← Chapters

အခန်း (၈၆၉-၈၇၀)

Vol. 73 Ch. 869-870

အခန်း (၈၆၉-၈၇၀)

Vol. 73 Ch. 869-870

အပိုင်း (၈၆၉)

ယွင်ကျုံးဟဲ့သည် ယခုအခါ အာဏာရှင် ဘုရင် ဖြစ်သောကြောင့် သူ၏ သားသမီးများသည် မင်းသား၊ မင်းသမီး ဘွဲ့ထူးများ မရရှိကြသေးပေ။

ထို့အပြင် တာ့ယန် အင်ပါယာ၏ တာရှန်းမိစ္ဆာနိုင်ငံသွေးကြောဆိုင်ရာ ဥပဒေသည် အပြီးသတ် ပြင်ဆင်မှု မပြုလုပ်ရသေးသောကြောင့် ကျင်းချွဲ နှင့် ကျင်းဟူ တို့သည်လည်း တော်ဝင် မိသားစုဝင်များ မဖြစ်သေးချေ။

နှိုင်းယှဉ်ကြည့်မည် ဆိုပါက ပိုင်ချီ၏ ခန္ဓာကိုယ်ထဲရှိ တာရှန်းမိစ္ဆာနိုင်ငံသွေးကြောမှာ ပို၍ပင် သန့်စင်နေသေးရာ သူ့ကို အင်ပါယာ၏ အိမ်ရှေ့မင်းသား ဖြစ်လာစေရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပင် ဖြစ်သည်။

တာ့ယန်အင်ပါယာရှိ ပြည်သူများအတွက်မူ ကျီးချင့်၏ သားသမီးများထဲမှ အင်ပါယာ၏ အိမ်ရှေ့စံမင်းသား ဖြစ်လာခြင်းသည်သာ အသင့်တော်ဆုံးနှင့် လက်ခံနိုင်ဖွယ် အရှိဆုံး ဖြစ်သည်။ မိဖုရား တူရှား ဖွားမြင်သော ရင်သွေးပင်လျှင် အိမ်ရှေ့စံ ဖြစ်လာနိုင်ခြေ မရှိချေ။ ကျင်းကျုံးယွဲ့၏ ရင်သွေးများဆိုပါက သာ၍ပင် မဖြစ်နိုင်တော့ပေ။

ယွင်ယောင်သည် အင်ပါယာ၏ အိမ်ရှေ့စံမင်းသား ဖြစ်လာရန် ဖြစ်နိုင်ခြေ ပိုမိုများပြားလျက် ရှိသည်။ အကြောင်းမူကား သူသည် သားအကြီးဆုံး ဖြစ်သည့်အပြင် သူ၏ ခန္ဓာကိုယ်အတွင်း၌ တာရှန်းမိစ္ဆာနိုင်ငံ၏ သွေးအဆက်အနွယ် ပါဝင်ပတ်သက်ခြင်း မရှိသောကြောင့်ပင်။

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ပိုင်ချီ ဟာ တစ်သက်လုံး ပိုင်မျိုးရိုးကိုပဲ ခံယူပြီး ပိုင်ယင် ဘုရင်နိုင်ငံရဲ့ ဘုရင် ဖြစ်လာနိုင်ပါတယ်။”

“အဲဒါ ဘာအဓိပ္ပာယ် ရှိမှာလဲ။”

ဘုရင် ပိုင်ကုက အက်ကွဲသော အသံဖြင့် ပြောလိုက်၏။ “ကျုပ် လိုချင်တာက လောက တစ်ခွင်ကို လွှမ်းမိုးပြီး ဧကရာဇ် နေရာကို ရယူဖို့ပဲ။”

ယွင်ကျုံးဟဲ့ တိတ်ဆိတ်သွားသည်။

ဘုရင် ပိုင်ကုက ပြောလိုက်၏။ “ကျုပ်က တာရှန်းမိစ္ဆာနိုင်ငံရဲ့ အစစ်မှန်ဆုံး ဘုရင် တစ်ပါး ဖြစ်ခဲ့ပေမယ့် တာ့ယန် အင်ပါယာကို ကျုပ် လက်နက်ချခဲ့တယ်။ ဒီဆုံးဖြတ်ချက်က မခက်ခဲဘူးလား။ ကျုပ်ရဲ့ ဂုဏ်သိက္ခာကို မထိခိုက်ဘူးလား။ ခင်ဗျားက ဒီလောက်တောင် နာမည်ပျက်မှာကို ကြောက်နေတာလား။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ဘုရင် ပိုင်ကု... ကျုပ်က အင်ပါယာရဲ့ ပြည်သူတွေ အပေါ်မှာ အကြွေး အများကြီး တင်နေပါတယ်။ သူတို့ရဲ့ စိတ်ခံစားချက်တွေကို ကျုပ် သစ္စာမဖောက်နိုင်ပါဘူး။”

ဘုရင် ပိုင်ကုက ပြောလိုက်၏။ “ခင်ဗျားက ဧကရာဇ်လေ။ ခင်ဗျား ပြောတဲ့ စကားတိုင်းက အမိန့်တော်ပဲ။ နာခံရင် ရှင်မယ်၊ ဖီဆန်ရင် သေမယ်လေ။”

ယွင်ကျုံးဟဲ့က ခေါင်းခါယမ်းလိုက်သည်။ “ဘုရင် ပိုင်ကု... ဒီလောကကြီးက ပြောင်းလဲသွားပါပြီ။”

ဘုရင် ပိုင်ကုက ပြောလိုက်၏။ “ယွင်ကျုံးဟဲ့... ခင်ဗျား အခု ဟိုဘက်က တာ့ယန် အင်ပါယာသစ်ကို အားကိုးနေရသေးတယ် ဆိုတာကို ကျုပ် သိပါတယ်။ ဒါပေမဲ့ အနာဂတ်မှာ ခင်ဗျားက တာရှန်းမိစ္ဆာနိုင်ငံကို တကယ် ဖျက်ဆီးနိုင်ခဲ့မယ်ဆိုရင် ခင်ဗျားရဲ့ ဩဇာအာဏာကို ဘယ်သူမှ ဖိနှိပ်နိုင်တော့မှာ မဟုတ်သလို၊ ခင်ဗျားရဲ့ ဆန္ဒကိုလည်း ဘယ်သူမှ တားဆီးနိုင်တော့မှာ မဟုတ်ဘူး။ ကျုပ် အဲဒီအချိန် ရောက်တဲ့အထိ စောင့်ပြီးမှ ပိုင်ချီကို အိမ်ရှေ့မင်းသား အဖြစ် တင်မြှောက်ခိုင်းလို့ ရပါတယ်။ အခု ခင်ဗျားနဲ့ ကျုပ် လျှို့ဝှက် စာချုပ် တစ်ခု ချုပ်ဆိုလိုက်ရုံနဲ့ ရပါပြီ။”

ယွင်ကျုံးဟဲ့က ငြင်းပယ်လိုက်သည်။ “တောင်းပန်ပါတယ်။ ဘုရင် ပိုင်ကု... မလုပ်နိုင်ပါဘူး။”

