အခန်း ၇၅
Vol. 8 Ch. 75
အခန်း ၇၅ - မိုးကြိုးသံ
သူရဲကောင်း လောင်းကစားရုံ မှာ သူရဲကောင်းမျှော်စင် နှင့် သိပ်မဝေးလှပေ။ စားသောက်ဆိုင်မှ ထွက်လာပြီးနောက် ရန်ရှင်းကျိုးသည် မြင်းကို ခပ်သွက်သွက်နှင်ခဲ့ရာ ခဏချင်းအတွင်းမှာပင် လောင်းကစားရုံ၏ အဝင်ဝသို့ ရောက်ရှိသွားသည်။
ဤလောင်းကစားရုံမှာ ဖော့ရှန်းမြို့၏ ဟောင်းနွမ်းနေသော ဘုရားကျောင်းဟောင်းတစ်ခုအတွင်း တည်ရှိပြီး အဝင်ဝတွင် ရွှေရောင်စာလုံးများဖြင့် "သူရဲကောင်းများ အသင်းတိုက်" ဟု ရေးထိုးထားသော အနက်ရောင် ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထား၏။ ဒီနေရာမှာ သူရဲကောင်းများ အသင်းတိုက် ဟု အမည်တွင်သော်လည်း ဒေသခံများကမူ လောင်းကစားရုံဟုသာ ခေါ်ဝေါ်လေ့ရှိကြပြီး မည်သူမျှ အသင်းတိုက်ဟု မခေါ်ကြချေ။
ရန်ရှင်းကျိုးသည် မြင်းပေါ်မှ ဆင်းကာ မြင်းကို တိုင်တွင် ချည်နှောင်ပြီးနောက် အထဲသို့ ကျဲကျဲလှမ်း ဝင်သွားလိုက်သည်။ ခန်းမမကြီးအတွင်းဝယ် လူအုပ်ကြီးမှာ စုရုံးနေကြပြီး အံစာတုံးများ ပစ်ကာ အနိုင်အရှုံးအတွက် အသည်းအသန် လောင်းနေကြသည်ကို သူ တွေ့လိုက်ရသည်။
အံစာတုံးဘူးကို ဖွင့်ပေးရသော ဒိုင်လူကြီးမှာ မျက်ခုံးထူထူ၊ မျက်လုံးပြူးပြူးနှင့် ဖြစ်ကာ ဖော့ရှန်းမြို့ဖြစ် ပိုးထည်အင်္ကျီနှင့် ဘောင်းဘီကို ဝတ်ဆင်ထားသည်။ သူ၏ ရင်ဘတ်မှာ ဟက်တက်ပွင့်နေပြီး ရင်မွေးအမည်းရောင်များမှာ အလိပ်လိုက် ထွက်နေ၏။ သူ မော့ကြည့်လိုက်စဥ် အပြင်မှ ဝင်လာသော ရန်ရှင်းကျိုးကို မြင်လျှင် မြင်ချင်း ဆွံ့အသွားကာ အံစာတုံးဘူးကို ကိုင်ထားလျက် တောင့်တောင့်ကြီး ဖြစ်သွားတော့သည်။ ဘေးမှ လောင်းကစားသမားများကမူ အော်ဟစ်နေကြ၏။
"ဖွင့်လေဗျာ... ဖွင့်တော့ ချီလောင်လျို... မင်းက ဘာလို့ ကြောင်ရပ်နေတာလဲ"
တစ်စုံတစ်ခု ထူးခြားနေသည်ကို သတိပြုမိသွားသူအချို့က ချီလောင်လျို၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်ရာ ရှေးမင်းဆက် ဝတ်စုံကို ဝတ်ဆင်ထားသော လူတစ်ယောက် အရှိန်အဟုန်ဖြင့် ဝင်လာသည်ကို မြင်လိုက်ရသဖြင့် ထိတ်လန့်တကြား ထရပ်လိုက်ကြလေသည်။
"ရှပ်... ရှပ်... ရှပ်..."
