းထုတ်ထားသော စက်ရုပ်လက်တံကို စမ်းသပ်အသုံးပြုနေပြီဖြစ်သည်။

သူမ စက်ရုံထဲသို့ဝင်ရောက်လာချိန်တွင် လူတိုင်း၏မျက်ဝန်းများမှာ လင်းလက်တောက်ပသွားခဲ့သည်။

အားလုံးက ဝမ်းသာအားရကြွေးကြော်လိုက်ကြ၏။

“ရဲဘော်လု၊ မင်းက တကယ်ကို ကျွန်တော်တို့ရဲ့ကံကောင်းစေတဲ့ ကြယ်ပွင့်လေးပဲ”

ဤမျှတိုတောင်းသောအချိန်လေးအတွင်း ပြဿနာကြီးနှစ်ခုကို အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့သည်။ ဤစက်ရုပ်လက်တံ၏ထုတ်လုပ်မှုစရိတ်မှာနည်းပါးပြီး အသုံးပြုရလွယ်ကူရိုးရှင်းကာ အရေးအကြီးဆုံးမှာ စက်ယန္တရားများ၏ ထုတ်လုပ်မှုပမာဏကို သိသိသာသာတိုးတက်လာစေခြင်းပင်။

စက်ရုံတစ်ရုံအတွက် ထုတ်လုပ်မှုပမာဏဆိုသည်မှာ အရာအားလုံးထက် အရေးအကြီးဆုံးသောအရာဖြစ်သည်။

လုရှီမန်က လင်းယိုချင့်၏ချဲ့ကားလွန်းလှသောမျက်နှာအမူအရာကိုကြည့်ကာ မထိန်းနိုင်ဘဲ နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်သွားမိသည်။ ယေဘုယျအားဖြင့်ဆိုရလျှင် ဤကဲ့သို့သော မျက်နှာအမူအရာက ကောင်းသောအရာများကိုဆိုလိုခြင်းမဟုတ်ပေ။

သို့သော် သူမက စက်ပစ္စည်းစက်ရုံသို့ ဝင်ရောက်ရန်ဆုံးဖြတ်ထားပြီးဖြစ်ရာ သူမ၏အသိပညာများကို အသုံးပြု၍ လူတိုင်းကို ရှေ့တန်းသို့ ဦးဆောင်ခေါ်သွားရန် ပြတ်သားစွာ ဆုံးဖြတ်ချက်ချထားပြီးဖြစ်သည်။ လုရှီမန် တည်ငြိမ်စွာဖြင့်စကားစလိုက်၏။

“ခဏနေဦး၊ ရှင့်တို့အားလုံးနဲ့ ဆွေးနွေးချင်တဲ့အကြံဉာဏ်တော်တော်များများ ကျွန်မဆီမှာရှိသေးတယ်”

သူမ၏အနားယူချိန်နှစ်ရက်အတွင်းတွင် ပြတ်ပြတ်သားသား ဆုံးဖြတ်ထားခဲ့သည်။ သူတို့က နေရာတိုင်းတွင် လည်ပင်းညှစ်အနိုင်ကျင့်ခံနေရသည်ဖြစ်ရာ သူမက ဤအတားအဆီးများကို ချိုးဖျက်နိုင်ရန် သူတို့အားဦးဆောင်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် အခြားသူများကို ပြန်လည်၍လည်ပင်းညှစ် အနိုင်ယူပြမည်ဖြစ်သည်။

သူမစကားများကို ကြားသောအခါ လူအနည်းငယ်က ရုံးခန်းတစ်ခန်းကို ရှာဖွေကာ သူတို့ဆွေးနွေးမှုများကို စတင်လိုက်ကြ၏။

စစ်ရေးသုံး ဒုံးပျံများမှသည် စိုက်ပျိုးရေးသုံး စက်ယန္တရားများအထိ လုရှီမန်သည် အရာအားလုံးကို ကျွမ်းကျင်နှံ့စပ်နေပြီး ၎င်းတို့ကို တိုးတက်ကောင်းမွန်စေမည့် နည်းလမ်းအများစုကိုလည်း သိရှိထားသည်။

