အခန်း ၇၃
Vol. 8 Ch. 73
အခန်း ၇၃ - အပြစ်ပေးခြင်း
ရန်ရှင်းကျိုး၏ ဓားသည် ဆန့်ကျင်ဘက်ရှိ သီလရှင်၏ လည်ပင်းကို ထိုးဖောက်တော့မည့် ဆဲဆဲတွင် သူက ရုတ်တရက် တန့်သွားကာ အော်လိုက်သည်။
"မင်းက... ယွမ်ရှင်းလား"
သူ၏ ဓားသိုင်းသည် ရုတ်တရက် ပြောင်းလဲသွားခြင်း ဖြစ်ပြီး ဓား၏ လှုပ်ရှားမှုတိုင်းကို မိမိ၏ ဆန္ဒအတိုင်း ထိန်းချုပ်နိုင်ခြင်းမှာ ရိုးရိုးတန်းတန်း မြန်နှုန်းကို မြှင့်တင်ခြင်းထက် များစွာ ခက်ခဲပေသည်။ အကယ်၍ ထိပ်တန်း ပညာရှင် တစ်ဦးသာ မြင်တွေ့သွားပါက ဤဓားစွမ်းကို ချီးကျူးမိမည်မှာ အသေအချာပင်ဖြစ်သည်။ သို့သော် ဆန့်ကျင်ဘက်ရှိ သီလရှင်မှာမူ ရန်ရှင်းကျိုး၏ ဓားသိုင်းကို စိတ်ဝင်စားခြင်း မရှိပေ။ သူမ၏ မျက်လုံးများက သွေးများ အန်ထုတ်ကာ မြေပြင်ပေါ်၌ လဲကျနေသည့် ဖုန်းထျန်းနန်ကိုသာ စိုးရိမ်တကြီး ကြည့်နေလေသည်။
"အဖေ..."
ဖုန်းထျန်းနန်သည် လဲကျနေကာ ပါးစပ်ထောင့်မှ သွေးများ စီးကျနေ၏။ သူ၏ မျက်လုံးများမှာ ပြူးကျယ်နေသော်လည်း အသက်ဝိညာဥ်ကင်းမဲ့နေပြီ ဖြစ်သည်။
ရန်ရှင်းကျိုးသည် ဖုန်းထျန်းနန်၏ မကောင်းမှုများကို အလွန်အမင်း ရွံရှာမိသဖြင့် အစောပိုင်းက လက်ဝါးနှစ်ဖက်ဖြင့် တွန်းထုတ်လိုက်စဥ်က မိမိ၏ စွမ်းအား အပြည့်ကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ရှင်သန်ခြင်း အလင်းကျမ်း ကို တတ်မြောက်ထားသည့် ဒင်ဒီယန် တောင်မှ သူ၏ အားကုန် ထိုးနှက်ချက်ကို ခံနိုင်ရည် ရှိမည် မဟုတ်ရာ ကျားငါးကောင်ဂိုဏ်းခေါင်းဆောင် ဖုန်းထျန်းနန် လိုမျိုး လူတစ်ယောက်မှာမူ ပြောနေစရာပင် မလိုတော့ပေ။
လက်ဝါးချင်း ထိတွေ့သွားသည့် ခဏ၌ပင် ဖုန်းထျန်းနန်၏ အရိုးစုများနှင့် ကိုယ်တွင်းအင်္ဂါများမှာ ကြေမွပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ အစောပိုင်းက ဖုန်းထျန်းနန် မတ်တပ်ရပ်နေနိုင်ခြင်းမှာ ဒဏ်ရာ မရသောကြောင့် မဟုတ်ဘဲ ခန္ဓာကိုယ်အတွင်းပိုင်း၌ ပေါက်ကွဲသွားသဖြင့် ခဏတာ တောင့်ခံနေခြင်းသာ ဖြစ်သည်။ ယခုကဲ့သို့ လဲကျ သေဆုံးသွားခြင်းမှာ ရန်ရှင်းကျိုး ကြိုတင်တွက်ဆထားသည့် အတိုင်းပင်ဖြစ်သည်။ ခရမ်းရောင်ဝတ် သီလရှင်က ဖုန်းထျန်းနန်ကို "အဖေ" ဟု ခေါ်သည်ကို ကြားလိုက်ရချိန်တွင် ရန်ရှင်းကျိုးသည် သူမ မည်သူမည်ဝါ ဖြစ်သည်ကို သံသယ မရှိတော့ဘဲ ရယ်မောလိုက်လေသည်။
