← Chapters

အခန်း ၃၈၄

Vol. 39 Ch. 384

အခန်း ၃၈၄

Vol. 39 Ch. 384

အခန်း (၃၈၄) တစ်နေ့တခြား ပြောင်းလဲလာသော ချင်မင်းဆက်

​"လာကြည့်ကြပါ... လာကြည့်ကြပါ... အခုမှရောက်လာတဲ့ ဝါဂွမ်းထည်လေးတွေက နူးညံ့ပြီး လေဝင်လေထွက်ကောင်းတယ်... အတွင်းခံချုပ်ဝတ်ဖို့ အရမ်းသင့်တော်တယ်နော်..."

​"ဝါဂွမ်း... အကောင်းစား ဝါဂွမ်းတွေပါ... ဂုံလျှော်ထက် ပိုနူးညံ့ပြီး ပိုးသားထက်လည်း စျေးသက်သာတယ်..."

​ဝါဂွမ်း...

​ကျန်းယဲ့၏ စိတ်ထဲတွင် လှုပ်ရှားသွားပြီး အသံထွက်ပေါ်လာရာဘက်သို့ လျှောက်သွားလိုက်သည်။

​ရိုးရှင်းသော သစ်သားစင်လေးတစ်ခု၏ အနောက်တွင် လူငယ်ဈေးသည်တစ်ယောက် ရပ်နေပြီး သူ၏ ရှေ့တွင် အတော်လေး နူးညံ့ပုံရသည့် ရိုးရိုးအရောင်ရှိသော အထည်စများကို စုပုံထားချေသည်။

​အမျိုးသမီးတစ်စုက ဆိုင်ရှေ့တွင် စုရုံးနေကြပြီး အထည်များကို စမ်းသပ်ကိုင်တွယ်ရင်း အံ့ဩဝမ်းသာသည့် အမူအရာများဖြင့် မေးခွန်းများ မေးမြန်းနေကြ၏။

​"ဒီအထည်က ကိုင်ကြည့်ရတာ အရမ်းနူးညံ့တာပဲ..."

​"ဒါက ဝါဂွမ်းလား... သူက ရေစုပ်ယူမှုကောင်းပြီး လေဝင်လေထွက်ကောင်းတယ်လို့ ကြားဖူးတယ်... ကလေးတွေအတွက် အဝတ်အစားချုပ်ပေးဖို့ အရမ်းသင့်တော်တာပဲ..."

​"ပိတ်ကြမ်းတွေထက် အများကြီး ပိုသက်တောင့်သက်သာရှိတာပဲ... ပြီးတော့ စျေးကလည်း အထည်ဆိုင်တွေမှာ ရောင်းတာထက် နည်းနည်း ပိုသက်သာနေသလားလို့..."

​လူအုပ်ကြီး၏ မေးခွန်းများကို လူငယ်ဈေးသည်က သွက်လက်ရှင်းလင်းစွာ ဖြေကြားလိုက်၏။ "ဒီအစ်မပြောတာ မှန်ပါတယ်... ဝါဂွမ်းက လေဝင်လေထွက်ကောင်းပြီး ရေစုပ်ယူမှုလည်း ကောင်းတယ်... ဝတ်ရတာလည်း သက်တောင့်သက်သာရှိတယ်... စျေးနှုန်းအနေနဲ့ဆိုရင် ကျွန်တော်က ဒီအထည်တွေကို အတော်လေး ခက်ခက်ခဲခဲ ရလာခဲ့တာပါ... အမြတ်နည်းနည်းနဲ့ ရောင်းပေးနေတာ... ဒီနေ့ပြီးရင် ဒီလို စျေးနှုန်းနဲ့ ဒီလောက်ကောင်းတဲ့ ဝါဂွမ်းထည်တွေကို ဝယ်ဖို့ ခက်သွားလိမ့်မယ်..."

