အခန်း (၈၆၇-၈၆၈)
Vol. 73 Ch. 867-868
အပိုင်း (၈၆၇)
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က သူက ဘယ်လို ပေါ်လာတာလဲ။”
ပိုင်ဖေးဖေးက ဖြေ၏။ “ရှင် ကျွန်မအဖေနဲ့ တွေ့တဲ့ အချိန်ကျရင် သူ ရှင့်ကို ပြောပြလိမ့်မယ်။”
ထို့နောက် ပိုင်ဖေးဖေးက အေးစက်စက် ပြုံးကာ ပြောလိုက်သည်။ “အခု ရှင် ကျွန်မတို့ ပိုင်ယင်မြို့ကို လာတိုက်ချင်သေးလား။ ရှင့်ရဲ့ ရေယာဉ်စုက အင်အားကြီးပေမယ့် ကျွန်မတို့ ပိုင်ယင်မြို့အနားကို မရောက်ခင်မှာတင် တပ်လုံးကျွတ် သေဆုံးသွားလိမ့်မယ်။
ကျွန်မတို့ ပိုင်ယင်မြို့က ရှင် တွေးထားတာထက် အများကြီး၊ အများကြီး ပိုပြီး အင်အားကြီးတယ်။ ကျွန်မတို့ရဲ့ ဒီအသွင်ပြောင်း ပင်လယ် သားရဲကြီးတွေနဲ့တင် ရှင့်ရဲ့ ရေယာဉ်စုကို လုံးဝ ဖျက်ဆီးပစ်နိုင်ပါတယ်။ ဒီပင်လယ် အရှင်သခင်ကြီးကိုတော့ ပြောမနေနဲ့တော့။”
ထို့နောက် သူမက ထပ်မံ၍ အထင်သေးစွာ ပြောလိုက်၏။ “ယွင်ကျုံးဟဲ့... ရှင့်ရဲ့ ရေယာဉ်စုက ရှင့်လိုပဲ အပြင်ပန်းကသာ တောက်ပနေပြီး တကယ်တမ်းကျတော့ ဘာမှ အသုံးမကျဘူး။ အကြိမ်တိုင်းမှာ အလူးအလဲ ရှုံးနိမ့်ပြီး လက်နက်ချ ထွက်ပြေးရတာချည်းပဲ။”
‘စကားပြောရင် ပြောတဲ့ အကြောင်းအရာကိုပဲ ပြောလေ။ သွယ်ဝိုက်ပြီး မစော်ကားနဲ့၊ ဟိုရောက် ဒီရောက် မလုပ်နဲ့။’
ထို့နောက် သူမက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။ “ရှောင်ချီ... မင်း သင်္ဘော အနောက်ဘက် သွားကစားချေ။”
သားဖြစ်သူ ပိုင်ချီ မတတ်သာဘဲ အသွင်ပြောင်း သိမ်းငှက်ကြီးကို ခေါ်ဆောင်ကာ သင်္ဘော အနောက်ဘက်သို့ သွားသည်။ ဤလင်မယား နှစ်ယောက် ဘာလုပ်တော့မည် ဆိုသည်ကို သူ သိနေပြီ ဖြစ်သည်။
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ငါ... ငါ အခု ဘုရင် ပိုင်ကုနဲ့ တွေ့တော့မှာဆိုတော့ စိတ်ပိုင်းဆိုင်ရာ အခြေအနေလေး ပိုကောင်းအောင် နေသင့်တယ်မလား။ ဒီလို အမြဲတမ်း ပင်ပန်းနေရရင်တော့ တကယ်ကို...”
သူ စကားပြော၍ပင် မဆုံးသေးမီ အခန်းထဲသို့ ချက်ချင်း ဆွဲသွင်းခံလိုက်ရ၏။ ဤခံစားချက်က တကယ်ကို မကောင်းဆိုးဝါး မြွေမလေး၏ ဂူထဲကို ဆွဲသွင်းခံလိုက်ရသလိုမျိုး ခံစားလိုက်ရသည်။
ပိုင်ယင်မြို့၏ ရေပိုင်နက်အနီးသို့ ရောက်ရှိလာချိန်မှာတော့ ပြွတ်သိပ်နေသော ရေယာဉ်စုများကို တွေ့မြင် လိုက်ရ၏။
ဧရာမ နုဧကရာဇ် စစ်သင်္ဘော ဆယ်စင်းကျော်ရှိပြီး အမြောက်များ ပါရှိကာ ရေနွေးငွေ့ စွမ်းအင်ကို အသုံးပြုထား၏။ စစ်သင်္ဘောတိုင်း၏ အလံများပေါ်တွင် ကြောက်စရာကောင်းသော အမှောင် မကောင်းဆိုးဝါး နဂါးပုံများ ပြောင်းလဲသွားကြောင်း တွေ့လိုက်ရသည်။
ထို့အပြင် စစ်သင်္ဘောတိုင်းတွင် မကောင်းဆိုးဝါး နဂါး၏ ဦးခေါင်းကို ထုဆစ်ထားပြီး ရက်စက် ကြမ်းကြုတ်ကာ မကောင်းဆိုးဝါး ဆန်ပြီး လျှို့ဝှက်ဆန်းကြယ်ကာ အင်အားကြီးမား၏။
ပိုင်ယင်မြို့ တစ်ခုလုံးက ထိုပင်လယ်အောက် အရှင်သခင်ကြီးကို သူတို့၏ ကိုးကွယ်ရာအဖြစ် တကယ် သတ်မှတ်ထားကြခြင်း ဖြစ်သည်။
ဤအချိန်တွင် ယွင်ကျုံးဟဲ့ လည်း ပိုင်ယင်မြို့ကို နောက်ဆုံးတော့ မြင်တွေ့လိုက်ရသည်။ ဤသည်မှာ ကျွန်းစု တစ်ခု ဖြစ်ပြီး ဧရိယာ အလွန် ကြီးမားကာ မျက်မှောက်ရှိ နေရာမှာ ပိုင်ယင်မြို့၏ အပြင်ဘက် မြို့တော်သာ ဖြစ်သေး၏။
တောင်စောင်းတွင် အိမ်များ ပြည့်ကျပ်နေအောင် တည်ဆောက်ထားပြီး အလွန် လှပ၏။ နေရာတိုင်းတွင် သိုင်းသမားများ ဓားရေး လေ့ကျင့်နေကြသည်။