သူမမှတ်ဉာဏ်ထဲတွင် နောက်ဆုံးပေါ်သေနတ်များနှင့် ခေတ်မီစက်ကိရိယာ ပုံစံကြမ်းအချို့ကိုပင် ဝေဝါးဝါးမှတ်မိနေသေးသည်။ သူမမှတ်ဉာဏ်ထဲတွင်ရှိနေသရွေ့ သူမသိသမျှအရာအားလုံးကို သင်ကြားပြသပေးသွားမည်ဖြစ်၏။

လင်းယိုချင့်နှင့် အခြားသူများမှာ ဤအဆင့်မြင့်နည်းပညာများ၏ရိုက်ခတ်မှုများကို မလွှဲမရှောင်သာစုပ်ယူနေရပြီး သူတို့ဦးနှောက်များမှာ အမြင့်ဆုံးအရှိန်ဖြင့် အလုပ်လုပ်နေရတော့သည်။

သို့သော် သူသည်လည်း ပါးနပ်သောလူတစ်ယောက်ဖြစ်သည်။ အင်ဂျင်နီယာလုတွင် သာမန်ထက်ထူးကဲသောစွမ်းရည်များနှင့် လက်ရှိခေတ်ကာလကို ကျော်လွန်နေသော နည်းပညာများရှိနေသည်ဖြစ်ရာ ဤကဲ့သို့သောပါရမီရှင်တစ်ဦးထံမှ အကျိုးကျေးဇူးများကို အမြင့်မားဆုံးအထိ ရယူအသုံးချသင့်ပေ၏။

အောင်မြင်လိုသော ရည်မှန်းချက်များက သူ့သွေးကြောများထဲတွင် ပူပူနွေးနွေး စီးဆင်းနေခဲ့သည်။

ဤသတင်းအချက်အလက်များကို အထက်သို့တင်ပြပြီးနောက် အဖွဲ့အစည်းက အလွန်အမင်းအလေးထားလာခဲ့ပြီး နိုင်ငံတစ်ဝန်းမှထူးချွန်ပြောင်မြောက်သော ပညာရှင်များစွာမှာ ဟိုင်နန်ကျွန်းဆိုသောနေရာငယ်လေးဆီသို့ အုံနှင့်ကျင်းနှင့်ရောက်ရှိလာကြသည်။

သူတို့က လုရှီမန်ကိုပထမဆုံးအကြိမ် တွေ့ဆုံချိန်တွင် အားလုံးက အထင်သေးခဲ့ကြပြီး သူမမှာအခွံသက်သက်သာဖြစ်ပြီး အနှစ်သာရမရှိဟု ထင်မှတ်ခဲ့ကြ၏။

သို့သော် လုရှီမန်၏သန့်စင်ပြောင်မြောက်ပြီး ခိုင်မာလှသောစွမ်းရည်များကို မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရချိန်တွင်မူ လူတိုင်းမှာ အညံ့ခံအရှုံးပေးသွားခဲ့ရသည်။

အတူတကွ လက်တွဲလုပ်ဆောင်ကြရင်း သူတို့ခွန်အားများကို ရည်မှန်းချက်တစ်ခုတည်းဆီသို့ စုစည်းနိုင်ခဲ့ကြသည်။

လုရှီမန်၏နည်းပညာပိုင်းဆိုင်ရာ လမ်းညွှန်မှုနှင့် ထူးချွန်သော စက်မှုပညာရှင်များ၏စုပေါင်းအားထုတ်မှုများကြောင့် တိုတောင်းလှသောတစ်လတာ အချိန်အတွင်းမှာပင် အနောက်နိုင်ငံများက အချိန်ကြာမြင့်စွာ ပိတ်ဆို့ကန့်သတ်ထားခဲ့သော အဆင့်မြင့် တိကျသော CNC စက်ယန္တရားများကို အောင်မြင်စွာတီထွင်နိုင်ခဲ့၏။

