← Chapters

အခန်း (၈၆၁-၈၆၂)

Vol. 73 Ch. 861-862

အခန်း (၈၆၁-၈၆၂)

Vol. 73 Ch. 861-862

အပိုင်း (၈၆၁)

အနက်ရောင်ဘုရင်ကျိုးက ပြောလိုက်၏။ “ဟုတ်တယ်။ မင်းရဲ့ သေနတ်နဲ့ အမြောက်တွေက အရမ်း အဆင့်မြင့်လွန်းလို့ ငါတို့ လုံးဝ မမီပါဘူး။ ပြီးတော့ ငါတို့ရဲ့ အသွင်ပြောင်း လင်းနို့တွေကိုလည်း မင်းက ဖြေရှင်းနိုင်ခဲ့တယ်။ ဒါပေမဲ့ မင်းကို လက်နက်တစ်မျိုး ငါ ပြမယ်။”

အနက်ရောင်ဘုရင်ကျိုးက လက်ကို ရုတ်တရက် ဝှေ့ယမ်းလိုက်သည်။

ချက်ချင်းဆိုသလို ကောင်းကင်ယံမှ အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ဧရာမ ငှက်ကြီး တစ်ကောင်သည် လျင်မြန်စွာ ပျံသန်းလာပြီး ထိုးဆင်းလာ၏။

၎င်း၏ အမြန်နှုန်းက အရမ်း မြန်လွန်းလှပြီး ယွင်ကျုံးဟဲ့ တွက်ချက်ကြည့်ရာ တစ်နာရီလျှင် ကီလိုမီတာ လေးရာကျော် ရှိလောက်၏။ မျက်စိတစ်မှိတ် အတွင်းမှာပင် ၎င်းသည် ကောင်းကင်ယံသို့ ရောက်ရှိလာသည်။

‘သိမ်းငှက်ကြီးလား။’

အထူး အသွင်ပြောင်းပြီးနောက် သိမ်းငှက်ကြီးဖြစ်ပြီး အတောင်ပံ ဖြန့်လိုက်လျှင် မီတာ ဆယ်ဂဏန်းကျော် ရှိသည်။ ၎င်းသည် မြေကြီးပေါ်သို့ ဆင်းသက်လာပြီးနောက် ခန့်ညားထည်ဝါပြီး ရဲရင့်ကာ ရက်စက်သော အသွင်အပြင် ရှိသည်။ မတ်တတ်ရပ်လိုက်လျှင် လေးမီတာတိတိရှိပြီး တကယ့်ကို ဧရာမ သားရဲကြီး တစ်ကောင် ဖြစ်၏။

အနက်ရောင်ဘုရင်ကျိုးက ပြောလိုက်သည်။ “ဒီအသွင်ပြောင်း သိမ်းငှက်ကြီးရဲ့ ပျံသန်းနှုန်းက တစ်နာရီကို မိုင်ရှစ်ရာကျော် ရှိပြီး ပေါင်ငါးရာကျော် သယ်ဆောင်နိုင်ကာ မီတာ တစ်သောင်းသုံးထောင်ကျော် အမြင့်အထိ ပျံသန်းနိုင်တယ်။ ပြီးတော့ အရေအတွက်ကလည်း အရမ်း များတယ်။ ငါသာ သူ့ကို လေကြောင်း တိုက်ခိုက်မှု လုပ်ခိုင်းပြီး ဗုံးကြဲခိုင်းရင် မင်း ဘယ်လို ကာကွယ်မလဲလို့ ငါ သိချင်တယ်။”

အနက်ရောင်ဘုရင်ကျိုး ဆက်လက် ရှေ့သို့ လျှောက်သွားသည်။ ထို့နောက် ဧရာမ ချောက်ကမ်းပါး တစ်ခုဆီသို့ ရောက်ရှိလာရာ အပေါ်တွင် ဧရာမ ဂူပေါက်ကြီးများ ပြည့်ကျပ်နေသည်။ ဂူပေါက် တစ်ခုစီတိုင်း အတွင်းတွင် ဧရာမ အသွင်ပြောင်း သိမ်းငှက် တစ်ကောင်စီ နေထိုင်ကြပြီး စုစုပေါင်း အကောင် ရာပေါင်းများစွာ ရှိ၏။

အနက်ရောင်ဘုရင်ကျိုးက မေးလိုက်၏။ “ဒါက နေရာ တစ်နေရာတည်းပဲ ရှိသေးတာ။ သေချာပေါက် ငါတို့ရဲ့ ဗုံးတွေက အရမ်း နောက်ကျနေပြီး ပေါင်ငါးရာဗုံး ဖြစ်နေရင်တောင် စွမ်းအားက သာမန်ပဲ ဆိုတာ ငါ သိပါတယ်။ ဒါပေမဲ့ ငါတို့ရဲ့ အဆိပ်တွေကကော ဘယ်လိုလဲ။ အရမ်း အင်အားကြီးတယ်မလား။ အကယ်၍ ပစ်ချလိုက်တဲ့ ဗုံးက အဆိပ်ဗုံး ဖြစ်နေရင်ကော။”

တာရှန်းမိစ္ဆာနိုင်ငံ၏ အားသာချက်မှာ အသွင်ပြောင်းခြင်းအပြင် အဆိပ်များလည်း ပါဝင်ပြီး ပြီးခဲ့သည့် အကြိမ်က အသွင်ပြောင်း လင်းနို့များသည် ကြောက်စရာကောင်းသော စွမ်းအားကို အပြည့်အဝ ပြသခဲ့ပြီး ဖြစ်သည်။

အကယ်၍ ပစ်ချလိုက်သည်မှာ အဆိပ်ဗုံးများသာ ဖြစ်မည်ဆိုပါက သတ်ဖြတ်နိုင်စွမ်း မည်မျှ အံ့ဩစရာ ကောင်းမည်နည်း။

သူသည် ယွင်ကျုံးဟဲ့ကို ခေါ်ဆောင်ကာ ဂူတစ်ခု အတွင်းသို့ ဆက်လက် ဝင်ရောက်သွားသည်။ တောက်လျှောက် ဝင်ရောက်သွားသည်။ နောက်ဆုံးတွင် ဤတောင်ကြီး၏ အဓိက နေရာသို့ ရောက်ရှိသွားသည်။

သူသည် ခဲဖြင့် ပြုလုပ်ထားသော ဧရာမ တံခါးကြီး တစ်ပေါက်ကို ဖြည်းညင်းစွာ ဖွင့်လိုက်၏။ ဖွင့်လိုက်ပြီးနောက် အတွင်းတွင် ဗုံးများ ပြည့်ကျပ်နေသည်ကို တွေ့လိုက်ရသည်။ ဤဗုံးများ၏ အခွံမှာ သံမဏိ မဟုတ်ဘဲ ခဲ ဖြစ်နေ၏။

