← Chapters

အခန်း ၃၈၃

Vol. 39 Ch. 383

အခန်း ၃၈၃

Vol. 39 Ch. 383

အခန်း (၃၈၃) အထူးခရီးသွားများ

​သတင်းရရှိသည်နှင့် လင်ရှောင်နှင့် ချန်ချင်းတို့က ခရီးသွားအေဂျင်စီသို့ ချက်ချင်း ပြေးလာကြသည်။

​အထက်လူကြီးများက သာမန်လူများထက် ပို၍ စိုးရိမ်ပူပန်နေကြ၏။

​ကျန်းယဲ့၏ အချိန်နှင့် ဟင်းလင်းပြင်ကူးပြောင်းမှုတွင် ပြဿနာတစ်စုံတစ်ရာ ရှိနေမည်ကို သူတို့ စိုးရိမ်နေကြပြီး ကျန်းယဲ့ကိုယ်တိုင် ထိန်းချုပ်မရနိုင်သော ကိစ္စတစ်ခုခုနှင့် ရင်ဆိုင်ရမည်ကို ပို၍ပင် စိုးရိမ်နေကြလေသည်။

​ကျန်းယဲ့က လက်ဖက်ရည်တစ်အိုး ဖျော်ပြီးခါစတွင် လူနှစ်ယောက်က တံခါးကို အလောတကြီး တွန်းဖွင့်ကာ ဝင်ရောက်လာကြ၏။

​သူက ပြုံးကာ ထိုင်ရန် လက်ဟန်ပြလိုက်ပြီး သူတို့နှစ်ဦးအတွက် ရေနွေးငွေ့များ ထွက်နေသော လက်ဖက်ရည်ပူပူတစ်ခွက်စီကို ငှဲ့ပေးလိုက်သည်။

​လင်ရှောင်က လက်ဖက်ရည်ကိုပင် မသောက်နိုင်ဘဲ စိုးရိမ်မှုများ ပြည့်နှက်နေသော လေသံဖြင့် တိုက်ရိုက် မေးလိုက်သည်။ "ကျန်းယဲ့... ဒီတစ်ခါ ဘာဖြစ်လို့လဲ... မမျှော်လင့်ထားတာ တစ်ခုခု ဖြစ်သွားလို့လား..."

​ကျန်းယဲ့က ခွက်ထဲရှိ ရေနွေးကို ခပ်ဖွဖွ မှုတ်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြုံးကာ ဖြေလိုက်၏။ "စိတ်မပူပါနဲ့... ဘာမှမဖြစ်ပါဘူး... အားလုံး အဆင်ပြေပါတယ်..."

​သူ၏ မျက်နှာအမူအရာက သဘာဝကျပြီး အသက်ရှူနှုန်း တည်ငြိမ်နေသည်ကို မြင်လိုက်ရမှသာ လင်ရှောင်နှင့် ချန်ချင်းတို့က အနည်းငယ် စိတ်သက်သာရာရသွားကြတော့သည်။

​ဘာပြဿနာမှ မရှိသရွေ့ ကျန်တာအားလုံး အဆင်ပြေလေသည်။

​ထို့နောက် ချန်ချင်းက မေးလိုက်၏။ "ဒီတစ်ခါ ဘယ်လောက်ကြာမလဲ... အထက်လူကြီးတွေကလည်း နောက်ဆက်တွဲ အစီအစဉ်တွေအတွက် အရမ်းကို စိုးရိမ်နေကြတယ်..."

​ကျန်းယဲ့က လက်ဖက်ရည်တစ်ငုံ သောက်လိုက်ပြီး ခေါင်းခါပြလိုက်လေသည်။ "ငါလည်း မသိသေးဘူး..."

​ထို့နောက် သူက လက်ဖက်ရည်ပန်းကန်ကို ချလိုက်ပြီး လူနှစ်ယောက်ကို ကြည့်ကာ အနှေးနှင့်အမြန် သူတို့၏ အကူအညီကို လိုအပ်လာမည်ဖြစ်၍ ကြိုတင် အသိပေးထားရန် ဆုံးဖြတ်လိုက်၏။

​သူက ရှေ့သို့ အနည်းငယ် ကိုင်းညွတ်ကာ အသံကို နှိမ့်လိုက်ပြီး လျှို့ဝှက်ဆန်းကြယ်မှုနှင့် စိတ်လှုပ်ရှားမှု အရိပ်အယောင်များဖြင့် ပြောလိုက်ချေသည်။ "လောလောဆယ် သွားစရာ ကမ္ဘာသစ် မရှိသေးပေမဲ့ ဒီမှာ အထူး ခရီးသွားတစ်စုကို လက်ခံဖို့ ငါတို့ ပြင်ဆင်ထားရလိမ့်မယ်..."

