← Chapters

အခန်း ၃၉၀

Vol. 39 Ch. 390

အခန်း ၃၉၀

Vol. 39 Ch. 390

အခန်း (၃၉၀) - ရွှေရောင်မဲလိပ် ပေါ်ထွက်လာခြင်း

​ထို့နောက် ကျန်းယဲ့က သူ၏လက်ကိုမြှောက်ကာ ဝှေ့ယမ်းလိုက်ရာ မရေမတွက်နိုင်သော လူအများ၏ ထိတ်လန့်အံ့အားသင့်နေသည့် အကြည့်များအောက်တွင် ရှေးဟောင်းဆန်သော ပုံစံရှိပြီး မှိန်ပျပျ တောက်ပနေသည့် ကြီးမားသော သစ်သားမဲပုံးကြီးတစ်ခုက ခရီးသွားအေဂျင်စီရှေ့ရှိ နေရာလပ်တွင် လေထဲမှနေ၍ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

​"နတ်ဘုရားတွေရဲ့ စွမ်းအား... တကယ်ပဲ နတ်ဘုရားတွေရဲ့ စွမ်းအားပဲ..."

​"အင်မော်တယ်ရဲ့ စွမ်းအားပဲ..."

​ရှေ့ဆုံးတန်းမှ လူများက ဤအံ့ဖွယ်မြင်ကွင်းကို ကိုယ်တိုင်မြင်တွေ့လိုက်ရသောအခါ အလွန်အမင်း စိတ်လှုပ်ရှားသွားကြပြီး အံ့အားသင့်စွာ အော်ဟစ်လိုက်ကြကာ ကျန်းယဲ့က အင်မော်တယ်ဖြစ်ကြောင်းကို ပို၍ပင် ယုံကြည်သွားကြချေသည်။

​ကျန်းယဲ့က ဆက်မပြောတော့ဘဲ တန်းစီနေသည့် ရှေ့ဆုံးမှ ရိုးသားအေးချမ်းပုံရသော အဘိုးအိုတစ်ဦးကို လက်ညှိုးထိုးကာ "ဒီအဘိုးကစပြီး လူတိုင်း မဲနှိုက်ဖို့ တန်းစီကြပါ..." ဟု ပြောလိုက်သည်။

​သူ၏ အမိန့်ပေးမှုအောက်တွင် ရှေ့မှလူများက ချက်ချင်းပင် လှုပ်ရှားလိုက်ကြပြီး ရှည်လျားသော နဂါးကြီးတစ်ကောင်၏ ပုံသဏ္ဌာန်ကဲ့သို့ လျင်မြန်စွာ တန်းစီလိုက်ကြသည်။

​အစောင့်များ၏ အမိန့်ပေးမှုနှင့် ကြီးကြပ်မှုအောက်တွင် သူတို့နောက်ရှိ လူများက စနစ်တကျ ရှေ့သို့ စတင်ရွေ့လျားလာကြပြီး ရှန်းယန်မြို့၏ ဇူချွဲလမ်းမကြီးပေါ်တွင် မျက်စိဖြင့်မြင်နိုင်သော အမြန်နှုန်းဖြင့် ရှည်လျားကွေ့ကောက်သော်လည်း စည်းကမ်းတကျရှိသော လူတန်းရှည်ကြီးတစ်ခု ဖြစ်ပေါ်လာချေသည်။

​လူတိုင်းက အသက်အောင့်ထားကြပြီး လျှို့ဝှက်ဆန်းကြယ်လှသော မဲပုံးကြီးကို စိုးရိမ်ပူပန်မှုနှင့် မျှော်လင့်ချက်များ ရောယှက်နေသည့် အကြည့်များဖြင့် စောင့်ကြည့်နေကြကာ သူတို့၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် အချိန်ကို စောင့်ဆိုင်းနေကြသည်။

