အခန်း (၈၆၅-၈၆၆)
Vol. 73 Ch. 865-866
အပိုင်း (၈၆၅)
နောက်တစ်နေ့ နံနက်…
ပိုင်ဖေးဖေး သည် စောင်ထဲမှ ထလာပြီး ပိုးသား ညအိပ်ဝတ်စုံကို ဝတ်ဆင်လိုက်ကာ မကောင်းဆိုးဝါးကဲ့သို့ ခန္ဓာကိုယ် အချိုးအစားကို တစ်ဝက်ခန့် ဖုံးကွယ်ထားလိုက်သည်။
“ဆွေးနွေးပွဲ ပျက်သွားပြီ။ ရှင် ထွက်သွားတော့။”
ပိုင်ဖေးဖေးက အေးစက်စက် ပြောလိုက်၏။ “ပြန်ပြီး စစ်တိုက်ဖို့ ပြင်ဆင်လိုက်တော့။ ရှင်က ကျွန်မတို့ကို သတ်ရင် သတ်၊ မသတ်ရင် ကျွန်မတို့က ရှင့်ကို သတ်မယ်။ လက်နက်ချဖို့ ဆိုတာကတော့ လုံးဝ မဖြစ်နိုင်ဘူး။ ထွက်သွား၊ ထွက်သွား...”
ထို့နောက် သူမက ယွင်ကျုံးဟဲ့ကို စောင်ထဲမှ ဆွဲထုတ်ကာ ပြတင်းပေါက်မှ တိုက်ရိုက် ပစ်ချရန် ပြင်လိုက်သည်။
နှစ်ဖက်စလုံး၏ ဆွေးနွေးပွဲ လုံးဝ ပျက်စီးသွားပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နှစ်ဖက်စလုံးတွင် ကျော်လွန်၍ မရနိုင်သော ကန့်သတ်ချက်များ အသီးသီး ရှိနေသောကြောင့်ပင်။
ယွင်ကျုံးဟဲ့သည် တောင်ပိုင်းပြည်နယ်ကို အလံ လဲလှယ်ရန် လုံးဝ ခွင့်မပြုနိုင်သလို ကျင်းကျုံးယွဲ့ကို တာရှန်းမိစ္ဆာနိုင်ငံ၏ မြို့စား အဖြစ်လည်း လုံးဝ ခွင့်မပြုနိုင်ပေ။
အဆုံးစွန် ပြောရလျှင် တာ့ယန် အင်ပါယာသည် တာရှန်းမိစ္ဆာနိုင်ငံကို ဖျက်ဆီးရမည် ဆိုသည့် မဟာဗျူဟာ လမ်းစဉ်ကို လုံးဝ ပြောင်းလဲ၍ မရနိုင်ပေ။ ထိုသို့မဟုတ်ပါက တာ့ယန် အင်ပါယာမှ စစ်သည် သန်းပေါင်းများစွာ၏ အတွင်းစိတ်ထဲရှိ ဂုဏ်ယူမှုများနှင့် တရားမျှတမှုများသည် လုံးဝ ပျက်စီးသွားမှာဖြစ်သည်။
ပိုင်ယင်မြို့အနေဖြင့် လက်နက်ချ၍ တာ့ယန်အင်ပါယာအား သစ္စာခံမည်ဟူသည်မှာ ပို၍ပင် မဖြစ်နိုင်ပေ။
ထို့ကြောင့် ဤသို့ပင် အဆက်အသွယ် ဖြတ်တောက်ကာ နှစ်ဖက် စစ်မက်ဖြစ်ပွားကြတော့မည်လား။ ယွင်ကျုံးဟဲ့တို့ အမြွှာညီအစ်ကို အချင်းချင်း စစ်ခင်းကြတော့မည်လား။
သူနှင့် သူ၏သားဖြစ်သူ ပိုင်ချီတို့ အချင်းချင်း တိုက်ခိုက်ကြတော့မည်လား။ သားအဖအချင်းချင်း သတ်ဖြတ်ကြတော့မည်လား။ ထိုသို့ဆိုလျှင် ပို၍ပင် ကြီးမားလှသော လူ့လောက၏ အဖြစ်ဆိုးကြီးတစ်ခု ဖြစ်ပေါ်လာပေလိမ့်မည်။
သို့ပေမည့် ယွင်ကျုံးဟဲ့၏ စိတ်ထဲရှိ ဤသတ်မှတ်ချက်ကိုကား လုံးဝ ပြောင်းလဲပစ်၍ မရနိုင်ပေ။ အလံ တစ်လက်တည်းသာ ရှိရမည်ဖြစ်ပြီး၊ ထိုအလံမှာ တာ့ယန်အင်ပါယာ၏ အလံသာ ဖြစ်သည်။
အကယ်၍သာ ပိုင်ယင်မြို့နှင့် အနက်ရောင်ဘုရင်ကျိုးတို့က တာ့ယန်အင်ပါယာထံသို့ တကယ်တမ်း လက်နက်ချ အညံ့ခံခဲ့မည်ဆိုပါက ယွင်ကျုံးဟဲ့အတွက် ကျားကို အတောင်ပံတပ်ပေးလိုက်သကဲ့သို့ ဖြစ်သွားမည်ဖြစ်ပြီး အင်အားများ အဆမတန် တိုးပွားလာပေလိမ့်မည်။
ယခုအချိန်တွင် ယွင်ကျုံးဟဲ့မှာ ပြတင်းပေါက်မှနေ၍ တိုက်ရိုက် ပစ်ချခံရတော့မည့် အခြေအနေသို့ ရောက်ရှိနေပြီး ကိုယ်ပေါ်တွင် အဝတ်အစားလည်း ဝတ်ဆင်ထားခြင်း မရှိပေ။
“ယွင်ကျုံးဟဲ့... ရှင် ဖင်တုံးလုံးနဲ့ ပြန်သွားပြီး ကျွန်မတို့ စစ်တိုက်ကြတာပေါ့။” ပိုင်ဖေးဖေးက အေးစက်စွာ ပြောလိုက်သည်။
“နေအုံး။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဖေးဖေး... ငါတို့ ဒီပြဿနာကို ဖြေရှင်းဖို့ ပိုကောင်းတဲ့ နည်းလမ်း တစ်ခု ရနိုင်ကောင်း ရနိုင်ပါတယ်။ ငါ မင်းအဖေနဲ့ သွားဆွေးနွေးမယ်။ ငါ ဘုရင် ပိုင်ကုနဲ့ သွားဆွေးနွေးမယ်။ သူ ရပ်တည်နေတဲ့ နေရာက မင်းနဲ့ မတူဘူး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။”
“ရှင်က ကျွန်မအဖေကို သွားတွေ့မယ်။ ရှင်က ပိုင်ယင်မြို့ကို သွားမယ်။”
ပိုင်ဖေးဖေးက အေးစက်စက် ပြုံးကာ ပြောသည်။ “ပိုင်ယင်မြို့ကို ရောက်သွားရင် ကျွန်မတို့က ရှင့်ကို တိုက်ရိုက် သတ်ပစ်လိုက်မယ်လို့ ရှင် မကြောက်ဘူးလား။ ရှင်က ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲလေ။ ထောင်ချောက်ထဲကို ကိုယ်တိုင် ဝင်လာတာပဲ။”