​"အထူး ခရီးသွားတွေ..." လင်ရှောင်နှင့် ချန်ချင်းတို့က အချင်းချင်း မျက်လုံးချင်းဆုံကြည့်လိုက်ကြပြီး နှစ်ယောက်စလုံး အနည်းငယ် နားမလည်နိုင် ဖြစ်သွားကြရ၏။

​ကျန်းယဲ့က နှုတ်ခမ်းထောင့်တွင် အဓိပ္ပာယ်ပါသော အပြုံးတစ်ခုကို ဆင်မြန်းကာ ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်... ငါက ပြောင်းပြန်ခရီးသွားခြင်းကို စတင်ဖို့ စီစဉ်နေတာ... လွယ်လွယ်ပြောရရင် ရှေးခေတ်ကာလမှာ ရုံးခွဲတစ်ခုဖွင့်ပြီး သမိုင်းဝင် ပုဂ္ဂိုလ်တချို့ကို စုဆောင်းပြီး ငါတို့ရဲ့ ကမ္ဘာမြေဆီကို နှစ်ရက်တာ အလည်အပတ် လာရောက်ခိုင်းလို့ရတယ်..."

​သူတို့၏ မှင်တက်နေသော အမူအရာများကို မြင်လိုက်ရသည့်အခါ သူက ဖြည်းညင်းစွာ ထပ်ပြောလိုက်ပြန်၏။ "ပထမဆုံး ဖွင့်လှစ်မယ့် ရှေးဟောင်းကမ္ဘာတွေက ချင်မင်းဆက်၊ ထန်မင်းဆက်နဲ့ မင်မင်းဆက် တွေပဲ... တကယ်လို့များ ငါက ချင်မင်းဆက်ရဲ့ ပထမဆုံးဧကရာဇ် ရင်းကျန့်၊ ဝန်ကြီးချုပ်လီစစ်၊ အမတ်ကြီး မုန့်ရီနဲ့ တခြားသူတွေကို ဖိတ်ခေါ်လာမယ်ဆိုရင် ဘာဖြစ်လာမယ်ထင်လဲ..."

​"ဖွီးးး..."

​လင်ရှောင်က ယခုလေးတင် သောက်လိုက်သည့် လက်ဖက်ရည်တစ်ငုံကို နင်သွားပြီး အဆက်မပြတ် ချောင်းဆိုးကာ ပြန်ထွေးထုတ်မိမတတ် ဖြစ်သွားရသည်။

​ချန်ချင်းမှာလည်း အလွန်အမင်း အံ့ဩတုန်လှုပ်သွားသဖြင့် ဆိုဖာပေါ်မှ မတ်မတ်ကြီး ထရပ်လိုက်မိပြီး သူ၏ မျက်လုံးများက ပန်းကန်ပြားများကဲ့သို့ ပြူးကျယ်နေခဲ့၏။

​"ဘာ... ရင်းကျန့်... လီစစ်... မုန့်ရီ... ခေတ်သစ်ကမ္ဘာဆီကို လာမယ်..." လွန်ကဲသော အံ့ဩတုန်လှုပ်မှုကြောင့် ချန်ချင်း၏ အသံများပင် ပြောင်းလဲသွားချေသည်။

​လင်ရှောင်က နောက်ဆုံးတွင် ဘာဖြစ်သွားသည်ကို နားလည်သဘောပေါက်သွားပြီး သူမ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုနှင့် တုန်လှုပ်မှုများ ပြည့်နှက်သွားရသည်။ "ဘုရားရေ... ဒါ... ဒါက အရမ်းလွန်လွန်းနေပြီ..."

​မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်နေပြီး အပြည့်အဝ သတိမဝင်သေးသည့် လင်ရှောင်နှင့် ချန်ချင်းတို့ကို ကြည့်ကာ ကျန်းယဲ့က ထိုပေါက်ကွဲအားပြင်းလှသော သတင်းကို သူတို့ နားလည်လက်ခံနိုင်ရန် ခေတ္တစောင့်ဆိုင်းလိုက်ပြီးနောက် ပြုံးကာ ညွှန်ကြားလိုက်၏။ "ဒီကိစ္စကို လောလောဆယ် ငါတို့ သုံးယောက်ပဲ သိသေးတယ်... လောလောဆယ်တော့ လျှို့ဝှက်ထားပေးပါ... တခြားဘယ်သူ့ကိုမှ မပြောပါနဲ့ဦး..."

​တကယ်လို့ သတင်းများ ပေါက်ကြားသွားခဲ့ပြီး ရင်းကျန့်၊ လီစစ်နှင့် အခြားသူများကို သူ တကယ်တမ်း ခေါ်လာခဲ့သည့်အခါ လူအုပ်ကြီးက ကြီးကျယ်ခမ်းနားစွာ ဝိုင်းအုံကြည့်ရှုနေကြမည့် မြင်ကွင်းကို သူ အလွယ်တကူ စိတ်ကူးယဉ်ကြည့်နိုင်လေသည်။

ပြီးပြည့်စုံသော သမိုင်းဝင်တွေ့ဆုံမှုကြီးတစ်ခုက မလွှဲမသွေ အင်မော်တယ်ကြီးများ၏ ပြပွဲကြီးတစ်ခုအဖြစ် ပြောင်းလဲသွားမည်ဖြစ်ရာ အတွေ့အကြုံကို ကြီးမားစွာ လျော့ကျသွားစေပေလိမ့်မည်။

ဤ ရှေးဟောင်း ခရီးသွားများအား နှိုင်းယှဉ်ချက်အရ ပိုမို တိတ်ဆိတ်ငြိမ်သက်သော နည်းလမ်းဖြင့် ဦးဆောင်ကာ ခေတ်သစ်ကမ္ဘာမြေပေါ်ရှိ သာမန်ပြည်သူများ၏ ဘဝနှင့် လူ့အဖွဲ့အစည်း၏ အပြောင်းအလဲများကို အစစ်အမှန် ခံစားသိရှိစေရန် သူ မျှော်လင့်ထားခဲ့၏။

​ထိုစကားကို ကြားလိုက်ရသည့်အခါ လင်ရှောင်နှင့် ချန်ချင်းတို့က အံ့ဩမှင်တက်နေရာမှ ချက်ချင်း သတိဝင်လာကြပြီး သူတို့၏ မျက်နှာအမူအရာများက အလွန် လေးနက်သွားကာ အချင်းချင်း အကြိမ်ကြိမ် ကတိပေးလိုက်ကြသည်။

​"နားလည်ပါပြီ... လုံးဝ လျှို့ဝှက်ထားပါ့မယ်..."

"စိတ်မပူပါနဲ့... ဒီကိစ္စကို အနည်းငယ်လေးတောင် ပေါက်ကြားခွင့် မပေးပါဘူး..."

​ချန်ချင်းက ပုံမှန်ဘောင်ကိုကျော်၍ပင် စတင်တွေးတောလာပြီး သူ၏ မျက်ဝန်းများ လင်းလက်သွားကာ အသံကို နှိမ့်၍ ပြောလိုက်၏။ "အချိန်ကိုက်ပဲ... လာမယ့် ရက်အနည်းငယ်အတွင်းမှာ ကျွန်တော် ယဉ်ကျေးမှုဝန်ကြီးဌာနနဲ့ ခရီးသွားလုပ်ငန်း အာဏာပိုင်တွေကို ညှိနှိုင်းပြီး အဓိက မြို့ကြီးတချို့မှာ... အထူးသဖြင့် ငါတို့ စီစဉ်ထားတဲ့ ခရီးသွားလမ်းကြောင်းတွေ တစ်လျှောက်မှာ အကြီးစား ရှေးဟောင်းဝတ်စုံ ကော့စ်ပလေး.... ဒါမှမဟုတ် ရိုးရာယဉ်ကျေးမှု ပွဲတော်လိုမျိုး ပွဲစဉ်တွေ ကျင်းပဖို့ စီစဉ်လိုက်မယ်... အဲ့ဒီလိုဆိုရင် ရှေးဟောင်းဝတ်စုံတွေ ဝတ်ထားတဲ့သူတွေ လမ်းပေါ်မှာ ပေါ်လာရင်တောင် သိပ်ပြီး ထူးဆန်းနေမှာ မဟုတ်ဘူး... အဲ့ဒီအစား ပတ်ဝန်းကျင်နဲ့ အံဝင်ခွင်ကျ ဖြစ်သွားလိမ့်မယ်..."