အဝေးရှိ ကျွန်းပေါ်တွင် ဧရာမ မီးခိုးခေါင်းတိုင်များမှ မီးခိုးများ ထွက်ပေါ်နေပြီး ကောင်းကင် တစ်ခုလုံးကို မီးခိုးငွေ့များ လွှမ်းခြုံထားလုနီးပါး ဖြစ်နေ၏။
ပိုင်ယင်မြို့တွင်လည်း ဧရာမ ပန်းပဲ အလုပ်ရုံများ ရှိသည်။ အဘယ်ကြောင့်ဆိုသော် ယွင်ကျုံးဟဲ့သည် ဧရာမ မီးခိုးခေါင်းတိုင် ရာပေါင်းများစွာကို တွေ့လိုက်ရသောကြောင့်ပင်။
ပိုင်ဖေးဖေး သည် ယွင်ကျုံးဟဲ့ကို ခေါ်ဆောင်ကာ ဆိပ်ကမ်းပေါ်သို့ တက်ရောက်လာသည်။
အသွင်ပြောင်း သိုင်းသမား ထောင်ချီက လက်နက် အပြည့်အစုံ တပ်ဆင်ကာ အသွင်ပြောင်း စစ်မြင်းများကို စီးနင်း၍ ရောက်ရှိလာကြသည်။ အတူတကွ ရောက်လာသည်မှာ ဧရာမ မြင်းလှည်းကြီး တစ်စီးလည်း ပါဝင်၏။
ယွင်ကျုံးဟဲ့ မြင်းလှည်းပေါ်သို့ တက်ရန် ပြင်လိုက်စဉ် ရုတ်တရက် မလှမ်းမကမ်းမှ အမျိုးသမီး တစ်ဦး လျှောက်လာ၏။ သူမ၏ ခန္ဓာကိုယ် အချိုးအစားမှာ အလွန် တောင့်တင်းပြီး ဆွဲဆောင်မှု ရှိသည်။
သူမမှာ ပိုင်ယင်မြို့၏ ယခင် ရေတပ် စစ်သူကြီး လီဟွာမေ ဖြစ်ပြီး ယခု သူမက ပင်လယ်ပြင်သို့ ထွက်ခွာရန် ပြင်နေပုံ ရသည်။ ယွင်ကျုံးဟဲ့ကို မြင်ချိန်မှာတော့ သူမ အနည်းငယ် အံ့ဩသွားပြီး အကြည့်များက စိတ်လှုပ်ရှားလာ၏။
ယွင်ကျုံးဟဲ့ ရှေ့တိုးသွားကာ သူမနှင့် ဖက်လိုက်သည်။ ‘အရင်ကလိုပဲ အံ့ဩစရာကောင်းတဲ့ ကျုံ့ဆန့်နိုင်စွမ်းတွေနဲ့ ပြည့်နှက်နေတုန်းပဲ။’
“ရှင်... အဖမ်းခံရတာလား။” လီဟွာမေက မေးလိုက်၏။
“မဟုတ်ပါဘူး။” ယွင်ကျုံးဟဲ့က ဖြေသည်။
ပိုင်ဖေးဖေးက လောဆော်လိုက်၏။ “သွားမယ်။ ကျွန်မအဖေ စောင့်ရတာ ကြာနေလိမ့်မယ်။ ရှင်တို့ ရည်းစားဟောင်း နှစ်ယောက် ပြန်တွေ့တာ ဒီတစ်ခဏလေးကို လောနေစရာ မလိုပါဘူး။ ညကျရင် ကျွန်မ အဒေါ်နဲ့ အတူတူ ရှင့်ကို ပြုစုပေးမယ်။ ရှင် ခံနိုင်ရည် ရှိဖို့ပဲ မျှော်လင့်ပါတယ်။”
ယွင်ကျုံးဟဲ့ မတတ်သာသလို လီဟွာမေ လည်း ပို၍ မတတ်သာပေ။
“ကျွန်မ ပင်လယ်ပြင်ကို သွားစရာ ရှိသေးတယ်။ နောက်မှ တွေ့မယ်။” လီဟွာမေက ပြောလိုက်သည်။
ယွင်ကျုံးဟဲ့က နှုတ်ဆက်လိုက်၏။ “နောက်မှ တွေ့မယ်။”
ဧရာမ မြင်းလှည်းကြီးပေါ်သို့ တက်ပြီးနောက် ပိုင်ဖေးဖေးက ပြောလိုက်သည်။ “ရှောင်ချီ... နားပိတ်ထား။”
ပိုင်ချီက မတတ်သာစွာဖြင့် ပြောလိုက်၏။ “ကျုပ် မြင်းလှည်းပေါ်က ဆင်းပြီး မြင်းပဲ စီးတော့မယ်။”
ထို့နောက် သူ ချက်ချင်း ဆင်းသွားသည်။ သူသည် ဖြူစင်သော လူငယ်လေး တစ်ယောက် ဖြစ်သော်လည်း အချို့သော ကိစ္စရပ်များကိုတော့ သူ နားလည်ပြီး အတော်လေး စိတ်ဝင်စားစရာ ကောင်းသည်ဟုလည်း ထင်မြင်သည်။
သို့သော်ငြား သူ့အဖေနှင့် အမေက ဤကိစ္စများကို ပြောနေကြချိန်၌ နားကြားပြင်း ကပ်စရာ ကောင်းပြီး၊ မျက်စိနောက်စရာ ကောင်းလာပြီဖြစ်၏။
“ကျွန်မအဒေါ်ကို တွေ့ရတာ သူ သိပ်မပြောင်းလဲသွားဘူးမလား။ ဒါက အသွင်ပြောင်းခြင်းရဲ့ ဆွဲဆောင်မှုပဲ။”
ပိုင်ဖေးဖေးက ပြောလိုက်သည်။ “သူ့ရဲ့ တောင့်တင်းပြီး မကောင်းဆိုးဝါးလို ဆွဲဆောင်မှု ရှိတဲ့ ခန္ဓာကိုယ်ကို မြင်ရတော့ နည်းနည်းလေး စိတ်လှုပ်ရှားလာတယ်မလား။”
ယွင်ကျုံးဟဲ့ သူမကို ဂရုမစိုက်ချင်တော့ပေ။
ပိုင်ဖေးဖေးက မေးလိုက်၏။ “ကျွန်မတို့က မကောင်းဆိုးဝါးမတွေပါ။ ကိုယ်ပျော်ရွှင်ဖို့ကိုပဲ ဂရုစိုက်ပြီး အစဉ်အလာ အယူအဆတွေကို ဂရုမစိုက်ပါဘူး။ မဟုတ်ရင် နောက်နှစ်ရက်နေရင် လီဟွာမေကို ကျွန်မ ဖိတ်ခေါ်လိုက်မယ်။ ဒါပေမဲ့ အနာဂတ်မှာ သူ ကလေး မွေးလာရင် ရှောင်ချီရဲ့ မောင်လေး ဖြစ်မလား။ ဒါမှမဟုတ် ဦးလေး ဖြစ်မလား။”
ယွင်ကျုံးဟဲ့ လုံးဝ မကြားချင်ယောင် ဆောင်နေရတော့သည်။