ဘုရင် ပိုင်ကုက ဒေါသတကြီးဖြင့် ပြောလိုက်၏။ “ဒါလည်း မရဘူး၊ ဟိုဟာလည်း မရဘူး ဆိုတော့ ခင်ဗျား ဘာလုပ်ချင်တာလဲ။ ပိုင်ယင်မြို့ကို အကြောင်းပြချက် မရှိဘဲ ခင်ဗျားဆီ လက်နက်ချစေချင်တာလား။ ဘာအတွက်လဲ။

အခု ခင်ဗျားရဲ့ ရေတပ်က ကျုပ်တို့ ပိုင်ယင်မြို့ကို မနိုင်သေးပါဘူး။ ကျုပ်တို့က ခင်ဗျားရဲ့ ရေတပ်ထက် အများကြီး ပိုပြီး အင်အားကြီးပါတယ်။ ဟုတ်ပါတယ်။ ခင်ဗျားမှာ အနာဂတ် ရှိတယ် ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ အနည်းဆုံးတော့ အခုအချိန်မှာ ခင်ဗျားရဲ့ ရေတပ်က ပိုင်ယင်မြို့ရဲ့ ပြိုင်ဘက် မဟုတ်သေးဘူး။ စစ်ဖြစ်ရင် ခင်ဗျားရဲ့ ရေတပ် သေချာပေါက် တပ်လုံးကျွတ် သေဆုံးသွားမှာပဲ။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ကျုပ် တစ်ခုလောက် မေးချင်ပါတယ်။ အရင်က ဘာလို့ အသွင်ပြောင်း ပင်လယ် သားရဲကြီး စစ်တပ်တွေ မရှိခဲ့ဘဲ ဒီဆယ်နှစ်ကျော် အတွင်းမှာမှ ရုတ်တရက် ပေါ်လာရတာလဲ။”

ဘုရင် ပိုင်ကုက ဖြေ၏။ “ဧကရာဇ် နန်းတက်ပြီးနောက်မှာ အမှောင် ပိရမစ် အုပ်စု သုံးခုကို ရှာတွေ့ခဲ့တယ်။ အဲဒီထဲက တစ်ခုက ကျုပ်တို့ ပိုင်ယင်မြို့ရဲ့ ရေပိုင်နက်မှာ ရှိနေတယ်။ အဲဒီအချိန်ကစပြီးမှ အကြီးစား အသွင်ပြောင်းမှုတွေ ရှိလာခဲ့တာ။ ကျုပ်တို့ရဲ့ ဒီအမှောင် ပိရမစ် အုပ်စုက မြေအောက်မှာ ရှိနေလို့ ပင်လယ် သားရဲကြီး တွေကိုပဲ အသွင်ပြောင်းအောင် လုပ်နိုင်တာ။”

‘ဒီလိုကိုး...’

ထို့နောက် ဘုရင် ပိုင်ကုက ဆက်မေးလိုက်သည်။ “ယွင်ကျုံးဟဲ့... ဒီစည်းကမ်းချက်ကို တကယ်ပဲ ညှိနှိုင်းလို့ မရဘူးလား။”

ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “တောင်းပန်ပါတယ်၊ ညှိနှိုင်းလို့ မရပါဘူး။”

“ဟူး...” ဘုရင် ပိုင်ကုက ဖြည်းညင်းစွာ သက်ပြင်း တစ်ချက် ချလိုက်သည်။

ထို့နောက် သူက ဆက်ပြော၏။ “ကျုပ်ခေါင်းထဲမှာ အခု မကောင်းဆိုးဝါး နှစ်ကောင် ရုန်းကန်နေတယ်။ ပထမ မကောင်းဆိုးဝါးက အခုချက်ချင်း ခင်ဗျားကို သတ်ပြီး တာရှန်းမိစ္ဆာနိုင်ငံအတွက် ကြီးမားတဲ့ အကျိုးဆောင်မှု တစ်ခု လုပ်ပေးဖို့ပဲ။”

ယွင်ကျုံးဟဲ့ စကားမပြောခဲ့ပေ။

အကြောင်းမူကား လုံးဝ မလိုအပ်သောကြောင့် ဖြစ်သည်။ လက်ရှိတွင် ပိုင်ယင်မြို့ကို ဖျက်ဆီးလိုသူမှာ ယွင်ကျုံးဟဲ့ မဟုတ်ဘဲ တာရှန်းမိစ္ဆာနိုင်ငံ၏ ဧကရာဇ် ဖြစ်နေသောကြောင့်ပင်။

ပိုင်ယင်မြို့၏ စနစ်သည် တာရှန်းမိစ္ဆာနိုင်ငံ၏ ပြင်ပတွင် သီးခြားတည်ရှိနေပြီး အင်အားကြီးမားသော ရေတပ်ကို ပိုင်ဆိုင်ထားခြင်းကို ဧကရာဇ်အနေဖြင့် အနည်းငယ်မျှပင် သည်းခံနိုင်စွမ်း မရှိချေ။

ထို့ကြောင့် ပိုင်ကုက ယွင်ကျုံးဟဲ့ကို သတ်ဖြတ်၍ အမှုတော်ထမ်း အကျိုးဆောင်ခဲ့လျှင်ပင် ဧကရာဇ်၏ အလိုဆန္ဒကို ပြောင်းလဲနိုင်မည် မဟုတ်ပေ။

“ဆွေးနွေးမှု ပျက်သွားပြီ ဆိုတော့ ခင်ဗျား ပြန်တော့။”

ဘုရင် ပိုင်ကုက ပြောလိုက်သည်။ “ဆွေးနွေးလို့ မရရင်လည်း စစ်ပွဲနဲ့ပဲ အဆုံးအဖြတ် ပေးကြတာပေါ့။ အကယ်၍ ခင်ဗျားက ကျုပ်တို့ရဲ့ ရေတပ်ကို အနိုင်ယူနိုင်ရင် ကျုပ်တို့ လက်နက်ချမယ်။ အဲဒီလိုမှ မဟုတ်ရင်လည်း အကြီးအကျယ် လေလုံးထွားမနေနဲ့တော့။”

“လူတွေလာကြ... ဧည့်သည်ကို လိုက်ပို့လိုက်...” ဘုရင် ပိုင်ကုက လက်ဝှေ့ယမ်းကာ ပြောလိုက်၏။

ပိုင်ဖေးဖေး သည် မျက်လုံးများ နီရဲလျက် ဝင်လာပြီး ယွင်ကျုံးဟဲ့ကို ဆွဲကာ အပြင်သို့ ခေါ်သွားသည်။

စကားတစ်ခွန်းမှ မပြောဘဲ သူ့ကို မြင်းလှည်းပေါ်သို့ ဆွဲတင်ကာ နန်းတော် အပြင်ဘက်သို့၊ ပိုင်ယင်မြို့ အပြင်ဘက်သို့၊ ဆိပ်ကမ်းပေါ်သို့ ပို့ဆောင်ပေးလိုက်၏။

ထိုအချိန်တွင် ယွင်ကျုံးဟဲ့၏ စစ်သင်္ဘောက သူ့ကို စောင့်ဆိုင်းနေဆဲ ဖြစ်သည်။

ပိုင်ဖေးဖေးသည် ယွင်ကျုံးဟဲ့ကို စစ်သင်္ဘောပေါ်သို့ ပစ်ချလိုက်ပြီး အေးစက်စက် ပြောလိုက်၏။ “စစ်တိုက်ဖို့ ပြင်ဆင်လိုက်တော့။”