​ခရီးသွားအေဂျင်စီ၏ ဒုတိယထပ်ရှိ သီးသန့်ခန်းတစ်ခုထဲတွင် ရင်းကျန့်က လက်ရန်းကို မှီကာ ရပ်နေပြီး အောက်ဘက်ရှိ ရှည်လျားကွေ့ကောက်ကာ စနစ်တကျရှိသော်လည်း ဆူညံလှုပ်ရှားနေသည့် လူတန်းရှည်ကြီးကို နက်ရှိုင်းသော အကြည့်များဖြင့် တည်ငြိမ်စွာ စောင့်ကြည့်နေလေသည်။

​လီစစ်က အရှင်မင်းကြီး၏ မျက်နှာအမူအရာကို အကဲခတ်လိုက်ပြီးနောက် ရှေ့သို့ တစ်လှမ်းတိုးရန် ခဏတာ တုံ့ဆိုင်းသွားခဲ့ကာ သတိထား၍ လျှောက်တင်လိုက်၏။ "အရှင်မင်းကြီး... သခင်လေးကျန်းရဲ့ လုပ်ရပ်က သာမန်ပြည်သူတွေကို နောင်နှစ်တစ်ထောင် အနာဂတ်က ရှုခင်းတွေကို မြင်တွေ့ခွင့်ပေးလိုက်တာပါပဲ။ ကျွန်တော်မျိုး စိုးရိမ်တာက... သူတို့ မြင်တွေ့ကြားသိရတာတွေက သူတို့ရဲ့ နားလည်နိုင်စွမ်းနဲ့ အရမ်းကို ကွာဟနေပြီး မလိုအပ်တဲ့ ထင်ကြေးပေးမှုတွေနဲ့ ဆူပူအုံကြွမှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ပြည်သူတွေကို ခေါ်မသွားဖို့ သခင်လေးကျန်းနဲ့ ခဏတာလောက် တိုင်ပင်ဆွေးနွေးသင့်သလားလို့ပါ..."

​ရင်းကျန့် စကားမပြောရသေးခင်မှာပင် အခြားတစ်ဖက်တွင် ရပ်နေသော မင်းသားဖူဆုက ခေါင်းကို အနည်းငယ်ယမ်းလိုက်ပြီး သူ၏အသံက ညင်သာသော်လည်း ပြတ်သားနေခဲ့သည်။ "အမတ်ချုပ်ကြီးလီ အများကြီး တွေးလွန်းနေပါပြီ။ ဆရာ့ရဲ့ လုပ်ရပ်တွေမှာ နက်ရှိုင်းတဲ့ အဓိပ္ပာယ်နဲ့ တွေးတောဆင်ခြင်မှုတွေ ရှိပါတယ်။ လူအများရှေ့မှာ ကြေညာပြီးသွားမှတော့ ဘယ်လိုလုပ်ပြီး အလွယ်တကူ ပြောင်းလဲလို့ရတော့မလဲ..."

​သူက အောက်ထပ်မှ မျှော်လင့်တကြီးဖြစ်နေသော လူများကို အကြည့်လွှဲလိုက်ပြီး ဆက်ပြောသည်။ "ဒါ့အပြင် သာမန်ပြည်သူအနည်းငယ်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခွင့်ပေးလိုက်တာက အရှင်မင်းကြီးအနေနဲ့ အခုလို ကြိုးကြိုးစားစားနဲ့ မူဝါဒသစ်တွေချမှတ်တာ၊ မျိုးစေ့သစ်တွေ ဖြန့်ဝေတာနဲ့ ပြည်သူတွေရဲ့ လူနေမှုဘဝ တိုးတက်အောင် လုပ်ဆောင်နေတာတွေက ဘယ်လိုအနာဂတ်မျိုးအတွက် ကြိုးပမ်းနေတာလဲဆိုတာကို သူတို့ ပိုနားလည်သွားစေနိုင်ပါတယ်။ အဲ့ဒါက မဟာချင်မင်းဆက်ရဲ့ နောင်လာနောက်သားတွေလည်း အဲ့ဒီလို စိတ်ကူးနဲ့တောင် မမှန်းဆနိုင်တဲ့ ကြီးပွားချမ်းသာပြီး ခမ်းနားတဲ့ ကမ္ဘာကြီးမှာ နေထိုင်နိုင်ဖို့အတွက်ပါပဲ..."