ပိုင်ဖေးဖေးက ဆက်ပြော၏။ “အခု ရှင် မြင်တွေ့နေရတာက ပိုင်ယင်မြို့ရဲ့ အပြင်ဘက် မြို့တော်ပဲ ရှိသေးတာ။ ဒါတောင် သဘာဝ အတားအဆီးတွေ ရှိနေပြီ။ ရှင် ပိုင်ယင်မြို့ရဲ့ အတွင်းဘက် မြို့တော်ကို မြင်ရတဲ့ အခါကျရင် အရမ်း အံ့ဩမသွားနဲ့နော်။”
နှစ်ရက်အကြာတွင် ယွင်ကျုံးဟဲ့သည် အတွင်း ပိုင်ယင်မြို့ကို မြင်တွေ့လိုက်ရ၏။ ခေါင်းမော့ကြည့်လိုက်ပြီး စကားလုံး သုံးလုံးဖြင့်သာ မှတ်ချက်ချလိုက်နိုင်သည်။ ‘ချီးတဲ့မှ…’
အတွင်းပိုင်ယင်မြို့သည်လည်း ဧရာမ ကျွန်းကြီးတစ်ခုဖြစ်ပြီး ပတ်လည်တွင် မီတာ နှစ်ရာကျော် မြင့်မားသော ချောက်ကမ်းပါးများ ရှိကာ ကျွန်းတစ်ခုလုံးကို ဝိုင်းရံထားပြီး သဘာဝ မြို့ရိုးကြီး အဖြစ် တည်ရှိနေ၏။
တိတိကျကျ ပြောရလျှင် အမြင့်ဆုံး နေရာမှာ မီတာ နှစ်ရာကျော်ရှိပြီး အနိမ့်ဆုံး နေရာမှာလည်း မီတာ တစ်ရာကျော် ရှိသည်။
ပိုင်ယင်မြို့ တစ်ခုလုံးသည် ဤကျွန်း၏ အလယ်ဗဟိုတွင် ရှိပြီး သဘာဝ ချောက်ကမ်းပါးများ၏ ဝိုင်းရံခြင်းကို ခံထားရကာ ပြင်ပနှင့် ဆက်သွယ်ရန် ဧရာမ တံခါး တစ်ပေါက်သာ ရှိသည်။ ဤဧရာမ ကျောက်တံခါးကြီးကို လူအင်အားဖြင့် ထွင်းထု ဖောက်လုပ်ထားခြင်း ဖြစ်၏။
ထို့အပြင် ဤကျောက်တံခါးသည် မီတာ ဆယ်ဂဏန်းခန့် အမြင့်တွင် ရှိပြီး လှေကားထစ် ဆယ်ဂဏန်းခန့်ကို တက်ရသည်။
‘ဒါက သဘာဝ ခံတပ်ကြီးလေ။ ဒါကို ဘယ်လို သွားတိုက်မလဲ။ လုံးဝ မဖြစ်နိုင်ဘူး။ တကယ့်ကို လူတစ်ယောက်က ဝင်ပေါက်ကို ပိတ်ထားရင် လူတစ်သောင်းတောင် ဖြတ်မသွားနိုင်တဲ့ နေရာပဲ။ ပြီးတော့ ချောက်ကမ်းပါးထိပ်မှာလည်း အမြောက်စင်တွေ၊ ဧရာမ ဒူးလေးကြီးတွေ ပြည့်နှက်နေပြီး အသွင်ပြောင်း သိုင်းသမားတွေလည်း ကင်းလှည့်နေသေးတယ်။’
ကောင်းကင်ယံတွင်လည်း အသွင်ပြောင်း ဇင်ယော်အုပ်စုများက ပတ်လည်ရှိ ပင်လယ်ပြင်ကို ကင်းလှည့်နေ ကြသည်။ ဤပိုင်ယင်မြို့သည် ယွင်ကျုံးဟဲ့ မြင်ဖူးသမျှထဲတွင် အံ့ဩစရာ အကောင်းဆုံး မြို့ဖြစ်ပြီး ခိုင်ခံ့လွန်းသည်ဟုပင် ဖော်ပြ၍ မရနိုင်လောက်အောင်ပင်။
“ကျွန်မတို့ ပိုင်ယင်မြို့ကို လာတိုက်ဖို့ စိတ်ကူးနေတုန်းပဲလား။”
ပိုင်ဖေးဖေးက အထင်သေးစွာ ပြောလိုက်၏။ “ရှင် တိုက်နိုင်လို့လား။ ရှင်ဆိုတဲ့ လူက ရှင့်ရဲ့ စွမ်းရည်တွေလိုပဲ ပါးစပ် တစ်ပေါက်ပဲ ကျန်တော့တာ။”
ယွင်ကျုံးဟဲ့ တိတ်ဆိတ်နေ၏။ ပိုင်ဖေးဖေး သည် ဤကိစ္စနှင့် ပတ်သက်၍ သူ့ကို အမြဲတမ်း တိုက်ခိုက်လေ့ ရှိသည်။
“ငါ လာပြီ၊ တံခါးဖွင့်…” လှေကားထစ်များပေါ်သို့ ရောက်ရှိချိန်မှာတော့ ပိုင်ဖေးဖေးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ခဏအကြာတွင် ဧရာမ သံမဏိ တံခါးကြီး ဖြည်းညင်းစွာ ပွင့်လာ၏။
အလွန် လှပလွန်းသော မြို့ကြီး တစ်မြို့ ယွင်ကျုံးဟဲ့၏ မျက်စိရှေ့တွင် ပေါ်ထွက်လာ၏။ ဤသည်မှာ ကျွန်းပေါ်ရှိ မြို့တစ်မြို့ ဖြစ်သော်လည်း ဧရာမ ချောက်ကမ်းပါးများ၏ ဝိုင်းရံထားမှုကြောင့် အတွင်းတွင် ရာသီဥတု သာယာပြီး ပန်းများ ပွင့်လန်းကာ ရာသီဥတုက အမြဲတမ်း နွေဦးပေါက်လို ဖြစ်နေသည်။
မြို့တစ်ခုလုံးသည် တကယ့်ကို ပန်းကန်လုံး အကြီးကြီး တစ်လုံးနှင့် တူပြီး အဆောက်အအုံများက အနိမ့်အမြင့် ကွေ့ကောက်နေ၏။
အထူးတလည် ဂရုစိုက် ပြင်ဆင်စရာပင် မလိုဘဲ ဤနေရာတွင် နေရာတိုင်း၌ ပန်းခြံများ ရှိပြီး နေရာတိုင်း၌ ရုက္ခဗေဒ ဥယျာဉ်များ ရှိနေသည်။