ပထမဆုံး လူတစ်ယောက် ထရပ်လိုက်သည်နှင့် တစ်ပြိုင်နက် ကျန်ရှိနေသော လူအုပ်ကြီးမှာလည်း အခြေအနေ မဟန်သည်ကို သိသွားကြပြီး တစ်ယောက်ပြီးတစ်ယောက် ထရပ်လိုက်ကြသည်။ အားလုံးက ရန်ရှင်းကျိုးကို အံ့အားသင့်ကာ သံသယစိတ်များဖြင့် ဝိုင်းကြည့်နေကြသဖြင့် အစောပိုင်းက ဆူညံပွက်လောရိုက်နေသော လောင်းကစားရုံ တစ်ခုလုံးမှာ ရုတ်ချည်း တိတ်ဆိတ်သွားတော့၏။
"ဒီကိုလာခဲ့"
ရန်ရှင်းကျိုးက အခန်းထဲရှိ လူများကို ဝေ့ကြည့်လိုက်ပြီးနောက် ဒိုင်လူကြီးကို လက်ညှိုးညွှန်ပြကာ မေးလိုက်သည်။
"မင်းနာမည်က ချီလောင်လျိုလား။ ဖုန်းရိမင် ဒီကို ရောက်လာသေးလား"
ချီလောင်လျိုမှာ ရန်ရှင်းကျိုး၏ လွှမ်းမိုးထားသော အရှိန်အဝါအောက်တွင် တုန်လှုပ်နေကာ ဒေါသထွက်ရန်ပင် မရဲတော့ချေ။ သူသည် ခေတ္တမျှ တန့်သွားပြီးနောက် လူအုပ်ရှေ့ကို တိုးဝှေ့ကာ ရန်ရှင်းကျိုးအနားသို့ ပြေးလာပြီး ရိုရိုသေသေ အရိုအသေပေးလိုက်သည်။
"သခင်... သခင်လေးဖုန်းကို ရှာနေတာလားဗျ။ သူ အစောပိုင်းက ဒီကို ရောက်လာပေမဲ့ ခဏလေးပဲ နေပြီး ပြန်ထွက်သွားပါပြီ"
ရန်ရှင်းကျိုးက သူ့ကို စူးစူးစိုက်စိုက် ကြည့်ကာ ရယ်မောလိုက်ပြီး သူ့ကို ဘေးသို့ တွန်းထုတ်ကာ လောင်းကစားရုံ၏ နောက်ဘက်သို့ ကျဲကျဲလှမ်း လျှောက်သွားလေတော့သည်။
သူ ယွမ်ဇီယီကို လိုက်လံ တိုက်ခိုက်ပြီး ဖော့ရှန်းမြို့သို့ ပြန်လာသည့် အချိန်မှာ အမှန်တကယ်တော့ သိပ်မကြာလှသေးပေ။ အကယ်၍ ဖုန်းရိမင်သာ မြင်းတစ်ကောင်နှင့် ပြတ်ပြတ်သားသား ထွက်ပြေးသွားပါက ရန်ရှင်းကျိုးအနေဖြင့် သူ့ကို ရှာတွေ့ရန် ခက်ခဲပေလိမ့်မည်။ သို့သော် သူသည် မိမိ၏ ပစ္စည်းဥစ္စာများကို မက်မောတွန့်တိုနေပြီး အနည်းငယ်မျှ တုံ့ဆိုင်းနေပါက ထိုအချိန်လေးမှာပင် ရန်ရှင်းကျိုး သူ့ကို ဖမ်းမိရန် လုံလောက်နေပြီ ဖြစ်သည်။ ထိုလူက ဖုန်းရိမင် ထွက်သွားပြီဟု ပြောသော်လည်း ရန်ရှင်းကျိုးကမူ ထိုစကားကို လုံးဝ မယုံကြည်ပေ။
အကယ်၍ ဖုန်းရိမင်တွင် အသက်ရှင်သန်ရေးအတွက် ပိုင်ဆိုင်မှုအားလုံးကို စွန့်လွှတ်နိုင်လောက်သည့် ပြတ်သားမှုမျိုး ရှိပါက ငွေကြေးများစွာ ယူဆောင်ရန်အတွက် မိမိ၏ အသက်ကို အန္တရာယ်ပြုလိမ့်မည် မဟုတ်ချေ။ အကယ်၍ သူက ငွေလိုချင်နေပါက အတတ်နိုင်ဆုံး အများကြီး ယူရန် ကြိုးစားပေလိမ့်မည်။