ထို့နောက် ပိုင်ဖေးဖေး သည် နောက်သို့ တစ်ချက်မှ ပြန်မကြည့်ဘဲ ထွက်သွားတော့သည်။

သူမသည် အလွန်တရာ ဝမ်းနည်းကြေကွဲလျက် ရှိနေသည်။ သူမ၏ အမြင်တွင် ဖခင်ဖြစ်သူ၏ စည်းကမ်း သတ်မှတ်ချက်မှာ အနည်းငယ်မျှပင် လွန်ကဲခြင်း မရှိချေ။

၎င်းမှာ လျှို့ဝှက်စာချုပ်တစ်ခု ချုပ်ဆိုကာ ပိုင်ချီကို အနာဂတ်အင်ပါယာ၏ အိမ်ရှေ့စံမင်းသားအဖြစ် သတ်မှတ်ပေးရန်သာ ဖြစ်သည်။

ထို့အပြင် တာရှန်းမိစ္ဆာနိုင်ငံကို ချေမှုန်းဖျက်ဆီး၍ အရှေ့တိုင်းလောကကို သိမ်းပိုက်ပြီးစီးသည့် အချိန်ကျမှ သာလျှင် ဆောင်ရွက်ခိုင်းခြင်း ဖြစ်သည်။ လက်ရှိတွင် တာ့ယန်အင်ပါယာရှိ ပြည်သူများနှင့် မျက်နှာပျက်စရာ ဖြစ်အောင် ချက်ချင်းလက်ငင်း တောင်းဆိုနေခြင်းလည်း မဟုတ်ပေ။

‘ပိုင်ချီက ရှင့်ရဲ့ သားအရင်း မဟုတ်ဘူးလား၊ သူက မထူးချွန်လို့လား။ ဘာလို့ ရှင်က အခွင့်အရေးလေး နည်းနည်းတောင် မပေးချင်ရတာလဲ။’

“ယွင်ကျုံးဟဲ့... ရှင် ပြန်သွားလိုက်။ ရေတပ်ကို ခေါ်လာပြီး ကျွန်မတို့ ပိုင်ယင်မြို့ကို လာတိုက်လှည့်။”

ပိုင်ဖေးဖေးက ပြတ်သားစွာ ပြောလိုက်သည်။ “ပြီးတော့ ကျွန်မ ရှင့်ကို ပြောလိုက်မယ်။ ရှင် ကျွန်မတို့ကို လာမတိုက်ရင်တောင် ကျွန်မတို့က ရှင့်ကို လာတိုက်ပြီး ရှင့်ရဲ့ ရေတပ်ကို တစ်ယောက်မကျန် သတ်ပစ်မယ်။ တကယ့် အင်အားကြီးမားမှု ဆိုတာ ဘာလဲ ဆိုတာကို ရှင် သိအောင် လုပ်ပြမယ်။ ကျင်းဝူရွှမ်း ကို အနိုင်ရသွားတာနဲ့ အရမ်းကြီး မာနမကြီးနေနဲ့။”

ထို့နောက် ပိုင်ဖေးဖေး နောက်သို့ တစ်ချက်မှ ပြန်မကြည့်ဘဲ ထွက်သွားတော့၏။

တစ်ချိန်တည်းမှာပဲ ပိုင်ယင်မြို့ ရေယာဉ်စုကလည်း ရန်လိုမှုများ ပြည့်နှက်နေသည်။

နုဧကရာဇ် စစ်သင်္ဘော ဆယ်စင်းကျော် အားလုံး ကျောက်ဆူး ရုတ်ကာ ယွင်ကျုံးဟဲ့၏ စစ်သင်္ဘောကို ချိန်ရွယ်လိုက်ကြသည်။ ခင်ဗျား မြန်မြန် ထွက်သွား၊ မဟုတ်ရင် ကျုပ်တို့ ပစ်ပြီး နစ်မြုပ်ပစ်မယ် ဆိုသည့် ဟန်ပန်မျိုး ပြသနေ၏။

ယခုအခါ ယွင်ကျုံးဟဲ့သည် ပိုင်ယင်မြို့တွင် မကြိုဆိုသော ဧည့်သည် တစ်ယောက် ဖြစ်သွားခဲ့ပြီဖြစ်သည်။

“ကျောက်ဆူး ရုတ်၊ ထွက်မယ်။” ယွင်ကျုံးဟဲ့က အမိန့်ပေးလိုက်၏။

တာ့ယန် အင်ပါယာ၏ စစ်သင်္ဘောသည် စက်နှိုးကာ ပိုင်ယင်မြို့၏ ဆိပ်ကမ်းမှ ထွက်ခွာသွားသည်။

ထိုသို့ဖြင့် ပိုင်ယင်မြို့သည် မြင်ကွင်းအတွင်းမှ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ယွင်ကျုံးဟဲ့၏ စစ်သင်္ဘောသည် ကျယ်ဝန်းလှသော ပင်လယ်ပြင်ပေါ်သို့ ပြန်လည် ရောက်ရှိသွား၏။

ဤတစ်ကြိမ် ဆွေးနွေးပွဲသည် နာရီအနည်းငယ်သာ ကြာမြင့်ခဲ့ပြီး ကျရှုံးသွားကြောင်း ကြေညာလိုက်ရပြီ ဖြစ်သည်။

ထိုအချိန်မှာပဲ ကောင်းကင်ယံတွင် အမည်းစက် တစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။ ထို့နောက် အသွင်ပြောင်း သိမ်းငှက်ကြီး တစ်ကောင် အရှိန်အဟုန်ဖြင့် ထိုးဆင်းလာပြီး သားဖြစ်သူ ပိုင်ချီက အသွင်ပြောင်း သိမ်းငှက်ကြီးကို စီးနင်းကာ လိုက်လာခဲ့ခြင်း ဖြစ်၏။

အသွင်ပြောင်း သိမ်းငှက်ကြီး ကုန်းပတ်ပေါ်သို့ ဆင်းသက်လာပြီးနောက် သားဖြစ်သူ ပိုင်ချီ အောက်သို့ ဆင်းလာသည်။

“အဖေ...”

လူငယ်လေးက ယွင်ကျုံးဟဲ့ကို ကြည့်ကာ မေးလိုက်၏။ “ကျုပ်... ကျုပ်က မတော်လို့လား။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “မဟုတ်ဘူး၊ သေချာပေါက် မဟုတ်ပါဘူး။ မင်းက အရမ်း တော်ပါတယ်။ ငါတို့ အတူတူ နေရတဲ့ အချိန်က အရမ်း တိုတောင်းပေမယ့် မင်းအတွက် ငါ အရမ်း ဂုဏ်ယူပါတယ်။”

ထို့နောက် ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်၏။ “လာ... ငါတို့ သားအဖ သေချာ စကားပြောကြတာပေါ့။”

ထို့နောက် သားအဖ နှစ်ဦး ကွပ်ကဲရေး မျှော်စင်ပေါ်သို့ ရောက်ရှိလာကြ၏။ ဤအချိန်တွင် နေဝင်ချိန်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

“မင်း ငါ့ဆီ လာတာ မင်းအမေ သိလား။” ယွင်ကျုံးဟဲ့က မေးလိုက်၏။

“သူ မသိပါဘူး။”