ယွင်ကျုံးဟဲ့က ပြော၏။ “မင်းရဲ့ ဒီစံအိမ်ကို လာတည်းက ငါက ကိုယ့်သေတွင်း ကိုယ်တူးနေတာပါပဲ။”
တကယ်ကို အကြိမ်ကြိမ် သေဆုံးခဲ့ရပြီးပြီ ဖြစ်၏။ နောက်ပိုင်းတွင် ပိုင်ဖေးဖေး အဝတ်အစား ပါးပါးလေး ဝတ်ထားသည်ကို မြင်လိုက်ရုံဖြင့် အလိုအလျောက် တုံ့ပြန်မှုအရ ချက်ချင်း ထွက်ပြေးချင်စိတ် ပေါက်လာလောက်သည်။
“ယွင်ကျုံးဟဲ့... ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။”
ပိုင်ဖေးဖေးက လေးနက်စွာ ပြောလိုက်၏။ “ကျွန်မ လက်နက်ချဖို့ မဖြစ်နိုင်သလို၊ ကျွန်မအဖေ လက်နက်ချဖို့လည်း မဖြစ်နိုင်ပါဘူး။”
“ငါ စမ်းကြည့်ချင်ရုံ သက်သက်ပါ။ သူ့ကို အစွမ်းကုန် ဖျောင်းဖျကြည့်မယ်လေ။ ငါတို့တွေ ညီအစ်ကို အချင်းချင်း၊ သားအဖ အချင်းချင်း သတ်ဖြတ်နေကြလို့တော့ မဖြစ်ဘူးလေ။”
ယွင်ကျုံးဟဲ့က ပြောသည်။ “ပြီးတော့ ငါ့ကို အရင် အောက်ချပေးပြီး အဝတ်အစားလေး ဘာလေး ဝတ်ခွင့် ပေးလို့ ရမလား။ လူမြင်လို့ သင့်တော်အောင်လေးတော့ နေပါရစေ။”
ပိုင်ဖေးဖေးက ယွင်ကျုံးဟဲ့ကို ကုတင်ပေါ်သို့ တိုက်ရိုက် ပစ်ချလိုက်၏။
ယွင်ကျုံးဟဲ့ ရေချိုးပြီး အဝတ်အစား လဲလှယ်လိုက်သည်။
ထို့နောက် အတော်ကြာအောင် မျက်စိမှိတ် အနားယူပြီးနောက် ပြောလိုက်၏။ “ငါ အရင် ပြန်သွားပြီး မှာစရာ ရှိတာလေးတွေ မှာလိုက်အုံးမယ်။ ပြီးရင် သင်္ဘောစီးပြီး ပိုင်ယင်မြို့ကို သွားမယ်။”
ယွင်ကျုံးဟဲ့ ပြန်ရောက်လာပြီးနောက် တာ့ယန် အင်ပါယာ စစ်တပ်သည် နောက်ဆုံးတော့ သက်ပြင်းချနိုင်သွား၏။ စစ်သည် သောင်းချီ နောက်ဆုတ်သွားကြသည်။
ယာယီ နန်းတော် တစ်ခု အတွင်းတွင် ယွင်ကျုံးဟဲ့ ဆွေးနွေးပွဲ တစ်ခု ပြုလုပ်သည်။ အကြောင်းအရာ အချို့ကို ဖြတ်တောက်ပြီးနောက် ဤတစ်ကြိမ် အနက်ရောင်ဘုရင်ကျိုး၊ ပိုင်ဖေးဖေး တို့နှင့် တွေ့ဆုံခဲ့ရသည့် ကိစ္စရပ်များကို အသိပေးလိုက်၏။
“ကျုပ်တို့ နှစ်ဖက်ကြားမှာ ကြီးမားတဲ့ သဘောထား ကွဲလွဲမှု ရှိတယ်။ တောင်ပိုင်းပြည်နယ်ကို လုံးဝ အလံ လဲခွင့် မပြုဘူး ဆိုတာကို ကျုပ် အခိုင်အမာ ရပ်တည်ခဲ့တယ်။ တာ့ယန် အင်ပါယာရဲ့ အလံ လွှင့်ထူပြီးသွားရင် လုံးဝ ပြန်ချလို့ မရဘူး။ ကျုပ်တို့ စစ်ရှုံးပြီး ဒီနယ်မြေကို ထပ်ဆုံးရှုံးသွားရင်တော့ တစ်မျိုးပေါ့။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ဒုတိယ အနေနဲ့ ကျင်းကျုံးယွဲ့ကို တာရှန်းမိစ္ဆာနိုင်ငံရဲ့ မြို့စား တစ်ယောက် ထပ်ဖြစ်ခွင့် လုံးဝ မပြုနိုင်ဘူး။”
ဤစကား ထွက်ပေါ်လာချိန်မှာတော့ ထိုနေရာရှိ တာ့ယန် အင်ပါယာ စစ်ဗိုလ်ချုပ်များနှင့် အမတ်ကြီးများ အားလုံး သက်ပြင်းချလိုက်ကြ၏။
ယွင်ကျုံးဟဲ့က ပြောသည်။ “ဒါပေမဲ့ အဲဒီလို ဖြစ်သွားတော့ ကျုပ်တို့က သူတို့ကို လက်နက်ချဖို့ပဲ တောင်းဆိုလို့ ရတော့တယ်။ အရင် ဟေးယန်အင်ပါယာတုန်းကလိုပဲ တူညီတဲ့ ခံစားခွင့်တွေ ပေးနိုင်ပေမယ့် တူညီတဲ့ ပေးဆပ်မှုတွေတော့ လုပ်ရမှာပဲ။”
ကျီးယန်က ပြောလိုက်၏။ “အရှင်… ကျွန်မက အမတ်ကြီး ကျင်းကျုံးယွဲ့ နဲ့ကော၊ ချွဲအာ နဲ့ကော အများကြီး ဆွေးနွေးဖူးပါတယ်။ သိပ္ပံနဲ့ နည်းပညာ ယဉ်ကျေးမှုက အရမ်း ကောင်းတယ် ဆိုပေမယ့် သိုင်းပညာ ယဉ်ကျေးမှုကလည်း လုံးဝ အသုံးမကျတာတော့ မဟုတ်ပါဘူး။ သူ့ရဲ့ အင်အားကြီးမားမှုက စစ်တိုက်ရာမှာ မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် နားလည်သဘောပေါက်မှုနဲ့ သက်ရှိတွေရဲ့ အတွင်းပိုင်း လျှို့ဝှက်ချက်တွေကို စူးစမ်းလေ့လာရာမှာပါ။”
