← Chapters

အခန်း ၃၈၇

Vol. 39 Ch. 387

အခန်း ၃၈၇

Vol. 39 Ch. 387

အခန်း (၃၈၇) - ပြင်ဆင်မှုများအောက်မှ ခရီးသွားအေဂျင်စီ

​လီစစ်၏ ခမ်းနားကြီးကျယ်လှသော အနာဂတ်မျှော်မှန်းချက်များ ပါဝင်နေသည့် လေးနက်သောလေသံကို နားထောင်ရင်း... ပြီးတော့ သူ့ထက်ပင် ပို၍ စိတ်အားထက်သန်ကာ စိတ်လှုပ်ရှားနေပုံရသော လီစစ်အား ကြည့်ရင်းဖြင့် ကျန်းယဲ့၏စိတ်ထဲတွင် ထူးဆန်းသော အတွေးတစ်ခု ပေါ်လာခဲ့သည်။

လီစစ်ကသာ ဤခရီးသွားအေဂျင်စီ၏ တည်ထောင်သူနှင့် အနာဂတ်စီးပွားရေးအင်ပါယာကို ကြီးမားသောရည်မှန်းချက်များဖြင့် စီစဉ်နေသည့် အိပ်မက်လမ်းပြခေါင်းဆောင်ကြီးတစ်ယောက်လို ဖြစ်နေချေသည်။

​သူက အနည်းငယ် ရယ်ချင်သွားသလို အားလည်းနာသွားရသော်လည်း ယင်းက အတိုင်းအတာတစ်ခုအထိတော့ မှန်ကန်နေသည်ဟု ခံစားလိုက်ရ၏။

ထို့ကြောင့် သူက ပြုံးလျက် ခေါင်းညိတ်လိုက်ပြီး "အမတ်ချုပ်ကြီးလီရဲ့ စဉ်းစားတွေးခေါ်မှုတွေက တကယ်ကို ပြည့်စုံလှပါတယ်။ ကျေးဇူးလည်း အများကြီးတင်ပါတယ်။ အရာအားလုံးကို အမတ်ချုပ်ကြီးလီရဲ့ အစီအစဉ်အတိုင်းပဲ စီစဉ်လိုက်ပါမယ်" ဟု ပြောလိုက်သည်။

​ကျန်းယဲ့ သဘောတူလိုက်သည်ကို မြင်သည်နှင့် လီစစ်က ချက်ချင်း လှည့်ကာ စားသောက်ဆိုင်ဘက်သို့ "လောင်ရွှီ" ဟု လှမ်းခေါ်လိုက်လေသည်။

​အသံကြားသည်နှင့် သပ်ရပ်စွာ ဝတ်ဆင်ထားပြီး လိမ္မာပါးနပ်ကာ အရည်အချင်းရှိပုံပေါ်သည့် လူလတ်ပိုင်းအရွယ် မန်နေဂျာတစ်ဦး ပြေးထွက်လာခဲ့သည်။ လီစစ်ကို မြင်သည်နှင့် သူက အမြန်ဦးညွှတ်နှုတ်ဆက်လိုက်ပြီး "သခင်ကြီး... ဘာများ အမိန့်ရှိပါသလဲခင်ဗျာ" ဟု မေးလိုက်၏။

​လီစစ်က ချက်ချင်းပင် "စားသောက်ဆိုင်ကို အခုချက်ချင်း ပိတ်လိုက်တော့။ ဧည့်သည်တွေအားလုံးကို သေသေချာချာ ရှင်းလင်းပြီး ပြန်လွှတ်လိုက်... ဒီနေ့ နောက်ထပ် ဘယ်ဧည့်သည်ကိုမှ ထပ်လက်မခံနဲ့တော့။ အဆောက်အဦးထဲက ပစ္စည်းတွေအားလုံးကို မြန်နိုင်သမျှမြန်မြန် ရှင်းထုတ်ဖို့ အလုပ်သမားတွေကို စီစဉ်လိုက်စမ်း" ဟု အမိန့်ပေးလိုက်လေသည်။

​ဆိုင်မန်နေဂျာမှာ အံ့အားသင့်သွားပြီး သူ၏ မျက်နှာထက်တွင် ထိတ်လန့်မှုများ ပေါ်လွင်သွား၏။ စားသောက်ဆိုင်၏ အရောင်းအဝယ်က အလွန်ကောင်းမွန်နေပြီး နေ့စဉ် ငွေကြေးမြောက်မြားစွာ ဝင်ငွေရနေသည်မဟုတ်ပါလော။ ဘယ်လိုလုပ်ပြီး ဒီလောက်ရုတ်တရက်ကြီး ပိတ်ပစ်ရတာလဲ။