​သူ၏ စကားများကြောင့် လူအုပ်ကြီးမှာ ချက်ချင်း စိတ်လှုပ်ရှားသွားကြပြီး ငွေများထုတ်ကာ စတင်ဝယ်ယူကြသဖြင့် မြင်ကွင်းက အလွန် စည်ကားအသက်ဝင်သွားချေသည်။

​ကျန်းယဲ့က လူအုပ်ကြီး၏ အစွန်တွင် ရပ်ကာ အလုအယက် ဝယ်ယူနေကြသည့် စည်ကားသော မြင်ကွင်းကို ကြည့်ရင်း သူ၏ နှုတ်ခမ်းထောင့်တွင် ခပ်သဲ့သဲ့ အပြုံးတစ်ခု ပေါ်လာခဲ့၏။

​ယခင် ခရီးသွားအဖွဲ့က ယူဆောင်လာခဲ့သည့် ဝါစေ့များနှင့် ရိုးရှင်းသော ရက်ကန်းနည်းပညာ လက်ဆောင်များက ဤရှေးဟောင်းမြေပေါ်တွင် အမြစ်တွယ်ကာ အညှောက်ပေါက်လာပြီဖြစ်ကြောင်း ရှင်းလင်းလှပြီး သာမန်ပြည်သူများ၏ ဘဝများကို အရှိန်အဟုန်ဖြင့် လွှမ်းမိုးလာနေပြီ ဖြစ်သည်။

​မရှိရာမှ ရှိလာခြင်း၊ ရှားပါးကုန်ပစ္စည်းတစ်ခုမှ ဈေးကွက်အတွင်းသို့ တဖြည်းဖြည်း ဝင်ရောက်လာခြင်း စသည့် ဤသိမ်မွေ့သော အပြောင်းအလဲများက တိတ်တဆိတ် ဖြစ်ပေါ်နေသော ပိုမိုနက်ရှိုင်းသည့် အသွင်ကူးပြောင်းမှုတစ်ခုကို ကြိုတင်နိမိတ်ပြနေလေသည်။

​ရှန်းယန်မြို့တော်၏ လမ်းမများတစ်လျှောက် ဆက်လက် လျှောက်လှမ်းလာရင်း ကျန်းယဲ့၏ အကြည့်က အသစ်ဖွင့်ထားသော ဆိုင်တစ်ဆိုင်ထံသို့ ဆွဲဆောင်ခံလိုက်ရ၏။

​ဆိုင်အဝင်ဝတွင် ချင်အက္ခရာဖြင့် ကျောက်မီးသွေးဟု ရေးသားထားသော ရိုးရှင်းသည့် ဆိုင်းဘုတ်တစ်ခုကို ထောင်ထားသော်လည်း ဝင်ထွက်သွားလာနေသူတိုင်းက အမည်းရောင် ပျားအုံပုံစံအတုံးများကို ကိုင်ဆောင်ထားကြသည်။

​"ပျားအုံ ကျောက်မီးသွေးတုံးတွေ..." ကျန်းယဲ့၏ စိတ်ထဲတွင် အနည်းငယ် လှုပ်ရှားသွားပြီး အတွင်းသို့ ဝင်သွားလိုက်၏။

​ဆိုင်က မကြီးသော်လည်း အတော်လေး သပ်ရပ်ကာ ပျားအုံ ကျောက်မီးသွေးတုံးများကို အုတ်ခဲများကဲ့သို့ အမြင့်ကြီး စုပုံထားချေသည်။

​သပ်ရပ်သန့်ရှင်းသော အဝတ်အစားကို ဝတ်ဆင်ထားသည့် လူငယ်ဆိုင်ဝန်ထမ်းတစ်ယောက်က ဖောက်သည်များ ဝင်လာသည်ကို မြင်သည်နှင့် ချက်ချင်း နွေးထွေးစွာ ဆီးကြိုနှုတ်ဆက်၏။