"ဒါဆို မင်းက ဖုန်းထျန်းနန်ရဲ့ သမီးပေါ့ မင်းကတော့ ဘာအမှားမှ မလုပ်ထားသေးတဲ့အတွက် ငါ မင်းကို မသတ်ဘူး"
သီလရှင်မှာ မြေပြင်ပေါ်ရှိ ဖုန်းထျန်းနန်ကို ကြောင်ငေးကြည့်နေပြီးနောက် ဖြည်းညင်းစွာ လျှောက်သွားသည်။ ဖုန်းထျန်းနန်၏ မျက်နှာရှိ အပေါက်ခုနစ်ပေါက်မှ သွေးများ ထွက်နေကာ အသက်ရှူသံလည်း မရှိတော့သည်ကို သူမ တွေ့လိုက်ရ၏။ သူ သေဆုံးသွားလေပြီဖြစ်သည်။ ခဏမျှ စိုက်ကြည့်နေပြီးနောက် သူမက ရန်ရှင်းကျိုးကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် မော့ကြည့်ကာ မေးလိုက်သည်။
"ရှင်... ရှင့်လက်နဲ့ သတ်လိုက်တာလား"
"စကားမပြောစမ်းနဲ့ ငါက သူ့ကို မသတ်လို့ ဘာလုပ်ရမှာလဲ... ပူဇော်နေရမှာလား"
သူသည် ဤသီလရှင်၏ နောက်ခံကို သိရှိထားပြီး ဖြစ်၏။ သူမမှာ တံငါသည်သမီး ဖြစ်သူ ယင်းကူနှင့် ဖုန်းထျန်းနန်တို့၏ သမီး ဖြစ်သည်။ ဤသီလရှင်လေးမှာ အလွန်ပင် လှည့်ဖြားတတ်ကာ ပရိယာယ် များလှ၏။ ဗုဒ္ဓဘာသာ သီလရှင် တစ်ဦး ဖြစ်ပါလျက် ဟူဖေးကို ရည်ရွယ်ချက်ရှိရှိ ဖြားယောင်းခဲ့သူ ဖြစ်သည်။ နောက်ဆုံးတွင် သူမ ထွက်ခွာသွားသော်လည်း ဟူဖေး၏ ဘဝကိုမူ ပျက်စီးစေခဲ့သည်။
ဤကဲ့သို့ မျက်နှာနှစ်မျိုးနှင့် ဟန်ဆောင်ကောင်းသော မိန်းမပျိုများမှာ ဒေါသထွက်စရာ ကောင်းသော်လည်း သတ်ပစ်ရန်အထိတော့ မတန်ပေ။ ရန်ရှင်းကျိုးသည် သူမကို ဂရုမစိုက်တော့ဘဲ အဝေးတွင် မတ်တပ်ရပ်နေသည့် ဖုန်းရိမင်ထံသို့ လှည့်ကာ လျှောက်သွားလိုက်သည်။
"ညီအစ်ကို ဖုန်း... မင်းအဖေက တစ်ယောက်တည်း ခရီးသွားရတာ အရမ်း အထီးကျန်နေလိမ့်မယ်။ မင်းပါ လိုက်သွားပြီး အဖော်လုပ်ပေးလိုက်တာက ပိုကောင်းလိမ့်မယ်ထင်တယ်"
ရုတ်တရက် သူက လက်သီးတစ်ချက်ကို ဖုန်းရိမင်၏ မျက်နှာတည့်တည့်သို့ ထိုးလွှတ်လိုက်လေသည်။ ဖုန်းရိမင်မှာ ရန်ရှင်းကျိုးနှင့် ဖုန်းထျန်းနန်တို့ လက်ဝါးချင်း ရိုက်နှက်ပုံ၊ ရန်ရှင်းကျိုးက စစ်ဗိုလ်နှစ်ဦးကို ကန်ထုတ်ပုံနှင့် ခရမ်းရောင်ဝတ် အမျိုးသမီးကို ဓားဖြင့် တားဆီးပုံတို့ကို မြင်တွေ့ထားသဖြင့် အလွန်အမင်း ကြောက်ရွံ့နေခဲ့ပြီ ဖြစ်သည်။ သူ့အဖေ သေဆုံးသွားသည်ကို မြင်လျှင် မြင်ချင်း ထွက်ပြေးရန် ပြင်လိုက်သော်လည်း ရန်ရှင်းကျိုး၏ လက်သီးက ရောက်ရှိလာပြီဖြစ်သည်။
သူ့ကို လက်သီးတစ်ချက်ည်းဖြင့် သတ်ပစ်တော့မည့် ဆဲဆဲတွင် နောက်ကျောဘက်မှ "ရွှစ်" ဟူ၍ ကြားလိုက်ရသည်။ ရန်ရှင်းကျိုးက ရုတ်တရက် ခုန်လိုက်ပြီး ဖုန်းရိမင်၏ နောက်ဘက်သို့ ချက်ချင်း ရောက်ရှိသွားကာ သူ့ကို လူသားဒိုင်းအဖြစ် အသုံးပြုရန် ညာခြေဖြင့် ကန်ထုတ်လိုက်လေသည်။