ပိုင်ချီက ဖြေသည်။ “ကျုပ် ခိုးထွက်လာတာပါ။ ကျုပ်... အခြေအနေကို နည်းနည်း ပြန်ဆယ်ချင်လို့ပါ။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ရှောင်ချီ... တကယ်တော့ ငါ မင်းကို ယွင်ပြည်နယ်ကျွန်းကို သွားစေချင်တယ်။ အင်ပါယာ ပြည်တွင်းကိုတောင် သွားပြီး ခံစားစေချင်တယ်။ တာ့ယန် အင်ပါယာသစ်အကြောင်း မင်းကို သိစေချင်တယ်။”

ပိုင်ချီက မေးလိုက်သည်။ “အဖေ... ကျုပ်တို့က သေချာပေါက် နောက်ကျနေတာလား။ ပြီးတော့ တာ့ယန် အင်ပါယာသစ်က သေချာပေါက် တိုးတက်နေတာလား။”

“မဟုတ်ဘူး၊ အဲဒီလို မဟုတ်ပါဘူး။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ခဏနေလို့ ကောင်းကင်ပေါ်မှာ ကြယ်တွေ ထွက်လာရင် အဖေ မင်းနဲ့ သေချာ စကားပြောမယ်နော်။”

“ကောင်းပါပြီ။”

ထို့နောက် သားအဖ နှစ်ဦး လှဲလျောင်းကာ ကောင်းကင်ယံကို ကြည့်နေကြသည်။

မကြာမီ ညမှောင်လာပြီး ကောင်းကင်ယံတွင် ကြယ်များ ပြည့်နှက်လာကာ အလွန် လှပနေ၏။

“ရှောင်ချီ... ကောင်းကင်ပေါ်က ကြယ်တွေက ဘာလဲဆိုတာ မင်း သိလား။” ယွင်ကျုံးဟဲ့က မေးသည်။

ပိုင်ချီက ဖြေလိုက်၏။ “သိပါတယ်။ မရေမတွက်နိုင်တဲ့ နေမင်းကြီး တွေပါ။”

ယွင်ကျုံးဟဲ့က ဆက်မေးသည်။ “ဒါဆို ငါတို့ရဲ့ လောကကြီးက ဘာလဲဆိုတာ မင်း သိလား။”

ပိုင်ချီက ဖြေ၏။ “အဖေ ပေးထားတဲ့ စာအုပ်တွေကို ကျုပ် ဖတ်ပြီးပါပြီ။ ကျုပ်တို့က ဂြိုဟ် တစ်လုံးပါ။ ကျယ်ဝန်းလှတဲ့ စကြဝဠာကြီး ထဲက အရမ်း ထူးခြားပေမယ့် အရမ်းကို သေးငယ်တဲ့ ဂြိုဟ် တစ်လုံးပါ။”

ယွင်ကျုံးဟဲ့က ရှင်းပြသည်။ “ဒီလောကမှာ ထာဝရ ဆိုတာ ဘာမှ မရှိပါဘူး။ ဒါပေမဲ့ ထာဝရ တည်တံ့ဆုံး အရာ တစ်ခုကို ရွေးချယ်ရမယ် ဆိုရင်တော့ အဲဒါက စကြဝဠာနဲ့ အချိန်ပါပဲ။ အဲဒါကြောင့် ယဉ်ကျေးမှု တစ်ရပ် အနေနဲ့ အမြင့်ဆုံး စံပြ ရည်မှန်းချက်က ကြယ်တာရာတွေနဲ့ သမုဒ္ဒရာတွေဆီ သွားပြီး စကြဝဠာနဲ့ အမည်မသိ အရာတွေကို စူးစမ်းရှာဖွေဖို့ပါပဲ။”

ပိုင်ချီ တိတ်ဆိတ်စွာဖြင့် စကားမပြောပေ။

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “အကယ်၍ ဒါကို အမြင့်ဆုံး စံပြ ရည်မှန်းချက် အနေနဲ့ သတ်မှတ်မယ် ဆိုရင် တာ့ယန် အင်ပါယာသစ်ဟာ အတော်လေး မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတယ် ဆိုတာ သေချာပါတယ်။ ဒါပေမဲ့ မင်းတို့ ပြောတာလည်း အဓိပ္ပာယ် ရှိပါတယ်။ ပြင်ပအားကိုပဲ အမြဲတမ်း အားကိုးနေလို့ မရဘူး။ နောက်ဆုံးမှာ ပြင်ပအားရဲ့ ထိန်းချုပ်မှုကို ခံရနိုင်တယ်။”

ဤသည်မှာ ခေတ်သစ် လူအများအပြား၏ အမြင်လည်း ဖြစ်၏။ လူသား ယဉ်ကျေးမှုသည် ပြင်ပအားကို လုံးဝ အားကိုးပြီး ဉာဏ်ရည်တုများ ကြီးမားစွာ ပေါက်ကွဲထွက်ပေါ်လာသည်။

နောက်ဆုံးတွင် တစ်နေ့နေ့၌ ဉာဏ်ရည်တု များသည် တကယ့် ဉာဏ်ပညာများ ရရှိလာပြီး လူသားများကို လုံးဝ ပြန်လည် ထိုးနှက်လာနိုင်၏။

လက်ရှိ ကွန်ပျူတာများကို ကြည့်မည်ဆိုပါက ဤအရာများ အားလုံးမှာ မဖြစ်နိုင်သကဲ့သို့ ထင်ရသည်။ သို့ပေမည့် ကွမ်တမ် ကွန်ပျူတာ ထွက်ပေါ်လာချိန်မှာတော့ အရာအားလုံးက ပြောရခက်သွားပြီ ဖြစ်သည်။

အပိုင်း (၈၇၀)

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “အဲဒါကြောင့် မင်းတို့ရဲ့ နုဧကရာဇ်ရဲ့ အနက်ရောင် ကျမ်းစာကလည်း အဓိပ္ပာယ် မရှိတာ မဟုတ်ပါဘူး။ ငါ အဲဒီ စာအုပ်တွဲ တစ်ခုလုံးကို ဖတ်ပြီးပါပြီ။ သက်ရှိတွေကို စူးစမ်း လေ့လာတာ၊ ကိုယ့်ကိုယ်ကိုယ် သိုင်းပညာနဲ့ စိတ်စွမ်းအားရဲ့ အလားအလာတွေကို ဖော်ထုတ်တာလည်း အရမ်း လိုအပ်တယ်လို့ ငါ ထင်ပါတယ်။ ဒါက လူတစ်ယောက် လမ်းလျှောက်ဖို့ ခြေထောက် နှစ်ချောင်း လိုအပ်သလိုမျိုးပါပဲ၊ တစ်ချောင်းမှ လျော့လို့ မရပါဘူး။ ”

ဤစကားကို ကြားချိန်မှာတော့ ပိုင်ချီက ခေါင်းကို ပြင်းပြင်း ညိတ်လိုက်သည်။

“မင်းအဘိုးက မင်းအတွက် အရမ်း ကောင်းမွန်တဲ့ အခြေခံ အုတ်မြစ်ကို ချပေးထားပြီးပြီ။ အနာဂတ်မှာ မင်းရဲ့ အလားအလာက လုံးဝ အတိုင်းအဆ မရှိနိုင်ပါဘူး။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဒါပေမဲ့ အရမ်း နှမြောစရာ ကောင်းတာက မင်းရဲ့ အဘိုး၊ ပြီးတော့ မင်းရဲ့ အမေက သူတို့ရဲ့ ကိုယ်ပိုင် အကန့်အသတ်တွေကြောင့် အာဏာနဲ့ ဘုရင်ရာထူး အပေါ်မှာပဲ အမြင်ကို လုံးဝ ထားရှိနေကြတာပါ။ ဒါပေမဲ့ မင်းကတော့ ပိုပြီး မြင့်မားတဲ့ စံပြ ရည်မှန်းချက်တွေ ရှိသင့်တယ်လို့ ငါ ထင်ပါတယ်။”