နန်းတော်သည် မြောက်ဘက်တွင်ရှိပြီး ဧရာမ ရဲတိုက် အုပ်စုကြီး တစ်ခု ဖြစ်ကာ မြေပြင်မှ မီတာ တစ်ရာကျော် အမြင့်တွင် ရှိသောကြောင့် မြို့တစ်ခုလုံး၏ အပေါ်တွင် တွဲလောင်း ချိတ်ဆွဲထားသကဲ့သို့ ဖြစ်နေသည်။ ဤသည်မှာ ယွင်ကျုံးဟဲ့ မြင်ဖူးသမျှထဲတွင် အထူးဆန်းဆုံး နန်းတော် ဖြစ်၏။
ဤနေရာသည် တာရှန်းမိစ္ဆာနိုင်ငံနှင့် လုံးဝ မတူညီဘဲ ခမ်းနား ကြီးကျယ်မှုအပြင် အနုပညာနှင့် အလှအပများလည်း ပြည့်နှက်နေသည်။ ထို့အပြင် တွေးထားသလောက်လည်း မဖိနှိပ်ထားပေ။
ထို့နောက် ယွင်ကျုံးဟဲ့နှင့် ပိုင်ဖေးဖေး တို့သည် မြင်းလှည်း စီးကာ ပိုင်ယင်မြို့ တစ်ခုလုံးကို ဖြတ်သန်းပြီး နန်းတော် အတွင်းသို့ ဝင်ရောက်သွားသည်။
သူ နောက်ဆုံးတော့ ပိုင်ယင်မြို့စားကို မြင်တွေ့ခွင့် ရလိုက်ပြီ ဖြစ်သည်။ မဟုတ်ပေ။ ဘုရင် ပိုင်ကုကို ဖြစ်သည်။
ဤလူသည် တာရှန်းမိစ္ဆာနိုင်ငံ၏ အမှောင် မိစ္ဆာဘုရင် ဖြစ်လာရန် အနည်းငယ်သာ လိုတော့သူ ဖြစ်သည်။ ယခင်က သူသည် ဤကမ္ဘာပေါ်တွင် အလျှို့ဝှက်ဆန်းကြယ်ဆုံး လူ၊ အင်အားအကြီးဆုံး လူ ဖြစ်ခဲ့၏။
ယခုအခါ သူ၏ ခန္ဓာကိုယ်သည် တစ်ဝက်သာ ကျန်ရှိတော့ပြီး ခါးအောက်ပိုင်း ပြတ်သွားသောကြောင့် ကျန်တစ်ဝက်သော ခန္ဓာကိုယ်ဖြင့် ကျောက်တုံး ကုလားထိုင်ပေါ်တွင် ထိုင်နေ၏။ သူ၏ အကြည့်များသည် ပိုင်ချီ၏ ကိုယ်ပေါ်တွင်သာ ရှိနေသည်။
အချိန်အတော်များများတွင် သူသည် သမီးဖြစ်သူ ပိုင်ဖေးဖေးနှင့် စကားပြောနေသော်လည်း အလိုအလျောက်ပင် အကြည့်များက မြေးဖြစ်သူ ပိုင်ချီ ၏ ကိုယ်ပေါ်သို့ ရောက်ရှိသွားတတ်သည်။ ပိုင်ချီ သည် သူ၏ အသက်သွေးကြော ဖြစ်နေကြောင်း ထင်ရှား၏။
ထမင်းစားပွဲတွင် ပိုင်ကုဘုရင်သည် အစမှ အဆုံးထိ ယွင်ကျုံးဟဲ့နှင့် စကားတစ်ခွန်းမှ မပြောခဲ့ဘဲ သဘောထားက အလွန် အေးစက်နေသည်။
သူသည် ပိုင်ချီ ၏ စာသင်ကြားမှု အခြေအနေများကို အမြဲတမ်း မေးမြန်းနေပြီး အလွန် အသေးစိတ်ကျစွာ မေးမြန်းနေ၏။
ဘုရင် ပိုင်ကုသည် မြေးဖြစ်သူ ပိုင်ချီကို အကြိမ်ကြိမ် အသွင်ပြောင်းရန် မလောသလို၊ အလွန် အင်အား ကြီးမားသော သိုင်းပညာများ လေ့ကျင့်ရန်လည်း မလောကြောင်း ယွင်ကျုံးဟဲ့ မြင်တွေ့လိုက်ရသည်။
သူက ပိုင်ချီကို သီအိုရီ အသိပညာများကို အပြည့်အဝ နားလည်သဘောပေါက်စေချင်ပြီး တာရှန်းမိစ္ဆာနိုင်ငံ၏ သိုင်းပညာ ယဉ်ကျေးမှုကို အခြေခံမှစ၍ နားလည်သဘောပေါက်စေချင်ခြင်း ဖြစ်သည်။ ထိုသို့မှသာ အနာဂတ်တွင် ပိုင်ချီ သည် တစ်ခါမှ မရှိဖူးသော အဆင့်အတန်းသို့ ရောက်ရှိနိုင်မှာဖြစ်၏။
အကယ်၍ အစတည်းက အင်အားကြီးလာအောင် လောနေမည် ဆိုပါက အနာဂတ်တွင် စိတ်သဘောထား ကြီးမားစွာ ပြောင်းလဲသွားမည်၊ သို့မဟုတ် သိုင်းပညာ လမ်းလွဲသွားမည်၊ သို့မဟုတ် အမြင့်ဆုံး အဆင့်အတန်းသို့ ဘယ်တော့မှ ရောက်ရှိနိုင်မည် မဟုတ်ပေ။
အတိုချုပ် ပြောရလျှင် သူ အဘိုး တစ်ယောက် အနေဖြင့် ပိုင်ချီ ၏ အခြေခံ အုတ်မြစ်ကို ကိုယ်တိုင် အပြည့်အဝ တည်ဆောက်ပေးမည် ဖြစ်သည်။ သူက အပြည့်စုံဆုံး ဆက်ခံသူ တစ်ယောက်ကို မွေးထုတ်ပေးချင်နေ၏။
ထမင်းစားချိန် နာရီဝက်… ထို့နောက် စာမေးချိန် နှစ်နာရီ…
သူက ပိုင်ချီ၏ ဉာဏ်ရည်ကို အလွန် သဘောကျနေသည်။
“ကဲ... သွားဆော့တော့။ မင်းရဲ့ သူငယ်ချင်းတွေနဲ့ သွားဆော့တော့။” ပိုင်ကုက ကြင်နာစွာ ပြောလိုက်၏။
ပိုင်ချီ မတ်တတ်ရပ်ကာ ပြောသည်။ “အဘိုး.. အဖေ ကျုပ် သွားတော့မယ်။ အမေလည်း.. ကျုပ် သွားဆော့တော့မယ်။”
ပိုင်ဖေးဖေးက မေးလိုက်၏။ “မင်း သေချာ ပြောစမ်း။ ငါ့ကို ဘာလို့ နောက်ဆုံးမှာ ထားရတာလဲ။ ပြီးတော့ ဘာလို့ လည်း ဆိုတဲ့ စကားလုံးက ပါနေသေးတာလဲ။”