​သို့သော် သူက ထပ်မံ၍ မမေးရဲချေ။ လီစစ်၏ဘေးတွင် ရပ်နေသော ကျန်းယဲ့အား တစ်ချက်သာ အကဲခတ်ကြည့်လိုက်ပြီး "ဟုတ်ကဲ့ပါ သခင်ကြီး... အခုချက်ချင်းပဲ စီစဉ်လိုက်ပါ့မယ်" ဟု ရိုသေစွာဖြင့် ပြန်လည်ဖြေကြားလိုက်ရသည်။

​မန်နေဂျာက အစီအစဉ်များလုပ်ရန် အလျင်စလို ထွက်သွားပြီးနောက် ကျန်းယဲ့က လီစစ်အား ကြည့်ကာ အံ့အားသင့်စွာဖြင့် "ဒီစားသောက်ဆိုင်က အမတ်ချုပ်ကြီးလီရဲ့ ပိုင်ဆိုင်မှုလား..." ဟု မေးလိုက်သည်။

​လီစစ်က တဟဲဟဲရယ်မောလိုက်ပြီး တိုးညှင်းသောလေသံဖြင့် "ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ သခင်လေးရယ်.. ဒါက ကျုပ်ဇနီးသည်ရဲ့ တင်တောင်းပစ္စည်းစာရင်းထဲက ဆိုင်တစ်ဆိုင်ပါ။ ဒီကိစ္စအတွက်ဆို ကွက်တိပဲလေ။ သူများတွေနဲ့ ဈေးဆစ်နေရတဲ့ ဒုက္ခကလည်း ကင်းဝေးသွားတာပေါ့" ဟု ဖြေလိုက်၏။

​ရှင်းလင်းသွားပြီဖြစ်သော စားသောက်ဆိုင်ကို ကြည့်ရင်း လီစစ်က ကျန်းယဲ့အား အလွန်စိတ်ဝင်စားစွာဖြင့် မေးလိုက်ပြန်သည်။ "သခင်လေး... ဒီခရီးသွားအေဂျင်စီအတွက် ဘယ်လိုနာမည်မျိုးပေးရင် ကောင်းမလဲ"

​၎င်းအတွက် စဉ်းစားနေစရာပင် မလိုချေ။ စနစ်က ရီယဲ့ ခရီးသွားအေဂျင်စီအမည်ကို ကမ္ဘာတစ်ဝှမ်းလုံးတွင် ကျော်ကြားလာစေရန် ပြုလုပ်လိုကြောင်း အစတည်းက ပြောထားပြီးဖြစ်၏။

​ကျန်းယဲ့က မဆိုင်းမတွပင် "ရီယဲ့ ခရီးသွားအေဂျင်စီ လို့ပဲ ပေးလိုက်ရအောင်" ဟု ပြန်ဖြေလိုက်ချေသည်။

​ထို့နောက် သူက စားပွဲပေါ်ရှိ ရွှမ်စက္ကူနှင့် စုတ်တံကို ယူလိုက်ပြီး ခေတ်သစ် ရိုးရှင်းတရုတ်စာလုံးများဖြင့် ရီယဲ့ ခရီးသွားအေဂျင်စီဟူသော စာလုံးကြီးငါးလုံးကို ရေးချလိုက်သည်။

​လီစစ်က အနီးကပ် သေချာကြည့်လိုက်ရာ ရိုးရှင်းသော စုတ်ချက်များနှင့် ထူးခြားသည့် ဖွဲ့စည်းပုံရှိသည့် ဤစာလုံးအမျိုးအစားကို သူ တော်တော်လေး ရင်းနှီးနေခဲ့သည်။

​၎င်းတို့က မည်သည့်စာလုံးငါးလုံးဖြစ်ကြောင်း အတည်ပြုပြီးနောက် သူက ခဏတာ စဉ်းစားလိုက်ပြီး အခြားရွှမ်စက္ကူတစ်ရွက်ကို ဖြန့်ခင်းလိုက်သည်။ ထို့နောက် စုတ်တံကိုယူကာ မင်ရည်တို့လိုက်ပြီး ရီယဲ့ ခရီးသွားအေဂျင်စီဟူသော စာလုံးငါးလုံးကို စံကိုက် ချင်မင်းဆက်စာလုံးဖြင့် ရှေးဟောင်းဆန်ဆန်နှင့် ခမ်းနားထည်ဝါစွာ ပြန်လည်ရေးဆွဲလိုက်၏။