​ဖူဆု၏ အသံက တည်ငြိမ်နေသော်လည်း နောက်ဆုံးဝါကျတွင်မူ သတိပြုမိရန် ခက်ခဲသော အေးစက်စက် လေသံတစ်ခု ပါဝင်နေချေသည်။ "တကယ်လို့ နောင်နှစ်တစ်ထောင်က ကြီးပွားချမ်းသာမှုတွေကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပြီးတာတောင်မှ ဘာကကောင်းလဲဆိုတာကို မသိဘဲ မဖြစ်နိုင်တဲ့ ရည်မှန်းချက်တွေ မွေးမြူနေဆဲ လူတွေရှိနေမယ်ဆိုရင်... ငါတို့ မဟာချင်မင်းဆက်ရဲ့ ဥပဒေတွေက အလှပြထားတာ မဟုတ်ပါဘူး..."

​ထိုစကား၏ နောက်ကွယ်ရှိ အဓိပ္ပာယ်က ရှင်းလင်းလှပေသည်။

​လီစစ်က ဤသဘောတရားကို သေချာပေါက် နားလည်နိုင်သော်လည်း အချို့သောအရာများနှင့် အချို့သော ပြဿနာများကို တစ်ယောက်ယောက်က အမြဲတမ်း ထောက်ပြဆွေးနွေးရန် လိုအပ်ချေသည်။ ၎င်းက လက်အောက်ငယ်သားတစ်ဦး၏ ကျွမ်းကျင်မှုဆိုင်ရာကျင့်ဝတ်ပင်။

​သူက ချက်ချင်းပင် ဦးညွှတ်လိုက်ပြီး "မင်းသား ပြောတာ လုံးဝမှန်ကန်ပါတယ်။ ကျွန်တော်မျိုးရဲ့ ပေါ့ဆမှုနဲ့ လွန်ကဲတဲ့ သတိထားမှုကြောင့် လွဲချော်သွားတာပါ" ဟု ပြောလိုက်လေသည်။

​အမှန်တကယ်တွင် ဤအချိန်၌ ဒုတိယထပ်ရှိ မင်းသားများနှင့် အဆင့်မြင့်အရာရှိကြီးများက ထိုကံထူးရှင် သာမန်ပြည်သူနှစ်ဦးကို အမှန်တကယ် အာရုံစိုက်နေကြခြင်း မဟုတ်ချေ။

​သူတို့ ပို၍ ဂရုစိုက်နေကြသည်မှာ ထိုမှော်ဆန်လှသော နှစ်တစ်ထောင် အနာဂတ်ဆီသို့ သွားမည့် ဤနောက်ပြန်ခရီးစဉ်တွင် ကျန်းယဲ့က လူမည်မျှကို ခေါ်ဆောင်သွားမည်နည်း ဆိုသည်ကိုပင်။

​ပြီးတော့ ထိုတန်ဖိုးကြီးမားလှသော နေရာကို ရယူရန် သူတို့ကိုယ်တိုင် ကံကောင်းမှုနှင့် အရည်အချင်း ပြည့်မီပါ့မလားဆိုသည်ကိုပါ တတွေးတွေး ဖြစ်နေခဲ့ကြသည်။

​လူတိုင်း၏ မျက်ဝန်းထဲတွင် မျှော်လင့်ချက်နှင့် စိုးရိမ်ပူပန်မှုတို့က သိမ်မွေ့စွာ ရောယှက်နေချေသည်။

​အနာဂတ်ကို တစေ့တစောင်း မြင်တွေ့ရခြင်းနှင့် နောင်လာနောက်သားများ၏ ကြီးပွားချမ်းသာမှုကို ကိုယ်တိုင်ကိုယ်ကျ ခံစားရခြင်းတို့နှင့် နှိုင်းယှဉ်ပါက သာမန်ပြည်သူနှစ်ဦးတွင် ရှိနိုင်သော စိတ်ကူးယဉ်မှုများမှာ အမှန်တကယ်ပင် အသေးအဖွဲသာ ဖြစ်သည်။

