အခန်း ၃၈၂
Vol. 39 Ch. 382
အခန်း (၃၈၂) ပြောင်းပြန် ခရီးသွားခြင်း
၎င်းနေရာက ဝါးတောများ၊ တောင်ပေါ်စမ်းရေများနှင့် အနုတ်လက္ခဏာ အောက်ဆီဂျင်အိုင်းယွန်း ပမာဏ အလွန်မြင့်မားသောကြောင့် နာမည်ကြီးသည့် နွေရာသီ အပန်းဖြေစခန်းတစ်ခု ဖြစ်လေသည်။ သူ၏ စိတ်ကူးထဲတွင် ဤနေရာက ရေကြည်ရာ မြက်နုရာနှင့် ဝိညာဉ်ချီများ ပေါကြွယ်ဝသည့် လှပသော နေရာတစ်ခု ဖြစ်သင့်၏။
လုံးဝ တိတ်ဆိတ်ငြိမ်သက်သော ပတ်ဝန်းကျင်တစ်ခုကို ရရှိစေရန် သူက အပန်းဖြေစခန်းဧရိယာဆီသို့ပင် မသွားခဲ့ချေ။ ထိုအစား သူက ပစ္စည်းများကို ထမ်းပိုးကာ လူသူအရောက်အပေါက်နည်းသော တောင်တန်းများနှင့် သစ်တောများထဲသို့ တိုးဝင်သွားခဲ့ပြီး ရင်သပ်ရှုမောဖွယ်ကောင်းသော ရှုခင်းများနှင့် တသွင်သွင်စီးဆင်းနေသော စမ်းချောင်းလေးရှိသည့် သီးသန့်နေရာတစ်ခုကို ရှာဖွေခဲ့သည်။ ထို့နောက် သူက တဲထိုးလိုက်ပြီး အချိန်တို တရားထိုင်ကျင့်ကြံရန် ပြင်ဆင်လိုက်၏။
နောက်ငါးရက်ကြာသည်အထိ ကျန်းယဲ့က အနှောင့်အယှက်အားလုံးကို ဖယ်ရှားကာ ကျင့်စဉ်ကျမ်းကို တင်းကြပ်စွာ လိုက်နာခဲ့ပြီး နေ့စဉ် ပုံမှန်တရားထိုင်ကာ အသက်ရှူကျင့်စဉ်များကို ပြုလုပ်ခဲ့သည်။ တောင်တန်းများနှင့် သစ်တောများထဲရှိ အလွန်လတ်ဆတ်သော လေကို ရှူရှိုက်ရင်း သဘာဝတရား၏ အေးချမ်းမှုကို ခံစားခဲ့ရချေသည်။
သို့သော် ရလဒ်ကတော့ စိတ်ပျက်စရာပင်။
ငါးရက်သာ ကုန်ဆုံးသွားခဲ့ပြီး အထိုင်များ၍ ခြေထောက်များ အနည်းငယ်ထုံကျင်လာခြင်းနှင့် ဆူညံသည့် မြို့ပြနှင့် ဝေးကွာနေသဖြင့် စိတ်အနည်းငယ် ပို၍ တည်ငြိမ်လာခြင်းမှလွဲ၍ ချီကို အာရုံခံမိခြင်း သို့မဟုတ် ဝိညာဉ်ချီ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာခြင်းစသည့် ကျင့်ကြံခြင်းဆိုင်ရာ လက္ခဏာရပ်များကို လုံးဝ မခံစားခဲ့ရချေ။
သူ၏ ခန္ဓာကိုယ်က လုံးဝ ငြိမ်သက်နေပြီး မည်သည့် စွမ်းအင်စီးဆင်းမှု အရိပ်အယောင်မျှ မရှိခဲ့ပေ။
"ပြဿနာက ပတ်ဝန်းကျင်ကြောင့် မဟုတ်ဘူးထင်တယ်..." ကျန်းယဲ့က ကြည်လင်နေသော စမ်းရေကိုကြည့်ကာ စမ်းချောင်းဘေးတွင် ထိုင်ရင်း စဉ်းစားလိုက်၏။ "ဒီကျင့်စဉ်ကျမ်းက ကမ္ဘာမြေပေါ်မှာ အသုံးမဝင်တာများလား... ဒါမှမဟုတ် ငါ့မှာ ဝိညာဉ်အမြစ်ဆိုတာ မရှိလို့လား... ဒါမှမဟုတ် ငါ့ရဲ့ ဝိညာဉ်အမြစ်က... စွမ်းရည်အရမ်းညံ့ဖျင်းပြီး ကျင့်ကြံသူဖြစ်ဖို့ လုံးဝမဖြစ်နိုင်တဲ့ အမှိုက်အဆင့် ခန္ဓာကိုယ်ဖြစ်နေလို့လား..."