​ကျန်းယဲ့က ဆိုင်းဘုတ်အတွက် ဒီဇိုင်းတစ်ခုကို တွေးထားပြီး ဖြစ်လေသည်။

​"ဆိုင်းဘုတ်ရဲ့ အလယ်ဗဟိုမှာ အဓိကအမှတ်အသားအနေနဲ့ ကျွန်တော်ရေးထားတဲ့ စာလုံးအရေးအသားကို ကြီးကြီးမားမား သုံးမယ်။ အောက်ဘက်မှာကျတော့ နှိုင်းယှဉ်ချက်နဲ့ ရှင်းလင်းချက်အနေနဲ့ အမတ်ချုပ်ကြီးလီ ရေးဆွဲထားတဲ့ ချင်မင်းဆက်စာလုံးကို နည်းနည်းသေးပြီး ထည့်သွင်းပေးပါ"

​ဤနည်းဖြင့် ရီယဲ့အမှတ်တံဆိပ်အား ပုံမှန်အတိုင်း ထိန်းသိမ်းထားနိုင်မည်ဖြစ်သလို ချင်မင်းဆက်မှ လူများအတွက်လည်း နားလည်ရ လွယ်ကူစေမည် ဖြစ်သည်။

​လီစစ်က ထိုဒီဇိုင်းအပေါ် ကန့်ကွက်စရာ မရှိသည့်အပြင် ၎င်းက အတော်လေး ဆန်းသစ်တီထွင်မှုရှိသည်ဟုပင် ယူဆလိုက်၏။

​သူက ချက်ချင်းပင် လက်အောက်ငယ်သားများကို ခေါ်ယူလိုက်ပြီး ပုံကြမ်းနှစ်ခုကို ပေးအပ်ကာ ရှန်းယန်မြို့ရှိ အတော်ဆုံးလက်မှုပညာရှင်များကို ရှာဖွေ၍ ဆိုင်းဘုတ်အား ညတွင်းချင်း အပြီးလုပ်ရန် အမိန့်ပေးလိုက်သည်။

​နောက်ပိုင်း အဆောက်အဦးအတွင်းပိုင်း အပြင်အဆင်များကို ကျန်းယဲ့၏ ဦးဆောင်မှုအောက်တွင် ရေးဆွဲခဲ့ပြီး လီစစ်က ဘေးမှနေ၍ လိုအပ်သော အရင်းအမြစ်များကို ကူညီစီစဉ်ပေးခဲ့သည်။

​ဤချင်မင်းဆက်၏ အမတ်ချုပ်ကြီး၏ အပြည့်အဝထောက်ပံ့မှုဖြင့် ပစ္စည်းကိရိယာများနှင့် လူအင်အား ခွဲဝေချထားမှုက အလွန်ပင် လျင်မြန်ထိရောက်လှပေသည်။

​ကျန်းယဲ့၏ စီစဉ်မှုအောက်တွင် ဤသုံးထပ် စားသောက်ဆိုင်ကြီးက တစ်မူထူးခြားသော နေရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

​ယေဘူယျအားဖြင့် ရှေးဟောင်းဆန်သော ကျက်သရေကို ထိန်းသိမ်းထားသော်လည်း အသေးစိတ် အပြင်အဆင်များတွင် ခေတ်သစ်အငွေ့အသက်များနှင့် စနစ်၏ ထုတ်ကုန်များစွာကို ပေါင်းစပ်ထည့်သွင်းထားချေသည်။

​ဝင်ဝင်ချင်းမှာပင် တောက်ပနေသော စနစ်၏ ကြမ်းခင်းကြွေပြားများ ခင်းကျင်းထားသည့် သေးငယ်ပြီး သေသပ်လှပသော ဧည့်ခန်းတစ်ခုကို တွေ့ရမည်ဖြစ်ပြီး တစ်ဖက်တွင်မူ ချောမွေ့နေသော သစ်သားဧည့်ကြိုကောင်တာတစ်ခု ရှိနေချေသည်။