ထို့နောက် ကျီးယန်က ဆက်ပြောသည်။ “အရင် တာ့ယန် အင်ပါယာဟောင်း တုန်းက အင်အားစု အသစ်နဲ့ အဟောင်းဟာ လုံးဝ နေရာ အတူတူ ယူလို့ မရဘဲ တစ်ယောက် သေမှ တစ်ယောက် ရှင်မယ့် ဆက်ဆံရေးမျိုး ဖြစ်ခဲ့တယ်။ နောက်ဆုံးမှာ အင်အားစု အသစ်က နယ်နှင်ဒဏ် ခံရပြီး ပင်လယ်ရပ်ခြားကို ထွက်သွားကာ တာ့ယန် အင်ပါယာသစ်ကို တည်ထောင်ခဲ့ရတယ်။
ဒါပေမဲ့ အဲဒီအချိန်က တစ်မျိုး၊ အခုအချိန်က တစ်မျိုးပါ။ တာ့ယန် အင်ပါယာသစ်ဟာ အဘက်ဘက်မှာ တာ့ယန် အင်ပါယာဟောင်းကို ကျော်လွန်နေပြီ ဖြစ်ပြီး အထူးသဖြင့် ယဉ်ကျေးမှု တစ်ခုလုံးမှာပါ။ အဲဒါကြောင့် ယဉ်ကျေးမှုဟောင်းကို ဖြိုချပြီး ယဉ်ကျေးမှုသစ်ကို တည်ထောင်တာဟာ တစ်ယောက်သေမှ တစ်ယောက် ရှင်မယ့် ဆက်ဆံရေးမျိုးပါ။”
ယွင်ကျုံးဟဲ့ ခေါင်းညိတ်လိုက်၏။
ကျီးယန်က ပြောလိုက်သည်။ “ဒါပေမဲ့ ကျီရွှေ့ အဖွဲ့အစည်းနဲ့ တာ့ယန် အင်ပါယာသစ်ကြားမှာ သဘောထား ကွဲလွဲမှုတွေ ဖြစ်လာတုန်းက၊ တစ်ဖက်က သိုင်းပညာ ယဉ်ကျေးမှုကို အလေးထားချင်ပြီး၊ နောက်တစ်ဖက်က ရူပဗေဒပညာယဉ်ကျေးမှုကို ဖွံ့ဖြိုးတိုးတက်စေချင်ခဲ့လို့ အကွဲအပြဲ ထပ်ဖြစ်ခဲ့ကြပြန်တယ်။
ဒီတစ်ခါတော့ တစ်ယောက် သေမှ တစ်ယောက် ရှင်မယ့် ဆက်ဆံရေးမျိုး မဟုတ်တော့ဘဲ အချင်းချင်း ဖြည့်ဆည်းပေးရမယ့် ဆက်ဆံရေးမျိုး ဖြစ်နေတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ကျီရွှေ့အဖွဲ့အစည်းက လူတချို့ ထွက်ခွာသွားကာ ဟေးယန်အင်ပါယာကို တည်ထောင်ခဲ့ ကြတယ်။
ဒါဆို ကျွန်မတို့ တွေးကြည့်ရအောင်။ အကယ်၍ အရှင်မင်းကြီးက ကျွန်မတို့ တာ့ယန် အင်ပါယာသစ်ကို ရောက်မလာခဲ့ဘူး၊ ယဉ်ကျေးမှုသစ်၊ စစ်ရေးစနစ်သစ်ကို မတည်ထောင်ပေးခဲ့ဘူးဆိုရင် ဟေးယန်အင်ပါယာက ကျွန်မတို့ကို ဝင်တိုက်တဲ့ အချိန်မှာ ကျွန်မတို့ တားဆီးနိုင်ပါ့မလား။ ကျွန်မတို့ တာ့ယန် အင်ပါယာသစ် ပြည်တွင်းကိုကော ကာကွယ်နိုင်ပါ့မလား။ ကာကွယ်နိုင်မှာ မဟုတ်ဘူးလို့ ကျွန်မ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ တတိယ ကိုလိုနီ နယ်မြေမှာ ကျွန်မ အရမ်း ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့လို့ပါ။”
နောက်ဆုံးတွင် ကျင်းကျုံးယွဲ့နှင့် ပတ်သက်သည့် အကြောင်းအရာများ ပါဝင်လာပြီဖြစ်သည်။ ပျင်းရိပျင်းတွဲ ဖြစ်နေတဲ့ သူမက နောက်ဆုံးတော့ အနည်းငယ် လန်းဆန်းလာပြီး သူမကို တစ်ခုခု မေးလာမည်ကို မျှော်လင့်နေသည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်က ဟေးယန်အင်ပါယာ၏ သိုင်းသမား စစ်တပ်ကို ဦးဆောင်ကာ တတိယ ကိုလိုနီ နယ်မြေကို ဝင်တိုက်ခဲ့သူမှာ သူမ ဖြစ်သောကြောင့်ပင်။
အချိန် အတော်ကြာသည်အထိ မည်သူကမှ ကျင်းကျုံးယွဲ့ကို တတိယ ကိုလိုနီ နယ်မြေ စစ်ပွဲ အကြောင်း မမေးသောကြောင့် သူမသည် ထပ်မံ၍ ပျင်းရိပျင်းတွဲ ဖြစ်သွားပြန်၏။ အဘယ်ကြောင့်ဆိုသော် ယွင်ကျုံးဟဲ့၏ ကိုယ်ပေါ်တွင် အခြား မိန်းမ တစ်ယောက်၏ အနံ့ကို သူမ ရလိုက်သောကြောင့် ဖြစ်သည်။
ကျီးယန်က ပြောလိုက်သည်။ “အဲဒါကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်း ရာချီက တာ့ယန် အင်ပါယာသစ်နဲ့ ကျီရွှေ့ အဖွဲ့အစည်းတို့ အကွဲအပြဲ ဖြစ်ခဲ့တာက အတိုင်းအတာ တစ်ခုအထိ မာနကြီးမှုနဲ့ ဘက်လိုက်မှုလို့ သတ်မှတ်လို့ ရပြီး နိုင်ငံပျက်စီးမယ့် အန္တရာယ်တောင် ဖြစ်စေခဲ့လုနီးပါးပါပဲ။ အရှင်... ကျွန်မတို့ရဲ့ သိပ္ပံပညာ ယဉ်ကျေးမှုသစ်ရဲ့ ရည်မှန်းချက်က ဘာလဲ။”
ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “ကြယ်တာရာတွေနဲ့ သမုဒ္ဒရာတွေဆီ သွားပြီး စကြဝဠာနဲ့ သက်ရှိတွေရဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေဖို့ပါ။”