​လက်တွေ့ဘဝ၏ အကြွင်းမဲ့ကွာဟချက်နှင့် တိုင်းပြည်၏ ကြီးမားလှသော အင်အားရှေ့တွင် မည်သည့် လက်တွေ့မကျသော အတွေးအခေါ်များမဆို အချည်းနှီးသာဖြစ်မည်ဟု သူတို့က ယုံကြည်ထားကြသည်။

​ယခုအချိန်၌ အခွင့်အရေးက သူတို့ရှေ့တွင် ရှိနေပြီဖြစ်ပြီး အရေးအကြီးဆုံးအရာမှာ သခင်လေးကျန်း နောက်သို့ မည်သူက လိုက်ပါသွားနိုင်မည်နည်း ဆိုသည်ပင်။

​အောက်ထပ်ရှိ မဲနှိုက်ပွဲက ဆက်လက်ကျင်းပနေဆဲဖြစ်ပြီး လူတန်းရှည်ကြီးက ဖြည်းညင်းစွာနှင့် စနစ်တကျ ရှေ့သို့ ရွေ့လျားနေခဲ့သည်။

​မဲပုံးဆီသို့ လျှောက်လာသူတိုင်း၏ မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုနှင့် မျှော်လင့်ချက်များ အပြည့်ရှိနေချေသည်။

​လူအများအပြားက မဲပုံးထဲသို့ လက်မနှိုက်မီ အလိုအလျောက် ရပ်တန့်သွားကြကာ လက်အုပ်ချီခြင်း သို့မဟုတ် ကောင်းကင်သို့ မော့ကြည့်ခြင်းများ ပြုလုပ်လျက် တိုးညှင်းပြီး ကြည်ညိုဖွယ်ကောင်းသော အသံဖြင့် ဆုတောင်းစကားများကို ရွတ်ဆိုနေကြသည်။

​"ဘိုးဘွားတွေ ကောင်းချီးပေးပါစေ... ငါတို့ ပေါက်ကို ပေါက်ရမယ်...."

​"အထက်က နတ်မင်းကြီးများခင်ဗျာ....ယုံကြည်သူ ကျွန်တော်မျိုးက အင်မော်တယ်တွေနဲ့ ရေစက်ဆုံခွင့်ရဖို့အတွက် သုံးရက်တိတိ အစာရှောင်ပါ့မယ်"

​"အင်မော်တယ်... သနားတော်မူပါ။ ကျွန်တော့်ကို အင်မော်တယ်နယ်မြေဆီ သွားခွင့်ပေးပြီး အသိအမြင်တွေ ကျယ်လွင့်ခွင့် ပြုပါ..."

​"အမေ... ကောင်းကင်ဘုံက အမေ့ဝိညာဉ်က သားကို စောင့်ရှောက်ပေးပါ..."

​ဒေသသုံး လေယူလေသိမ်း အသီးသီးဖြင့် ရွတ်ဆိုနေကြသည့် ဆုတောင်းသံအမျိုးမျိုးက အတက်အကျ ဖြစ်ပေါ်နေပြီး မသိနိုင်သော ကံကြမ္မာအတွက် တောင့်တမှုများဖြင့် ပြည့်နှက်နေသည့် ထူးခြားသော နောက်ခံအသံတစ်ခုကို ဖန်တီးပေးနေချေသည်။

​လူအုပ်ကြီးက လျင်မြန်စွာ ရွေ့လျားမနေသော်လည်း နောက်တွင် စောင့်နေရသူများကတော့ စိတ်မရှည်နိုင်အောင် ဖြစ်နေကြဆဲပင်။

​တစ်ခါတစ်ရံတွင် စိတ်လှုပ်ရှားမှုကြောင့် တစ်စုံတစ်ယောက်က အနည်းငယ် နှေးကွေးသွားပါက အခြားသူများက ချက်ချင်းပင် အလျင်စလို လုပ်ရန် တိုက်တွန်းကြသည်။

​"ဟေ့ ရှေ့ကလူ... မြန်မြန်လုပ်ပါကွ။ မင်းနောက်မှာ လူတန်းကြီးက အရှည်ကြီး ရှိသေးတယ်..."