ဘုရင် ပိုင်ကုက ပြောလိုက်သည်။ “ဖေးဖေး... မင်းလည်း ထွက်သွားတော့။”
ပိုင်ဖေးဖေးက ပြော၏။ “အဖေ… ယွင်ကျုံးဟဲ့ ဆိုတဲ့ ဒီယောက်ျားက တခြား စွမ်းရည် မရှိဘူး၊ နှုတ်ရေး အရမ်း ကောင်းတာပဲ ရှိတာ။ အဖေ သူ့အလိမ်မခံရစေနဲ့နော်။ သမီး အဖေ့အနားမှာ ရှိနေရင် သူ အဖေ့ကို လှည့်စားလို့ မရတော့ဘူး။”
“ထွက်သွား...” ပိုင်ကုက မတတ်သာစွာဖြင့် လက်ကို ဝှေ့ယမ်းလိုက်သည်။
သူ၏ သမီးအပေါ်တွင် သူ လုံးဝ လက်လျှော့ထားပြီ ဖြစ်ကြောင်း သိသာလှပြီး မျှော်လင့်ချက် အားလုံးကို မြေးဖြစ်သူအပေါ်တွင်သာ ထားရှိလိုက်တော့၏။
အပိုင်း (၈၆၈)
အခန်းထဲတွင် ဘုရင် ပိုင်ကုနှင့် ယွင်ကျုံးဟဲ့ နှစ်ယောက်တည်းသာ ကျန်ရှိတော့သည်။ အချိန် အကြာကြီး စကားမပြောကြပေ။
အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူ ဘာပြောမည် ဆိုသည်ကို သိရှိထားသော်လည်း တစ်ဖက်လူကို ဖျောင်းဖျရန် အလွန် ခက်ခဲကြောင်း သိရှိထားကြသောကြောင့် အခွင့်အရေးကိုသာ စောင့်ဆိုင်းနေကြပြီး စတင် ဆွေးနွေးမည့် အချက်ကို ရှာဖွေနေကြခြင်း ဖြစ်သည်။
ဘုရင် ပိုင်ကုက ပြောလိုက်၏။ “တကယ်တမ်းတော့ အဲဒီတုန်းက တာယင် ဧကရာဇ်နဲ့ ကျုပ် သိုင်းပြိုင်တဲ့ အခါမှာ ကျုပ် နိုင်နိုင်တဲ့ အခွင့်အရေး ရှိခဲ့ပါတယ်။”
ယွင်ကျုံးဟဲ့ အံ့ဩသွားသည်။
‘အဲဒီတုန်းက တာယင် ဧကရာဇ်က အင်အားကြီးမားတဲ့ ရေဒီယိုသတ္တိကြွ စွမ်းအင်တွေရဲ့ ဆေးကြောမှုကို ခံခဲ့ရပြီး ပြန်လည် မွေးဖွားပြီး အသွင်ပြောင်းထားတာလေ။ အဲဒါကိုတောင် ပိုင်ကုက နိုင်နိုင်သေးတယ်လား။’
ဘုရင် ပိုင်ကုက ပြောလိုက်၏။ “ကျုပ်က ဖေးဖေးကို ခင်ဗျားဆီ လွှတ်ပြီး အရာတစ်ခု တောင်းခိုင်းခဲ့တယ်။ ပြီးတော့ ကလေး တစ်ယောက် ရခဲ့တယ်။”
ယွင်ကျုံးဟဲ့ တိတ်ဆိတ်နေသည်။
ဘုရင် ပိုင်ကုက ဆက်ပြော၏။ “မူလက ကျုပ်ရဲ့ အစီအစဉ်က အဲဒီ ကလေးကို စတေးပြီး ကျုပ်ရဲ့ အသွင်ပြောင်းမှုကို အောင်မြင်အောင် လုပ်ဖို့ပဲ။ ဘာလို့လဲဆိုတော့ အဲဒီ ကလေးက ခင်ဗျားရဲ့ ရွှေရောင် သွေးကြောကို အစစ်အမှန် ဆက်ခံထားသလို တာရှန်းမိစ္ဆာနိုင်ငံရဲ့ သန့်စင်တဲ့ သွေးကြောကိုလည်း ဆက်ခံထားတယ်။
သူ့ကို စတေးလိုက်တာနဲ့ ကျုပ်ကို တစ်ခါမှ မရှိဖူးတဲ့ အသွင်ပြောင်းမှုတွေ လုပ်နိုင်စေပြီး အရမ်း အင်အားကြီးလာစေမယ်။ တာယင် ဧကရာဇ်နဲ့ နောက်ဆုံး အဆုံးအဖြတ် တိုက်ပွဲမှာ ကျုပ် နိုင်မှာပဲ။ ကျုပ် တာရှန်းမိစ္ဆာနိုင်ငံရဲ့ ဧကရာဇ် ဖြစ်လာမှာပဲ။ အဲဒီတုန်းက ကျုပ် တကယ်ကို ကံကြမ္မာကို ပြောင်းပြန် လှန်နိုင်ခဲ့ပါတယ်။”
ဘုရင် ပိုင်ကုက သက်ပြင်းချလိုက်သည်။
“အဲဒါကြောင့် အဲဒီတုန်းက ဖေးဖေးကို ခင်ဗျားရဲ့ သွေးကြောကို ယူပြီး ကိုယ်ဝန်ဆောင်ခိုင်းခဲ့တာက သူ့ကို စတေးပြီး ကျုပ်ကို အောင်မြင်စေဖို့ပဲ။”
ဘုရင် ပိုင်ကုက တုန်ယင်နေသည့် အသံဖြင့် ပြောလိုက်၏။ “ဒါပေမဲ့ အဲဒီ ကလေး မွေးလာပြီးတဲ့နောက်မှာ လီဟွာမေက သူ့ကို မီးဖွားခန်းထဲကနေ ချီထုတ်လာပြီး ကျုပ်ကို ပြတဲ့ အချိန်မှာ သူရဲ့ အားနည်းပြီး ချစ်စရာကောင်းတဲ့ ပုံစံလေး၊ ပြီးတော့ သူ့ရဲ့ မည်းနက်နေတဲ့ မျက်လုံးလေးတွေကို ကြည့်ပြီး ကျုပ် တစ်ကိုယ်လုံး ပြိုလဲသွားခဲ့တယ်။ လုံးဝ လုပ်ရက်စရာ အကြောင်း မရှိတော့ဘူး။
အဲဒါကြောင့် ကျုပ် အဲဒီ အစီအစဉ်ကို စွန့်လွှတ်လိုက်တယ်။ ပြီးတော့ တာယင် ဧကရာဇ်နဲ့ နောက်ဆုံး အဆုံးအဖြတ် တိုက်ပွဲမှာ ကျုပ် ရှုံးသွားတယ်။ ခါးအောက်ပိုင်း တစ်ခုလုံး ပြတ်သွားပြီး တာရှန်းမိစ္ဆာနိုင်ငံရဲ့ အမှောင် မိစ္ဆာဘုရင် နေရာကို ဆုံးရှုံးခဲ့ရတယ်။ ဒါပေမဲ့ ကျုပ် နောင်တမရပါဘူး။”