ဤကဲ့သို့ ထွက်ပြေးရခြင်းမှာ တစ်သက်လုံး ပြန်လာရတော့မည့် ခရီးမျိုး မဟုတ်သဖြင့် ကုန်ကျစရိတ်များစွာ ရှိပေလိမ့်မည်။ ထို့ကြောင့် သူတို့သည် ရသလောက် ငွေများကို သယ်ဆောင်သွားကြမည်မှာ အသေအချာပင်။
"ဟေး... ဟေး... ဟေး... မင်း ဘာလုပ်မလို့လဲ"
"အပြင်မှာပဲ လောင်းကစားလုပ်စမ်း။ နောက်ဖေးဘက်ကိုတော့ ပေးမဝင်ဘူး"
လောင်းကစားရုံမှ ငှားရမ်းထားသော လူမိုက်အချို့က အိမ်ထဲသို့ တိုးဝင်ရန် ကြိုးစားနေသည့် ရန်ရှင်းကျိုးကို တားဆီးရန် လက်များကို ဆန့်တန်းလိုက်ကြသည်။
ရန်ရှင်းကျိုးသည် ဤလူများနှင့် စကားများနေရန် အချိန်မရှိသဖြင့် ခြေထောက်ဖြင့် ခပ်ပြင်းပြင်း ကန်ထုတ်လိုက်ရာ ထိုလူမိုက်များမှာ လေထဲသို့ လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ ဒုတ်ခနဲ ကျရောက်သွားပြီး မလှုပ်နိုင်တော့ချေ။
"လူသတ်နေကြပြီဗျို့"
"တစ်ယောက်ယောက်က ပြဿနာ လာရှာနေပြီ"
"ညီအစ်ကိုတို့ ထွက်လာကြဦး... တစ်ယောက်ယောက်က ဆိုင်ကို လာဖျက်စီးနေပြီ"
ရန်ရှင်းကျိုး၏ ရက်စက်မှုကို မြင်လိုက်ရသော ဒိုင်လူကြီး ချီလောင်လျိုမှာ အော်ဟစ်ရင်း ထွက်ပြေးလေတော့သည်။
"ဝိုင်းထားကြ! လွတ်မသွားစေနဲ့ သူ့ကို ဖမ်းပြီး အာဏာပိုင်တွေဆီ အပ်ကြစမ်း"
သူကသာ အော်နေသော်လည်း သူကိုယ်တိုင်မှာမူ မီးခိုးငွေ့ကဲ့သို့ အမြန် ထွက်ပြေးသွားလေပြီ။ ထိုမြင်ကွင်းကို မြင်လိုက်ရသော လောင်းကစားသမား တစ်ဦးက အံ့အားသင့်စွာဖြင့် အနောက်မှ လိုက်မေးလိုက်သည်။
"ဟေ့... လောင်ချီ၊ ဒီလူက ပြဿနာ လာရှာနေတာကို မင်းက ဘာလို့ ထွက်ပြေးနေတာလဲ။ ဒီမှာ နေပြီး ပညာပေးရမှာ မဟုတ်ဘူးလား"
"ဒီလူက ရှေးမင်းဆက် ဝတ်စုံကို ဝတ်ထားပြီး သိုင်းပညာကလည်း ဒီလောက် ကောင်းနေတာ။ သူက ပုန်ကန်သူ မဟုတ်ရင်တောင် နာမည်ကျော် ဓားပြဗိုလ်ပဲ ဖြစ်ရမယ်။ ဘယ်သူက ဒီလိုလူမျိုးနဲ့ သွားပတ်သက်ချင်မှာလဲ။ ငါတို့ အသက်နဲ့ လဲရလိမ့်မယ်။ ငါကတော့ ခဏ ရှောင်နေဦးမယ်။ သူ ထွက်သွားမှ ပြန်လာမှာ"