ကျီးယန်က ပြောသည်။ “ဒီယဉ်ကျေးမှုက အရမ်းကို တောက်ပပြီး တိုးတက်နေတယ် ဆိုတာကို ကျွန်မ ယုံကြည်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့က တာရှန်းမိစ္ဆာနိုင်ငံရဲ့ သိုင်းပညာ ယဉ်ကျေးမှုကိုလည်း လုံးဝ အပြည့်အဝ ငြင်းပယ်လို့ မရပါဘူး။ ကျွန်မတို့က သူ့ကို ဖြိုချရမယ်၊ သူ့ကို ဖျက်ဆီးပစ်ရမယ်။ ဘာလို့လဲဆိုတော့ သူက လူမဆန်လို့၊ သဘာဝတရားကို ဆန့်ကျင်လို့ပဲ။
ဒါပေမဲ့ တာရှန်းမိစ္ဆာနိုင်ငံရဲ့ သိုင်းပညာ ယဉ်ကျေးမှု တချို့က ယူသုံးသင့်တာတွေ ရှိပါတယ်။ ကျွန်မတို့က ကိုယ့်အားနည်းချက်ကို သူများ အားသာချက်နဲ့ ဖြည့်ဆည်းလို့ ရပါတယ်။ အဲဒါကြောင့် ဒီတာရှန်းမိစ္ဆာနိုင်ငံကို ကျွန်မတို့က ခွဲခြား ဆက်ဆံရမယ်၊ ဖြည်းဖြည်းချင်း ဖြေရှင်းရမယ်။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဘယ်လို ဖြည်းဖြည်းချင်း ဖြေရှင်းမှာလဲ။”
ကျီးယန်က ဖြေသည်။ “တာရှန်းမိစ္ဆာနိုင်ငံထဲမှာလည်း သဘောထား ပျော့ပျောင်းတဲ့ အဖွဲ့နဲ့၊ အစွန်းရောက် အမှောင်အဖွဲ့ ဆိုပြီး ကွဲပြားပါတယ်။ ကျွန်မတို့က သဘောထား ပျော့ပျောင်းတဲ့ အဖွဲ့ကို ဆွဲဆောင်ပြီး တာ့ယန် အင်ပါယာရဲ့ ဘောင်ထဲမှာ ပိုင်ယင် ဘုရင်နိုင်ငံ တစ်ခု တည်ထောင်ခွင့် ပေးလိုက်လို့ ရပါတယ်။”
ထို့နောက် သူမသည် မြေပုံဆီသို့ လျှောက်သွားပြီး ပိုင်ယင်မြို့နှင့် အရှေ့ဘက်ရှိ ကျွန်းစုများ၊ ကုန်းမြေ အားလုံးကို လက်ညှိုးထိုးပြကာ ရှင်းပြလိုက်၏။ “ပိုင်ယင်မြို့ရဲ့ အရှေ့ဘက် စတုရန်း ကီလိုမီတာ သုံးသန်းကျော်ကို ပိုင်ယင် ဘုရင်နိုင်ငံကို ပေးလိုက်မယ်။
ဒါပေမဲ့ အနက်ရောင်ဘုရင်ကျိုး လက်အောက်က နယ်မြေတွေကတော့ မူလက တာ့ကျိုး အင်ပါယာ ပိုင်ဆိုင်ခဲ့ပြီး ပိုရှေးကျတဲ့ အချိန်ကဆိုရင် တာ့ယန် အင်ပါယာဟောင်း ပိုင်ဆိုင်ခဲ့တာဆိုတော့ သေချာပေါက် အင်ပါယာ ပြည်တွင်းအဖြစ် ပြောင်းလဲရမယ်။
ဒါပေမဲ့ နုဧကရာဇ်ရဲ့ အနက်ရောင် ကျမ်းစာကို သင်ယူချင်တဲ့သူတိုင်း ပိုင်ယင် ဘုရင်နိုင်ငံကို သွားလို့ ရတယ်။ သူတို့ကို သဘောထား ပျော့ပျောင်းပြီး အမြင်ကျယ်တဲ့ အနက်ရောင်ကျမ်းစာ ဖွံ့ဖြိုးတိုးတက်ခွင့် ပေးပြီး သက်ရှိတွေနဲ့ သိုင်းပညာအပေါ် ဆက်လက် စူးစမ်းလေ့လာခွင့် ပေးလိုက်မယ်။”
ထို့နောက် ကျီးယန်၏ အကြည့်များက ကျင်းကျုံးယွဲ့ ဆီသို့ ရောက်ရှိသွားပြီး ပြောလိုက်သည်။ “အမတ်ကြီး ကျင်းကျုံးယွဲ့ကို မလေးမစား လုပ်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း သူ တကယ်ကို ပျင်းရိလာပြီး ကိုယ်ပိုင် သိုင်းပညာ အပေါ်မှာ သိပ်အာရုံမစိုက်တော့ပါဘူး။ အဲဒါကြောင့် ကိုယ်ပိုင် သိုင်းပညာ အတွက် ကျွန်မတို့က အမတ်ကြီး ဝူကျန့် ကိုပဲ အားကိုးရတော့မယ် ထင်တယ်။ အနာဂတ်မှာတော့ ချွဲအာ ကို အားကိုးရမှာပေါ့။
အရှင်မင်းကြီးရဲ့ စီမံကိန်းထဲမှာ ကျီရွှေ့ သိုင်းသမား အဖွဲ့အစည်းဟာ တာ့ယန် အင်ပါယာရဲ့ အမြင့်ဆုံး အာဏာပိုင် အဖွဲ့အစည်းတွေထဲက တစ်ခု ဖြစ်ပေမယ့် ဝန်ကြီးအဖွဲ့နဲ့ စစ်တပ် ဦးစီးဌာနတို့နဲ့ မသက်ဆိုင်ဘဲ လောကနဲ့ ကင်းကွာတဲ့ အနေအထား ရှိပါတယ်။
ကျွန်မရဲ့ ကိုယ်ပိုင် အမြင်ကတော့ ဒီအတိုင်း ဆက်သွားမယ် ဆိုရင် ကျီရွှေ့ သိုင်းသမား အဖွဲ့အစည်းဟာ ကိုယ့်ဘာသာကိုယ် တံခါးပိတ်ပြီး လေ့ကျင့်သလို ဖြစ်သွားပြီး သေချာပေါက် ဆုတ်ယုတ်သွားလိမ့်မယ်။ အကယ်၍ ပိုင်ယင် ဘုရင်နိုင်ငံ ဆိုတာကို ပြိုင်ဘက်အဖြစ် ထားပေးလိုက်မယ်ဆိုရင် နှစ်ဖက်စလုံး အချင်းချင်း တိုးတက်လာအောင် တွန်းအားပေးနိုင်မယ်လို့ ကျွန်မ ထင်ပါတယ်။”
ဤစကား ထွက်ပေါ်လာချိန်မှာတော့ ကျင်းကျုံးယွဲ့ အနည်းငယ် ရှက်သွားသည်။ သူမက ဘဝ အဆင်ပြေသွား သည်နှင့် ချက်ချင်း ပျင်းရိလာပြီး တိုက်ခိုက်လိုစိတ် မရှိတော့ဘဲ သိုင်းပညာ အဆင့်အတန်း ကိုလည်း စိတ်မဝင်စားတော့ပေ။ သူမက ကျင်းချွဲလိုမျိုး မွေးရာပါ စံပြ ရည်မှန်းချက်နှင့် ဝါသနာ ပါတာမျိုး မဟုတ်ချေ။