တစ်ခဏချင်း အတွင်းမှာပဲ ယွင်ကျုံးဟဲ့သည် အလွန် အန္တရာယ်များသော အငွေ့အသက် တစ်ခုကို ရလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ဤဗုံးများ အတွင်းတွင် ကြောက်စရာကောင်းသော ရေဒီယိုသတ္တိကြွမှု ရှိနေပြီး ယွင်ကျုံးဟဲ့ ယခင်က နုဧကရာဇ်၏ နစ်မြုပ်နေသော သင်္ဘောပေါ်တွင် တွေ့ရှိခဲ့သော ဂရပ်ဖိုက်မှုန့်များပင် ဖြစ်၏။

ဗုံးအတွင်းတွင် ယူရေနီယမ် အစစ်အမှန် သို့မဟုတ် ပလူတိုနီယမ်များ မပါဝင်ပေ။ ထိုသို့ ပါဝင်နေပါက ပို၍ပင် မကြောက်ရပေ။ အဘယ်ကြောင့်ဆိုသော် ယူရေနီယမ် မည်မျှပင် သန့်စင်နေပါစေ အပူစွမ်းအင် နျူကလီးယား တုံ့ပြန်မှု (မဖြစ်ပေါ်ပါက ၎င်းကိုယ်တိုင်တွင် ရေဒီယိုသတ္တိကြွ သတ်ဖြတ်နိုင်စွမ်း သိပ်မရှိသောကြောင့်ပင်။

ထို့အပြင် တာရှန်းမိစ္ဆာနိုင်ငံ၏ သိပ္ပံနှင့် နည်းပညာ စွမ်းရည်ဖြင့် အပူစွမ်းအင် နျူကလီးယား တုံ့ပြန်မှုကို အောင်မြင်စွာ ပြုလုပ်နိုင်ရန် မဖြစ်နိုင်ပေ။

လက်ရှိ တာ့ယန် အင်ပါယာသစ် သည်ပင်လျှင် လုံးဝ၊ လုံးဝ မလုပ်ဆောင်နိုင်သေးပေ။ ထို့အပြင် ဤကမ္ဘာပေါ်တွင် အလွန် သန့်စင်သော ယူရေနီယမ် သို့မဟုတ် ပလူတိုနီယမ် များကို မတွေ့ရှိရသေးချေ။

ထို့ကြောင့် ဤအမြောက်ဆန်များ အတွင်းတွင် ထည့်သွင်းထားသည်မှာ ဂရပ်ဖိုက်မှုန့်များ ဖြစ်ပြီး အပူစွမ်းအင် နျူကလီးယား တုံ့ပြန်မှုကြောင့် ညစ်ညမ်းနေသော ဂရပ်ဖိုက်မှုန့်များ ဖြစ်သည်။

ဤရေဒီယိုသတ္တိကြွ စွမ်းအားသည် အလွန် အံ့ဩစရာ ကောင်းပြီး လူအများစုသည် ခံနိုင်ရည် မရှိဘဲ တိုက်ရိုက် သေဆုံးနိုင်သည်။

ထို့အပြင် ဤကဲ့သို့ ဂရပ်ဖိုက် ရေဒီယိုသတ္တိကြွ သတ်ဖြတ်နိုင်စွမ်းကို သံချပ်ကာ ဝတ်စုံ ဝတ်ထားလျှင်လည်း အသုံးမဝင်သလို အိမ်ထဲတွင် ပုန်းနေလျှင်လည်း အသုံးမဝင်ပေ။

ယခုအခါ ဤအမှောင်ဗုံးများကို ခဲဖြင့် ပြုလုပ်ထား၏။ ယွင်ကျုံးဟဲ့သည် သူတို့က ဤကြောက်စရာ ကောင်းသော ရေဒီယိုသတ္တိကြွ ဂရပ်ဖိုက်များကို ဗုံးများထဲသို့ မည်သို့ ထည့်သွင်းခဲ့သနည်း ဆိုသည်ကိုပင် အံ့ဩနေမိသည်။

ဗုံးတစ်လုံး ထည့်သွင်းပြီးသည်နှင့် ချက်ချင်း ရေဒီယိုသတ္တိကြွမှုကြောင့် သေဆုံးသွားလောက်မည်ဟု ထင်မိ၏။

အနက်ရောင်ဘုရင်ကျိုးက မေးလိုက်သည်။ “အကယ်၍ ငါက အဲဒီ ဧရာမ အသွင်ပြောင်း သိမ်းငှက်ကြီးတွေကို ဒီကြောက်စရာကောင်းတဲ့ အမှောင် ဗုံးတွေ သယ်ပြီး မင်းရဲ့ စစ်တပ်ကို လေကြောင်းကနေ တိုက်ခိုက်ခိုင်းမယ် ဆိုရင် မင်း ဘယ်လို လုပ်မလဲ။ လေယာဉ်ပစ် လက်နက်တွေ သုံးပြီး အမှောင် ဗုံးတွေကို ဖျက်ဆီးပြီး ကြိုတင် ပေါက်ကွဲအောင် လုပ်မလား။”

ထိုသို့ဆိုပါက သေချာပေါက် သေဆုံးရမှာဖြစ်၏။ ရေဒီယိုသတ္တိကြွမှုများဖြင့် ညစ်ညမ်းနေသော ဂရပ်ဖိုက်မှုန့် များသည် အထိန်းအကွပ်မဲ့စွာ ကျဆင်းလာပြီး ဤမြေနေရာအား ထာဝရ ညစ်ညမ်းသွားစေပေလိမ့်မည်။

ထို့အပြင် ၎င်းဂရပ်ဖိုက်မှုန့်များသာ စစ်တပ်အပေါ်သို့ ကျဆင်းလာခဲ့ပါမူ အခြေခံအားဖြင့် မည်သို့မှ ကာကွယ်နိုင်စွမ်း ရှိမည် မဟုတ်ပေ။

အနက်ရောင်ဘုရင်ကျိုး သည် ယွင်ကျုံးဟဲ့ကို ခေါ်ဆောင်ကာ အပြင်သို့ ထွက်လာပြီး ဧရာမ တောင်ဂူ အခြေစိုက် စခန်းကြီးမှ ထွက်ခွာလာခဲ့သည်။

လူနှစ်ဦးသည် တောင်ကြား အတွင်းသို့ လျှောက်သွားရာ ထိုနေရာတွင် အလွန် လှပသော စံအိမ်ကြီး တစ်ခု ရှိနေသည်ကို တွေ့လိုက်ရ၏။

“ယွင်ကျုံးဟဲ့... အဲဒါကြောင့် နောက်ဆက်တွဲ မင်း ပိုင်ယင်မြို့ကိုလည်း တိုက်ခိုက် သိမ်းပိုက်နိုင်မှာ မဟုတ်သလို မြောက်ဘက်ကို စစ်ချီလို့လည်း မရနိုင်ဘူး။”