​ထိုစကားကို ကြားလိုက်ရသည့်အခါ ကျန်းယဲ့က သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်လေသည်။ "ဒါက အကြံကောင်းပဲ... အဲ့ဒီအတိုင်း လုပ်ကြတာပေါ့... အငွေ့အသက်တစ်ခုလည်း ဖန်တီးနိုင်သလို တစ်ချိန်တည်းမှာ အကာအကွယ်လည်း ပေးနိုင်တယ်... ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင် ပစ်လိုက်တာပဲ..."

​အသေးစိတ်အချက်အလက် အချို့ကို ဆွေးနွေးပြီးနောက် လင်ရှောင်နှင့် ချန်ချင်းတို့က လျှို့ဝှက်ပြင်ဆင်မှုများ စတင်ရန် အလောတကြီး ထွက်ခွာသွားကြ၏။

​ထိုနှစ်ယောက်ကို လိုက်ပို့ပြီးနောက် ကျန်းယဲ့က ဆိုဖာပေါ်တွင် တစ်ယောက်တည်း ထိုင်ကာ စနစ် ဖန်သားပြင်ကို ဖွင့်လိုက်လေသည်။

​ချင်၊ ထန် နှင့် မင်ဟူသော ရွေးချယ်စရာ သုံးခုကို ကြည့်ကာ သူက ခေတ္တမျှ ချီတုံချတုံ ဖြစ်သွားပြီးနောက် နောက်ဆုံးတွင် ချင်မင်းဆက်ကို ရွေးချယ်လိုက်၏။

​မည်သို့ပင်ဆိုစေ ချင်မင်းဆက်က သူ ပထမဆုံး ခြေချခဲ့သည့် အ​ပြိုင်ကမ္ဘာဖြစ်ပြီး ပထမဆုံးဧကရာဇ်နှင့် သူ၏ ဆက်သွယ်မှုက အနက်ရှိုင်းဆုံးဖြစ်ရာ နှိုင်းယှဉ်ချက်အရ ပိုမို ရင်းနှီးကျွမ်းဝင်နေချေသည်။

​စာပေနှင့် ရထားဘီးအရွယ်အစားကို တပြေးညီသတ်မှတ်ကာ တရုတ်ပြည်ပေါင်းစည်းညီညွတ်ရေးအတွက် အခြေခံအုတ်မြစ်ချပေးခဲ့သည့် ဘိုးဘေးနဂါးကြီးအနေဖြင့် နှစ်ပေါင်း နှစ်ထောင်ကျော် ကြာပြီးနောက် ကမ္ဘာကြီးကို မြင်တွေ့ရလျှင် မည်သို့ တွေးတောမည်ကို သူ စိတ်အားထက်သန်စွာ မြင်တွေ့ချင်နေခဲ့၏။

(NT- စာပေအရေးသားအား တစ်ပြေးညီသတ်မှတ်ခြင်း : ချင်ရှီဟွမ်က တရုတ်ပြည်ကို ပေါင်းစည်းပြီးနောက်မှာ နိုင်ငံတစ်ခုလုံးကို ရှောင်ကျွမ်လို့ခေါ်တဲ့ စာရေးသားမှုပုံစံ တစ်မျိုးတည်းကိုသာ စံအဖြစ်အသုံးပြုစေခဲ့ပါတယ်... ဒါကြောင့် ဒေသအလိုက် လေသံကွဲပေမဲ့ စာရေးသားမှုကတစ်ခုတည်းဖြစ်သွားတဲ့အတွက် ဆက်သွယ်ရေးနဲ့ ယဥ်ကျေးမှုပါတစ်သားတည်းဖြစ်သွားစေခဲ့ပါတယ်... )