ရန်ရှင်းကျိုးသည် လောင်းကစားရုံအတွင်းဝယ် လှိုင်းလုံးကြီးများကြားမှ ခွင်းထွက်လာသကဲ့သို့ လူအုပ်ကို တိုးဝှေ့ကာ ရှေ့သို့ ဆက်တိုးသွားသည်။ သူ့ကို တားဆီးရန် ကြိုးစားသော လူမိုက်များမှာ ဝက်သားတုံးများ ဟင်းအိုးထဲ ပစ်ထည့်ခံရသကဲ့သို့ လေထဲသို့ တစ်ယောက်ပြီး တစ်ယောက် လွင့်ထွက်သွားကာ သူတို့၏ နာကျင်စွာ အော်ဟေးသံများမှာ တစ်ခန်းလုံး ပျံ့နှံ့သွားတော့သည်။
ထိုလူများ မြေပြင်ပေါ်သို့ မကျရောက်မီမှာပင် ရန်ရှင်းကျိုးသည် နောက်ဖေးသို့ ရောက်ရှိသွားပြီ ဖြစ်သည်။ သူ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ပိုးထည်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ဦးမှာ မျိုးကောင်းမြင်း တစ်ကောင်ပေါ်၌ ထိုင်နေပြီး ကျောဘက်တွင်လည်း ပစ္စည်းထုပ်ကြီး တစ်ထုပ်ကို ပိုးထားသည်ကို တွေ့လိုက်ရ၏။ ထိုလူမှာ အခြားသူ မဟုတ်ဘဲ ဖုန်းရိမင် ဖြစ်လေသည်။
ရန်ရှင်းကျိုး ဝင်လာသည်ကို မြင်လျှင် ဖုန်းရိမင်မှာ ထိတ်လန့်တုန်လှုပ်သွားတော့သည်။ သူသည် နှင်တံဖြင့် မြင်း၏ တင်ပါးကို "ဂျွတ်" ခနဲ မြည်အောင် ရိုက်နှက်လိုက်ရာ မြင်းမှာ နာကျင်စွာ ဟီသံပေးပြီး နောက်ဘက်ဂိတ်ဝဆီသို့ အဟုန်ပြင်းစွာ ပြေးထွက်သွားလေသည်။
"ထွက်ပြေးချင်သေးတာလား"
ရန်ရှင်းကျိုးက ရုတ်တရက် ရှေ့သို့ ခုန်ဝင်လိုက်ရာ သူ၏ ခန္ဓာကိုယ်မှာ ငှက်ကြီးတစ်ကောင် အလားပင်။ သူ မြေပြင်ပေါ် ကျရောက်ချိန်တွင် မြင်း၏ ဘေးတည့်တည့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ရန်ရှင်းကျိုးက ဖုန်းရိမင်၏ ခြေကျင်းဝတ်ကို လှမ်းဖမ်းကာ သူ့ကို မြင်းပေါ်မှ ဆွဲချ၍ အရှိန်ဖြင့် ဝှေ့ယမ်းကာ လွှင့်ပစ်လိုက်လေတော့သည်။
"ဘုန်း"
ဖုန်းရိမင်သည် အမြောက်ဆန် တစ်ခုကဲ့သို့ ဂိတ်တိုင်ကို ရိုက်မိသွားပြီး ပြင်းထန်သော ထိခိုက်မှုကြောင့် ဂိတ်တိုင်ကြီးမှာ တုန်ခါသွားကာ မြေမှုန့်များ တဖွဲဖွဲ ကျလာ၏။ ဖုန်းရိမင်ကို ပြန်ကြည့်လိုက်သောအခါ သူ၏ ဦးနှောက်များမှာ ပန်းထွက်ကုန်ကာ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားလေပြီ။
ရန်ရှင်းကျိုးက သူ့ကို လွှင့်ပစ်လိုက်စဥ်မှာပင် ကျန်ရှိသော လက်တစ်ဖက်ဖြင့် ဖုန်းရိမင် ကျောပေါ်ရှိ ပစ္စည်းထုပ်ကို ကျွမ်းကျင်စွာ ဖြုတ်ယူလိုက်သည်။ သူ၏ သိုင်းပညာ အဆင့်တက်လာသည်နှင့်အမျှ "လက်ဗလာဖြင့် ပစ္စည်းလုခြင်း" နည်းစနစ်မှာလည်း ပိုမို ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူက ပစ္စည်းထုပ်ကို ရယူလိုက်နိုင်ပြီး ဖုန်းရိမင် ဂိတ်တိုင်ကို ရိုက်မိချိန်တွင် ရန်ရှင်းကျိုးက ထိုအထုပ်ကို ပခုံးပေါ်သို့ တင်ထားပြီး ဖြစ်သည်။