အနက်ရောင်ဘုရင်ကျိုးက ပြောလိုက်သည်။ “မင်းရဲ့ လမ်းကြောင်းတွေ အားလုံး ပိတ်ဆို့ခံထားရပြီ။ မင်း ငါတို့ကိုတောင် မနိုင်နိုင်ဘူးဆိုရင် မိစ္ဆာမြို့တော်ကိုဆိုရင် ပိုဆိုးတာပေါ့။ မင်း ဘယ်လို ရှေ့ဆက်မလဲ။”

စံအိမ်ကြီး၏ တံခါးဝသို့ ရောက်ရှိချိန်မှာတော့ အနက်ရောင်ဘုရင်ကျိုးက ပြောလိုက်၏။ “ဝင်ပါ။”

ထို့နောက် လှပလွန်းသော စံအိမ်ကြီး အတွင်းသို့ ဝင်ရောက်သွားရာ ဖြူဖွေးသော အဆောက်အအုံ တစ်ခု၏ ရှေ့သို့ ရောက်ရှိလာ၏။ အခန်းတံခါး ပွင့်လာပြီး အနက်ရောင်ဘုရင်ကျိုးနှင့် ယွင်ကျုံးဟဲ့ ဝင်ရောက် သွားသည်။

“ဘုန်း...”

စံအိမ်ကြီး၏ တံခါး ပိတ်သွား၏။

ဤအိမ်မှာ အလွန့် အလွန် လှပသော အိမ်ဖြစ်ပြီး ပင်လယ်ပြင်ပုံစံ အပြည့်အဝ ရှိသည်။

ထို့နောက် အလွန် လှပသော အမျိုးသမီး တစ်ဦး လှေကားပေါ်မှ ဖြည်းညင်းစွာ ဆင်းလာသည်။ လောကကို ဆွဲဆောင်နိုင်သော၊ အလှဆုံး ဖြစ်သော၊ တိုင်းပြည်ကို ပျက်စီးစေနိုင်သော မကောင်းဆိုးဝါး မင်းသမီးလေး၊ နောက်ထပ် မိတ်ဟောင်းဆွေဟောင်း တစ်ယောက် ဖြစ်ပြီး နှစ်ကြိမ်သာ တွေ့ဆုံဖူးသော်လည်း မကောင်းသော ရေစက် ရှိခဲ့သည့် ပိုင်ယင်မြို့ မင်းသမီးလေး၊ ပိုင်ဖေးဖေး ပင် ဖြစ်၏။

“ယွင်ကျုံးဟဲ့... ရှင်က ကျွန်မတို့ ပိုင်ယင်မြို့ကို လာတိုက်မလို့လား။” ပိုင်ဖေးဖေးက မေးသည်။

ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “ဟုတ်ပါတယ်။”

ဧည့်ခန်း အတွင်းသို့ ရောက်ရှိလာပြီး လူသုံးယောက် နေရာ အသီးသီးတွင် ထိုင်လိုက်ကြသည်။

ပိုင်ဖေးဖေးက ပြောလိုက်၏။ “ယွင်ကျုံးဟဲ့... ရှင် ကျွန်မတို့ကို မနိုင်ဘူး။ အနက်ရောင်ဘုရင်ကျိုး ကိုလည်း မနိုင်ဘူး၊ ရှင့်မှာ မျှော်လင့်ချက် မရှိဘူး။”

ယွင်ကျုံးဟဲ့ စကားမပြောခဲ့ပေ။

“ယွင်ကျုံးဟဲ့... ရှင် အကျွမ်းကျင်ဆုံးက ဘာလဲ။ စစ်တိုက်တာ မဟုတ်ဘူး၊ မိန်းမ ထမီနား ခိုစားတာလေ။”

ပိုင်ဖေးဖေးက လေးနက်သည့် အသံဖြင့် ပြောလိုက်သည်။ “ဒီတစ်ခါ ကျွန်မတို့ သုံးဦး တွေ့ဆုံရတာက ဆွေးနွေးစရာ ကိစ္စ တစ်ခု ရှိလို့ပါ၊ ကိစ္စကြီး တစ်ခု၊ အထူး ကိစ္စကြီး တစ်ခုပါ။”

အနက်ရောင်ဘုရင်ကျိုးက ဖြည်းညင်းစွာ ပြောလိုက်၏။ “ယွင်ကျုံးဟဲ့... ငါ့ညီလေး... ငါတို့ အချင်းချင်း စစ်တိုက်ဖို့ မလိုပါဘူး။ မင်း အဆင်သင့် ဖြစ်ပြီဆိုရင် ငါတို့ အခုပဲ စတင်ပြီး ကိစ္စကြီး တစ်ခု၊ ကောင်းကင်နဲ့ မြေကြီးကို တုန်လှုပ်စေမယ့် ကိစ္စကြီး တစ်ခုကို ဆွေးနွေးကြတာပေါ့။”

ဤအချိန်တွင် အမျိုးသမီး တစ်ဦး ဝင်လာပြီး ကော်ဖီ တစ်အိုး ယူလာသည်။

“ဒါက ကော်ဖီပါ။ မင်းတို့ တာ့ယန် အင်ပါယာမှာ အကြိုက်ဆုံး အဖျော်ယမကာတွေထဲက တစ်ခု ဖြစ်လောက်ပါတယ်။” ပိုင်ဖေးဖေးက ပြောလိုက်၏။

ယွင်ကျုံးဟဲ့က ပြောသည်။ “တကယ်တမ်းတော့ တာ့ယန် အင်ပါယာမှာ အကြိုက်ဆုံး အဖျော်ယမကာက လက်ဖက်ရည် ဖြစ်သွားပါပြီ။”

ပိုင်ဖေးဖေး သည် ဆွဲဆောင်မှုရှိစွာဖြင့် ယွင်ကျုံးဟဲ့အတွက် ကော်ဖီ တစ်ခွက် ငှဲ့ပေးလိုက်ပြီး ဖြည်းညင်းစွာ ပြော၏။ “ဟုတ်လား။ ဒါဆို ဒီနေ့ ကျွန်မတို့ ဒီကော်ဖီကို အတူတူ မြည်းစမ်းကြည့်ကြတာပေါ့။”

ထို့နောက် လူသုံးယောက်စလုံး တစ်ခွက်စီ ငှဲ့လိုက်ကြသည်။

ပိုင်ဖေးဖေး သောက်လိုက်ပြီးနောက် လှပသော မကောင်းဆိုးဝါး မျက်နှာပေါ်တွင် ပျော်ရွှင်သော အမူအရာ ထွက်ပေါ်လာ၏။