ဘုရင် ပိုင်ကုက ပြောလိုက်သည်။ “ကျုပ် ဘုရင်ရာထူးကို ဆုံးရှုံးခဲ့ရပြီး ပိုင်ယင်မြို့ကို လက်ရှိ သေရေးရှင်ရေး အကျပ်အတည်းထဲ ရောက်သွားစေခဲ့ပေမယ့် ကျုပ် အဲဒီတုန်းက ဆုံးဖြတ်ချက်ကို အရမ်း ဝမ်းသာနေမိတုန်း ပါပဲ။
ကျုပ်တို့ လျှောက်ခဲ့တဲ့ လမ်းတွေ အားလုံး လွဲမှားခဲ့တယ်။ ဖေးဖေးရဲ့ လမ်းကဆိုရင် ပိုပြီးတော့တောင် လွဲမှားနေသေးတယ်။ အဲဒါကြောင့် ရှောင်ချီ ကို ခြေတစ်လှမ်းမှ အမှားမခံနိုင်ဘူး။ သူ့ကို တာရှန်း အင်ပါယာရဲ့ အပြည့်စုံဆုံး ဆက်ခံသူ တစ်ယောက် ဖြစ်လာအောင် ကျုပ် ပျိုးထောင်ပေးရမယ်။”
ထို့နောက် ဘုရင် ပိုင်ကုက ယွင်ကျုံးဟဲ့ကို ကြည့်ကာ ပြောလိုက်၏။ “ခင်ဗျား လာတာက ကျုပ်ကို လာပြီး ဖျောင်းဖျဖို့မလား။ ပိုင်ယင်မြို့ကို ခင်ဗျားဆီ လက်နက်ချဖို့၊ တာ့ယန် အင်ပါယာဆီ လက်နက်ချဖို့ လာဖျောင်းဖျတာ မလား။”
ယွင်ကျုံးဟဲ့က ဖြေသည်။ “ဟုတ်ပါတယ်။”
ဘုရင် ပိုင်ကုက ခေါင်းညိတ်လိုက်၏။ “ရပါတယ်။ ပြဿနာ မရှိပါဘူး။ ခင်ဗျား ကျုပ်ရဲ့ စည်းကမ်းချက် တစ်ခုကို သဘောတူပေးရင် ရပါပြီ။”
ယွင်ကျုံးဟဲ့ အနည်းငယ် အံ့ဩသွားသည်။ ‘ဒီလောက်တောင် ပြတ်သားတာလား။ သူ အရင်က ပိုင်ဖေးဖေးနဲ့ အကြိမ်ကြိမ် ဆွေးနွေးခဲ့ပေမယ့် သူက လုံးဝ အလျှော့မပေးခဲ့ဘူးလေ။ ပိုင်ယင်မြို့ကို လက်နက်ချခိုင်းဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ဘူးလို့ပဲ ပြောခဲ့တာ။ ဒါပေမဲ့ အခု ဘုရင် ပိုင်ကုက တိုက်ရိုက် ခေါင်းညိတ် သဘောတူလိုက်တယ်လား။’
“ယွင်ကျုံးဟဲ့... ဧကရာဇ် ဆိုတဲ့ လူကို ခင်ဗျားဘယ်လို ထင်လဲ။” ပိုင်ကုက မေးလိုက်၏။
သူ ပြောသော ဧကရာဇ် ဆိုသည်မှာ သေချာပေါက် တာရှန်းမိစ္ဆာနိုင်ငံ၏ ဧကရာဇ်ဖြစ်ပြီး ယခင် တာယင် အင်ပါယာ ဧကရာဇ်လည်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယခုအခါ လောက တစ်ဝှမ်းလုံးတွင် သူ တစ်ပါးတည်းသာ ဧကရာဇ် အဖြစ် ကျန်ရှိတော့သောကြောင့် ဖြစ်သည်။
ယွင်ကျုံးဟဲ့က ဖြေ၏။ “လောကမှာ ကြောက်စရာ အကောင်းဆုံး လူပါပဲ။”
ဘုရင် ပိုင်ကုက မေးလိုက်သည်။ “သူ ပျောက်ကွယ်သွားတာ သုံးနှစ်ကျော် ရှိပြီ။ သူ ဒုက္ခရောက်နေပြီလို့ ခင်ဗျား ထင်လား။ ဒါမှမဟုတ် သူ သေသွားပြီလို့ ထင်လား။”
ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “မထင်ပါဘူး။”
ဘုရင် ပိုင်ကုက ထပ်မေးသည်။ “ဘာလို့ ဒီလောက်တောင် သေချာနေရတာလဲ။ အဲဒီတုန်းက နုဧကရာဇ်တောင် ဒုက္ခရောက်ခဲ့သေးတာပဲ။ သူက ဘာလို့ ဒုက္ခမရောက်ရမှာလဲ။”
ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “နုဧကရာဇ်က စံပြ ရည်မှန်းချက်သမား တစ်ယောက်ပါ။ ဒါပေမဲ့ တာရှန်း မိစ္ဆာနိုင်ငံရဲ့ ဧကရာဇ် ကတော့ လုံးဝ တခြား လူတစ်ယောက်ပါ။ ဒီလူရဲ့ ဉာဏ်ပညာ၊ နည်းဗျူဟာ၊ ဧကရာဇ်ရဲ့ အာဏာသုံးတတ်မှု၊ သိုင်းပညာ အားလုံးက ထိပ်တန်း အဆင့်တွေချည်းပါပဲ။ သူ ဒုက္ခရောက်နေပြီလို့ မျှော်လင့်နေတာက အရမ်းကို ရိုးအလွန်းရာ ကျပါတယ်။”
ဘုရင် ပိုင်ကုက ဆက်မေးသည်။ “သူ အခု ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး စိန်ခေါ်မှုက ဘာလဲလို့ ခင်ဗျား ထင်လဲ။”
ယွင်ကျုံးဟဲ့က ဖြေ၏။ “ရိုးရာ အစဉ်အလာတွေကို ဘယ်လို ပြောင်းလဲပြီး သူ့သားဖြစ်သူ တာယင် ဘုရင်ကို နောက်ထပ် ဧကရာဇ် တစ်ပါး ဖြစ်လာအောင် ဘယ်လို လုပ်မလဲ ဆိုတာပဲ။”