“ဒါပေမဲ့ အရှင်မင်းကြီး ကိုယ်တိုင် ပိုင်ယင်မြို့ကို သွားပြီး ဆွေးနွေးတာက မသင့်တော်ဘူးလို့ ကျွန်မ ထင်ပါတယ်။ အရှင်က နိုင်ငံ တစ်နိုင်ငံရဲ့ ဘုရင် ဖြစ်နေလို့ ကျွန်မ သွားလို့ ရသလို၊ ကျွန်မ အဖေ သွားလို့လည်း ရပါတယ်။”
ကျီးယန်က ပြောလိုက်သည်။ “ဘာလို့လဲဆိုတော့ အကယ်၍ ဆွေးနွေးမှု အောင်မြင်သွားရင် ကျွန်မ အဖေရဲ့ အဆင့်အတန်းကလည်း တန်းတူ ဖြစ်နေလို့ပါ။”
ထို့နောက် ကျီးယန်က မတတ်သာစွာဖြင့် ပြောလိုက်၏။ “အရှင်… အရှင် တကယ်ကို ဧကရာဇ် အဖြစ် တင်မြှောက်ခံသင့်ပါပြီ။”
အပိုင်း (၈၆၆)
ယခုအခါ ယွင်ကျုံးဟဲ့သည် တာ့ယန် အင်ပါယာ အာဏာရှင် ဘုရင်ဟူသော ဘွဲ့ထူးကို ခံယူထားရခြင်းမှာ တကယ်ကို မလုံလောက်တော့ပေ။ ယခု လက်ရှိ အခြေအနေအရ သူတို့က ပိုင်ယင်မြို့နှင့် အနက်ရောင်ဘုရင်ကျိုးကို လက်နက်ချခိုင်းချင်လျှင်ပင် ပါးစပ်ကနေ ပြောထွက်ဖို့ ခက်ခဲနေသည်။
သူတို့သည် တာရှန်း မိစ္ဆာနိုင်ငံ၌ ချင်ဝမ်များ ဖြစ်ကြသည်။ သို့သော်လည်း တာ့ယန်အင်ပါယာတွင်မူ အမြင့်ဆုံးအဆင့်မှာ အာဏာရှင်ဘုရင်သာ ရှိ၏။
ထို့ကြောင့် သူတို့ လက်နက်ချ အညံ့ခံလာမည်ဆိုပါက အလွန်ဆုံး မြို့စားရာထူးမျှသာ ပေးအပ်နိုင်မည်ဖြစ်ရာ သူတို့၏ ခံစားခွင့်များမှာ တိုးတက်လာခြင်းမရှိဘဲ လျော့ကျသွားသကဲ့သို့ ဖြစ်နေပေလိမ့်မည်။
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ဒါဆို ဒီအတိုင်းပဲ သတ်မှတ်လိုက်မယ်။ ပိုင်ယင်မြို့ဘက်ကိုတော့ ကျုပ်ပဲ သွားဆွေးနွေးမယ်။ ကျုပ်ကိုယ်ကျုပ် အန္တရာယ်ထဲ တွန်းပို့ချင်တဲ့ သဘော မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီတစ်ခါ ဆွေးနွေးမှု အောင်မြင်နိုင်ခြေက မူလတည်းက အရမ်း နည်းပါတယ်။ ကျုပ် သွားမှသာ မျှော်လင့်ချက် နည်းနည်းလေး ရှိမှာမို့ပါ။”
ရက်အနည်းငယ် အကြာတွင် အင်ပါယာ၏ စစ်တပ် သိန်းချီသည် အပြည့်အဝ စစ်ရေးအသင့် အနေအထားသို့ ရောက်ရှိသွား၏။
ထို့အပြင် လေယာဉ်ပစ် လက်နက်များကို အစွမ်းကုန် တည်ဆောက်ကြပြီး အထူးသဖြင့် လေသင်္ဘော အားလုံးတွင် အမြန်နှုန်း မြင့်မားသည့် စက်အမြောက်များကို တပ်ဆင်လိုက်သည်။
အရင်ဆုံး လူဆိုး လုပ်ပြီးမှ လူကောင်း လုပ်ရမှာဖြစ်သည်။ အဓိက အချက်မှာ အနက်ရောင်ဘုရင်ကျိုး၏ အသွင်ပြောင်း သိမ်းငှက်များကို ကာကွယ်ရန် ဖြစ်၏။
သို့ပေမည့် အကယ်၍ နှစ်ဖက်စလုံး တကယ် စစ်ဖြစ်လာပြီး အနက်ရောင်ဘုရင်ကျိုး၏ အသွင်ပြောင်း သိမ်းငှက်များက ရေဒီယိုသတ္တိကြွ ဗုံးများကို ပစ်ချမည် ဆိုပါက တကယ်ကို ကာကွယ်ရန် အလွန် ခက်ခဲပေလိမ့်မည်။
အသေအပျောက် အများအပြားကို ရင်ဆိုင်ရမည်၊ မြေနေရာ အများအပြား ညစ်ညမ်းသွားမည်ကို ရင်ဆိုင်ရမည် ဖြစ်သော်လည်း လေယာဉ်ပစ် လက်နက်များကို အသုံးပြု၍ ဤအသွင်ပြောင်း သိမ်းငှက်များကို တစ်ကောင်မကျန် သတ်ပစ်ရမှာဖြစ်သည်။
ပြင်ဆင်မှုများ တတ်နိုင်သမျှ လုပ်ဆောင်ပြီးနောက် ယွင်ကျုံးဟဲ့သည် စစ်သင်္ဘော တစ်စင်းကို စီးနင်းကာ ပိုင်ဖေးဖေး၊ ပိုင်ချီ တို့ကို ခေါ်ဆောင်ပြီး ပိုင်ယင်မြို့သို့ ထွက်ခွာသွား၏။
ဤလမ်းခရီး တစ်လျှောက် ကျယ်ဝန်းလှသော ပင်လယ်ပြင်ပေါ်တွင် မည်သည့် သင်္ဘောကိုမျှ အခြေခံအားဖြင့် မတွေ့ရပေ။ ယခင်က စည်ကားခဲ့သော ပင်လယ်ရေကြောင်း ကုန်သွယ်ရေးသည် လုံးဝ ပြတ်တောက်သွားခဲ့ပြီ ဖြစ်သည်။
“ရွှေရောင် တိုက်ကြီးနဲ့ တာရှန်းမိစ္ဆာနိုင်ငံပြည်တွင်း ကုန်သွယ်ရေးက ဘယ်လမ်းကြောင်းကနေ သွားတာလဲ။” ယွင်ကျုံးဟဲ့က မေးလိုက်၏။
“မြောက်ဘက်ကနေ...” ပိုင်ဖေးဖေးက ဖြေသည်။
ပိုင်ချီ သည် သိမ်းငှက်ကြီးနှင့် ဆက်လက် ကစားနေဆဲ ဖြစ်သည်။ ပင်လယ်ပြင်သို့ ရောက်ရှိပြီးနောက် အသွင်ပြောင်း သိမ်းငှက်ကြီးကို အစာကျွေးရန် မလိုအပ်တော့ဘဲ ပင်လယ်ပြင်ပေါ်တွင် ငါးများကို အလွယ်တကူ ဖမ်းယူနိုင်နေပြီ ဖြစ်၏။