​ခန်းမဆောင်တွင် သဘာဝရှုခင်းများကို တုပဖန်တီးထားသည့် နည်းပညာကို လိမ္မာပါးနပ်စွာ အသုံးပြုထားကာ တသွင်သွင်စီးဆင်းနေသော စမ်းချောင်းငယ်တစ်ခု ဖြစ်ပေါ်စေသည့် သေးငယ်သော တောင်တုလေးတစ်ခုကို ထည့်သွင်းထား၏။ ထိုစမ်းချောင်းငယ်ပေါ်တွင် သစ်သားတံတားလေးတစ်ခု ဖြတ်သန်းတည်ဆောက်ထားပြီး မြူခိုးများ ရစ်သိုင်းနေသည့် လေထုက ရှင်သန်လှုပ်ရှားနေသည့် ခံစားချက်ကို ပိုမိုတိုးပွားစေသည်။

​ရိုးရာပန်းချီနှင့် စာလုံးလှရေးဆွဲခြင်းများကို ချိတ်ဆွဲထားမည့်အစား နံရံများတွင် ပိုးဟပ်တောင်ပံကဲ့သို့ ပါးလွှာသော်လည်း ရွှမ်ဝူတိုက်ကြီး၏ ခမ်းနားလှသော ရှုခင်းများနှင့် ကြယ်တာရာစကြာဝဠာ၏ ကျယ်ပြောလှသော ကြယ်ပင်လယ်ပြင်ကြီးကို ရှင်သန်လှုပ်ရှားနေသကဲ့သို့ ပြသပေးနိုင်သည့် အလင်းနှင့် အရိပ် ပန်းချီလိပ်များကို မြှုပ်နှံတပ်ဆင်ထားလိုက်သည်။

​လှေကားမှတဆင့် အပေါ်သို့တက်သွားပါက ဒုတိယထပ်တွင် အစည်းအဝေးလုပ်ရန်နှင့် အနားယူရန်အတွက် သီးသန့်ခန်းအချို့ ရှိနေချေသည်။ အခန်းများအတွင်း၌ စားပွဲ၊ ကုလားထိုင်များဖြင့် သက်တောင့်သက်သာရှိအောင် ပြင်ဆင်ထားပြီး အလင်းအမှောင် ချိန်ညှိနိုင်သော ပုလဲမီးအိမ်များကိုပင် တပ်ဆင်ထားသေးသည်။

​တတိယထပ်ကိုမူ ကျန်းယဲ့က သူ့အတွက် သီးသန့် အနားယူရန်နှင့် နေထိုင်ရန် နေရာအဖြစ် စီစဉ်ထားပြီး အများပြည်သူအတွက် ဖွင့်လှစ်ထားခြင်း မရှိချေ။

​ထိုအခန်းအား ပိုမိုသက်တောင့်သက်သာရှိပြီး ခေတ်ဆန်သော ပုံစံဖြင့် ပြင်ဆင်ထားကာ အိပ်ခန်းတစ်ခန်း၊ စာကြည့်ခန်းတစ်ခန်းနှင့် သူအလုပ်လုပ်ရန်နှင့် အနားယူရန် တိတ်ဆိတ်သောအခန်းတစ်ခန်း ပါဝင်ချေသည်။

​နေရာတစ်ခုလုံးက ရှေးဟောင်းဆန်မှုနှင့် ခေတ်သစ်ယဉ်ကျေးမှု နှစ်ရပ်လုံး လွှမ်းခြုံနေသော်လည်း ဤခေတ်နှင့်မသက်ဆိုင်သည့် ဆန်းသစ်မှုနှင့် ကျက်သရေရှိမှုတို့ကို ထုတ်လွှတ်နေပြန်သည်။ ၎င်းက ခရီးသွားအေဂျင်စီတစ်ခုထက်စာလျှင် ရှေးဟောင်းနှင့် ခေတ်သစ်အသွင်အပြင်များကို ရောစပ်ထားသည့် အဆင့်မြင့် တရုတ်ယဉ်ကျေးမှု ကလပ်တစ်ခုနှင့် ပို၍တူနေချေသည်။

​ဆိုင်းဘုတ် ပြီးစီးလုနီးပါးအချိန်တွင် ရင်းကျန့် ကိုယ်တိုင်ရောက်ရှိလာပြီး အကောင်းဆုံး စန္ဒကူးသစ်သားဖြင့် ထွင်းထုကာ တောက်ပသော ယွန်းသုတ်ထားသည့် အသစ်စက်စက်ဆိုင်းဘုတ်ပေါ်တွင် သူ၏ ဧကရာဇ်တံဆိပ်တုံးကို ခမ်းနားစွာ ရိုက်နှိပ်ပေးခဲ့သည်။