“ရိုးရိုးသားသား ပြောရရင် ဒီအရာကို ကျွန်မ ပိုကြိုက်တယ်။” ပိုင်ဖေးဖေးက ပြောသည်။

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဒီအရာက အရမ်း ပြင်းထန်ပြီး ချက်ချင်း အံ့ဩသွားစေနိုင်ပေမယ့် လက်ဖက်ရည်လိုတော့ အကြာကြီး သောက်လို့ မကောင်းဘူး။ လက်ဖက်ရည်ကို ကျုပ် အမြဲတမ်း သောက်လို့ ရတယ်။ ဒါပေမဲ့ ဒီအရာကိုတော့ ကျုပ် နှစ်ခွက်ပဲ သောက်နိုင်တယ်။”

ယွင်ကျုံးဟဲ့ ပြောသည်မှာ အမှန်တရား ဖြစ်၏။ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း သူ အများဆုံး သောက်ခဲ့သည်မှာ လက်ဖက်ရည်သာဖြစ်ပြီး တစ်ခါတစ်ရံမှသာ ကော်ဖီ သောက်ကာ ထိုမွှေးရနံ့ကို ခံစားကြည့်ခြင်း ဖြစ်သည်။

ပိုင်ဖေးဖေးက ပြောလိုက်၏။ “ကျွန်မကတော့ ပြင်းထန်တာကိုပဲ ကြိုက်တယ်။ ပိုပြင်းထန်လေ ပိုကြိုက်လေပဲ။ လုံးဝ ပြောပြလို့ မရအောင် ကောင်းတယ်။”

မကောင်းဆိုးဝါးမလေး ဤစကားကို ပြောချိန်မှာ အချိန်တစ်ခုက မြင်ကွင်း တစ်ခုကို ပြန်အမှတ်ရသွားသလို နှုတ်ခမ်းကိုတောင် တစ်ချက် စုပ်လိုက်သေးသည်။

ထိုအချိန်တွင် အပြင်ဘက်မှ လူငယ် တစ်ဦး၏ အသံ ထွက်ပေါ်လာ၏။ “အမေ..”

ပိုင်ဖေးဖေးက ပြောလိုက်သည်။ “ဝင်ခဲ့။”

လူငယ် တစ်ဦး ဝင်လာသည်။ အသက် ဆယ့်လေး၊ ဆယ့်ငါးနှစ်ခန့် ရှိသော်လည်း အရပ် တစ်မီတာ ရှစ်ဆယ်ခန့် ရှိနေပြီ ဖြစ်သည်။ သူသည် အလွန် ချောမောပြီး ရဲရင့်ကာ ကိုယ်ပေါ်တွင် အနက်ရောင် သံချပ်ကာ ဝတ်စုံကို ဝတ်ဆင်ထား၏။

ဝင်လာပြီးနောက် ထိုလူငယ်သည် မတ်မတ် ရပ်နေပြီး အကြည့်များက ယွင်ကျုံးဟဲ့၏ မျက်နှာပေါ်သို့ ရောက်ရှိသွား၏။ အဘယ်ကြောင့်ဆိုသော် လူနှစ်ဦးက အရမ်း တူလွန်းသောကြောင့် ဖြစ်သည်။ သို့မဟုတ် ဤလူငယ်သည် ယွင်ကျုံးဟဲ့နှင့် အတူဆုံး တစ်ဦးဖြစ်ပြီး ကျင်းဟူ နှင့် ယွင်ယောင် တို့ထက်ပင် ပိုမို တူသေးသည်။

ပိုင်ဖေးဖေးက ပြောလိုက်၏။ “ဒါက မင်းရဲ့ အဖေပဲ။”

ထိုလူငယ် ခဏမျှ တိတ်ဆိတ်သွားပြီး နှုတ်ခမ်း အနည်းငယ် လှုပ်ရှားသွားသော်လည်း အသံ မထွက်လာခဲ့ပေ။

မျက်မှောက်ရှိ ဤလူသည် တာ့ယန် အင်ပါယာ၏ ဘုရင် ဖြစ်ပြီး တာရှန်းမိစ္ဆာနိုင်ငံ၏ အကြီးမားဆုံး ရန်သူ ဖြစ်ကြောင်း သူ သေချာပေါက် သိ၏။ နိုင်ငံ နှစ်ခု၏ ရပ်တည်ချက်အရ မျက်မှောက်ရှိ ယွင်ကျုံးဟဲ့သည် သူ၏ အကြီးမားဆုံး ရန်သူ ဖြစ်သည်။

“ကလေးက နားမလည်သေးလို့ပါ။”

ပိုင်ဖေးဖေးက ပြောလိုက်၏။ “မင်းရဲ့ ဦးလေးကို အရိုအသေပေးလိုက်အုံး။”

ထိုလူငယ်က အနက်ရောင်ဘုရင်ကျိုး ကို ဦးညွှတ်ကာ ပြောလိုက်သည်။ “ဦးလေးကို အရိုအသေပေးပါတယ်။”

အနက်ရောင်ဘုရင်ကျိုး ပြုံးကာ မေးလိုက်၏။ “ဦးလေး ပေးတဲ့ လက်ဆောင်ကို သဘောကျလား။”

“သဘောကျပါတယ်။”

လူငယ်က ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ် ဦးလေး။”

ပိုင်ဖေးဖေးက ပြောလိုက်၏။ “ဒါဆို မင်း ထွက်သွားတော့။ မင်းရဲ့ သူငယ်ချင်းတွေနဲ့ ဆက်ကစားလိုက်အုံး။”

ထိုလူငယ် ထွက်သွားသော်လည်း တံခါးဝမှ ထွက်ခွာချိန်တွင် ယွင်ကျုံးဟဲ့ကို မနေနိုင်ဘဲ တစ်ချက် လှမ်းကြည့်သွားသေးသည်။

ယွင်ကျုံးဟဲ့သည် ကမောက်ကမ ဖြစ်နေသော စိတ်ကို ငြိမ်သက်စေရန် လေကို အကြိမ်ကြိမ် ပြင်းပြင်း ရှူသွင်းလိုက်၏။

‘ဒီလူငယ်က သူ့ရဲ့ သားပဲ၊ ပိုင်ဖေးဖေး မွေးထားတဲ့ သားပဲ။ အဲဒီတုန်းက တာ့ရှ အင်ပါယာ ရဲ့ နန်းတော်ထဲမှာ သူ ပိုင်ဖေးဖေးရဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ခံခဲ့ရပြီး ငရဲနဲ့ နတ်ပြည်ကြားမှာ တစ်နာရီလောက် နစ်မွန်းသွားခဲ့ရတာလေ။ တစ်ချက်တည်းနဲ့ အောင်မြင်သွားလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။’

အပိုင်း (၈၆၂)

ပိုင်ဖေးဖေးက ပြောလိုက်သည်။ “ယွင်ကျုံးဟဲ့… ကျွန်မ အရင်က ပြောခဲ့ဖူးတယ် မလား။ ရုပ်ဆိုးတဲ့ ယောက်ျားတွေကို အရမ်း မုန်းတယ်လို့။ ဒါပေမဲ့ အခုတော့ ရှင်က လောကမှာ အချောဆုံး ယောက်ျား ဖြစ်နေလောက်ပြီ။”