​"လူကြီးမင်း... ကျောက်မီးသွေး လာဝယ်တာလားခင်ဗျာ... ကျွန်တော်တို့ရဲ့ ပျားအုံ ကျောက်မီးသွေးတုံးလေးတွေကို ကြည့်ကြည့်ပါဦး..." ဆိုင်ဝန်ထမ်းက ပြုံးကာ ကျောက်မီးသွေးတုံးများကို လက်ညှိုးထိုးပြရင်း ရှင်းပြလိုက်၏။ "ဒါက ထင်းထက် အများကြီး ပိုကောင်းတယ်... ဟင်းချက်ဖို့ဆိုရင်လည်း မီးအားကောင်းပြီး အကြာကြီး ခံတယ်... ဆောင်းတွင်း အနွေးဓာတ်ယူဖို့ဆိုရင်လည်း တစ်တုံးကို နေ့တစ်ဝက်ကျော်ကျော်လောက် လောင်ကျွမ်းနိုင်ပြီး အိမ်တစ်အိမ်လုံးကို နွေးထွေးနေစေတယ်... ထင်းတွေလောက်လည်း အခိုးအငွေ့နဲ့ ဖုန်မှုန့်တွေ မထွက်ဘူး..."

​သူက စကားပြောနေရင်း ပျားအုံ ကျောက်မီးသွေးတုံး တစ်တုံးကို ကောက်ကိုင်ကာ ကျန်းယဲ့အား ပြသလိုက်သည်။ "ကြည့်ပါဦး... လက်ရာက သပ်ရပ်ပြီး မာကျောတယ်... မီးလည်း ကောင်းကောင်းလောင်တယ်... အရေးအကြီးဆုံးက စျေးသက်သာတာပဲ..."

​ကျန်းယဲ့က တစ်တုံးကို ကောက်ကိုင်ကာ သူ၏ လက်ထဲတွင် အလေးချိန် ချိန်ကြည့်လိုက်၏။ ၎င်းက လေးလံပြီး တကယ်ကို ကျစ်လစ်မာကျောနေလေသည်။

​သူက ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။ "ဒါက ဘယ်လောက်လဲ..."

​"အရမ်းကို စျေးသက်သာပါတယ်..." ဆိုင်ဝန်ထမ်းက လက်ငါးချောင်း ထောင်ပြလိုက်၏။ "ငွေတစ်ပြားကို ငါးတုံးရပါတယ်... အတုံးတစ်ရာ ဝယ်ရင် နောက်ထပ် ဆယ်တုံး လက်ဆောင်ပေးပါသေးတယ်... သာမန် မိသားစုတစ်စုအတွက် ဆယ်ရက်ကနေ လဝက်လောက်အထိ သုံးလို့ရတယ်... ထင်းဝယ်တာထက် အများကြီး စျေးသက်သာတယ်..."

​"ငွေတစ်ပြားကို ငါးတုံး... တစ်ရာဝယ်ရင် ဆယ်တုံး လက်ဆောင်ပေးတယ်..." ထိုစကားကို ကြားလိုက်ရသည့်အခါ ကျန်းယဲ့ အမှန်တကယ်ပင် အံ့ဩသွားခဲ့၏။

​ဒီစျေးနှုန်းက ယုံနိုင်စရာမရှိလောက်အောင် သက်သာလွန်းနေချေသည်။

​သူနှင့် ကျန်းယီကျွင်းတို့က အစ်ကိုကြီးကျန့်ထံသို့ ပစ္စည်းများကို လွှဲပြောင်းပေးခဲ့စဉ်က ကျောက်မီးသွေးများကို သာမန်ပြည်သူများအတွက် အကျိုးရှိစေရန်နှင့် အေးခဲလှသော ဆောင်းရာသီတွင် လူများစွာကို နွေးထွေးမှု ပေးစွမ်းနိုင်ရန် မျှော်လင့်ကြောင်း ပြောခဲ့ဖူးသည်။

​ထိုအချိန်က အစ်ကိုကြီးကျန့်က ကျောက်မီးသွေး စျေးနှုန်းကို သာမန်ပြည်သူများ တတ်နိုင်သည့် အဆင့်အထိ လျှော့ချပေးမည်ဟု ကတိပေးခဲ့၏။