ဘုရင် ပိုင်ကုက အံ့အားတသင့်ဖြင့် မေးလိုက်သည်။ “သူ မအိုမသေ ထာဝရ အသက်ရှင်နိုင်ဘူး ဆိုတာ ခင်ဗျား ဘယ်လို သိလဲ။”
‘အကယ်၍ မအိုမသေ ထာဝရ အသက်ရှင်နိုင်တယ် ဆိုရင် ဘုရင်ရာထူး ဆက်ခံဖို့ ကိစ္စက မလိုအပ်တော့ဘူးလေ။’
ဘုရင် ပိုင်ကုက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “အဲဒါကြောင့် သူ့ရဲ့ ပထမဆုံး ရည်မှန်းချက်က မအိုမသေ ထာဝရ အသက်ရှင်ဖို့ပဲ။ ဒါပေမဲ့ ဒီရည်မှန်းချက်က ဖြစ်နိုင်ခြေ နည်းတယ်လို့ ကျုပ် ထင်တယ်။ အဲဒါကြောင့် သားမြေးတွေကို ဘုရင်ရာထူး ဆက်ခံခိုင်းဖို့က သူ့ရဲ့ ဒုတိယ ရည်မှန်းချက် ဖြစ်လာတာပဲ။”
ထို့နောက် ပိုင်ကုက မေးလိုက်၏။ “ပိုင်ဖေးဖေး နဲ့ ခင်ဗျားရဲ့ ဆွေးနွေးပွဲက ကျရှုံးသွားတယ် မလား။”
ယွင်ကျုံးဟဲ့က ဖြေသည်။ “ဟုတ်တယ်။ ဘာလို့လဲဆိုတော့ သူ့မှာ သူ့ရဲ့ ကန့်သတ်ချက် ရှိပြီး တာ့ယန် အင်ပါယာကို လုံးဝ လက်နက်ချမှာ မဟုတ်ဘူး။ ပြီးတော့ ကျုပ်မှာလည်း ကျုပ်ရဲ့ ကန့်သတ်ချက် ရှိတယ်။ တောင်ပိုင်းပြည်နယ်ကို လုံးဝ အလံ လဲခွင့် မပြုနိုင်ဘူး။ အရှေ့တိုင်းလောကမှာ အင်ပါယာ တစ်ခုတည်းပဲ ရှိရမယ်။ အဲဒါက တာ့ယန် အင်ပါယာပဲ။”
ပိုင်ကုက ပြောလိုက်၏။ “သူမက မွေးတည်းက တာရှန်းမိစ္ဆာနိုင်ငံက လူဖြစ်ပြီး ပိုင်ယင်မြို့က မင်းသမီးလေးလေ။ သူမကို တာရှန်းမိစ္ဆာနိုင်ငံကိုယ်စား လက်နက်ချခိုင်းဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။”
ယွင်ကျုံးဟဲ့က မေးသည်။ “ဒါဆို ခင်ဗျားက ဘာလို့ သဘောတူနိုင်ရတာလဲ။ ခင်ဗျားက တာရှန်းမိစ္ဆာနိုင်ငံရဲ့ အစစ်မှန်ဆုံး မျိုးဆက်လေ။ အကယ်၍ တာ့ယန် အင်ပါယာကို လက်နက်ချလိုက်ရင် အကြီးမားဆုံး သစ္စာဖောက်မှုကြီး ဖြစ်မသွားဘူးလား။”
ပိုင်ကု သက်ပြင်းချကာ ဖြေလိုက်၏။ “ဖေးဖေး ခင်ဗျားကို ပြောပြလောက်ပါတယ်။ ကျုပ်က တကယ်တော့ တာရှန်းမိစ္ဆာနိုင်ငံရဲ့ စနစ်တွေ၊ အစဉ်အလာတွေကို သဘောမတူပါဘူး။ သဘောထား ပျော့ပျောင်းပြီး အမြင်ကျယ်တဲ့ တာရှန်း အင်ပါယာကြီးကို ကျုပ် တည်ထောင်ချင်ခဲ့တာ။ အဲဒါကြောင့် ဖြည်းဖြည်းချင်း ထိုးဖောက် ဝင်ရောက်တဲ့ နည်းလမ်းကို သုံးပြီး အရှေ့တိုင်းလောကရဲ့ အာဏာကို တစ်စစီ ဝါးမျိုဖို့ ကြိုးစားခဲ့တာ။
ကျုပ်ရဲ့ နောက်ဆုံး ရည်မှန်းချက်က အရှေ့တိုင်း အင်ပါယာတွေရဲ့ ဧကရာဇ်တွေ အားလုံးကို တာရှန်း မိစ္ဆာနိုင်ငံရဲ့ သွေးကြောတွေအဖြစ် ပြောင်းလဲပစ်ဖို့ပဲ။ ပြီးတော့ နုပျိုခြင်းနဲ့ အသက်ရှည်ဆေးကို သုံးပြီး သူတို့ကို ထိန်းချုပ်ကာ လောကကြီး တစ်ခုလုံးကို သိမ်းပိုက်ပြီး သိုင်းပညာ ယဉ်ကျေးမှုကို အဓိကထားတဲ့ လောကီ အင်ပါယာ တစ်ခုကို တည်ထောင်ဖို့ပဲ။”
ယွင်ကျုံးဟဲ့ ခေါင်းညိတ်လိုက်သည်။
ပိုင်ကုက ဆက်ပြော၏။ “ဒါပေမဲ့ ကျုပ် ကျရှုံးသွားတယ်။ တာရှန်းမိစ္ဆာနိုင်ငံရဲ့ အလံကို တခြားသူတွေ ယူသွားပြီ။ အစွန်းရောက်တဲ့အဖွဲ့၊ သေမင်း ထာဝရ ရှင်သန်ရေး အဖွဲ့တွေက နောက်ဆုံးတော့ အောင်ပွဲခံသွားပြီး ကျုပ်တို့နဲ့ ကွာဟချက်က ပိုပို ကြီးမားလာတယ်။
ကျုပ်ရဲ့ ပိုင်ယင်မြို့က အခုချိန်ထိ လွတ်လပ်ခွင့် အတိုင်းအတာ တစ်ခုအထိ ရှိနေသေးတာဟာ ကျုပ်တို့ဆီမှာ အင်အားကြီးမားတဲ့ ရေတပ် ရှိနေလို့ပဲ။ ကျုပ် အသက်ရှင်နေသေးသရွေ့ ပိုင်ယင်မြို့ကို ကာကွယ်ပေးနိုင်မယ်၊ ဖေးဖေးနဲ့ ရှောင်ချီကို ကာကွယ်ပေးနိုင်မယ်။
ဒါပေမဲ့ ကျုပ် မရှိတော့ရင်ကော။ ဘယ်သူက ပိုင်ယင်မြို့ကို ကာကွယ်နိုင်မှာလဲ။ ပိုင်ဖေးဖေးကို အားကိုးမလား။ လီဟွာမေကို အားကိုးမလား။ ရှောင်ချီ ကလည်း အသက် အရမ်းငယ်သေးတယ်။ အဲဒါကြောင့် ကျုပ် ဒီလောကကနေ ထွက်သွားတာနဲ့ ပိုင်ယင်မြို့ ပျက်စီးမယ့် အချိန်၊ ဖေးဖေးတို့ သေရမယ့် အချိန် ရောက်လာမှာပဲ။”