ရုတ်တရက် တစ်နေ့တွင် ပိုင်ဖေးဖေး သည် ဒေါသတကြီး အော်ဟစ်လိုက်သည်။ “ပိုင်ချီ... မင်း ဘာလုပ်နေတာလဲ။”
ယွင်ကျုံးဟဲ့ အမြန် ပြေးသွားရာ သားဖြစ်သူ ပိုင်ချီ သည် အသွင်ပြောင်း သိမ်းငှက်ကြီး၏ ကျောပေါ်တွင် စီးနင်းကာ ကောင်းကင်ယံတွင် ပျံသန်းနေသည်ကို တွေ့လိုက်ရ၏။
ဤအရာကို ယွင်ကျုံးဟဲ့ ပထမဆုံးအကြိမ် မြင်တွေ့ရခြင်း ဖြစ်သည်။ အနက်ရောင်ဘုရင်ကျိုး သည် အသွင်ပြောင်း သိမ်းငှက်များကို အများအပြား မွေးမြူထားသော်လည်း အသွင်ပြောင်း ကျီးကန်းများကဲ့သို့ပင် လေကြောင်း တိုက်ခိုက်ရေး လက်နက်များ အဖြစ်သာ အသုံးပြုနိုင်ပြီး လေကြောင်း စီးတော်ယာဉ်များ အဖြစ် အသုံးမပြုနိုင်ပေ။
အဘယ်ကြောင့်ဆိုသော် ဤအသွင်ပြောင်း သိမ်းငှက်များသည် အလွန် မာနကြီးပြီး ကျောပေါ်တွင် တစ်ခုခု ဖိထားခြင်းကို လုံးဝ လက်မခံသောကြောင့်ပင်။
ထို့ကြောင့် သူတို့ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ရာတွင် ခြေသည်းများကိုသာ အသုံးပြုကြပြီး ဤသည်မှာလည်း သူတို့၏ သဘာဝ အလေ့အထနှင့် ကိုက်ညီသည်။
အသွင်ပြောင်း သိမ်းငှက်ကြီးသည် တစ်ပတ် ပျံသန်းပြီးနောက် စစ်သင်္ဘောပေါ်သို့ ဆင်းသက်လာ၏။
ပိုင်ချီ သည် အသွင်ပြောင်း သိမ်းငှက်ကြီး၏ ကျောပေါ်မှ ခုန်ဆင်းလာပြီး အနည်းငယ် စိတ်လှုပ်ရှားနေသလို ထိတ်လန့်နေပုံလည်း ရသည်။
“အဖေ… ဒီဧရာမ သိမ်းငှက်ကြီးတွေကို ဦးလေးက မွေးမြူထားတာပါ။”
ပိုင်ချီက ပြောလိုက်၏။ “ဦးလေးက သိုင်းသမား တစ်ယောက် ဖြစ်ရုံတင်မကဘူး၊ ယဇ်ပုရောဟိတ် တစ်ယောက်လည်း ဖြစ်ပါတယ်။ အဲဒီတုန်းက မိစ္ဆာမြို့တော်ရဲ့ မြေအောက် သဲကန္တာရကို တူးဖော်တုန်းက သူက ပါရမီ အရမ်း မြင့်မားပြီး သွေးကြောကလည်း မြင့်မားလို့ အများကြီး ပါဝင်ခဲ့ရပါတယ်။
ယဇ်ပုရောဟိတ် အများအပြားက အသွင်ပြောင်း သိမ်းငှက်တွေကို မွေးမြူချင်ခဲ့ပေမယ့် အားလုံး ကျရှုံးခဲ့ကြတယ်။ သူက နှစ်အတော်ကြာ အချိန်ယူပြီးမှ အောင်မြင်စွာ မွေးမြူနိုင်ခဲ့တာပါ။ ပြီးတော့ အသွင်ပြောင်းပြီးတဲ့ သိမ်းငှက်တွေကမှ မျိုးဆက်ပွားနိုင်တာပါ။”
ယွင်ကျုံးဟဲ့ ပြုံးလိုက်ပြီး သူ၏ ခေါင်းနောက်ပိုင်းကို ပွတ်သပ်ပေးလိုက်သည်။
စစ်သင်္ဘောသည် မိုင်တစ်သောင်းကျော် ခုတ်မောင်းသွားပြီးနောက် ယခုအခါ ပိုင်ယင်မြို့၏ ရေပိုင်နက် အတွင်းသို့ ဝင်ရောက်လာပြီ ဖြစ်၏။
ဤအချိန်တွင် အသွင်ပြောင်း ပင်လယ် သားရဲကြီးများ သိသိသာသာ များပြားလာကြောင်း ယွင်ကျုံးဟဲ့ တွေ့လိုက်ရသည်။
အများဆုံးမှာ အသွင်ပြောင်း ဇင်ယော်များ ဖြစ်ပြီး ဤအရာများသည် အသွင်ပြောင်း ကျီးကန်းများထက် ပိုမို ကြီးမားကာ အရေအတွက်မှာ အံ့မခန်း ဖြစ်ပြီး ကောင်းကင်ယံတွင် ထောင်ချီ ပျံသန်းနေလေ့ ရှိ၏။
အကယ်၍ ဤအသွင်ပြောင်း ဇင်ယော်များသာ ဝင်ရောက် တိုက်ခိုက်မည် ဆိုပါက သတ်ဖြတ်နိုင်စွမ်းမှာ အတော်လေး အံ့ဩစရာ ကောင်းပေလိမ့်မည်။
ထို့နောက် ပင်လယ်ပြင်ပေါ်မှ အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် မီတာ ဆယ်ဂဏန်းခန့် မြင့်သော ရေပန်းကြီး တစ်ခု ကောင်းကင်ယံသို့ ပန်းထွက်လာပြီး တစ်ခါမှ မမြင်ဖူးသော အသွင်ပြောင်း ဝေလငါးကြီး တစ်ကောင် ရေပေါ်သို့ ပေါ်ထွက်လာ၏။
ဧရာမ ရေဘဝဲကြီးကိုလည်း တွေ့မြင်ရသည်။ သို့သော်လည်း ဧရာမ လျှပ်စစ်ငါးရှဉ့်ကြီးကိုမူ မတွေ့ရချေ။ သို့ရာတွင် ဝေလငါးများထက် များစွာပို၍ ရက်စက်ကြမ်းကြုတ်လှသော ဧရာမ အသွင်ပြောင်း ငါးမန်းကြီး တစ်ကောင်ကိုမူ တွေ့လိုက်ရသည်။
အသွင်ပြောင်း ပင်လယ်သားရဲကြီးများသည် ပြည့်နှက်နေပြီး အမျိုးအစား စုံလင်လှကာ မိုင်တစ်ရာပတ်လည် အတွင်း၌ ပင်လယ်သားရဲ စစ်တပ်ကြီးများချည်းသာ ဖြစ်နေတော့၏။