​ပြန်စဉ်းစားကြည့်လျှင် ဘိုးဘေးနဂါးကြီးက စကားအလွတ်သက်သက် ကတိပေးခဲ့ခြင်း မဟုတ်ချေ။

​လက်ရှိ စျေးနှုန်းနှင့် ပျားအုံကျောက်မီးသွေးတုံးများက အိမ်သုံးပစ္စည်းတစ်ခုအဖြစ် စတင် ခေတ်စားလာခြင်းဟူသည့် အချက်က ရင်းကျန့်သည် သူ၏ ကတိကို တည်နေကြောင်း သံသယဝင်စရာမလိုအောင် သက်သေပြနေပေသည်။

​သူက အစိုးရထောက်ပံ့ကြေးများ အသုံးပြုခဲ့ခြင်း သို့မဟုတ် တူးဖော်ရေးနှင့် ဖြန့်ဖြူးရေး လမ်းကြောင်းများကို ထိန်းချုပ်ခဲ့ခြင်းဖြင့် မူလက မှူးမတ်များနှင့် သူဌေးမိသားစုများသာ တတ်နိုင်သည့် ကုန်ပစ္စည်းတစ်ခုကို အခြေခံလူတန်းစားများပင် တတ်နိုင်သည့် နေ့စဉ်သုံး လောင်စာတစ်ခုအဖြစ်သို့ ပြောင်းလဲပေးခဲ့ခြင်း ဖြစ်နိုင်လေသည်။

​ဆိုင်ဝန်ထမ်း၏ ရိုးရှင်းသော အပြုံးကို ကြည့်ရင်း... ပြီးတော့ သူတို့၏ ပျားအုံကျောက်မီးသွေးတုံးများကို ကိုင်ဆောင်ကာ ဆိုင်ထဲမှ ထွက်ခွာသွားကြသည့် အဆုံးမရှိသော သာမန်ပြည်သူများကို ကြည့်ရင်း.... လာမည့် ဆောင်းရာသီရောက်လာသည့်အခါ ဤစျေးသက်သာလှသော ပျားအုံကျောက်မီးသွေးတုံးလေးများကြောင့် ရှန်းယန်မြို့တော်နှင့် အခြားနေရာများရှိ မရေမတွက်နိုင်သော မိသားစုများစွာထံတွင် နွေးထွေးမှုများ မြင့်တက်လာမည်ကို ကျန်းယဲ့ တစ်ယောက် မျက်စိထဲ၌ မြင်ယောင်လာမိသည်။

​"အစ်ကိုကြီးကျန့်က တကယ်ပဲ ကတိတည်တဲ့သူပဲ..." ကျန်းယဲ့က တီးတိုးရေရွတ်လိုက်၏။

​အချိန်က စောနေသေးသဖြင့် ကျန်းယဲ့က ပထမဆုံးဧကရာဇ်ထံ သွားရောက် ဂါရဝပြုရန် ရှန်းယန်နန်းတော်သို့ အလောတကြီး မသွားသေးချေ။

​သူက ဤအခွင့်အရေးကို အသုံးချကာ ရှန်းယန်မြို့တော်ကို လေ့လာစူးစမ်းပြီး ပြင်ပလွှမ်းမိုးမှုများအောက်တွင် ဤခေတ်ကာလ၌ ဖြစ်ပေါ်လာသော သိမ်မွေ့သည့် အပြောင်းအလဲများကို မျက်မြင်ကိုယ်တွေ့ မြင်ချင်ခဲ့၏။

​သူက မြို့၏ လမ်းမများနှင့် လမ်းကြားများတစ်လျှောက် လမ်းလျှောက်ရင်း သူ၏ မျက်စိရှေ့ရှိ မြင်ကွင်းသစ် မျိုးစုံကို ငေးကြည့်နေခဲ့သည်။

​ဆန်ဆိုင်တွင် ရောင်းချနေသည့် ကောက်နှံအမျိုးအစားများက ယခင်ကထက် ပို၍ ပေါများလာပုံရ၏။ ရိုးရာ လူး၊ ဆပ်များအပြင် ရွှေရောင်ပြောင်းဖူးနှင့် ပြည့်ဖြိုးသော အာလူးအနည်းငယ်ကိုပင် မြင်သာသည့် နေရာတွင် ပြသထားချေသည်။ အရေအတွက် နည်းပါးပြီး စျေးနှုန်းကြီးမြင့်မည်မှာ သေချာသော်လည်း နောက်ဆုံးတွင် ၎င်းတို့ ထွက်ပေါ်လာခဲ့ပြီ ဖြစ်၏။