ပိုင်ချီက မေးလိုက်သည်။ “အဖေ... ဒါဆို အဖေ့ရဲ့ စံပြ ရည်မှန်းချက်ကကော ဘာလဲ။”

ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “ကလေးလေး... အဖေက အရမ်းကို သာမန်ဆန်ပြီး အရမ်းကို အပေါ်ယံဆန်တဲ့ လူတစ်ယောက်ပါ။ အဲဒါကြောင့် အဖေ့မှာ ဘာစံပြ ရည်မှန်းချက်မှ မရှိပါဘူး။ အဖေ့ရဲ့ တစ်ခုတည်းသော စံပြ ရည်မှန်းချက်က တာရှန်းမိစ္ဆာနိုင်ငံကို ဖျက်ဆီးပြီး ဒီမှောင်မိုက်နေတဲ့ လောကကြီးကို လွတ်မြောက်အောင် လုပ်ဖို့ပါပဲ။

အနည်းဆုံးတော့ မရေမတွက်နိုင်တဲ့ လူတွေကို ကျွန်တွေ၊ ဝက်တွေ၊ ခွေးတွေ မဖြစ်အောင် လုပ်ပေးချင်တယ်၊ သူတို့ကို ဖွံ့ဖြိုးတိုးတက်ခွင့်နဲ့ ရှင်သန်ခွင့် ပေးချင်တယ်။ ဒါမှမဟုတ် ပိုပြီး ပွင့်ပွင့်လင်းလင်း ပြောရရင် အဖေက တာရှန်းမိစ္ဆာနိုင်ငံရဲ့ ဧကရာဇ်ကို သတ်ချင်တယ်။ ငါတို့ မိသားစုလေး လုံခြုံပြီး ပျော်ရွှင်အောင် လုပ်ချင်ရုံ သက်သက်ပါ။

ဒါပေမဲ့ မင်းက မတူဘူး၊ မင်းအစ်မ ကျင်းချွဲ လည်း မတူဘူး၊ ပြီးတော့ မင်းအစ်ကို ကျင်းဟူ လည်း မတူဘူး။ ဘာလို့လဲဆိုတော့ မင်းတို့က မွေးလာတည်းက အရမ်း နက်ရှိုင်းတဲ့ သီအိုရီ အသိပညာတွေကို ဖြူစင်စွာ သင်ယူခဲ့ကြလို့ပဲ။ မင်းတို့က မွေးရာပါ ဖြူစင်ပြီး မြင့်မြတ်တဲ့ စံပြ ရည်မှန်းချက်တွေကို အကောင်အထည် ဖော်ရမယ့် သူတွေပါ။ မင်းအမေလို ရှုပ်ထွေးတဲ့ မိန်းမမျိုးနဲ့ မတူသလို၊ အဖေ့လို သာမန်ဆန်ပြီး အပေါ်ယံဆန်တဲ့ လူမျိုးနဲ့လည်း မတူပါဘူး။”

ပိုင်ချီက ပြောလိုက်သည်။ “အဖေ... ကျုပ် အသိဉာဏ် ဝင်လာတည်းက အဘိုးက ကျုပ်ကို စာပဲ သင်ပေးခဲ့တာပါ။ တခြား ရှုပ်ထွေးတဲ့ ကိစ္စတွေမှာ လုံးဝ မပါဝင်ခိုင်းခဲ့ပါဘူး။ ကျုပ် အသက် သုံးဆယ် မတိုင်ခင်အထိ တစ်ခုတည်းသော တာဝန်က သင်ယူဖို့၊ လေ့လာဖို့၊ စဉ်းစားဖို့ပဲ လို့ သူ ပြောခဲ့ပါတယ်။”

ယွင်ကျုံးဟဲ့ ခေါင်းညိတ်လိုက်၏။

ပိုင်ချီက ဆက်ပြောသည်။ “တကယ်တော့ ကျွန်တော့်မှာ စွမ်းရည် တစ်ခု ရှိပါတယ်။ စိတ်ဖတ်တဲ့ ပညာလိုမျိုးပါ။ လူတစ်ယောက် ပြောတဲ့ စကားက အမှန်လား၊ အလိမ်လား၊ ရိုးသားသလား၊ ဟန်ဆောင်နေသလား ဆိုတာကို ကျုပ် အလိုအလျောက် ခံစားသိရှိနိုင်ပါတယ်။

အဖေ... စောစောက အဖေ ကျုပ်ကို ပြောခဲ့တဲ့ စကားတိုင်းက ရင်ထဲက လာတာပါ။ တကယ်တော့ ကျုပ်တို့ ပိုင်ယင်မြို့ အနီးတစ်ဝိုက် ရေပြင်က အမှောင် ပိရမစ် အုပ်စုတွေထဲမှာ အများစုကို ကျုပ်က ဖွင့်ခဲ့တာပါ။”

ယွင်ကျုံးဟဲ့ အံ့ဩသွား၏။

“စုစုပေါင်း ကိုးခု ရှိတာမှာ ကျုပ်က ငါးခုကို ဖွင့်ခဲ့ပါတယ်။”

ပိုင်ချီက ဆက်ပြောသည်။ “ဆဋ္ဌမမြောက်ကိုတော့ ကျုပ် စိတ်စွမ်းအားက နည်းနည်း မခံနိုင်တော့ဘူး။ ပြီးတော့ အဘိုးက ကျုပ်ကို ပိရမစ်ထဲ ဝင်ခွင့် မပြုဘူး။ ကျုပ်အသက်က အရမ်း ငယ်သေးတယ်လို့ သူ ထင်လို့ပါ။ ကျုပ်ကို ငယ်ငယ်ရွယ်ရွယ်နဲ့ အသွင်ပြောင်းတာမျိုး သူ လုံးဝ မဖြစ်စေချင်ဘူး။ ဘာလို့လဲဆိုတော့ ကျုပ်ရဲ့ စိတ်ဓာတ်က မရင့်ကျက်သေးသလို၊ မခိုင်မာသေးဘူးလို့ သူ ထင်လို့ပါ။”

“သူ မှန်ပါတယ်။” ယွင်ကျုံးဟဲ့က သဘောတူလိုက်၏။

ပိုင်ချီက ပြောသည်။ “အဖေ ထွက်သွားပြီးတဲ့ နောက်မှာ အမေက အခန်းထဲမှာ ပုန်းပြီး ငိုနေတယ်။ သူက ရက်စက်တဲ့ မိန်းမ တစ်ယောက်ပါ၊ သူ ငိုတာကို ကျုပ် တစ်ခါမှ မမြင်ဖူးခဲ့ပါဘူး။”