ယွင်ကျုံးဟဲ့က ဖြေ၏။ “ငါလည်း အဲဒီလိုပဲ ထင်တယ်။”

ပိုင်ဖေးဖေးက ဆက်ပြောသည်။ “ကျွန်မက ရုပ်ဆိုးတဲ့ ယောက်ျားတွေကို အရမ်းမုန်းပြီး ချက်ချင်း သတ်ပစ်ချင်ပေမယ့် အခု ရှင်က လောကမှာ အချောဆုံး ယောက်ျား ဖြစ်နေပြီ ဆိုတော့ မတူတော့ဘူးလေ။ ကျွန်မတို့ကြားမှာ မကောင်းတဲ့ ရေစက် တစ်ခု ရှိခဲ့ပြီး ကလေး တစ်ယောက်တောင် ရခဲ့ပြီ။ အနက်ရောင် ဘုရင်ကျိုး ကလည်း ရှင်နဲ့ ဒီလောကမှာ သွေးသားတော်စပ်မှု အနီးစပ်ဆုံး လူပဲ။ ဒါဆို ရှင် ကျွန်မတို့ကို ဆက်တိုက်နေအုံးမှာလား။”

ယွင်ကျုံးဟဲ့ ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်၏။ “တိုက်ရလောက်အုံးမယ် ထင်တယ်။”

ပိုင်ဖေးဖေးက ခေါင်းခါလိုက်သည်။ “အခု မလိုတော့ဘူး။ ဘာလို့လဲဆိုတော့ ရှင့်ရဲ့ ရန်သူက ကျွန်မတို့ မဟုတ်လို့ပဲ။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “အဓိက ကိစ္စကို ပြော။”

ပိုင်ဖေးဖေးက ပြောသည်။ “ကျွန်မတို့ သုံးဖွဲ့ ပူးပေါင်းပြီး ကိစ္စကြီး တစ်ခုကို လုပ်ကြမယ်၊ ကောင်းကင်လောက် ကြီးမားတဲ့ ကိစ္စကြီး တစ်ခုကိုပေါ့။”

‘ပူးပေါင်းမယ်။ ကိစ္စကြီး လုပ်မယ်။ ဘာကိစ္စကြီးလဲ။’

ပိုင်ဖေးဖေးက မေးလိုက်၏။ “ကျွန်မတို့ သုံးဖွဲ့ ပူးပေါင်းပြီး တာရှန်းမိစ္ဆာနိုင်ငံရဲ့ အမြင့်ဆုံး ဧကရာဇ် နေရာကို လုယူကြမယ်၊ ဘယ်လိုလဲ။”

ယွင်ကျုံးဟဲ့ ကြားပြီးနောက် လုံးဝ အံ့ဩမှင်တက်သွားသည်။

‘ဒါက ဘာတွေလဲ။ တာရှန်းမိစ္ဆာနိုင်ငံရဲ့ ဧကရာဇ် နေရာကို ယှဉ်ပြိုင်မယ်။ ခင်ဗျားတို့ ပုန်ကန်ချင်နေတာလား။’

သေချာပေါက် ပိုင်ဖေးဖေး အနေဖြင့် ပုန်ကန်ရမည့် အကြောင်းရင်း ရှိနိုင်သည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ ဖခင် ပိုင်ကု သည် ပိုင်ယင်မြို့စား ဖြစ်ပြီး တာရှန်းမိစ္ဆာနိုင်ငံ၏ အမှောင် မိစ္ဆာဘုရင် ဖြစ်ခဲ့သော်လည်း နောက်ဆုံးတွင် တာယင် ဧကရာဇ် ထံ ရှုံးနိမ့်သွားကာ ဘုရင်ရာထူးကို ဆုံးရှုံးခဲ့ရသောကြောင့်ပင်။

သို့သော်လည်း အနက်ရောင်ဘုရင် ကျိုးအောက်ယွီသည် မည်သည့် အကြောင်းကြောင့် ပုန်ကန်လိုရသနည်း။ သူနှင့် ယွင်ကျုံးဟဲ့တို့ကြားရှိ ညီအစ်ကို သံယောဇဉ်ကြောင့်လား။

ဟုတ်မည် မထင်ပေ။ အကြောင်းမူ သူသည် ပုန်ကန်လိုစိတ် ရှိနေခဲ့သည်မှာ အတန်ကြာပြီဖြစ်ကာ၊ ယွင်ကျုံးဟဲ့ အရှေ့ဘက်သို့ စစ်ချီလာမည်ဆိုသည်ကို မသိရှိမီတည်းကပင် ဤစိတ်ကူး ရှိနေခဲ့ခြင်း ဖြစ်နိုင်သည်။ သို့မဟုတ် အခြားသော အကြောင်းရင်း တစ်ခုခု ရှိနေသည်လား။

လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ကျော်က နုဧကရာဇ် ရုတ်တရက် ကံကုန်သွားခဲ့စဉ်အခါက တာရှန်း မိစ္ဆာနိုင်ငံ၏ ချင်ဝမ်အချို့သည် ပြည်တွင်းစစ်ကို စတင်ကာ ဘုရင်ရာထူးကို လုယူခဲ့ကြသောကြောင့် တာရှန်း မိစ္ဆာနိုင်ငံကြီး တစ်ခုလုံး တိုက်ရိုက် ပြိုကွဲသွားခဲ့ရ၏။

ယွင်ကျုံးဟဲ့က ချက်ချင်း မေးလိုက်သည်။ “ဘာလို့လဲ။”

အနက်ရောင်ဘုရင်ကျိုးက ဖြေ၏။ “ဘာလို့လဲဆိုတော့ ဧကရာဇ် မထွက်ပေါ်လာတာ အတော်လေး ကြာနေပြီမို့လို့ပဲ။”

ယွင်ကျုံးဟဲ့က ထပ်မေးသည်။ “ဘယ်လောက်တောင် ကြာပြီလဲ။”

အနက်ရောင်ဘုရင်ကျိုးက ဖြေ၏။ “သုံးနှစ်ကျော်ပြီ။”

‘ချီးတဲ့မှ... ဒါကတော့ တကယ်ကို ပုံမှန် မဟုတ်ဘူး။’

တာရှန်းမိစ္ဆာနိုင်ငံသည် ခွဲဝေ အုပ်ချုပ်သော စနစ်ဖြစ်ပြီး ချင်ဝမ် ကိုးယောက်က ကိုယ့်နယ်မြေကို ကိုယ်အုပ်ချုပ်ကြသော်လည်း ဧကရာဇ်က အကြွင်းမဲ့ အာဏာကို ထိန်းသိမ်းထားရမှာ ဖြစ်သည်။