ကျန်းယဲ့တစ်ယောက် တောတောင်နက်ထဲတွင် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားနေသော်လည်း အကြိမ်ကြိမ် ရှုံးနိမ့်နေချိန်၌ နိုင်ငံတော်အဆင့် ဝိညာဉ်ချီ နှင့် ကျင့်ကြံခြင်းဆိုင်ရာ အတည်ပြုခြင်း လုပ်ငန်းစဉ်များကလည်း အရှိန်အဟုန်ဖြင့် လည်ပတ်နေခဲ့လေသည်။
အချိန်နှင့် ဟင်းလင်းပြင်ရေးရာ အထူးညှိနှိုင်းရေးဗျူရိုက ဦးဆောင်ကာ ဇီဝဗေဒ၊ ရူပဗေဒနှင့် စွမ်းအင် အပါအဝင် နယ်ပယ်ပေါင်းစုံမှ ကျွမ်းကျင်သူများက နောက်ခံရာဇဝင် ရှင်းလင်းပြီး ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု ကောင်းမွန်ကာ စိတ်ဓာတ်ခိုင်မာသည့် စေတနာ့ဝန်ထမ်းတစ်စုကို ဂရုတစိုက် ရွေးချယ်ဖွဲ့စည်းခဲ့ကြ၏။
ထို့နောက် ထိုစေတနာ့ဝန်ထမ်းများကို ဝိညာဉ်ချီများ စုဝေးရာနေရာဟု ယူဆရသည့် နိုင်ငံတစ်ဝန်းရှိ နေရာအသီးသီးသို့ စေလွှတ်ခဲ့ကြသည်။
ဥပမာအားဖြင့် ရှေးရိုးရာ ကောင်းချီးပေးခံရသော မြင့်မြတ်မြေများဖြစ်သည့် ခွန်းလွန်တောင်၊ ချန်ပိုင်တောင်၊ ချင်းချန်တောင်၊ လုံဟူတောင် စသည်တို့ သို့မဟုတ် အသစ်ရှာဖွေတွေ့ရှိထားသည့် စွမ်းအင် ပုံမှန်မဟုတ်သော နေရာများပင်။
ထိုစေတနာ့ဝန်ထမ်းများကို အဆင့်မြင့်ဆုံး ကိုယ်တွင်းအင်္ဂါလက္ခဏာများနှင့် စွမ်းအင်စက်ကွင်း စောင့်ကြည့်ရေး ကိရိယာများ တပ်ဆင်ပေးထားပြီး ကျွမ်းကျင်သူများ၏ လမ်းညွှန်မှုအောက်တွင် ရွှမ်ဝူတိုက်မှ အခြေခံ ကျင့်စဉ်ကျမ်းများကို စမ်းသပ်ကျင့်ကြံစေခဲ့၏။
သို့သော် ပြန်လည်ရရှိလာသည့် တုံ့ပြန်ချက်များက ကျန်းယဲ့၏ ကိုယ်ပိုင်အတွေ့အကြုံနှင့် အံ့ဩစရာကောင်းလောက်အောင် တစ်ထပ်တည်းကျနေခဲ့သည်။ မည်သည့် တိုးတက်မှုမျှ မရှိခဲ့ချေ။
သူတို့ ဘယ်နေရာမှာပဲ ရှိနေပါစေ.... ကျင့်ကြံသူတွေက ဘယ်လောက်ပဲ အာရုံစိုက်ထားပါစေ... စောင့်ကြည့်ရေးကိရိယာများက ပုံမှန်မဟုတ်သည့် စွမ်းအင်အတက်အကျများကို လုံးဝ မထောက်လှမ်းနိုင်ခဲ့ပေ။
စေတနာ့ဝန်ထမ်းများအနေဖြင့် အများဆုံး ခံစားရသည်မှာ ငြိမ်းချမ်းမှုနှင့် အပန်းပြေမှုမျှသာဖြစ်ပြီး ကျင့်စဉ်ကျမ်းတွင် ဖော်ပြထားသည့် ချီကို အာရုံခံမိခြင်း သို့မဟုတ် ချီ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာခြင်းဆိုသည်များနှင့် အလွန်ပင် ဝေးကွာလှသည်။