​"အစ်ကိုရာ... အချိန်မဖြုန်းဘဲ လက်လှမ်းပြီး နှိုက်လိုက်စမ်းပါ..."

​တိုက်တွန်းခံရသူက စိတ်မဆိုးပါချေ။ အဲ့ဒီအစား သူက ရှက်ကိုးရှက်ကန်း ပြုံးလိုက်ပြီး အသက်ပြင်းပြင်းရှူကာ မှိန်ပျပျအလင်းရောင်ရှိသော သစ်သားပုံးထဲသို့ လက်နှိုက်လိုက်သည်။ ထို့နောက် ခဏတာ စမ်းသပ်ရှာဖွေပြီးနောက် သာမန် သစ်သားမဲလိပ် တစ်ခုကို ဆွဲထုတ်လိုက်လေသည်။

​မဲလိပ်တွင် ဗလာဖြစ်နေသည် သို့မဟုတ် မရွေးချယ်ခံရပါဟူသော စာလုံးကို တွေ့လိုက်ရသောအခါ သူတို့၏ မျှော်လင့်ချက်များက ချက်ချင်းပင် ကြီးမားသော စိတ်ပျက်မှုအဖြစ်သို့ ပြောင်းလဲသွားကြရသည်။

ထို့နောက် မျက်နှာပျက်လျက်ဖြင့် သူတို့က လူတန်းထဲမှ ထွက်ခွာသွားကြပြီး ခြေလှမ်းအနည်းငယ် လှမ်းတိုင်း နောက်သို့လှည့်ကြည့်ကာ နောက်လူအတွက် နေရာဖယ်ပေးလိုက်ကြသည်။

​အချိန်များ နှေးကွေးစွာ ကုန်ဆုံးသွားပြီး နေမင်းက ပိုမိုမြင့်တက်လာကာ မွန်းတည့်ချိန်နီးပါး ရောက်လာခဲ့သည်။

​လူတန်းရှည်ကြီးက ထက်ဝက်ကျော်ခန့် တိုတောင်းသွားသော်လည်း အဆုံးမရှိသကဲ့သို့ ထင်မှတ်ရဆဲဖြစ်ပြီး လူတိုင်း၏ နှလုံးသားများက လည်ချောင်းဝတွင် ရောက်နေသကဲ့သို့ ရင်တဖိုဖို ဖြစ်နေကြရသည်။

​ထိုစဉ် ဝါဂွမ်းထည်ရိုးရိုးကို ဝတ်ဆင်ထားပြီး အိမ်ထောင်မကျသေးပုံရသော လူငယ်အမျိုးသမီးတစ်ဦး၏ အလှည့်သို့ ရောက်လာပေသည်။

​သူမက မဲပုံးဆီသို့ ကြောက်ရွံ့တုံ့ဆိုင်းစွာ လျှောက်သွားပြီး သူမရှေ့မှ လူများကို အတုခိုးလျက် မျက်လုံးများကိုမှိတ်ကာ မဲပုံးထဲသို့ လက်ကို ဂရုတစိုက် ထည့်လိုက်၏။

ထို့နောက် ​အခြားသစ်သားမဲလိပ်များနှင့် လုံးဝကွာခြားသည့် အထိအတွေ့ရှိကာ အေးစက်စက် သတ္တုခံစားမှုမျိုးရှိသည့် မဲလိပ်တစ်ခုကို သူမ၏ သွယ်လျသော လက်ချောင်းများက ထိမိသွားသောအခါ သူမက အနည်းငယ် ရပ်တန့်သွားပြီး အလိုအလျောက်ပင် ၎င်းကို ဆွဲထုတ်လိုက်သည်။

​ချက်ချင်းဆိုသလိုပင် နေရောင်အောက်တွင် မျက်စိကျိန်းမတတ် တောက်ပသော ရွှေရောင်အလင်းတန်းတစ်ခု လင်းလက်သွားလေသည်။