​သူ့ကို ပို၍ အံ့ဩသွားစေသည်က စာအုပ်ဆိုင်ပင်။

​မူလက လေးလံသော ဝါးရွက်များနှင့် သစ်သားပြားများကိုသာ တင်ထားသည့် စင်များပေါ်တွင် ယခုအခါ အနည်းငယ် ဝါကြန့်ကြန့်ဖြစ်နေသည့် ကြမ်းတမ်းသော စက္ကူထပ်များအပြင် စက္ကူဖြင့် ချုပ်ထားပြီး ရိုးရှင်းသော မျက်နှာဖုံးများပါသည့် စာအုပ်များစွာကိုပါ ပြသထား၏။

​စက္ကူ၏ အရည်အသွေးက ခေတ်သစ်စက္ကူများထက် အများကြီး နိမ့်ကျနေပြီး ပုံနှိပ်ခြင်းကိုလည်း အများအားဖြင့် လက်ဖြင့် ရေးသားခြင်း သို့မဟုတ် ရိုးရှင်းသော သစ်သားတုံး ပုံနှိပ်ခြင်းဖြင့် ပြုလုပ်ထားသော်လည်း ၎င်းက တော်လှန်ရေးတစ်ရပ်ကဲ့သို့သော တိုးတက်မှုတစ်ခုဖြစ်ကြောင်း သံသယဖြစ်ဖွယ် မရှိချေ။

​ကွန်ဖြူးရှပ်ဝတ်ရုံများကို ဝတ်ဆင်ထားသည့် ပညာရှင်များစွာ သို့မဟုတ် စူးစမ်းချင်စိတ်ရှိသည့် သာမန်ပြည်သူများက စာမျက်နှာများကို လှန်လှောကြည့်ရှုကာ မေးခွန်းများ မေးမြန်းနေကြ၏။

​လက်ဖက်ရည်ဆိုင် တစ်ဆိုင်နားမှ ဖြတ်သွားသည့်အခါ ဆူညံပွက်လောရိုက်နေသည်ကို တွေ့လိုက်ရပြန်သည်။ အထဲရှိ လူအများစုမှာ ပညာရှင်များ သို့မဟုတ် အရာရှိများနှင့် တူကြ၏။ သူတို့က ဂန္ထဝင် ကဗျာများနှင့် စာပေများအကြောင်း ဆွေးနွေးနေကြခြင်းမဟုတ်ဘဲ လတ်တလော အပူအပြင်းဆုံး ခေါင်းစဉ်တစ်ခုဖြစ်သည့် တော်ဝင်စာမေးပွဲစနစ် အကြောင်းကို ဆွေးနွေးနေကြခြင်းပင်။

​သူတို့၏ စိတ်လှုပ်ရှားနေသော စကားလုံးများနှင့် မျှော်လင့်ချက်များ ပြည့်နှက်နေသည့် မျက်ဝန်းများမှတစ်ဆင့် ဤအသစ်ဖောက်လုပ်လိုက်သော... နှိုင်းယှဉ်ချက်အရ တရားမျှတသည့် ရာထူးတိုးလမ်းကြောင်းက ဤခေတ်ကာလရှိ ပညာရှင်များထံသို့ သယ်ဆောင်လာသည့် ကြီးမားသော သက်ရောက်မှုနှင့် ရည်မှန်းချက်များကို ကျန်းယဲ့ ရှင်းလင်းစွာ ခံစားမိလေသည်။

​သူတို့၏ စကားလုံးများတွင် အတိုက်အခံများရှိနေသည့်ကြားမှ ဤစနစ်ကို အကောင်အထည်ဖော်ပေးခဲ့သည့် ပထမဆုံးဧကရာဇ်အပေါ် အနက်ရှိုင်းဆုံး လေးစားကြည်ညိုမှုများ ပေါ်လွင်နေခဲ့၏။