ဤသည်မှာ ပိုင်ယင်မြို့က သူတို့၏ အင်အားကြီးမားလှသော စစ်ရေးစွမ်းပကားကို ပြသနေခြင်းဖြစ်ကြောင်း ယွင်ကျုံးဟဲ့ သိလိုက်သည်။
ယခင်က အသွင်ပြောင်း ဝေလငါးကြီး လေးငါးကောင်မျှဖြင့်ပင် တာ့ယန်အင်ပါယာ ရေတပ်၏ အဓိက အင်အားစုကို ကြီးမားသော အသေအပျောက်များ ဖြစ်ပေါ်စေရန် လုပ်ဆောင်နိုင်ခဲ့သည်။ ယခုမူ ပိုင်ယင်မြို့၌ အသွင်ပြောင်း ဝေလငါးကြီးချည်းပင် အကောင်ရေ ဆယ်ဂဏန်းခန့် ရှိနေ၏။
ဧရာမ ရေဘဝဲကြီးများနှင့် အသွင်ပြောင်း ဧရာမ ငါးမန်းကြီးများအကြောင်းမှာမူ ဆိုဖွယ်ရာပင် မရှိတော့ပေ။ ထို့အပြင် ရေတွက်၍ပင် မရနိုင်လောက်အောင် ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းသွားမတတ် များပြားလှသော အသွင်ပြောင်း ဇင်ယော်များလည်း ရှိနေသေးသည်။
ထို့ပြင် ယခုအထိ ထွက်ပေါ်လာခြင်း မရှိသေးသည့် အသွင်ပြောင်း လျှပ်စစ်ငါးရှဉ့်ကြီးများလည်း သေချာပေါက် ရှိနေဦးမှာဖြစ်သည်။ ဤသည်မှာ အမှန်တကယ်ပင် ယှဉ်ပြိုင်ရန် မဖြစ်နိုင်လောက်အောင် တိုက်ခိုက်နိုင်စွမ်း ရှိနေသည့် အင်အားကြီးမားလှသော ပင်လယ်သားရဲ စစ်တပ်ကြီးပင် ဖြစ်၏။
ပိုင်ဖေးဖေးက ပြောလိုက်သည်။ “ကြည့်... ကျွန်မ လေလုံးထွားနေတာ မဟုတ်ဘူး မလား။ အကယ်၍ စစ်ဖြစ်ရင် ရှင့်ရဲ့ ရေတပ်က ကျွန်မတို့ကို မနိုင်ပါဘူး။ ကျွန်မတို့ရဲ့ အသွင်ပြောင်း ပင်လယ် သားရဲကြီးတွေက အသေအပျောက် များရင်တောင် ရှင့်ရဲ့ ရေတပ်ကို အားလုံး ဖျက်ဆီးပစ်နိုင်ပါတယ်။”
ယွင်ကျုံးဟဲ့က ပြော၏။ “ဖေးဖေး... မင်းတို့က ဒီလို အသွင်ပြောင်း သားရဲတိရစ္ဆာန်တွေ၊ အသွင်ပြောင်း ပင်လယ် သားရဲကြီးတွေကို အများကြီး ဖန်တီးနေတာက သမုဒ္ဒရာ ဂေဟစနစ်ကို ဖျက်ဆီးပစ်တာနဲ့ အတူတူပဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မင်းတို့ အရမ်း သတိထားသင့်တယ်။”
ပိုင်ဖေးဖေးက အထင်သေးစွာ ပြောလိုက်သည်။ “ကျွန်မတို့ကို မနိုင်လို့ လျှောက်ပြောနေတာပဲ။ ဒါက ရှင့်ရဲ့ စွမ်းရည်နဲ့ လုံးဝ အတူတူပဲ။ ကျွန်မကို မနိုင်ရင် ပါးစပ်နဲ့ပဲ လျှောက်ပြောနေတာ။”
ထိုအချိန်မှာပဲ ပင်လယ်ပြင်ပေါ်တွင် မီတာ ရာပေါင်းများစွာ ကျယ်ဝန်းသည့် ဧရာမ လေဝဲကတော့ကြီး တစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။
ထို့နောက် အင်အားကြီးမားသော အငွေ့အသက် တစ်ခုက ပင်လယ်ပြင် တစ်ခုလုံးကို လွှမ်းခြုံသွား၏။ ချက်ချင်းပဲ အသွင်ပြောင်း သားရဲကြီး ထောင်ချီသည် ကြောက်စရာ အကောင်းဆုံး အန္တရာယ်ကို ခံစားလိုက်ရ သကဲ့သို့ အားလုံး အလွန် ရိုသေစွာဖြင့် ဝပ်တွားသွားကြပြီး တုန်ယင်နေကြသည်။
တိရစ္ဆာန်ငယ်လေးများအားလုံးသည် ကျားလာသည်ကို မြင်တွေ့လိုက်ရသည့်အခါ မြေကြီးပေါ်တွင် ဝပ်တွား တုန်ယင်နေကြလျက် အကြောက်လွန်ကာ ကျင်ကြီး၊ ကျင်ငယ်များပင် ထွက်ကျကုန်သည့်အလား ဖြစ်လို့နေသည်။ သို့သော်လည်း ဤအသွင်ပြောင်း ပင်လယ်သားရဲကြီးများမှာမူကား အလွန်တရာပင် အင်အား ကြီးမားနေပြီ ဖြစ်၏။
“ရပ်… ရပ်… ရပ်…”
ပိုင်ဖေးဖေးက ပြောသည်။ “စစ်သင်္ဘောကို ချက်ချင်း ရပ်ခိုင်းလိုက်၊ ဘာအသံမှ မထွက်စေနဲ့။”
ယွင်ကျုံးဟဲ့ ချက်ချင်း လုပ်ဆောင်လိုက်သည်။ ထို့နောက် စစ်သင်္ဘော၏ အင်ဂျင်ကို ချက်ချင်း ပိတ်လိုက်၏။
ပင်လယ်ပြင် တစ်ခုလုံး လုံးဝ တိတ်ဆိတ်သွားပြီး ပိုင်ဖေးဖေးနှင့် ပိုင်ချီ သားအမိ နှစ်ဦးသည်လည်း မျက်စိမှိတ်ကာ အနည်းငယ် ခေါင်းငုံ့၍ သူတို့၏ လေးစားမှုကို ပြသကြသည်။ ပင်လယ်ပြင်ပေါ်က အထူး အရှင်သခင်ကြီး ရောက်လာသလိုမျိုးပင်။
ယွင်ကျုံးဟဲ့ ခံစားမိလိုက်ပြီးနောက် သူ အမြန် ထူးခြားသော စိတ်ပိုင်းဆိုင်ရာ အခြေအနေ တစ်ခုသို့ ဝင်ရောက်သွားသည်။