ပိုင်ဖေးဖေးကဲ့သို့သော မကောင်းဆိုးဝါးမလေးတစ်ဦး ငိုကြွေးလိမ့်မည်ဟူသောအချက်ကို ယွင်ကျုံးဟဲ့ အနေဖြင့်လည်း စိတ်ကူး၍ပင် ရနိုင်မည် မဟုတ်ပေ။ ထိုမိန်းမသည် မည်သည့်စိတ်ခံစားချက်မှ မရှိဘဲ မိမိကိုယ်တိုင် ပျော်ရွှင်ရန်အတွက်သာ သိရှိသူ ဖြစ်၏။

ပိုင်ချီက မေးလိုက်သည်။ “အဖေ... အဖေက တာ့ယန် အင်ပါယာ ရေတပ်ကို ခေါ်ပြီး ကျုပ်တို့ ပိုင်ယင်မြို့ကို လာတိုက်မှာလား။”

ယွင်ကျုံးဟဲ့ ခေါင်းယမ်းကာ ဖြေ၏။ “သေချာပေါက် မတိုက်ပါဘူး။ အဖေက ဘယ်သူ့ကိုမှ သိမ်းပိုက်ချင်နေတာ မဟုတ်ပါဘူး။ ပိုင်ယင်မြို့မှာ မင်း ရှိနေတယ်၊ မင်းအဘိုးလို ပညာရှိ တစ်ယောက် ရှိနေတယ် ဆိုတော့ အဖေက သေချာပေါက် စည်းရုံးဖို့ အစွမ်းကုန် ကြိုးစားမှာပါ။ တခြား နည်းလမ်းနဲ့ သိမ်းပိုက်မှာပါ။”

ထို့နောက် ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ရှောင်ချီ... မင်း အရင် ပြန်သွားပြီး မင်းအမေနဲ့ အဘိုးကို ပြောလိုက်ပါ၊ အဖေ အခုချက်ချင်း ပြန်လာခဲ့မယ်လို့။”

“ကောင်းပါပြီ။” ပိုင်ချီက ပြောလိုက်၏။

ထို့နောက် သူသည် အသွင်ပြောင်း သိမ်းငှက်ကြီးကို စီးနင်းကာ ပိုင်ယင်မြို့သို့ ပြန်လည် ပျံသန်းသွားသည်။

ထို့နောက် ယွင်ကျုံးဟဲ့က အမိန့်ပေးလိုက်၏။ “ပြန်လှည့်၊ စစ်သင်္ဘောကို ပြန်လှည့်။”

နာရီအနည်းငယ် အကြာတွင် ယွင်ကျုံးဟဲ့၏ စစ်သင်္ဘောသည် ပိုင်ယင်မြို့၏ ဆိပ်ကမ်းတွင် ထပ်မံ ထွက်ပေါ်လာပြန်သည်။

သို့ပေမည့် ဤတစ်ကြိမ်တွင်မူ သူ၏ စစ်သင်္ဘောသည် အထပ်ထပ် ဝိုင်းရံခံလိုက်ရသည်။ ထို့အပြင် ပိုင်ယင်မြို့၏ အသွင်ပြောင်း သိုင်းသမားများသည် သူ၏ စစ်သင်္ဘောပေါ်သို့ တိုက်ရိုက် ပြေးတက်လာကြပြီး ရေတပ် စစ်သည်များကို အားလုံး ဖမ်းဆီးကာ ယွင်ကျုံးဟဲ့၏ စစ်သင်္ဘောကို တိုက်ရိုက် လုယူသွားကြ၏။

ထို့နောက် ဤအသွင်ပြောင်း သိုင်းသမားများသည် ယွင်ကျုံးဟဲ့ကို တိုက်ရိုက် ဖမ်းဆီးကာ ပိုင်ယင်မြို့သို့ ခေါ်ဆောင်သွားကြသည်။

ဤတစ်ကြိမ် ပိုင်ယင်မြို့သို့ ပြန်ရောက်လာချိန်တွင် ယွင်ကျုံးဟဲ့သည် အကျဉ်းသား တစ်ယောက် ဖြစ်နေပြီ ဖြစ်၏။

“ယွင်ကျုံးဟဲ့... ရှင်က တကယ် ပြန်လာရဲတယ်ပေါ့။ ကျွန်မ ရှင့်ကို မသတ်ရဲဘူးလို့ တကယ်ပဲ ထင်နေတာလား။”

ပိုင်ဖေးဖေးက အေးစက်စက် ပြောလိုက်သည်။ “ရှင် ကျွန်မနဲ့ အတူတူ အိပ်ဖူးတာကို အကြောင်းပြုပြီး ရှင့်အပေါ် သနားမယ်လို့ တကယ် ထင်နေတာလား။ အဲဒီလိုဆိုရင် ရှင့် အရမ်း ရိုးအလွန်းနေပြီ။”

ထို့နောက် သူမက ဓားကို တိုက်ရိုက် ဆွဲထုတ်ကာ ယွင်ကျုံးဟဲ့၏ လည်ပင်းပေါ်သို့ တင်လိုက်၏။

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ကျေးဇူးပြုပြီး ဘုရင် ပိုင်ကုကို သွားပြောပေးပါ။ ကျုပ် သူနဲ့ နောက်ဆုံး အကြိမ် ဆွေးနွေးပါရစေ။ ပြီးတော့ ပိုင်ယင်မြို့က အထက်တန်းလွှာတွေ အားလုံးကိုပါ ခေါ်ထားပေးပါ။ အားလုံး ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြတာပေါ့။”

ပိုင်ဖေးဖေးက မေးလိုက်၏။ “ရှင်ဘာကြံနေပြန်ပြီလဲ။”

ယွင်ကျုံးဟဲ့က ဖြေသည်။ “ငါ့သင်္ဘောလည်း မင်းတို့ လုသွားပြီ၊ ငါ့ကိုလည်း မင်းတို့ ဖမ်းထားပြီ ဆိုတော့ ငါက ဘာကြံနိုင်အုံးမှာလဲ။”

ပိုင်ဖေးဖေးသည် သူ့ကို ခဏမျှ စိုက်ကြည့်နေပြီးနောက် လှည့်ထွက်သွား၏။

နှစ်ရက် အကြာတွင် ယွင်ကျုံးဟဲ့သည် ပိုင်ယင်မြို့၏ နန်းတော် ခန်းမကြီး အတွင်းသို့ ရောက်ရှိလာသည်။

ဘုရင် ပိုင်ကု ရှိနေသည်၊ ပိုင်ဖေးဖေး၊ ပိုင်ချီ ၊ လီဟွာမေ နှင့် ပိုင်ယင်မြို့၏ အထက်တန်းလွှာ ဆယ်ဂဏန်းခန့် အားလုံး ရှိနေကြသည်။ ဤလူများသည် ဘုရင် ပိုင်ကု၏ အရင်းနှီးဆုံး အမတ်များ ဖြစ်ပေလိမ့်မည်။

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဘုရင် ပိုင်ကု... အရင်က ခင်ဗျား ပြောခဲ့ဖူးတယ်နော်။ အကယ်၍ ကျုပ်က ခင်ဗျားတို့ကို အနိုင်ယူနိုင်ရင် ပိုင်ယင်မြို့က ကျုပ်ဆီ လက်နက်ချမယ် ဆိုတာ ဟုတ်လား။”

ဘုရင် ပိုင်ကုက ဖြည်းညင်းစွာ ဖြေ၏။ “ဟုတ်တယ်။”