(NT- ရထားဘီးအရွယ်စားအား တစ်ပြေးညီသတ်မှတ်ခြင်း : ရှေးခေတ်ကလမ်းတွေက မြေသားလမ်းတွေဖြစ်တာမို့ လှည်းရထားတွေ သွားလာတာများလာတဲ့အခါ ​မြေပြင်မှာ ချိုင့်ခွက်ကြောင်းကြီးတွေ ကျန်ရစ်ခဲ့ပါတယ်..... ဒါကြောင့် ပြည်နယ်တစ်ခုနဲ့တစ်ခုရဲ့ လှည်းရထားတွေက ဘီးဝင်ရိုးအရှည်က မတူညီကြတာကြောင့် သွားလာရတာအရမ်းခက်ခဲပါတယ်... ဒါကြောင့် နိုင်ငံတစ်ခုလုံးက လှည်းရထား ဘီးဝင်ရိုးအရှည်ကို တူညီနေစေဖို့ အမိန့်ချမှတ်ပေးခဲ့ပါတယ်...ဒါကြောင့် ခရီးသွားလာရေးကပိုအဆင်ပြေလာခဲ့ပါတယ်....အဲ့အပြင် အလေးချိန်၊ အတိုင်းအတာပမာဏနဲ့ ငွေးကြေးစနစ်ကိုပါ တစ်နိုင်ငံလုံးကို တပြေးညီဖြစ်စေအောင် ပြောင်းလဲခဲ့ပါတယ်...)

​ပြောင်းပြန် ခရီးသွားခြင်းအတွက် ပထမဆုံး ရုံးခွဲကမ္ဘာအဖြစ် ချင်မင်းဆက်ကို အတည်ပြု ရွေးချယ်လိုက်သည့် အချိန်လေးမှာပင် စနစ်၏ အသိပေးချက်အသစ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

​[ဂြိုဟ် အတည်ပြုပြီးပါပြီ - ချင်မင်းဆက်]

​[အိမ်ရှင်အနေဖြင့် ပစ်မှတ်ကမ္ဘာတွင် ငါးရက်အတွင်း အချိန်ခရီးသွားအေဂျင်စီ၏ ချင်မင်းဆက် ရုံးခွဲကို အောင်မြင်စွာ တည်ထောင်ရန်နှင့် ပထမဆုံး ပြောင်းပြန် ခရီးသွားအဖွဲ့ စုဆောင်းခြင်း (၁၀ ဦး) ကို ပြီးမြောက်ရန် တောင်းဆိုအပ်ပါသည်...]

​[ချင်မင်းဆက်သို့ ချက်ချင်း ကူးပြောင်းလိုပါသလား...]

[ရှန်းယန်မြို့သို့ သွားရောက်ကာ ရုံးခွဲတည်နေရာကို ရွေးချယ်ပြီး ပြင်ဆင်မှုများ ပြုလုပ်မည်လား...]

​"ချက်ချင်း ကူးပြောင်းမယ်..." ကျန်းယဲ့က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး အတည်ပြုလိုက်၏။

​နောက်တစ်စက္ကန့်တွင် သူ၏ ခန္ဓာကိုယ်မှ နူးညံ့သော ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သူ့အား ချက်ချင်း လွှမ်းခြုံသွားချေသည်။

​ဧည့်ခန်းအတွင်းရှိ ဟင်းလင်းပြင်က အနည်းငယ် တွန့်လိမ်သွားပြီး ရွှေရောင်အလင်းတန်း မှေးမှိန်သွားချိန်တွင် ဆိုဖာပေါ်ရှိ ပုံရိပ်မှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။

​တစ်ချိန်တည်းမှာပင် ဝေးကွာလှသော ချင်မင်းဆက်ရှိ ရှန်းယန်မြို့တော်တွင်...

​ကျောက်ပြားစိမ်းများ ခင်းထားသည့် လမ်းတစ်ခု၏ နှိုင်းယှဉ်ချက်အရ တိတ်ဆိတ်သော ထောင့်တစ်နေရာတွင် လေထုက ရေပြင်ကဲ့သို့ လှိုင်းထသွားပြီး ရွှေရောင်အလင်းတန်းတစ်ခု လက်ဖြာသွားကာ ကျန်းယဲ့၏ ပုံရိပ်က ရှေးဟောင်းလမ်းမပေါ်တွင် တည်ငြိမ်စွာ ရပ်လျက် လေဟာနယ်ထဲမှ ထွက်ပေါ်လာခဲ့သည်။