​"အခုတော့ ကွာခြားသွားပြီ... တကယ်ကို ကွာခြားသွားပြီ..." ကျန်းယဲ့က အပြောင်းအလဲများအားလုံးကို ငေးကြည့်ရင်း လမ်းမများပေါ်တွင် လမ်းလျှောက်နေခဲ့ပြီး သူ၏ နှလုံးသားထဲတွင် ခံစားချက်များ ပြည့်လျှံနေရသည်။

​ဤသိမ်မွေ့သော အပြောင်းအလဲများက ခမ်းနားကြီးကျယ်သည့် ဇာတ်လမ်းများထက် ပို၍ စိတ်ထိခိုက်လှုပ်ရှားဖွယ် ကောင်းလှချေသည်။

​ထိုအချိန်ကျမှသာ သူ နောက်ဆုံး ထွက်ခွာလာပြီးနောက် အချိန်ဘယ်လောက် ကြာသွားပြီလဲဆိုတာကို အတည်မပြုရသေးကြောင်း သတိထားမိလိုက်၏။

​သူက လမ်းထောင့်တစ်ခုသို့ လျှောက်သွားလိုက်ရာ ဝမ်တန်ဆိုင်လေးတစ်ဆိုင်ကို အံ့ဩဖွယ် မြင်တွေ့လိုက်ရသည်။ သရေစာ စားစရာများအပေါ်တွင်ပင် သက်ရောက်မှုများ ရှိနေပြီဖြစ်ပုံရ၏။

​ကျန်းယဲ့က လွတ်နေသော စားပွဲတစ်လုံးကို ရှာကာ ဝင်ထိုင်လိုက်ပြီး အလုပ်ရှုပ်နေသည့် ဆိုင်ရှင်အား ပြောလိုက်သည်။ "သူဌေး... ဝမ်တန်တစ်ပွဲလောက် ပေးပါ..."

(ဝမ်တန်= ဖက်ထုပ်ပါ)

​"ဟုတ်ကဲ့ပါခင်ဗျာ... ထိုင်ပါဦး... ခဏနေရင် ရပါပြီ..." ဆိုင်ရှင်က နွေးထွေးစွာ ပြန်ဖြေလိုက်၏။

​သိပ်မကြာခင်မှာပင် ရေနွေးငွေ့များ အူထွက်ကာ မွှေးပျံ့နေသည့် ဝမ်တန်တစ်ပွဲ ရောက်လာချေသည်။

​ဟင်းရည်က ကြည်လင်နေပြီး အစာသွပ်ထားသည်များကလည်း အပြည့်အသိပ်ဖြစ်ကာ အပေါ်မှ တောက်ပသော ကြက်သွန်မြိတ်စိမ်းလေးများကို ဖြူးထားခဲ့သည်။

​"သုံးဆောင်ပါဦး ခင်ဗျာ..." ဆိုင်ရှင်က ပြုံးကာ နှုတ်ဆက်လိုက်၏။

​ကျန်းယဲ့က ဇွန်းကို ကောက်ကိုင်ကာ ဝမ်တန်တစ်ခုကို ခပ်ယူလိုက်ပြီး ခပ်ဖွဖွ မှုတ်လိုက်ကာ ပေါ့ပေါ့ပါးပါးပင် မေးလိုက်လေသည်။ "သူဌေး... ကျွန်တော်က ရှန်းယန်ကို အခုမှ ရောက်လာတာ... အရင်က အင်မော်တယ်တွေ လာလည်ဖူးတယ်လို့ ကြားတယ်... အဲ့ဒါ တကယ်လား... ခင်ဗျားရော သူ့ကို မြင်ဖူးလား..."

​ထိုအကြောင်းကို ပြောလိုက်သည်နှင့် ဆိုင်ရှင်က ချက်ချင်း တက်ကြွလာခဲ့တော့သည်။

အခန်း ၃၈၄ပြီး၏။

All Chapters