လက်ရှိ ကမ္ဘာမြေ၏ ပတ်ဝန်းကျင်တွင် ရွှမ်ဝူတိုက်မှ ဤကျင့်စဉ်များက တိုက်ရိုက် ကျင့်ကြံ၍ ရနိုင်မည်မဟုတ်ချေ။
၎င်းက အဓိကကြားခံတစ်ခုခု ပျောက်ဆုံးနေခြင်း ဖြစ်နိုင်သလို ကမ္ဘာကြီးတစ်ခုလုံး၏ အခြေခံစည်းမျဉ်းစည်းကမ်းများ ကွာခြားနေခြင်းလည်း ဖြစ်နိုင်ချေသည်။
ကျန်းယဲ့က သူ၏ တဲကို သိမ်းဆည်းပြီး အကျိုးမရှိသည့် ဤတရားထိုင်ခြင်းကို အဆုံးသတ်ကာ အိမ်ပြန်ရန် ပြင်ဆင်နေချိန်၌ပင် ရင်းနှီးနေသည့် "ဒင်... " ဟူသော အသံက သူ၏ စိတ်ထဲတွင် ပြတ်သားစွာ ထွက်ပေါ်လာခဲ့၏။
[ဒင်... အိမ်ရှင်အား အောင်မြင်စွာ အသက်သွင်းနိုင်ခဲ့ပြီး ရွှမ်ဝူတိုက်နှင့် ကြယ်တာရာကမ္ဘာတို့၏ ကနဦး အခြေတည်ချိတ်ဆက်မှုကို အောင်မြင်စွာ ပြီးမြောက်သွားပါပြီ... ပထမအဆင့်ဖြစ်သော ရှေးဟောင်းယဉ်ကျေးမှုကမ္ဘာ သုံးခု ချင်မင်းဆက်၊ ထန်မင်းဆက်နှင့် မင်မင်းဆက်၏ ကျော်ကြားမှုအမှတ်များမှာလည်း ၅၀ ရာခိုင်နှုန်း အခြေခံသတ်မှတ်ချက်သို့ အသီးသီး ရောက်ရှိသွားပါပြီ...]
[ပြောင်းပြန် ခရီးသွားခြင်းကို ယခု တရားဝင် စတင်အသုံးပြုနိုင်ပါပြီ...]
[ခွင့်ပြုချက် ဖော်ပြချက် - အိမ်ရှင်အနေဖြင့် အချိန်ခရီးသွားအေဂျင်စီ၏ ရှေးဟောင်းရုံးခွဲတစ်ခု တည်ထောင်ရန် ချင်မင်းဆက်၊ ထန်မင်းဆက် သို့မဟုတ် မင်မင်းဆက်ဟူသော သမိုင်းဝင် အချိန်ကာလသုံးခုအနက်မှ တစ်ခုကို ရွေးချယ်နိုင်ပါသည်... ကမ္ဘာမြေသို့ နှစ်ရက်တာ အလည်အပတ်ခရီးစဉ်အတွက် ထိုအချိန်ကာလမှ အရည်အချင်းပြည့်မီသော သမိုင်းဝင်ပုဂ္ဂိုလ်များကို ခရီးသွားများအဖြစ် စုဆောင်းနိုင်ပါသည်...]
[အိမ်ရှင်အနေဖြင့် သုံးရက်အတွင်း ပြင်ဆင်ရန်၊ ပစ်မှတ်ထားမည့် နေရာကို ရွေးချယ်ရန်နှင့် ပထမဆုံး ပြောင်းပြန်ခရီးသွားအဖွဲ့ကို ဖွဲ့စည်းလမ်းညွှန်သည့် တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ရန် တောင်းဆိုအပ်ပါသည်... (ပထမအဖွဲ့အတွက် သမိုင်းဝင် ခရီးသွား ၁၀ ဦး စုဆောင်းရန် လိုအပ်ပါသည်...)]