ထို့ကြောင့် စစ်ဘက်ဆိုင်ရာထုတ်လုပ်ရေးအတွက် ရှုပ်ထွေးသောမျက်နှာပြင်များကို ပြုပြင်ဖန်တီးရခြင်းမှာ ဆက်လက်၍ အဟန့်အတားတစ်ခုဖြစ်မနေတော့ချေ။

ဝန်ထမ်းအချို့မှာပြီးပြည့်စုံရန် ပိုမိုကြိုးပမ်းခဲ့ကြပြီး လက်ရှိစံနှုန်းများကိုပင် ကျော်လွန်နိုင်သည်အထိ စွမ်းဆောင်နိုင်ခဲ့ကြသည်။

CNC စက်ယန္တရားများ၏ဦးတည်ချက်တစ်ခုတည်းတွင်သာမကဘဲ နျူကလီးယား ရေငုပ်သင်္ဘောများ၊ ဒုံးပျံအင်ဂျင်များ၊ အပူချိန်မြင့် သတ္တုစပ်များစသည့် လက်မှုနည်းပညာပိုင်းဆိုင်ရာ အချိုးအကွေ့များမှာလည်း လျင်မြန်စွာ ပေါ်ထွက်လာခဲ့သည်။

လုရှီမန်၏ဦးဆောင်မှုဖြင့် သုတေသီများမှာ နေ့ရောညပါမမောမပန်း အလုပ်လုပ်ခဲ့ကြ၏။ လုပ်ငန်းတာဝန်များ၏ ထက်ဝက်ခန့်ကို အခြားသူများထံ လွှဲပြောင်းပေးနိုင်ချိန်တွင် လုရှီမန်က နောက်ထပ်သုတေသီအဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မော်တော်ယာဉ် ထုတ်လုပ်ရေးဦးတည်ချက်ဆီသို့ သုတေသနများ စတင်ခဲ့သည်။

မော်တော်ယာဉ်များ၏ အဓိကပြဿနာမှာ အင်ဂျင်ဖြစ်သော်လည်း ၎င်း၏ရှေ့တွင် ဒုံးပျံအင်ဂျင်သုတေသနများ အောင်မြင်ထားပြီးဖြစ်ရာ ကားအင်ဂျင်များဆိုသည်မှာ ကိတ်မုန့်တစ်ချပ်စားရသကဲ့သို့ အလွန်ပင်လွယ်ကူလှပေသည်။

စိုက်ပျိုးရေးကဏ္ဍမှ သေးငယ်သော ပြဿနာများအတွက်မူ လုရှီမန်က ရိုးရှင်းသော လမ်းညွှန်ချက်အနည်းငယ် ပေးလိုက်ရုံဖြင့် ကြီးမားသော တိုးတက်မှုကြီးဖြစ်ပေါ်လာခဲ့ပြီး စက်မှုလုပ်ငန်းသုံး ရိတ်သိမ်းခြင်းကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ခဲ့၏။

ကဏ္ဍစုံတွင် နည်းပညာများ နေရာတကျဖြစ်သွားသော်ငြား လုရှီမန်က ဤမျှနှင့်သာကျေနပ်မနေခဲ့ချေ။ ယခင်က အခြားသူများ၏လည်ပင်းညှစ်ခြင်းကိုခံခဲ့ရဖူးသည်ဖြစ်ရာ သူတို့ကိုလည်း ကိုယ်ချင်းစာတရားသိရှိသွားစေရန် လက်စားချေသင်ခန်းစာပေးဖို့ သင်ယူရမည်ဖြစ်သည်။

တိုတောင်းလှသော နှစ်အနည်းငယ်အတွင်းမှာပင် တရုတ်ပြည်သည် ဒုံးပျံတစ်စင်းကဲ့သို့ အရှိန်အဟုန်ဖြင့် တိုးတက်လာသောနည်းပညာများဖြင့် ဝေဆာပွင့်လန်းလာခဲ့သည်။