ထို့အပြင် တာရှန်းမိစ္ဆာနိုင်ငံ၏ စည်းမျဉ်းများအရ ချင်ဝမ် ကိုးယောက်သည် သုံးရက်လျှင် တစ်ကြိမ် အစီရင်ခံစာ တင်ပြရမည်ဖြစ်ပြီး ဧကရာဇ်က အမြဲတမ်း မှတ်ချက်ပေးလေ့ ရှိသည်။ သုံးလလျှင် တစ်ကြိမ် ချင်ဝမ် ကိုးယောက်သည် မိစ္ဆာမြို့တော် သို့ သွားရောက်၍ ဧကရာဇ်ကို တွေ့ဆုံရ၏။

အနက်ရောင်ဘုရင်ကျိုးက ပြောလိုက်သည်။ “လွန်ခဲ့တဲ့ သုံးနှစ်တည်းက ဧကရာဇ်ဟာ ငါတို့ရဲ့ အစီရင်ခံစာတွေကို ကိုယ်တိုင် မှတ်ချက် မပေးတော့ဘူး။ ပြီးတော့ ငါတို့ ဧကရာဇ်ကို မတွေ့ရတော့ဘူး။ ဘယ်လို အခြေအနေမျိုးမှာ ဧကရာဇ်က မျက်နှာ မပြဘဲ နေမှာလဲ။ ဒီနှစ်တွေက တာရှန်းမိစ္ဆာနိုင်ငံအတွက် အရေးအကြီးဆုံး အချိန်ကာလ ဖြစ်ပြီး မင်းတို့ တာ့ယန် အင်ပါယာက အရှေ့ဘက်ကို စစ်ချီဖို့ ပြင်ဆင်နေတယ် ဆိုတဲ့ သတင်းအချက်အလက် အလုံအလောက် ရှိနေတယ် ဆိုတာကို မင်း သိထားသင့်တယ်။”

ပိုင်ဖေးဖေးက ဝင်ပြော၏။ “ဒီလောက်တင် မကသေးဘူး၊ လွန်ခဲ့တဲ့ သုံးနှစ်က မိစ္ဆာနိုင်ငံ ဧကရာဇ် ဟာ နဝမမြောက် အကြိမ်အဖြစ် အသွင်ပြောင်းဖို့ မိစ္ဆာမြို့တော် မြေအောက်က နဝမမြောက် ပိရမစ်ထဲကို ဝင်သွားခဲ့တယ်။ ပုံမှန်အားဖြင့် အောင်မြင်စွာ အသွင်ပြောင်းနိုင်ခဲ့ရင် လောက တစ်ခွင်လုံးကို ကြေညာသင့်ပေမယ့် ဘာသတင်းမှ မရှိဘူး။”

အနက်ရောင်ဘုရင်ကျိုးက ပြောလိုက်သည်။ “ဧကရာဇ်တစ်ပါးက သုံးနှစ်ကျော်လောက် လုံးဝ ပျောက်ကွယ် သွားတယ်ဆိုရင် ရှစ်ဆယ် ရာခိုင်နှုန်းက သူ ဒုက္ခရောက်နေပြီ ဆိုတာ သေချာတယ်။”

ပိုင်ဖေးဖေးက ပြော၏။ “တာရှန်းမိစ္ဆာနိုင်ငံရဲ့ ဧကရာဇ်က အရမ်း အင်အားကြီးပြီး ကြောက်စရာ ကောင်းလွန်းလို့၊ ပြီးတော့ သူ ဒုက္ခရောက်နေပြီ ဆိုတာကို ဘယ်သူမှ သက်သေမပြနိုင်သေးလို့ ဘယ်သူမှ မပုန်ကန်ရဲကြသေးတာ။ ဒါပေမဲ့ တိတ်တဆိတ် ယှဉ်ပြိုင်မှုတွေက အရမ်း ပြင်းထန်နေပြီ။ ချင်ဝမ် ကိုးယောက်က အချင်းချင်း တိတ်တဆိတ် ဆက်သွယ်နေကြပြီး အင်ပါယာ ပြည်တွင်းစစ်က အချိန်မရွေး ဖြစ်လာနိုင်တယ်။”

“တာရှန်းမိစ္ဆာနိုင်ငံရဲ့ ဧကရာဇ်က အရမ်း ကြောက်စရာ ကောင်းလွန်းတယ်။ သူ ပျောက်ကွယ်သွားတာက အကြံအစည် တစ်ခု မဟုတ်ဘူးလို့ ဘယ်သူက အာမခံရဲမှာလဲ။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “တာရှန်းမိစ္ဆာနိုင်ငံရဲ့ ဧကရာဇ် တကယ် မရှိတော့ဘူး ဆိုရင်တောင် မင်းအဖေ ပိုင်ကုက ဘုရင်ရာထူးကို ပထမဆုံး ဆက်ခံခွင့် ရှိသူ ဖြစ်သင့်တယ်။”

တာရှန်းမိစ္ဆာနိုင်ငံတွင် အင်အားကြီးသူသာ အဓိက ဖြစ်ပြီး မျိုးရိုးစဉ်ဆက် ဆက်ခံသည့် စနစ် မဟုတ်ပေ။

ပိုင်ဖေးဖေးက ခေါင်းယမ်းကာ ပြောလိုက်သည်။ “ဒါပေမဲ့ ဧကရာဇ်မင်းကြီး ကတော့ မျိုးရိုးစဉ်ဆက် ဆက်ခံတဲ့ စနစ်ကို လုပ်ချင်နေတယ်။ အဲဒါကြောင့် စောစောတည်းက အိမ်ရှေ့မင်းသားကို မြှောက်စားခဲ့ပြီး အကြိမ်ကြိမ် အသွင်ပြောင်းခိုင်းခဲ့တယ်။ နောက်ထပ် အရေးကြီးတဲ့ အကြောင်းရင်း တစ်ခုက ကျွန်မအဖေ ပိုင်ကုဟာ လုံးဝ ဒုက္ခိတ ဖြစ်သွားပြီ။ သူနဲ့ တာယင် ဧကရာဇ်တို့ရဲ့ တိုက်ပွဲမှာ ရှုံးသွားတယ်။ အရမ်း ဆိုးဆိုးရွားရွား ရှုံးသွားခဲ့တယ်။”

ယွင်ကျုံးဟဲ့က နားမလည်ဟန်ဖြင့် ပြောလိုက်၏။ “မင်းတို့ တာရှန်းမိစ္ဆာနိုင်ငံက အရမ်း အံ့ဩစရာ ကောင်းတယ် မဟုတ်ဘူးလား။ သွေးကြောတွေ ပြတ်သွားရင်တောင်၊ ဒုက္ခိတ ဖြစ်သွားရင်တောင် နဂိုအတိုင်း ပြန်ကောင်းနိုင်တယ်လေ။”