​သူက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ နိမ့်ပါးသော မြေစိုက်နှင့် သစ်သားအိမ်များ၊ လွင့်မျောနေသော အမည်းရောင် ချင်အလံများနှင့် ခေတ်သစ်မြို့ပြနှင့် လုံးဝ ကွဲပြားခြားနားနေသည့် လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်ကျော်က ရှေးဟောင်း အငွေ့အသက်များကို မြင်တွေ့လိုက်ရ၏။

​"ရှန်းယန်... ငါ ပြန်ရောက်လာပြန်ပြီ..." ကျန်းယဲ့က တီးတိုးရေရွတ်လိုက်လေသည်။ "ဒီတစ်ခါတော့ ငါက ဦးဆောင်ရမယ့် အလှည့်ပဲ..."

​ဤသည်မှာ ခရီးသွားအဖွဲ့မပါဘဲ ချင်မင်းဆက်၏ မြေပေါ်သို့ ကျန်းယဲ့တစ်ယောက်တည်း ခြေချဖူးသည့် ပထမဆုံးအကြိမ်ပင်။

​ထို့နောက် သူက သီးသန့်ဆန်သော ထောင့်တစ်နေရာကို ဂရုတစိုက် ရှာဖွေလိုက်ပြီး စိတ်ထဲမှတစ်ဆင့် စနစ်နှင့် ဆက်သွယ်ကာ လက်ရှိခေတ်ကာလနှင့် ကိုက်ညီသည့် အရောင်ရင့်ရင့် အကြမ်းထည် ဝတ်ရုံတစ်ထည်ကို လျင်မြန်စွာ ဝယ်ယူလဲလှယ်လိုက်လေသည်။

တစ်ချိန်တည်းမှာပင် လမ်းပေါ်ရှိ ချင်လူမျိုးများနှင့် ကွဲပြားမှုမရှိစေရန် လိုက်ဖက်သည့် ဆံပင်တုကိုလည်း တပ်ဆင်လိုက်၏။

​သူ၏ အဝတ်အစားများကို သပ်ရပ်အောင် ပြင်ဆင်ပြီး ဟာကွက်မရှိကြောင်း သေချာစေပြီးနောက် ကျန်းယဲ့က တိတ်ဆိတ်သော လမ်းကြားထဲမှ တည်ငြိမ်စွာ ထွက်လာခဲ့ပြီး ရှန်းယန်မြို့တော်၏ ပင်မလမ်းမကြီးပေါ်ရှိ စည်ကားနေသော လူအုပ်ကြီးထဲသို့ ရောနှောဝင်ရောက်သွားခဲ့၏။

​လမ်း၏ တစ်ဖက်တစ်ချက်စီတွင် ဆိုင်ခန်းများ တန်းစီနေပြီး သူတို့၏ ဆိုင်းဘုတ်များက လေပြည်ထဲတွင် လွင့်မျောနေကြသည်။ ဈေးသည်များ၏ အော်ဟစ်ရောင်းချသံများ၊ ရထားလုံးနှင့် မြင်းခွာသံများ၊ လမ်းလျှောက်နေသူများ၏ စကားပြောသံများက တစ်သားတည်း ရောနှောသွားပြီး အသက်ဝင်ကာ တက်ကြွနေသည့် ရှေးဟောင်းမြို့ပြဘဝ၏ မြင်ကွင်းတစ်ခုကို ဖန်တီးပေးနေချေသည်။

​ပြီးခဲ့သည့်အကြိမ်က ခရီးသွားအဖွဲ့နှင့် လာခဲ့သည်နှင့် နှိုင်းယှဉ်ပါက လမ်းပေါ်ရှိ လူများမှာ ပိုမို တက်ကြွနေပုံရပြီး ယခင်ကလို ထုံထိုင်းလေးလံမှုများ လျော့နည်းသွားကာ ဘဝ၏ အငွေ့အသက်များ ပိုမို လွှမ်းခြုံနေသည်ကို ကျန်းယဲ့က စူးရှစွာ သတိပြုမိလိုက်၏။

​ထိုစဉ် ထူးခြားသည့် ဈေးရောင်းသံတစ်ခုက သူ၏ အာရုံကို ဖမ်းစားသွားခဲ့လေသည်။

အခန်း ၃၈၃ပြီး၏။

All Chapters