ကဏ္ဍစုံတွင် လျင်မြန်စွာတိုးတက်လာပြီးနောက်ပိုင်း တော်လှန်ရေးလှုပ်ရှားမှုအားလုံးကိုလည်း လျင်မြန်စွာရုတ်သိမ်းခဲ့၏။

တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ပြန်လည်ကျင်းပခဲ့ပြီး ဆရာ၊ ဆရာမများနှင့် ပရော်ဖက်ဆာများမှာလည်း သူတို့တာဝန်ကျရာနေရာများဆီသို့ ပြန်လည်ရောက်ရှိလာကြကာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ လုပ်ဆောင်ရန် အသင့်တော်ဆုံးသောပါရမီရှင်များကို ရွေးချယ်မွေးထုတ်ပေးခဲ့ကြသည်။

သန်းရာနှင့်ချီသော ပြည်သူများ၏ အတူတကွ ပူးပေါင်းပါဝင်မှုဖြင့် တရုတ်ပြည်၏ဖွံ့ဖြိုးတိုးတက်မှုမှာ ဆယ်နှစ်တာအချိန်ကာလလေးအတွင်းမှာပင် အနောက်နိုင်ငံများကို ကျော်လွန်သွားခဲ့ပြီဖြစ်သည်။

စစ်လက်နက် ထုတ်လုပ်ရေး၊ အာကာသ နည်းပညာ၊ အမြန်ရထား... အရာအားလုံးက လှပစွာပွင့်လန်းနေခဲ့၏။

တရုတ်ပြည်သည် တောက်ပစွာထွက်ပေါ်လာသော ကြယ်ပွင့်တစ်ပွင့်ပမာ မျက်စိကျိန်းမတတ် တောက်ပနေခဲ့သည်။

သမိုင်းကြောင်းအရ ကွယ်လွန်သွားရမည့်ခေါင်းဆောင်ကြီးမှာလည်း ၁၉၈၀ ခုနှစ်ကျော်သည်အထိ သက်တမ်းရှည်စွာနေထိုင်သွားနိုင်ခဲ့ပြီး သမိုင်းသစ်များကို မျက်ဝါးထင်ထင်မြင်တွေ့ပြီးမှသာ နောက်ဆုံးတွင် ကွယ်လွန်သွားခဲ့သည်။

အသစ်ခန့်အပ်ခြင်းခံရသော ခေါင်းဆောင်များက ဤကိစ္စရပ်များကို ပိုမိုအလေးထားလာကြပြီး စီးပွားရေးကိုလည်း အထူးအလေးပေး လုပ်ဆောင်လာကြ၏။

အရာအားလုံးက လမ်းကြောင်းမှန်ပေါ်သို့ရောက်ရှိသွားချိန်တွင် လုရှီမန်မှာ နောက်ဆုံးတော့ အားလပ်ချိန်အနည်းငယ်ရရှိသွားခဲ့သည်။ စုန့်ကျီပိုင်သည်လည်း မြင့်မားသောရာထူးနေရာတစ်ခုသို့ရောက်ရှိနေပြီဖြစ်ပြီး တပ်ရင်းမှူးငယ်လေးတစ်ယောက် မဟုတ်တော့ချေ။

သူတို့နှစ်ဦးလုံးမှာ နိုင်ငံတော်အတွက် အလုပ်လုပ်ရင်း အလုပ်များနေကြသဖြင့် အတူတကွဖြတ်သန်းရန် အချိန်များစွာမရှိခဲ့ကြပေ။ သို့သော် သူတို့က ငယ်ရွယ်ကြသေးပြီး သူတို့အရှေ့တွင် အဆုံးအစမဲ့သော အနာဂတ်ကာလများ ရှိနေသေးသည်။

လုရှီမန်က စုန့်ကျီပိုင်အနီးသို့လျှောက်သွားကာ သူ့နားအနီးတွင်တိုးတိုးလေးကပ်ပြောလိုက်သည်။

“တပ်ချုပ်မှူးစုန့် ကျွန်မတို့ ဒီနေ့ကစပြီး သေသေချာချာချိန်းတွေ့ကြမလား”

{ပြီးပါပြီ}

All Chapters