​ဤတံဆိပ်တုံးက ဤခရီးသွားအေဂျင်စီအား အမြင့်ဆုံး တရားဝင်အသိအမှတ်ပြုမှုနှင့် လုပ်ပိုင်ခွင့်ကို ပေးအပ်လိုက်ခြင်းဖြစ်ကြောင်း ယုံမှားသံသယဖြစ်ဖွယ် မရှိချေ။

​အမှန်တကယ်တွင် ကျန်းယဲ့နှင့် လီစစ်တို့ အပြင်းအထန် ပြင်ဆင်မှုများ ပြုလုပ်နေစဉ်အတွင်း ရှန်းယန်နန်းတော်အတွင်းအပြင်၌ ကောလာဟလများ ပျံ့နှံ့နေခဲ့ပြီး ဖြစ်၏။

​ပိုးနီစ ဖုံးအုပ်ထားသော ဆိုင်းဘုတ်ကို လက်မှုပညာရှင်များက တံခါးပေါက်ပေါ်သို့ ဂရုတစိုက် ချိတ်ဆွဲလိုက်ချိန်တွင် မုန့်ရီ၊ ဖုန်းကျဲ့နှင့် သတင်းရရှိထားသော မင်းသား ဖူဆု အစရှိသည့် ထင်ရှားကျော်ကြားသူများက ခရီးသွားအေဂျင်စီရှေ့သို့ စုရုံးရောက်ရှိလာကြသည်။

​"သခင်လေးကျန်း... ကျွန်တော်တို့ မတွေ့ရတာ နှစ်နှစ်နီးပါးတောင် ရှိသွားပြီပဲ။ နေကောင်းရဲ့လား" မုန့်ရီက ရှေ့သို့ ဦးစွာထွက်လာပြီး လက်အုပ်ချီကာ နွေးထွေးစွာ နှုတ်ဆက်လိုက်၏။

​"သခင်လေးကျန်းက အရင်လိုပဲ ခန့်ညားနေဆဲပါပဲ... တကယ်ကို မဟာချင်မင်းဆက်အတွက်တော့ ကောင်းချီးတစ်ခုပါပဲ" ဖုန်းကျဲ့ကလည်း ပြုံးလျက် ထောက်ခံပြောဆိုလိုက်ပြန်သည်။

​ဖူဆုက တပည့်တစ်ဦး၏ အရိုသေပေးမှုကို ပြုလုပ်လိုက်ပြီး "ဆရာ ပြန်ရောက်လာပြီဆိုတာ ကြားရလို့ ကျွန်တော် အရမ်းကို ဝမ်းသာမိပါတယ်" ဟု လေးစားချစ်ခင်စွာဖြင့် ပြောလိုက်ချေသည်။

​လူတစ်စုက ကျန်းယဲ့အား ဝိုင်းရံထားကြပြီး ဂရုတစိုက်နှင့် နွေးထွေးမှုများကို ပြသနေကြရာ လှုပ်ရှားသက်ဝင်နေသည့် လေထုတစ်ခုကို ဖန်တီးလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။

​နှုတ်ဆက်စကားများ ပြောဆိုပြီးနောက် လူတိုင်း၏ အာရုံက အသစ်ပြုပြင်မွမ်းမံထားသော ခရီးသွားအေဂျင်စီ၏ အတွင်းပိုင်းဆီသို့ ရောက်ရှိသွားကြသည်။

​သူတို့ အထဲသို့ ခြေချလိုက်ပြီး တောက်ပနေသော ကြမ်းပြင်၊ တသွင်သွင်စီးဆင်းနေသော အိမ်တွင်းရေတံခွန်များ၊ ထူးခြားလှသည့် ရှင်သန်လှုပ်ရှားနေသော အလင်းနှင့် အရိပ်ပြကွက်များ၊ သက်တောင့်သက်သာရှိလှသော သီးသန့်ခန်းများနှင့် အထူးသဖြင့် ဖန်သားပြင်ပြကွက်များထဲရှိ သူတို့တစ်သက်နှင့်တစ်ကိုယ် တစ်ခါမှမမြင်ဖူးခဲ့သည့် အခြားကမ္ဘာမှ ပစ္စည်းများကို မြင်တွေ့လိုက်ရသောအခါ သူတို့၏ မျက်ဝန်းများက အံ့ဩမှုနှင့် စူးစမ်းလိုစိတ်တို့ဖြင့် ပြည့်နှက်သွားပြီး မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်သွားကြရသည်။