ဤစကား ထွက်ပေါ်လာချိန်မှာတော့ လူတိုင်းက ယွင်ကျုံးဟဲ့ကို ကြည့်သော အကြည့်များတွင် လူသတ်ချင်စိတ်များ ပြည့်နှက်သွားသည်။

လီဟွာမေက ပြောလိုက်၏။ “အရှင်မင်းကြီး ယွင်ကျုံးဟဲ့... ကျွန်မတို့က အတူတူ တိုက်ပွဲဝင်ခဲ့ဖူးပါတယ်။ တာ့ယန် အင်ပါယာ ရေတပ် အကြောင်းကိုလည်း ကျွန်မ အတိုင်းအတာ တစ်ခုအထိ နားလည်ပါတယ်။ အကယ်၍ ကျွန်မတို့ ပိုင်ယင်မြို့ရဲ့ အဓိက ရေယာဉ်စုက သွားတိုက်မယ်ဆိုရင် ကျွန်မတို့ အသေအပျောက် များမှာပါ။ ဒါပေမဲ့ အနည်းဆုံးတော့ အခု ရှင့်ရဲ့ ရေတပ် အင်အားနဲ့ ဆိုရင် ရှင် ရှုံးနိုင်ပါတယ်။

အကယ်၍ ရှင့်ရဲ့ ရေတပ်ကသာ ကျွန်မတို့ ပိုင်ယင်မြို့ကို လာတိုက်မယ် ဆိုရင် ရှင့်မှာ နိုင်ဖို့ အခွင့်အရေး နည်းနည်းလေးတောင် မရှိပါဘူး။ ရာခိုင်နှုန်းပြည့် တပ်လုံးကျွတ် သေဆုံးသွားမှာပါ။”

လီဟွာမေသည် အလွန် ဓမ္မဓိဋ္ဌာန်ကျကျ ပြောနေခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာသည် ပိုင်ယင်မြို့၏ အိမ်ကွင်း ဖြစ်သောကြောင့်ပင်။ ထို့အပြင် သူမ ဤသို့ ပြောရခြင်းမှာ ယွင်ကျုံးဟဲ့ကို သတိပေးနေခြင်းလည်း ဖြစ်သည်။

ထိုနေရာရှိ လူအားလုံးတွင် ပိုင်ယင်မြို့နှင့် တာ့ယန် အင်ပါယာ မဟာမိတ် ဖွဲ့ရန် အလိုလားဆုံးသူမှာ ရေတပ် စစ်သူကြီး လီဟွာမေ ဖြစ်သည်မှာ သေချာလို့နေသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် တာရှန်း မိစ္ဆာနိုင်ငံ၏ မှောင်မိုက်သော အစဉ်အလာများကို အမြဲတမ်း ပြင်းထန်စွာ ဆန့်ကျင်ခဲ့သူ ဖြစ်သောကြောင့်ပင်။

ထို့အတွက်ကြောင့်ပင် သူမသည် ပိုင်ယင်မြို့ကို ပုန်ကန်ခဲ့သေးသည်။ ဘုရင် ပိုင်ကု ဒုက္ခရောက်သွားပြီး နောက်မှသာ သူမသည် ပိုင်ယင်မြို့သို့ ပြန်လာခဲ့ပြီး သူမ၏ တာဝန်ကို ပြန်လည် ထမ်းဆောင်ကာ ရေတပ် စစ်သူကြီး ထပ်မံ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

“ကျွန်မတို့မှာ အင်အားကြီးမားတဲ့ အသွင်ပြောင်း ပင်လယ် သားရဲကြီး စစ်တပ်တွေ ရှိရုံတင် မကဘူး၊ ပြိုင်ဘက်ကင်း အရှင်သခင် ဖြစ်တဲ့ နုဧကရာဇ် မကောင်းဆိုးဝါး နဂါး လည်း ရှိသေးတယ်။”

လီဟွာမေက ပြောလိုက်၏။ “ရှင့်ရဲ့ ရေယာဉ်စုက ပိုင်ယင်မြို့ အနားကို မရောက်ခင်မှာတင် လုံးဝ ဖျက်ဆီးခံရမှာပါ။ ရှင်တို့မှာ နိုင်ဖို့ အခွင့်အရေး နည်းနည်းလေးတောင် မရှိပါဘူး။”

ယွင်ကျုံးဟဲ့က ပြောသည်။ “ကျုပ်က တာ့ယန် အင်ပါယာ ရေတပ်ကို အားကိုးစရာ မလိုပါဘူး။ ကျုပ်တစ်ယောက်တည်းနဲ့တင် ခုနစ်ရက် အတွင်းမှာ ခင်ဗျားတို့ ပိုင်ယင်မြို့ရဲ့ အဓိက ရေတပ်ကို အနိုင်ယူပြမယ်။ ကျုပ် တစ်ယောက်တည်း အင်အားနဲ့ပဲ။ အကယ်၍ ကျုပ် အောင်မြင်ရင် ပိုင်ယင်မြို့က ကျုပ်ဆီ လက်နက်ချရမယ်။ အကယ်၍ ကျုပ် ရှုံးရင် ခင်ဗျားတို့ ကျုပ်ကို တစ်စစီ ခုတ်ထစ်ပစ်လို့ ရတယ်။ ဘယ်လိုလဲ။”

ဤစကား ထွက်ပေါ်လာချိန်မှာတော့ လူတိုင်း ကိုယ့်နားကို ကိုယ်ပင် မယုံနိုင်အောင် ဖြစ်သွားကြ၏။

‘ယွင်ကျုံးဟဲ့ ရူးသွားပြီလား။ တာ့ယန် အင်ပါယာ ရေတပ် တစ်ခုလုံး ထွက်တိုက်တာတောင် နိုင်ဖို့ အခွင့်အရေး မရှိတာကို၊ အခု ခင်ဗျားက လူတစ်ယောက်တည်းရဲ့ အင်အားနဲ့ ပိုင်ယင်မြို့ ရေတပ် တစ်ခုလုံးကို အနိုင်ယူချင်တယ်လား။

ပိုင်ယင်မြို့ ရေတပ် ဆိုတာ တာရှန်းမိစ္ဆာနိုင်ငံရဲ့ အဓိက ရေတပ် ဖြစ်ပြီး ဘယ်လောက်တောင် အင်အားကြီးမားလဲ ဆိုတာ ခင်ဗျား လုံးဝ တွေးကြည့်လို့တောင် မရနိုင်ပါဘူး။ ခင်ဗျား တစ်ယောက်တည်းနဲ့ တာရှန်းမိစ္ဆာနိုင်ငံရေတပ် တစ်ခုလုံးကို အနိုင်ယူမယ်။ နေ့ခင်းကြောင်တောင် အိပ်မက် မက်နေတာလား။’

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဘုရင် ပိုင်ကု... ကျုပ် လူအများရှေ့မှာ ဒီစာချုပ်ကို ရေးဖို့ ဆန္ဒရှိပါတယ်။ စာရွက်နဲ့ စုတ်တံလေး ပေးလို့ရမလား။”