"ဒုတ်"
အသံတစ်ခုနှင့်အတူ ဖုန်းရိမင်မှာ နာကျင်စွာ အော်ဟစ်နေတော့သည်။ ရန်ရှင်းကျိုး လှည့်ကြည့်လိုက်သောအခါ သူမ၏ လက်ထဲမှ ငွေရောင်နှင်တံမှာ ဖုန်းရိမင်၏ ခါးကို ရိုက်မိသွားသည်ကို တွေ့လိုက်ရ၏။ နှင်တံ၏ အရှိန်မှာ အလွန်ပြင်းထန်သဖြင့် အသားထဲသို့ သုံးလက်မခန့် နစ်ဝင်သွားကာ ဖုန်းရိမင်၏ အရေပြားကို ဖောက်ထွက်၍ ဝမ်းဗိုက်ထဲအထိ ရောက်ရှိသွားလေသည်။
ခရမ်းရောင်ဝတ် သီလရှင်မှာ အလွန်အံ့အားသင့်သွားပြီး အော်လိုက်သည်။
"အစ်ကို..."
သူမသည် နှင်တံကို ဆွဲထုတ်ရန် မဝံ့ရဲဘဲ လွှတ်ချလိုက်ကာ ဘာလုပ်ရမှန်းမသိ ဖြစ်နေတော့သည်။
သူမ၏ နှင်တံချက် မည်မျှ ပြင်းထန်သည်ကို မြင်လိုက်ရချိန်တွင် ရန်ရှင်းကျိုး၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားသည်။ ဤကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှုမျိုးမှာ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ရန် ကြိုးစားခြင်းပင် ဖြစ်သည်။ သူက သူမ၏ အသက်ကို ချမ်းသာပေးခဲ့သော်လည်း သူမကမူ မညှာမတာ ပြန်လည် တိုက်ခိုက်ခဲ့သည်။
"ကောင်းပြီလေ...နဂါးက နဂါးကိုပဲ မွေးတယ်၊ ဖီးနစ်က ဖီးနစ်ကိုပဲ မွေးတယ်ဆိုတာ တကယ်ပဲ။ ဖုန်းထျန်းနန်က လူယုတ်မာဆိုတော့ သူ့သားသမီးတွေကလည်း ဘယ်မှာ လူကောင်း ဖြစ်နိုင်ပါ့မလဲ"
သူ၏ ခန္ဓာကိုယ်ကို တစ်ချက် လှုပ်လိုက်ရာ ကျောဘက်ရှိ ဓားရှည်မှာ အလိုအလျောက် ဓားအိမ်မှ ထွက်လာသည်။ ထို့နောက် ရန်ရှင်းကျိုးက ဓားကို ဆွဲကိုင်ကာ ရှေ့သို့ တစ်ဟုန်ထိုး တိုးဝင်သွားပြီး သီလရှင်အား ထိုးလိုက်လေတော့သည်။
"သေပေတော့"
ယခုမူ သူသည် တကယ်ဒေါသထွက်သွားပြီ ဖြစ်ရာ အညှာအတာ ကင်းစွာ တိုက်ခိုက်တော့သည်။ သီလရှင်မှာ သူမ၏ အစ်ကိုကို မှားယွင်း တိုက်ခိုက်မိသဖြင့် စိတ်ရှုပ်ထွေးနေစဥ် ရန်ရှင်းကျိုး၏ ဓားက သူမ ရှေ့သို့ ရောက်ရှိလာပြီ ဖြစ်သည်။ သို့သော် သူမသည် ဆရာကောင်းများထံတွင် ပညာသင်ကြားခဲ့သူ ဖြစ်သဖြင့် အရေးကြီးသော အချိန်တွင် နောက်သို့ လှန်ချလိုက်ကာ ညာခြေဖြင့် ကန်ထုတ်၍ ရန်ရှင်းကျိုး၏ ဓားကို ရှောင်တိမ်းလိုက်သည်။