[တာဝန် ဆုလာဘ်များ - သင်ကြားပြသပေးမှု၏ ထိရောက်မှုနှင့် ၎င်း၏ သမိုင်းဝင် သက်ရောက်မှုများအပေါ် မူတည်၍ ဆုံးဖြတ်မည် ဖြစ်ပါသည်...]
စနစ်၏ ဆက်တိုက် ထွက်ပေါ်လာသော အသိပေးချက်များကို ကြားလိုက်ရသည့်အခါ ကျန်းယဲ့၏ မျက်လုံးများက ချက်ချင်း ပြူးကျယ်သွားပြီး ပါးစပ်အဟောင်းသားဖြင့် အချိန်အတော်ကြာ မှင်တက်သွားရသည်။
"ဘုရားရေ..." သူက မနေနိုင်တော့ဘဲ အာမေဍိတ်သံ ထွက်သွား၏။ "ဒါက ထင်ထားတာနဲ့ လုံးဝ ပြောင်းပြန်ကြီးပဲ... တကယ်ပဲ ရှေးခေတ်လူတွေကို ခေတ်သစ်ကမ္ဘာဆီ ခရီးသွားဖို့ ခေါ်လာရမှာလား..."
ဤမျှော်လင့်မထားသော လုပ်ဆောင်ချက်က သူ၏ နှလုံးသားထဲရှိ အနက်ရှိုင်းဆုံးနေရာကို တိုက်ရိုက် ထိမှန်သွားခဲ့သည်။
ထိုအမြင့်ဆုံးသော ပထမဆုံးဧကရာဇ် ရင်းကျန့်ကို ဦးဆောင်ပြီး သူ အိပ်မက်မက်ခဲ့သည့် စာပေနှင့် ရထားဘီးအရွယ်အစားကို တပြေးညီသတ်မှတ်ခြင်းက နှစ်ပေါင်းနှစ်ထောင်ကျော် ကြာပြီးနောက်တွင် ဤမျှ ကျယ်ဝန်းပြီး ပေါင်းစည်းညီညွတ်သော နိုင်ငံတော်ကြီးတစ်ခုအဖြစ်သို့ မည်သို့ ပြောင်းလဲလာခဲ့သည်ကို ပြသနိုင်ရန် သူ အကြိမ်ကြိမ် စိတ်ကူးယဉ်ခဲ့ဖူးသည်။
သူ လိုက်စားခဲ့သည့် ထာဝရအခြေခံအုတ်မြစ်ကြီးက အခြားသော နည်းလမ်းတစ်ခုဖြင့် ဆက်လက် ထွန်းတောက်နေဆဲဖြစ်ကြောင်း သူ သိရှိနိုင်စေရန် အမြန်လမ်းများပေါ်တွင် အရှိန်အဟုန်ဖြင့် မောင်းနှင်နေသည့် သံမဏိရေစီးကြောင်းကြီးများနှင့် ကောင်းကင်ယံတွင် ပျံသန်းနေသည့် စီးပွားရေးသုံး လေယာဉ်ကြီးများကို ပြသချင်ခဲ့သည်။
အန်းရှီးကို မဆုတ်မနစ် ကာကွယ်ခဲ့ကြသည့် ဆံပင်ဖြူနေပြီဖြစ်သော ထိုစစ်မှုထမ်းဟောင်းများကို သူတို့ ကာကွယ်ရန် သစ္စာဆိုခဲ့သည့် ချန်အန်းမြို့တော်သို့ ပြန်ခေါ်သွားကာ တင့်တယ်ခမ်းနားစွာ ရပ်တည်နေဆဲဖြစ်သော ရှေးဟောင်းမြို့ရိုးကြီးများနှင့် တာ့ယန်စေတီတော်အောက်ရှိ ပျော်ရွှင်ဖွယ် အခမ်းအနားများကို ပြသချင်ခဲ့သည်။
ထို့မှသာ သူတို့ ကာကွယ်ခဲ့သည့် ယဉ်ကျေးမှု သွေးကြောက ဘယ်သောအခါမှ ပြတ်တောက်သွားခြင်းမရှိဘဲ ပိုမို၍ပင် တောက်ပလာနေကြောင်း သူတို့ သိရှိနိုင်မည် ဖြစ်၏။
၁၉၃၇ ခုနှစ် စစ်ပွဲ၏ မီးခိုးငွေ့များကြားတွင် သွေးထွက်သံယို တိုက်ပွဲဝင်ခဲ့ကြသည့် ထိုရှေ့ဆောင်လမ်းပြများကိုပင် သူတို့၏ အသက်များ၊ ယုံကြည်ချက်များဖြင့် အောင်ပွဲခံခဲ့သည့် တရုတ်ပြည်သစ်ကြီးကို ပြသချင်ခဲ့သည်။