​"အံ့ဩစရာကောင်းလိုက်တာ... ဒီနေရာက တကယ်ကို... ပုန်းကွယ်နေတဲ့ သုခဘုံလေးတစ်ခုပဲ" မုန့်ရီက လက်ခုပ်တီးကာ အားရပါးရ ချီးကျူးလိုက်၏။

​"ဒီစီးဆင်းနေတဲ့ ရေနဲ့ တောင်တုလေးကို အိမ်တွင်းမှာ ထားထားတာတောင် အင်မတန် အချိုးကျလှပနေတယ်။ အပြန်အလှန်အားဖြင့် ကျက်သရေကိုတောင် ပိုတိုးစေပါလား။ ဆရာ့ရဲ့ ဉာဏ်က တကယ်ကို ထက်မြက်လှပါတယ်" ဖုန်းကျဲ့က ခေါင်းတစ်ဆက်ဆက် ညိတ်လျက် ပြောလိုက်ပြန်၏။

​ဖူဆုမှာ သူမြင်နေရသည့် အရာများကြောင့် အံ့အားသင့် မှင်တက်သွားရပြီး ဤနေရာရှိ အရာအားလုံးက ဆန်းသစ်နေကာ သူ၏ စိတ်ကူးယဉ်နိုင်စွမ်းထက်ပင် ကျော်လွန်နေကြောင်း ခံစားလိုက်ရသည်။

​ဤအသစ်တည်ထောင်လိုက်သော ရီယဲ့ ခရီးသွားအေဂျင်စီချင်မင်းဆက်ဌာနခွဲက တရားဝင် မဖွင့်လှစ်ရသေးခင်မှာပင် မဟာချင်မင်းဆက်၏ အဆင့်မြင့်အရာရှိကြီးများ၏ အာရုံစိုက်မှုကို အပြည့်အဝ ဆွဲဆောင်နိုင်ခဲ့ချေပြီ။

​အမှန်တကယ်တွင် ၎င်းက မဟာချင်မင်းဆက်ရှိ ဩဇာအာဏာရှိသူများနှင့် သူဌေးများ၏ အာရုံစိုက်မှုကိုသာမက မရေမတွက်နိုင်သော သာမန်ပြည်သူများ၏ အာရုံစိုက်မှုကိုပါ ရရှိခဲ့ခြင်းပင်။

​ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်းက စားသောက်ဆိုင်အတွင်းမှ ပြုပြင်မွမ်းမံမှုများနှင့် တူထုသံများက ရှန်းယန်မြို့ခံများ၏ အာရုံကို ဖမ်းစားထားပြီး ဖြစ်လေသည်။

​စားသောက်ဆိုင်ကြီးက ရုတ်တရက် ပိတ်သွားသော်လည်း အတွင်းမှ ထူးဆန်းသော အသံများ ဆက်တိုက်ထွက်ပေါ်နေခြင်းက လမ်းသွားလမ်းလာများ၏ အာရုံစိုက်မှုနှင့် အတင်းအဖျင်းပြောဆိုမှုများကို သဘာဝကျကျပင် ဆွဲဆောင်နိုင်ခဲ့သည်။

​"လီ စားသောက်ဆိုင်က ဘာလို့ ပိတ်သွားရတာလဲ... လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ အရောင်းအဝယ်တွေ ကောင်းနေသေးတာကို..."

​"ဘာတွေဖြစ်နေလဲ ဘယ်သူသိမှာလဲ... အတွင်းကထွက်လာတဲ့ အသံတွေကို နားထောင်ကြည့်ရတာတော့ ဆောက်လုပ်ရေးအလုပ်တွေ အများကြီး လုပ်နေတဲ့ပုံပဲ"

​"ဆိုင်ရှင်ပြောင်းသွားပြီး တခြားစီးပွားရေးတစ်ခုများ ပြောင်းလုပ်တော့မှာလား..."

​"ဒီလောက်တောင် အုံးအုံးကျွက်ကျွက်ဖြစ်အောင် လုပ်နေတာ..... ဒီလောက် လျှို့ဝှက်ထားရအောင် ဘယ်လိုဆိုင်မျိုးများ ဖွင့်မလို့လဲ မသိပါဘူး"

​လမ်းသွားလမ်းလာများက သူတို့၏မျက်နှာထက်တွင် စူးစမ်းလိုစိတ်များအပြည့်ဖြင့် တင်းကျပ်စွာ ပိတ်ထားသော တံခါးကြီးကို လက်ညှိုးထိုးကာ အချင်းချင်း တီးတိုးပြောဆိုနေကြလေသည်။

အခန်း ၃၈၈ပြီး၏။

All Chapters