ရန်ရှင်းကျိုးက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ဓားကို အောက်သို့ ခုတ်ချလိုက်သလို သူ၏ ဘယ်ဘက်လက်ကို သိန်းငှက်သည်းခြေ ပုံစံဖြင့် ကွေးကာ သူမ၏ ခြေထောက်ကို ဖမ်းဆွဲလိုက်လေသည်။
ဤသည်မှာ ဟွာထျဲကန်းထံမှ သင်ယူခဲ့သော "သိန်းငှက်သည်းခြေ လက်သည်းသိုင်း" ဖြစ်သည်။ ဟွာထျဲကန်းသည် လှံသိုင်းတွင်သာမက လက်သည်းသိုင်းတွင်လည်း ပြိုင်ဘက်ကင်းသူ ဖြစ်ရာ ရန်ရှင်းကျိုးအနေဖြင့် လက်တွေ့ တိုက်ပွဲတွင် ပထမဆုံး အသုံးပြုခြင်း ဖြစ်သော်လည်း သူ၏ လှုပ်ရှားမှုများမှာ ကျွမ်းကျင်လှပကာ ပြင်းထန်လှပေသည်။
အခြေအနေ မဟန်သည်ကို သိလိုက်ရသော သီလရှင်သည် ခြေထောက်ကို ပြန်ရုပ်ကာ ပတ်ချာလည် လှည့်၍ ရန်ရှင်းကျိုး၏ ဓားနှင့် လက်သည်းကြားမှ သီသီလေး လွတ်မြောက်သွားသည်။ ထို့နောက် သူမသည် မြေပြင်ပေါ်တွင် လိမ့်ကာ အဝေးသို့ ငါးလံခန့် ခုန်ထွက်သွားလေသည်။
သူမ၏ တစ်သက်တာတွင် ရန်ရှင်းကျိုးကဲ့သို့ ထိပ်တန်း ပညာရှင်မျိုးကို တစ်ခါမျှ မကြုံဖူးချေ။ ယခုအခါတွင် ဖုန်းထျန်းနန်အတွက် ကလဲ့စားချေလိုသော စိတ်များ ပျောက်ကွယ်သွားပြီး အသက်ရှင်ရုံသာ လိုလားတော့သဖြင့် ထွက်ပြေးရန် ပြင်လိုက်သည်။
သူမ အဝေးသို့ ရောက်သွားပြီး လှည့်ကြည့်ရန် ပြင်လိုက်စဥ်မှာပင် သူမ၏ ဘယ်ဘက်ပခုံး၌ အေးစက်သော ခံစားချက်နှင့်အတူ နာကျင်မှုကို ခံစားလိုက်ရသည်။ ထို့နောက် ရန်ရှင်းကျိုး၏ အသံက သူမ၏ နားထဲသို့ တိုးဝင်လာသည်။
"ဒီနေ့ ငါ မင်းရဲ့ လက်မောင်းကို ဖြတ်ပြီး သတိပေးလိုက်မယ်။ နောက်တစ်ခါ ငါ့ကို တိုက်ခိုက်ဖို့ ကြိုးစားဦးမယ်ဆိုရင်တော့ မင်းကို အရှင်လတ်လတ် တစ်စစီ ပိုင်းဖြတ်ပစ်မယ်"
သီလရှင်မှာ မြေပြင်ပေါ်သို့ လဲကျသွားပြီး သူမ၏ ဘယ်ဘက်လက်မောင်းကို ကြည့်လိုက်ရာ ပခုံးရင်းမှ ပြတ်တောက်သွားပြီး သွေးများ ပန်းထွက်နေသည်ကို တွေ့လိုက်ရသည်။ သူမသည် ထိတ်လန့်သွားကာ မျက်နှာမှာ ပြာနှမ်းသွားပြီး သတိလစ်လုနီးပါး ဖြစ်သွား၏။ ရန်ရှင်းကျိုးမှာမူ ဓားကို ကိုင်ကာ လူသတ်ငွေ့များ ထွက်ပေါ်နေသည်ကို မြင်လိုက်ရသဖြင့် သူမသည် ထပ်မံ နှောင့်နှေးနေပါက အသက်ပျောက်တော့မည်ကို နားလည်သွားသည်။
သူမသည် သွေးတိတ်စေရန် ပခုံးအနီးရှိ အကြောများကို အမြန်နှိပ်လိုက်ပြီး ပြတ်သွားသော လက်မောင်းကို ကောက်ယူကာ တုန်ရီနေသော အသံဖြင့် မေးလိုက်သည်။
"မေးပါရစေဦး.... သူရဲကောင်းက ဘယ်သူဆိုတာ သိခွင့်ရမလား။ ဒီနေ့ လက်မောင်း ပြတ်ရတဲ့ ကြွေးကို နောက်နေ့မှာ ပြန်ဆပ်ပါ့မယ်..."