ဤခေတ်မီဖွံ့ဖြိုးတိုးတက်မှုကြီးက သူတို့ ဆန္ဒရှိခဲ့သည့်အတိုင်း ဖြစ်နေသလား.... တိုင်းပြည်က ဘေးကင်းလုံခြုံပြီး ပြည်သူတွေက ငြိမ်းချမ်းသာယာစွာ နေထိုင်နေကြသလားဆိုတာကို မြင်တွေ့စေချင်ခဲ့လေသည်။
ထိုဆန္ဒများက အလွန် ပြင်းပြလွန်းသဖြင့် ယခင်က ရံဖန်ရံခါသာ စိတ်ကူးယဉ်ခဲ့ဖူးသော်လည်း ယခုကဲ့သို့ စနစ်က ရုတ်တရက် အခွင့်အရေး ပေးလာလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ချေ။
ကြီးမားလှသော အံ့ဩမှုနှင့် စိတ်လှုပ်ရှားမှုများက ရက်ပေါင်းများစွာ အကျိုးမရှိခဲ့သည့် ကျင့်ကြံခြင်း ကြိုးစားမှုများကြောင့် ဖြစ်ပေါ်နေသော စိတ်ပျက်မှုများကို ချက်ချင်း လွင့်စင်သွားစေခဲ့၏။
"ဘာလို့ ကျင့်ကြံဖို့ ဒုက္ခခံနေတော့မှာလဲ... အိမ်ပြန်ပြီး စီးပွားရေးစဖို့ ပြင်ဆင်ရအောင်..."
သူက စခန်းချပစ္စည်းများ အားလုံးကို ကျောပိုးအိတ်ထဲသို့ အမြန် ထိုးသိပ်ထည့်လိုက်ပြီး ကားရပ်ထားသည့် နေရာဆီသို့ လာရာတောင်လမ်းအတိုင်း တက်ကြွစွာဖြင့် အပြေးအလွှား ပြန်ဆင်းလာခဲ့တော့သည်။
........
ယနေ့ခေတ်တွင် ကမ္ဘာတစ်ဝန်းရှိ လူတိုင်းက ရီယဲ့ ခရီးသွားအေဂျင်စီ၏ လှုပ်ရှားမှုများကို အထူးဂရုစိုက် စောင့်ကြည့်နေကြပြီး ကျန်းယဲ့က နောက်ဆုံး ခုနစ်ရက်အတွင်း ကမ္ဘာသစ်လည်ပတ်စရာနေရာများနှင့် ပတ်သက်သည့် သတင်းအချက်အလက်အသစ်များကို ထုတ်ပြန်လေ့ရှိသည်ကို သူတို့ ရင်းနှီးနေခဲ့ကြပြီ ဖြစ်၏။
ယခု အချိန်ကျရောက်လာပြီဖြစ်ရာ မရေမတွက်နိုင်သော လူများက တိုရင်၊ ဝေ့ပေါ်နှင့် သတင်းပလက်ဖောင်းအမျိုးမျိုးကို အလိုအလျောက် အကြိမ်ကြိမ် ဝင်ရောက်ကြည့်ရှုနေကြပြီး နောက်ထပ် လျှို့ဝှက်ဆန်းကြယ်သော ကမ္ဘာအတွက် နမူနာဗီဒီယို ထွက်ပေါ်လာမည်ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေခဲ့ကြသည်။
သို့သော်ငြားလည်း ဤတစ်ကြိမ်တွင် အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသော်လည်း ကျန်းယဲ့၏ အကောင့်က လုံးဝ အော့ဖ်လိုင်းဖြစ်နေပြီး မည်သည့် လှုပ်ရှားမှုမျှ မပြသခဲ့ချေ။
မျှော်လင့်ထားသည့် ဆွဲဆောင်မှုရှိသော ဗီဒီယိုက ပေါ်မလာခဲ့သလို စာသားပို့စ်တစ်ခုပင် မရှိခဲ့ပေ။
ထို့ကြောင့် အွန်လိုင်းပေါ်တွင် အမြင်အမျိုးမျိုးနှင့် မှန်းဆချက်များ ချက်ချင်း ထွက်ပေါ်လာခဲ့၏။
[ဘာတွေဖြစ်နေတာလဲ... ဒီတစ်ခါ ဘာလို့ ဘာသတင်းမှ မရှိတာလဲ...]