ယွင်ကျုံးဟဲ့က ပြောသည်။ “ပိုင်ယင်မြို့ဟာ အရင်က လောကမှာ အင်အားအကြီးဆုံး အင်အားစု တစ်ခု ဖြစ်ခဲ့တာပဲ။ အရည်အချင်း ရှိတဲ့သူတွေ အများကြီး ရှိရမှာပေါ့။”
ဘုရင် ပိုင်ကုက ခေါင်းခါယမ်းကာ ပြောလိုက်၏။ “သေချာပေါက် အရည်အချင်း ရှိတဲ့သူတွေ အများကြီး ရှိတာပေါ့။ ဒါပေမဲ့ ရည်မှန်းချက် ကြီးမားတဲ့ သူတွေက ဧကရာဇ်ဆီ သွားခိုလှုံကုန်ကြပြီ၊ မိစ္ဆာမြို့တော်ကို သွားကုန်ကြပြီ။ အဲဒီ ရည်မှန်းချက် ကြီးမားတဲ့သူတွေက ကျုပ်လို တစ်ပိုင်း ဒုက္ခိတလူကို ဘယ်လိုလုပ် ဆက်ပြီး သစ္စာခံနေတော့မှာလဲ။”
ကျင်းဝူရွှမ်းသည် ဥပမာကောင်း တစ်ခုပင် ဖြစ်၏။ သူမသည် ပိုင်ယင်မြို့၏ စနစ်ထဲမှ ခွဲထွက်သွားပြီး တာရှန်းမိစ္ဆာနိုင်ငံ၏ တောင်ပိုင်း မြို့စား ဖြစ်လာခဲ့သည်။
ပိုင်ကုက မေးလိုက်၏။ “ကျုပ်သာ ဒီလောကကနေ ထွက်သွားရင် ဘယ်သူက ဖေးဖေးကို ကာကွယ်နိုင်မှာလဲ။ ဘယ်သူက ရှောင်ချီကို ကာကွယ်နိုင်မှာလဲ။”
သူ၏ အကြည့်များက ယွင်ကျုံးဟဲ့၏ မျက်နှာပေါ်သို့ ရောက်ရှိသွားသည်။
ပိုင်ကုက ဆက်မေးလိုက်၏။ “ကျုပ်ရဲ့ နာမည်နဲ့ ဂုဏ်သိက္ခာက ပိုအရေးကြီးသလား။ ဒါမှမဟုတ် ကျုပ်သမီးနဲ့ မြေးက ပိုအရေးကြီးသလား။”
တကယ်တမ်းတွင် မြေး မဟုတ်ဘဲ ယွင်ကျုံးဟဲ့၏သား (သမီး၏သား) ဖြစ်သော်လည်း ပိုင်မျိုးရိုးကို ခံယူထားပြီး ပိုင်ယင်မြို့၏ အခြေခံ အုတ်မြစ်ကို ဆက်ခံရမည် ဖြစ်သောကြောင့် မြေးဟုသာ ခေါ်ဆိုခြင်း ဖြစ်သည်။
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ကျုပ် မလာခင်က အင်ပါယာရဲ့ အမတ်ကြီးတွေနဲ့ ဆွေးနွေးပြီးပါပြီ။ အရှေ့တိုင်း အင်ပါယာကြီး လေးခုရဲ့ ပြည်တွင်းနယ်မြေတွေကို တာ့ယန် အင်ပါယာက တိုက်ရိုက် အုပ်ချုပ်ပါမယ်။
ဒါပေမဲ့ ပိုင်ယင်မြို့ရဲ့ အရှေ့ဘက်က ကျွန်းစုတွေနဲ့ ကုန်းမြေတွေ၊ တစ်နည်းအားဖြင့် ခင်ဗျားတို့ရဲ့ မူလ နယ်မြေတွေကိုတော့ ခင်ဗျားတို့ကို ဆက်ပေးထားပြီး ပိုင်ယင် ဘုရင်နိုင်ငံကို တည်ထောင်ခွင့် ပေးပါ့မယ်။ လွတ်လပ်ခွင့် အတိုင်းအတာ တစ်ခုအထိလည်း ပေးထားပါ့မယ်။ ဒါပေမဲ့ ဒီပိုင်ယင် ဘုရင်နိုင်ငံဟာ သေချာပေါက် တာ့ယန် အင်ပါယာရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ရမှာ ဖြစ်ပြီး တာ့ယန် အင်ပါယာရဲ့ ဘုရင်ကို သစ္စာခံရပါမယ်။”
“ရပါတယ်။” ပိုင်ကုက သဘောတူလိုက်သည်။
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဒါဆို ခင်ဗျားရဲ့ စည်းကမ်းချက်ကို ပြောလို့ ရပါပြီ။”
ဘုရင် ပိုင်ကုက ပြောသည်။ “ခင်ဗျား ဧကရာဇ် အဖြစ် နန်းတက်ပါ။ ပြီးရင် ကျုပ်ရဲ့ မြေး၊ ခင်ဗျားရဲ့ သား ပိုင်ချီကို အိမ်ရှေ့မင်းသား အဖြစ် တင်မြှောက်ပါ။ သေချာပေါက် သူက ကျီးမျိုးရိုးကို ပြောင်းလဲ ခံယူနိုင်ပါတယ်။”
‘ချီးတဲ့မှ... ကျုပ်က ဒီစည်းကမ်းချက် ဖြစ်မှာကို ကြောက်နေတာလေ။’
ထို့ကြောင့် သူ ချက်ချင်း မျက်မှောင်ကြုတ်သွား၏။
ဘုရင် ပိုင်ကုက မေးလိုက်သည်။ “ဘာဖြစ်လို့လဲ။ မရဘူးလား။”
ယွင်ကျုံးဟဲ့က ဖြေ၏။ “ပထမဦးဆုံး အနေနဲ့ တာ့ယန် အင်ပါယာရဲ့ ဘုရင် ဆိုတာ တစ်ဦးတည်း အာဏာရှင် မဟုတ်ပါဘူး။ ဝန်ကြီးအဖွဲ့၊ စစ်တပ် ဦးစီးဌာနတို့နဲ့ အာဏာကို မျှဝေ ကျင့်သုံးရတာပါ။ ဒုတိယ အနေနဲ့ ရှောင်ချီကို အင်ပါယာရဲ့ အိမ်ရှေ့မင်းသား ဖြစ်လာအောင် လုပ်ဖို့ ဆိုတာ တကယ်ကို ကောင်းကင်ပေါ် တက်ရသလို ခက်ခဲပါတယ်။”