ထို့နောက် မလှမ်းမကမ်းရှိ ပင်လယ်ရေ အောက်ခြေတွင် အထူး ဧရာမ သတ္တဝါကြီး တစ်ကောင် ရှိနေသည်ကို သူ ရှင်းလင်းစွာ မြင်တွေ့လိုက်ရ၏။
‘ဒါက ဒီပင်လယ်ပြင်ရဲ့ အရှင်သခင်လား။ အထူး အရှင်သခင်လား။ အသွင်ပြောင်း သားရဲကြီး ထောင်ချီကတောင် သူ့ကို အရမ်း ကြောက်ရွံ့ လေးစားပြီး သေးတွေ၊ ချေးတွေ ထွက်ကျမတတ် ဖြစ်နေရအောင် ဘာကောင်ကြီးလဲ။’
ထိုဧရာမ ရေဝဲကြီးသည် တရွေ့ရွေ့နှင့် အဆက်မပြတ် ရွေ့လျားနေလေ၏။ ဤပင်လယ်အောက် အရှင်သခင်ကြီး ဖြတ်သန်းသွားသည့်အခါတွင် လူသားတိုင်း၊ သင်္ဘောတိုင်းနှင့် သက်ရှိသတ္တဝါတိုင်းသည် ရပ်တန့်ကာ ဘေးသို့ ရှောင်ဖယ်ပေးကြရသည်။
ဤသည်မှာ ရှေးခေတ်အခါက ဧကရာဇ်မင်းများ ဖြတ်သန်းသွားသည့်အခါ လူအများက မြေကြီးပေါ်တွင် ဒူးထောက်ဝပ်တွားလျက် မလှုပ်မယှက် နေကြရသည်နှင့် အလားသဏ္ဌာန် တူ၏။
တစ်နာရီကျော် အကြာတွင် ပင်လယ် အရှင်သခင်ကြီး နောက်ဆုံး၌ ထွက်ခွာသွား၏။ အသွင်ပြောင်း ပင်လယ် သားရဲကြီးများ အားလုံး လှုပ်ရှားနိုင်စွမ်း ပြန်လည် ရရှိသွားကြပြီး အားလုံး ပင်လယ်အောက်သို့ ငုပ်လျှိုးသွားကြသည်။
စစ်သင်္ဘော ပြန်လည် စက်နှိုးသွားပြီး ပိုင်ဖေးဖေးလည်း သက်ပြင်း တစ်ချက် ချလိုက်၏။
ယွင်ကျုံးဟဲ့က မေးသည်။ “အဲဒါ ဘာလဲ။”
ပိုင်ဖေးဖေးက ဖြေ၏။ “အရှင်သခင်၊ ဒီပင်လယ်ပြင်ရဲ့ တကယ့် အရှင်သခင် ပဲ။”
ယွင်ကျုံးဟဲ့က မေးသည်။ “အဲဒါလည်း အသွင်ပြောင်း သားရဲကြီးပဲလား။”
ပိုင်ဖေးဖေးက ဖြေလိုက်၏။ “ကျွန်မတို့နဲ့ မဆိုင်ဘူး။ ကျွန်မတို့ရဲ့ အသွင်ပြောင်း ပင်လယ် သားရဲ စစ်တပ်တွေ အားလုံးက လူလုပ် ဖန်တီးထားတာ။ ဒီအရှင်သခင်ကတော့ မွေးရာပါပဲ။ နှစ်ပေါင်း ဘယ်လောက်တောင် အသက်ရှင်နေပြီလဲ ဆိုတာ မသိရဘူး။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ဒါပေမဲ့ အရင်က ပင်လယ်ပြင်မှာ တစ်ခါမှ မမြင်ဖူးဘူးလေ။ ဒီအရှင်သခင် အကြောင်းကိုလည်း မကြားဖူးဘူး။”
ပိုင်ဖေးဖေးက ဖြေ၏။ “အရင်က မရှိဘူးလေ။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် ကမှ ပေါ်လာတာ။ အဲဒီအချိန်ကစပြီး သူက ဒီပင်လယ်ပြင်ရဲ့ အရှင်သခင် ဖြစ်သွားသလို ပိုင်ယင်မြို့ရဲ့ အစောင့်အရှောက် နတ်ဘုရားလည်း ဖြစ်သွားတယ်။ ကျွန်မတို့ ပိုင်ယင်မြို့ ရေတပ်ရဲ့ အလံပေါ်မှာ ဆွဲထားတာက သူ့ပုံပဲ။”
ယွင်ကျုံးဟဲ့က မေးသည်။ “ဒါဆို မင်းတို့ သူနဲ့ အနီးကပ် ထိတွေ့ဖူးလား။”
ပိုင်ဖေးဖေးက ဖြေ၏။ “မထိတွေ့ဖူးဘူး။ သူ့ရဲ့ ပေတစ်ထောင် ပတ်လည်ကို ချဉ်းကပ်လာတဲ့ သတ္တဝါတိုင်း အားလုံး သေကုန်ပြီ။ ဒါပေမဲ့ သူက ပိုင်ယင်မြို့ရဲ့ အစောင့်အရှောက် နတ်ဘုရားပဲ။ ကျွန်မတို့ရဲ့ ပုံစံသစ် ယုံကြည်ကိုးကွယ်ရာ တိုတမ် ပဲ။”
ယွင်ကျုံးဟဲ့က မေးသည်။ “ဒါဆို သူက တကယ်တမ်း ဘာအကောင်လဲ။”
ပိုင်ဖေးဖေးက ဖြေလိုက်၏။ “နုဧကရာဇ်ရဲ့ မကောင်းဆိုးဝါး နဂါး။”
ယွင်ကျုံးဟဲ့ အံ့ဩစွာဖြင့် မေးလိုက်သည်။ “နုဧကရာဇ်ရဲ့ ဧရာမ နဂါး ဟုတ်လား။ ဆိုလိုတာက သူက အသက် တစ်ထောင်ကျော် နေပြီပေါ့။”
ပိုင်ဖေးဖေးက ဖြေလိုက်၏။ “အနည်းဆုံးတော့ ဒဏ္ဍာရီထဲမှာ အဲဒီလို ဆိုထားတာပဲ။ နုဧကရာဇ်ရဲ့ အနက်ရောင် ကျမ်းစာထဲမှာ အဲဒီလို မကောင်းဆိုးဝါး နဂါး တစ်ကောင် ရှိခဲ့ဖူးတယ်လို့ ဆိုထားတယ်။”
ဤကိစ္စနှင့် ပတ်သက်၍ ယွင်ကျုံးဟဲ့က သံသယ ဖြစ်နေဆဲ ဖြစ်သည်။
သို့သော်လည်း စောစောက ဤပင်လယ်အောက် အရှင်သခင်ကြီးသည် အမှန်တကယ်ပင် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှပြီး၊ အင်အားကြီးမားကာ လွှမ်းမိုးကြီးစိုးနိုင်စွမ်းရှိသည်မှာ သေချာ၏။
ထိုသို့မဟုတ်ပါက အသွင်ပြောင်း သားရဲကြီး ထောင်နှင့်ချီ၍ ဤမျှတိုင်အောင် ကြောက်ရွံ့တုန်လှုပ်နေကြမည် မဟုတ်ပေ။