ပိုင်ဖေးဖေးက ခေါင်းခါယမ်းလိုက်သည်။ “ခြေထောက် နှစ်ဖက်စလုံး ခါးကနေ ပြတ်သွားတာကို ဘယ်လိုလုပ် နဂိုအတိုင်း ပြန်ကောင်းအောင် လုပ်လို့ ရမှာလဲ။”

‘ဒီလောက်တောင် ဆိုးရွားတာလား။’

အနက်ရောင်ဘုရင်ကျိုးက မေးလိုက်၏။ “တာရှန်းမိစ္ဆာနိုင်ငံရဲ့ ချင်ဝမ် ကိုးယောက်က အချင်းချင်း တိတ်တဆိတ် ဆက်သွယ်နေကြပြီ။ ယွင်ကျုံးဟဲ့... တာ့ရှ အင်ပါယာရဲ့ အဲဒီ အိမ်ရှေ့မင်းသားကို မင်း မှတ်မိသေးတယ် မလား။”

ယွင်ကျုံးဟဲ့ သေချာပေါက် မှတ်မိသည်။ ထိုနေ့က ဤတာ့ရှ အိမ်ရှေ့မင်းသားသည် ခေါင်းဆောင် ကုန်းစွန်းယန်နှင့် ပူးပေါင်းကာ ကောင်းကင်ဘုံ ဧကရာဇ်၏ သင်္ချိုင်းဂူ အတွင်းတွင် တာ့ရှ ဧကရာဇ် နှင့် ယွင်ကျုံးဟဲ့တို့ကို လိုက်လံ သတ်ဖြတ်ခဲ့သည်။

နောက်ဆုံးတွင် တာ့ရှ ဧကရာဇ် (ယွင်ကျုံးဟဲ့၏ အဘိုး)နှင့် သူ၏ ဘွားဘွားကြီး တို့သည် ယွင်ကျုံးဟဲ့ကို ကယ်တင်ရန်အတွက် ရန်သူများနှင့် အတူတကွ သေဆုံးရန် ကြံစည်ခဲ့ကြ၏။

အဘိုးနှင့် ဘွားဘွားကြီးတို့၏ အသေခံ တိုက်ပွဲကြောင့် ယွင်ကျုံးဟဲ့ လွတ်မြောက်သွားခဲ့၏။ သို့ပေမည့် ထိုနောက်ပိုင်းတွင် တာ့ရှဧကရာဇ် ရာထူးမှ ဆင်းပေးခဲ့ရပြီး တာ့ရှအိမ်ရှေ့မင်းသားက ဧကရာဇ်သစ် ဖြစ်လာခဲ့သည်။

အနက်ရောင်ဘုရင်ကျိုးက ပြော၏။ “အခု သူက တာ့ရှ ဘုရင် ဖြစ်နေပြီ။ ပြီးတော့ အရင် တာယင် အိမ်ရှေ့မင်းသား၊ တစ်နည်းအားဖြင့် အခု တာယင် ဘုရင်နဲ့ မဟာမိတ် ဖွဲ့ထားတယ်။”

ပိုင်ဖေးဖေးက ပြောလိုက်သည်။ “စကားစပ်လို့ ပြောရအုံးမယ်။ ဒီတာ့ရှဘုရင်က ကျွန်မနဲ့ မဟာမိတ် ဖွဲ့ဖို့ လာပြောဖူးတယ်။ ပြီးတော့ ထိမ်းမြား လက်ထပ်ဖို့တောင် ကမ်းလှမ်းခဲ့သေးတယ်။ ကျွန်မကို မိဖုရား အဖြစ် တင်မြှောက်ချင်တယ်တဲ့။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဒါဆို ငါ အရမ်း သိချင်တာက ဘာလို့ သူတို့က တာ့ရှ ဘုရင်တို့၊ တာယင် ဘုရင်တို့ ဖြစ်နေပြီး မင်းကျမှ ဘာလို့ အနက်ရောင်ဘုရင်ကျိုး ဖြစ်နေရတာလဲ။”

အနက်ရောင်ဘုရင်ကျိုး အောက်ယွီက ဖြေလိုက်သည်။ “ဘာလို့လဲဆိုတော့ ငါ့ရဲ့ ဘုရင် ဘွဲ့ထူးက သူတို့ထက် အဆင့်တစ်ဝက် နိမ့်လို့ပဲ။”

ယွင်ကျုံးဟဲ့က ပိုင်ဖေးဖေးကို ထပ်မေး၏။ “ဒါဆို မင်းအဖေကကော ဘာဘုရင်လဲ။”

ပိုင်ဖေးဖေးက ဖြေသည်။ “ဘုရင် ပိုင်ကု။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ပိုင်ဖေးဖေး... မင်း ပုန်ကန်ချင်တာကို ငါ နားလည်ပေးလို့ ရပါတယ်။ ဒါပေမဲ့ အနက်ရောင်ဘုရင်ကျိုး... မင်းက ဘာလို့ ပုန်ကန်ချင်ရတာလဲ။”

အနက်ရောင်ဘုရင်ကျိုး ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဖြေလိုက်သည်။ “အဖေ့ကို ကယ်ချင်လို့၊ ရှန်းရှန်းကို ကယ်ချင်လို့... ဒီအကြောင်းပြချက်က လုံလောက်လား။”

ယွင်ကျုံးဟဲ့ ခဏမျှ စဉ်းစားပြီးနောက် ထပ်မံ မေးလိုက်၏။ “ငါတို့ သုံးဖွဲ့ ပူးပေါင်းပြီး ဘုရင်ရာထူးကို လုယူမယ်လို့ မင်း ပြောတယ်။ ဒါဆို ဘယ်သူက ဒီဧကရာဇ် လုပ်မှာလဲ။”

ပိုင်ဖေးဖေးက ဖြေသည်။ “ကျွန်မက ဧကရာဇ် လုပ်မယ်။ စောစောက ရှင် မြင်ခဲ့တဲ့ ကောင်လေးက အရမ်း၊ အရမ်းကို ထူးချွန်တယ်။”

ယွင်ကျုံးဟဲ့ အံ့ဩစွာဖြင့် မေးလိုက်၏။ “မင်းက တာရှန်းမိစ္ဆာနိုင်ငံရဲ့ ဧကရာဇ် လုပ်မယ်။”

ပိုင်ဖေးဖေးက ပြောလိုက်သည်။ “မရဘူးလား။ ကျွန်မက မိန်းမ ဖြစ်နေလို့ ဧကရာဇ် လုပ်လို့ မရဘူးလား။ ပြီးတော့ ကျွန်မက ရှင့်ကလေးရဲ့ အမေလေ။ အနာဂတ်မှာ ဘုရင်ရာထူးကို ကျွန်မတို့ သားကို လွှဲပေးရမှာပဲ။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဒါဆို ငါကကော။”