​အမျိုးသမီး၏ လက်ထဲတွင် ကိုင်ထားသည်မှာ ရွှေရောင်အပြည့်ရှိပြီး လျှို့ဝှက်ဆန်းကြယ်သော ပုံစံများ ထွင်းထုထားသည့် သတ္တုမဲလိပ်တစ်ခု ဖြစ်နေချေသည်။

​သူမကိုယ်တိုင်ပင် အံ့အားသင့် မှင်တက်သွားပြီး သူမ၏ မျက်လုံးများကို မယုံကြည်နိုင်သကဲ့သို့ လက်ထဲရှိ ရွှေရောင်မဲလိပ်ကိုသာ ငေးကြောင်စွာ စိုက်ကြည့်နေခဲ့သည်။

​"ရွှေရောင်မဲလိပ်... အဲ့ဒါ ရွှေရောင်မဲလိပ်ဟေ့"

​"ဘုရားရေ... သူမ ပေါက်သွားပြီဟ..."

​"အင်မော်တယ် အခွင့်အရေးကြီး... ငါ့ရဲ့ အင်မော်တယ် အခွင့်အရေးကို သူမ လုသွားပြီ..."

​ခဏတာ တိတ်ဆိတ်သွားပြီးနောက် မဲနှိုက်ရန် စောင့်ဆိုင်းနေသော လူအုပ်ကြီးနှင့် ကြည့်ရှုနေသူများက ရုတ်တရက် နားကွဲမတတ် အံ့သြသံများနှင့် ဆူညံစွာ ပြောဆိုသံများ ပေါက်ကွဲထွက်လာခဲ့ကြသည်။

​"ဒါ ဘယ်သူ့သမီးလဲ... ကံကောင်းလိုက်တဲ့ ကောင်မလေးပဲ..."

​"ဒုက္ခပါပဲ... ဘာလို့ ငါ မဟုတ်ရတာလဲကွာ... "

​"မဖြစ်ဘူး... တစ်နေရာပဲ ကျန်တော့တာ။ နောက်မှာ လူတွေက ဒီလောက်အများကြီး ကျန်နေသေးတာကို..."

​"အထက်က နတ်မင်းကြီးတွေ... နောက်တစ်နေရာကို ကျွန်တော့်အတွက် ချီးမြှင့်ပေးပါ..."

​အားကျမှု၊ မနာလိုမှု၊ စိတ်ပျက်မှု၊ စိုးရိမ်ပူပန်မှု... စသည့် ရှုပ်ထွေးလှသော ခံစားချက်မျိုးစုံက လူအုပ်ကြီးထဲတွင် ပြည့်နှက်သွားပြီး ဆူညံသံများက ရေနွေးအိုးဆူနေသကဲ့သို့ ကျယ်လောင်နေခဲ့သည်။

​လော်ယွန်းအမည်ရှိ ထိုအမျိုးသမီးမှာ ရုတ်တရက် ကြုံတွေ့လိုက်ရသော ဤကြီးမားလှသည့် အံ့အားသင့်မှုကြောင့် စက္ကန့်အနည်းငယ်ကြာ မှင်တက်သွားပြီးမှ သတိပြန်ဝင်လာလေသည်။

​လက်ထဲမှ လေးလံသော ရွှေရောင်မဲလိပ်ကို ကြည့်ရင်း သူမမှာ အံ့သြဝမ်းသာဖြစ်ကာ ဘာပြောရမှန်းပင် မသိအောင် ဖြစ်နေရသည်။ နောက်ဆုံးတွင် သူမက စင်ပေါ်၌ ပြုံးလျက်ရပ်နေသော ကျန်းယဲ့အား အလိုအလျောက်ပင် မော့ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းများထဲတွင် ရိုသေလေးစားမှု၊ စိတ်လှုပ်ရှားမှုနှင့် အနည်းငယ်သော ကြောက်ရွံ့မှုတို့ ပြည့်နှက်နေလေသည်။

အခန်း ၃၉၀ပြီး၏။

All Chapters