ပိုင်ကု ခဏမျှ စဉ်းစားပြီးနောက် လက်ဝှေ့ယမ်းလိုက်၏။

ချက်ချင်းပဲ လူတစ်ယောက်က စာရွက်နှင့် စုတ်တံ ယူလာပေးသည်။

ယွင်ကျုံးဟဲ့ စုတ်တံကို ယူကာ လူအများရှေ့တွင် ဤစာချုပ်ကို ရေးသားလိုက်၏။

ခုနစ်ရက် အတွင်း ယွင်ကျုံးဟဲ့သည် တာ့ယန် အင်ပါယာ ရေတပ်ကို အားမကိုးဘဲ တစ်ယောက်တည်းဖြင့် ပိုင်ယင်မြို့၏ အဓိက ရေတပ်နှင့် ပင်လယ် သားရဲ စစ်တပ်များကို အနိုင်ယူမည်။ အကယ်၍ သူ လုပ်နိုင်ပါက ပိုင်ယင်မြို့သည် ယွင်ကျုံးဟဲ့ထံ လက်နက်ချရမည်။ အကယ်၍ ယွင်ကျုံးဟဲ့ ရှုံးနိမ့်ပါက ဘုရင် ပိုင်ကုက သူ့ကို တစ်စစီ ခုတ်ထစ် သတ်ဖြတ်နိုင်သည်။

ဤစာချုပ်ကို ရေးသားပြီးနောက် ယွင်ကျုံးဟဲ့သည် အပေါ်တွင် သူ၏ နာမည်ကို လက်မှတ်ထိုးကာ လက်ဗွေနှိပ်လိုက်၏။

ထို့နောက် လူတိုင်း၏ အကြည့်များက ဘုရင် ပိုင်ကု ဆီသို့ ရောက်ရှိသွားကြသည်။

ပိုင်ဖေးဖေး လည်း အံ့ဩမှင်တက်သွားပြီး ယွင်ကျုံးဟဲ့ကို ပထမဆုံးအကြိမ် မြင်ဖူးသကဲ့သို့ ဖြစ်နေ၏။

‘ဒီလောက်တောင် ရူးသွပ်နေတာလား။ ဒီလောက်တောင် အသက်စွန့်ရဲတာလား။’

ဘုရင် ပိုင်ကုသည် ယွင်ကျုံးဟဲ့ကို အတော်ကြာအောင် စိုက်ကြည့်နေသည်။ ထို့နောက် ယွင်ကျုံးဟဲ့ ရေးသားထားသော စာချုပ်ကို ကြည့်ကာ အချိန် အတော်ကြာ စဉ်းစားပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ကောင်းပြီ။ ကျုပ် သဘောတူတယ်။”

ထို့နောက် သူသည်လည်း စာချုပ်ပေါ်တွင် လက်မှတ်ရေးထိုးလိုက်၏။

ထို့နောက် ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ပိုင်ယင်မြို့က အမတ်ကြီးတို့... ခင်ဗျားတို့လည်း လက်မှတ် ထိုးချင်လား။”

ပိုင်ယင်မြို့၏ အမတ်ကြီးများသည် သူတို့၏ အကြည့်များကို ဘုရင် ပိုင်ကု ထံသို့ ထပ်မံ ရောက်ရှိသွားကြသော်လည်း ပိုင်ကု သည် မျက်စိမှိတ်ကာ အနားယူနေသကဲ့သို့ ဖြစ်နေ၏။

“ကျွန်မ ထိုးမယ်။” ပိုင်ဖေးဖေးက ပြောလိုက်သည်။

ထို့နောက် သူမက စာချုပ်ကို ယူကာ ဖခင် ပိုင်ကု ၏ နာမည်အောက်တွင် သူမ၏ နာမည်ကို လက်မှတ်ရေးထိုးပြီး လက်ဗွေနှိပ်လိုက်သည်။ ထို့နောက် သူမက စာချုပ်ကို လီဟွာမေ ဆီသို့ ကမ်းပေးလိုက်၏။

လီဟွာမေ လည်း သူမ၏ နာမည်ကို လက်မှတ်ရေးထိုးပြီး လက်ဗွေနှိပ်လိုက်သည်။

ဤလူသုံးဦး ဦးဆောင်ပြီးနောက် ကျန်ရှိနေသော ပိုင်ယင်မြို့၏ ထိပ်သီး ခေါင်းဆောင်ကြီးများသည်လည်း အသီးသီး လက်မှတ်ရေးထိုးကာ လက်ဗွေနှိပ်လိုက်ကြ၏။

အဘယ်ကြောင့်ဆိုသော် လူတိုင်း၏ အမြင်တွင် ဤသည်မှာ လုံးဝ မဖြစ်နိုင်သော ကိစ္စဖြစ်ပြီး ယွင်ကျုံးဟဲ့ လုံးဝ ရူးသွပ်သွားခြင်းသာ ဖြစ်သည်ဟု ထင်မြင်သောကြောင့်ပင်။

ပိုင်ယင်မြို့၏ အဓိက ရေယာဉ်စုသည် လူနှစ်သိန်း၊ သုံးသိန်းမက ရှိသည်။ ထို့အပြင် အင်အားကြီးမားလှသော အသွင်ပြောင်း ပင်လယ် သားရဲကြီး စစ်တပ်များလည်း ပါဝင်သေးရာ ယွင်ကျုံးဟဲ့က လူတစ်ယောက်တည်းဖြင့် ဤအင်အားကြီးမားသော စွမ်းအားကြီးကို အနိုင်ယူချင်သည်လား။

နေ့ခင်းကြောင်တောင် အိပ်မက် မက်နေသည်လား။ ဤအရာက အံ့ဩစရာ အဖြစ်အပျက် မဟုတ်သလို နတ်ဘုရားများ၏ အစွမ်းလည်း မဟုတ်ပေ။ အိပ်မက် ယောင်နေသည့် စကားများသာ ဖြစ်ပေလိမ့်မည်။

နှစ်ဖက်စလုံး စာချုပ်ကို လက်မှတ်ရေးထိုးပြီးနောက် မိတ္တူ နှစ်စောင် ပြုလုပ်ကာ ယွင်ကျုံးဟဲ့ တစ်စောင် ယူထားပြီး ဘုရင် ပိုင်ကုက တစ်စောင် ယူထားသည်။

ထို့နောက် ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ကျေးဇူးပြုပြီး ခင်ဗျားတို့ရဲ့ ရေတပ် အားလုံးနဲ့ ပင်လယ် သားရဲ စစ်တပ်တွေ အားလုံးကို စုရုံးပေးပါ။ ခုနစ်ရက်နေရင် ကျုပ် တစ်ယောက်တည်းက ပိုင်ယင်မြို့ရဲ့ ရေတပ် အားလုံးနဲ့ ပင်လယ် သားရဲ စစ်တပ်တွေကို ရင်ဆိုင် တိုက်ခိုက်ပြီး အနိုင်အရှုံးကို ဆုံးဖြတ်မယ်။ တစ်ပွဲတည်းနဲ့ အဆုံးအဖြတ် ပေးမယ်။”

ထို့နောက် သူက နောက်သို့ တစ်ချက်မှ ပြန်မကြည့်ဘဲ လှည့်ထွက်သွားတော့သည်။

“ခုနစ်ရက် နေရင် တစ်ပွဲတည်းနဲ့ အဆုံးအဖြတ် ပေးမယ်။”

ထို့နောက် ယွင်ကျုံးဟဲ့သည် လူတိုင်း၏ မြင်ကွင်းမှ ပျောက်ကွယ်သွားတော့၏။

..........................

All Chapters