ပိုင်ဖေးဖေးက ဖြေသည်။ “ရှင်ကလည်း ရှင့်ရဲ့ တာ့ယန် အင်ပါယာ ဧကရာဇ် ဆက်လုပ်ပေါ့။ ဧကရာဇ် နှစ်ပါး လင်မယား ဖြစ်သွားတာ ပုံမှန်ပဲ မဟုတ်ဘူးလား။”

အနက်ရောင်ဘုရင်ကျိုးက ပြောလိုက်၏။ “ယွင်ကျုံးဟဲ့... အခု တာရှန်းမိစ္ဆာနိုင်ငံရဲ့ အင်အားအကြီးဆုံး စွမ်းအားတွေက မိစ္ဆာမြို့တော်မှာ ရှိနေတယ် ဆိုတာကို မင်း တွေးကြည့်လို့ ရလောက်ပါတယ်။”

ယွင်ကျုံးဟဲ့ သေချာပေါက် သိသည်။ မိစ္ဆာမြို့တော်တွင် အကြီးမားဆုံး အမှောင် ပိရမစ်အုပ်စု ရှိနေပြီး အများစုသော အသွင်ပြောင်းမှုများမှာ ဤနေရာတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် မိစ္ဆာမြို့တော်ကို တည်ဆောက်ရန်အတွက် တာရှန်းမိစ္ဆာနိုင်ငံဧကရာဇ်သည် နက္ခတ်ဗေဒင် ကိန်းဂဏန်းများကဲ့သို့ များပြားလှသော ကျွန်များကို အသုံးပြုခဲ့၏။

ထိုမျှမက သူ အမှောင် ပိရမစ်များ အတွင်းသို့ စေလွှတ်၍ အသွင်ပြောင်း ခိုင်းခဲ့သော လူအရေအတွက်မှာလည်း နက္ခတ်ဗေဒင် ကိန်းဂဏန်းများကဲ့သို့ များပြားလှသည်။

ထို့ကြောင့် မိစ္ဆာမြို့တော် အတွင်းတွင် အသွင်ပြောင်း သိုင်းသမား မည်မျှ ရှိမည်နည်း။ အသွင်ပြောင်း သားရဲကြီးများ မည်မျှ ရှိမည်နည်း။ လုံးဝ တွေးကြည့်၍ပင် မရနိုင်ပေ။

အနက်ရောင်ဘုရင်ကျိုးက ပြောလိုက်သည်။ “မင်းဘက်က ဖွံ့ဖြိုးတိုးတက်မှုတွေက နေ့စဉ်နဲ့အမျှ မြန်ဆန်နေတယ် ဆိုတာကို ငါ သိပါတယ်။ ဒါပေမဲ့ မိစ္ဆာမြို့တော်က မင်းကို အချိန်ပေးပါ့မလား။ မင်းက ကျင်းဝူရွှမ်းကို ဖျက်ဆီးပြီး တောင်ပိုင်းပြည်နယ်ကို သိမ်းပိုက်လိုက်တာကို မိစ္ဆာမြို့တော်က ဘာလို့ မသိချင်ယောင် ဆောင်နေလဲ ဆိုတာ သိလား။ အဲဒါက ဧကရာဇ် ပျောက်နေလို့ပဲ။

ပြီးတော့ မင်းကို နှိမ်နင်းရမယ့် တာဝန်က ငါ အနက်ရောင်ဘုရင်ကျိုးရဲ့ ခေါင်းပေါ်မှာ ကျရောက်နေလို့ပဲ။ မင်းရဲ့ ရေတပ် အဓိက အင်အားစုကို ဖျက်ဆီးရမယ့် တာဝန်က ပိုင်ယင်မြို့ရဲ့ ခေါင်းပေါ်မှာ ကျရောက်နေလို့ပဲ။ ငါတို့ နှစ်ဖွဲ့က လှုပ်ရှားမှု မရှိတော့ တခြား ချင်ဝမ်တွေကလည်း ဝင်မပါချင်ကြဘူး။”

ချင်ဝမ် ကိုးယောက်က ကိုယ့်နယ်မြေကို ကိုယ်အုပ်ချုပ်ကြပြီး ဧကရာဇ် ကလည်း မရှိသောကြောင့် အင်အား ကြီးမားလှသော တာရှန်းမိစ္ဆာနိုင်ငံသည် ယွင်ကျုံးဟဲ့ကို တောင်ပိုင်းပြည်နယ်တွင် လွတ်လပ်စွာ ဖွံ့ဖြိုး တိုးတက်ခွင့် ပြုထားခဲ့ခြင်း ဖြစ်၏။

ပိုင်ဖေးဖေးက ပြောလိုက်သည်။ “ကျွန်မတို့ စာတွေ အများကြီး ရထားပြီးပြီ။ ပြီးတော့ အရမ်း ပြင်းထန်တဲ့ စာတွေချည်းပဲ။ ကျွန်မနဲ့ အနက်ရောင်ဘုရင်ကျိုးတို့ ပူးပေါင်းပြီး ရှင့်ကို ဖျက်ဆီးဖို့ ပြောထားတာ။ ပြီးတော့ တာရှန်းမိစ္ဆာနိုင်ငံထဲမှာ ရှင့်ကို သေစေချင်တဲ့ ချင်ဝမ် တချို့ ရှိနေပြီး တာရှန်းမိစ္ဆာနိုင်ငံပူးပေါင်း စစ်တပ် ဖွဲ့စည်းပြီး ရှင့်ရဲ့ တောင်ပိုင်းပြည်နယ်ကို လာတိုက်ဖို့ အမြဲတမ်း တွန်းအားပေးနေကြတယ်။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဘယ် ချင်ဝမ် တွေလဲ။”

ပိုင်ဖေးဖေးက ဖြေသည်။ “တာယင် ဘုရင်၊ တစ်နည်းအားဖြင့် အရင်က တာယင် အိမ်ရှေ့မင်းသား၊ ပြီးတော့ တာ့ရှ ဘုရင်၊ ရှင့်ရဲ့ လုံးဝ သေရေးရှင်ရေး ရန်သူလေ။ နောက်တစ်ယောက်ကတော့ တာ့ရှီ ဘုရင်ပဲ။”

တာ့ရှီ ဘုရင်ကို ယွင်ကျုံးဟဲ့ သိသည်။ ယခင် တာ့ရှီ အင်ပါယာ ဧကရာဇ် သည်လည်း ဧကရာဇ် ထျန်းယန် ကဲ့သို့ပင် နုပျိုခြင်းနှင့် အသက်ရှည်ဆေးကို သောက်သုံးခဲ့၏။

ထို့အပြင် ယွင်ကျုံးဟဲ့ အရှေ့တိုင်းမှ ထွက်ခွာလာချိန်တွင် တာယင် အင်ပါယာ၏ စစ်တပ်များသည် တာ့ရှီ အင်ပါယာကို ဝင်ရောက် တိုက်ခိုက်နေပြီး တိုက်ပွဲတိုင်းကို အနိုင်ရနေခဲ့သည်။

All Chapters