"မင်းက ကလဲ့စားချေဦးမလို့လား ငါ မင်းကို အသက်ချမ်းသာ ပေးမယ်ထင်နေတာလား"
သူက ဓားကို ဝှေ့ယမ်းကာ ရှေ့သို့ တိုးဝင်သွားပြန်သည်။ သီလရှင်မှာ ထိတ်လန့်တကြား ထွက်ပြေးလေတော့သည်။ ရန်ရှင်းကျိုးက အနောက်မှ လိုက်လံ တိုက်ခိုက်နေစဥ် အိမ်ရှေ့ဂိတ်ဝ၌ အဖြူရောင် အရိပ်တစ်ခု လျှပ်ခနဲ ပေါ်လာပြီး အလွန်လှပသော မြင်းဖြူတစ်ကောင် ရောက်ရှိလာသည်။ သီလရှင်က မြင်းပေါ်သို့ လွှားခနဲ ခုန်တက်ကာ အဝေးသို့ ဒုန်းစိုင်း ထွက်ပြေးသွားတော့သည်။
ရန်ရှင်းကျိုးသည် အတွင်းအားကို အသုံးပြုကာ ကိုယ်သိုင်းဖြင့် လိုက်လံ ဖမ်းဆီးသော်လည်း ထိုမြင်းမှာ အလွန် မြန်လွန်းလှသည်။ ခဏချင်းအတွင်းမှာပင် သူတို့ကြားရှိ အကွာအဝေးမှာ ဝေးကွာသွားသဖြင့် လိုက်မီရန်မှာ မဖြစ်နိုင်တော့ပေ။ ဖုန်းအိမ်တော်မှ ဖော့ရှန်းမြို့ပြင်အထိ မိုင်အတော်ဝေးဝေးကို အရှိန်အဟုန်ဖြင့် ပြေးလွှားခဲ့ရသဖြင့် ရန်ရှင်းကျိုးပင် အနည်းငယ် မောဟိုက်သွားရသည်။
"သူ့လက်မောင်းကို ဖြတ်လိုက်ရတာက ငါ့ရဲ့ နှစ်ရှည်လများ နာကြည်းချက်တွေကို အဆုံးသတ်ပေးလိုက်တာပဲ"
"ဖုန်းအိမ်တော်ကို အရင်ပြန်ပြီး ဖုန်းရိမင်နဲ့ သူ့နောက်လိုက်တွေကိုပဲ ရှင်းပစ်တော့မယ်"
သူသည် ဖော့ရှန်းမြို့သို့ ပြန်လှည့်လာရင်း စိတ်ထဲမှ မကျေမနပ် ရေရွတ်လိုက်မိသည်။
"BMW လို မြင်းရှိတာကို ကြွားနေတာလား။ ငါသာ ငါ့ကမ္ဘာကို ပြန်ရောက်ရင် မုကွမ်ယုဆီက မီးတောက် နဂါးမြင်း တစ်ကောင်လောက် တောင်းစီးပြီး မင်းကို ဘယ်လို ပညာပေးရမလဲဆိုတာ ကြည့်သေးတာပေါ့"
***