[ပြဿနာ တစ်ခုခုများ ကြုံနေရလို့လား... ခရီးသွားလုပ်ငန်းစဉ်မှာ ပြဿနာရှိလို့လား...]
[စောင့်ကြည့်ကြတာပေါ့... ဒါရိုက်တာကျန်းက ကြီးကြီးမားမား တစ်ခုခုကို ဖန်တီးနေတာလည်း ဖြစ်နိုင်တယ်...]
[မဖြစ်နိုင်တာ... နောက်ထပ် မရှိတော့ဘူးဆိုတာမျိုးတော့ မဟုတ်ဘူးမလား...]
ဆွေးနွေးမှု အမျိုးမျိုးနှင့် စိုးရိမ်ပူပန်မှုများက စတင် ပျံ့နှံ့လာလေသည်။
ကျန်းထောင်နှင့် ချောင်ဝမ်ပေါ်တို့ကဲ့သို့သော ဖောက်သည်ဟောင်းများပင် ဆက်၍ မထိုင်နိုင်ကြတော့ဘဲ ဝီချက်သို့မဟုတ် အခြား ချန်နယ်များမှတစ်ဆင့် ကျန်းယဲ့အား သီးသန့် လှမ်းမေးလာကြ၏။
ကျန်းယဲ့၏ တုံ့ပြန်မှုက တသမတ်တည်းဖြစ်ပြီး တိုတောင်းလှသည်။ "ဒီတစ်ခါ ကမ္ဘာသစ် မရှိသေးဘူး... ခဏလောက် စောင့်ရလိမ့်မယ်..."
ဖောက်သည်ဟောင်းများမှာ အတည်ပြုချက် ရရှိပြီးနောက် အနည်းငယ် စိတ်ပျက်သွားကြသော်လည်း အနည်းဆုံးတော့ စိတ်သက်သာရာရသွားပြီး တည်ငြိမ်သွားကြရသည်။
ထို့နောက် အချိန်အနည်းငယ် ယူရလိမ့်မည်ဟူသော ကောလာဟလက ချန်နယ်အမျိုးမျိုးမှတစ်ဆင့် အများပြည်သူ အင်တာနက်ကွန်ရက်ပေါ်သို့ လျှင်မြန်စွာ ပျံ့နှံ့သွားခဲ့၏။
ယခုအခါ ကမ္ဘာတစ်ဝန်းရှိ လူတိုင်းက ထိုအကြောင်းကို သိရှိသွားကြပြီ ဖြစ်သည်။
ဒီတစ်ခါ ခရီးစဉ်က ပယ်ဖျက်ခံလိုက်ရပြီ...
တိကျတဲ့ အကြောင်းပြချက်တွေလား...
မသိရ။
စောင့်ဆိုင်းရမယ့် အချိန်လား...
မသိရ။
ဤမသေချာမရေရာမှုက မရေမတွက်နိုင်သော လူများအား ကြီးမားသော စိုးရိမ်ပူပန်မှုများကို ဖြစ်စေခဲ့ပြီး ခွဲခြမ်းစိတ်ဖြာမှုများနှင့် မှန်းဆချက်ပို့စ်များ အမြောက်အမြား ထွက်ပေါ်လာစေတော့သည်။
အခန်း ၃၈၂ပြီး၏။