ဖုန်းရိမင် သေဆုံးသွားသည်နှင့် ရန်ရှင်းကျိုးက မြင်းပေါ်သို့ လွှားခနဲ ခုန်တက်ကာ အားရပါးရ ရယ်မောရင်း အဝေးသို့ ဒုန်းစိုင်း ထွက်ခွာသွားလေတော့သည်။
သူ နောက်ဖေးသို့ ဝင်လာချိန်မှစ၍ ဖုန်းရိမင်ကို သတ်ကာ ထွက်ပြေးသွားသည့် အချိန်အထိမှာ ခဏလေးသာ ကြာမြင့်ခဲ့၏။ အိမ်ဝင်းအတွင်းရှိ လူများ သတိဝင်လာချိန်တွင် သူက အဝေးသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ရန်ရှင်းကျိုး လောင်းကစားရုံမှ မြင်းဖြင့် ထွက်လာသောအခါ လမ်းဘေးဝဲယာရှိ လူအုပ်ကြီးမှာ အားရပါးရ အော်ဟစ် အားပေးကြပြီး လမ်းဖယ်ပေးကြလေသည်။ ဖုန်းထျန်းနန်မှာ ဖော့ရှန်း၏ လူမိုက် ဖြစ်သဖြင့် မြို့သူမြို့သားများက သူ့ကို နာကြည်းနေကြရာ ယခုကဲ့သို့ ဖုန်းမိသားစုကို ပညာပေးလိုက်သည်ကို မြင်ရသောအခါ အလွန် ကျေနပ်နေကြခြင်း ဖြစ်၏။
ရန်ရှင်းကျိုး မြင်းကို နှင်လာရင်း လမ်းတစ်ခုကို အကျော်တွင် အစောပိုင်းက မြင်တွေ့ခဲ့သော လူငယ်လေးနှင့် ထပ်မံ ဆုံတွေ့ရပြန်သည်။ ထိုလူငယ်၏ နောက်တွင် သိုင်းသမား နှစ်ဦးက တံခါးချပ်တစ်ခုကို ထမ်းလာကြပြီး ထိုတံခါးချပ်ပေါ်တွင်မူ နေရောင်အောက်၌ ဝင်းလက်နေသော ငွေတုံးကြီးများစွာ တင်ဆောင်ထားသည်ကို တွေ့လိုက်ရ၏။
ထိပ်ဆုံးမှ လူငယ်လေးက မော့ကြည့်လိုက်ရာ ရန်ရှင်းကျိုးကို မြင်ပြီး အံ့အားသင့်သွားသည်။ ရန်ရှင်းကျိုးကလည်း ထိုမြင်ကွင်းကို သဘောကျမိကာ မေးလိုက်လေသည်။
"မင်းက... ဟူဖေး လား"
ဆန့်ကျင်ဘက်မှ လူငယ်မှာ ပို၍ အံ့အားသင့်သွားကာ ဖြေလိုက်သည်။
"ဟုတ်ပါတယ်... ကျုပ်က ဟူဖေးပါ။ ခင်ဗျားက ဘယ်သူလဲ။ ကျုပ်ကို ဘယ်လို သိတာလဲ"
"ခန့်မှန်းကြည့်လေ"
"..."
ဟူဖေး အံ့အားသင့်နေစဥ်မှာပင် ရန်ရှင်းကျိုးက မြင်းပေါ်မှ ရုတ်တရက် ခုန်ဆင်းလိုက်ပြီး ကျောဘက်မှ ဓားရှည်မှာ လက်ထဲသို့ ရောက်ရှိလာသည်။ ဓားတစ်ချက်နှင့်အတူ ဓားဦးမှာ ဟူဖေး၏ မျက်ခုံးအစပ်သို့ ဦးတည်သွားလေတော့သည်။
"ဒါကို ခံယူစမ်း"
သူ၏ လှုပ်ရှားမှုမှာ အလွန် လျင်မြန်လှသဖြင့် ဟူဖေးအနေဖြင့် ဓားအလင်းတန်းကိုသာ မြင်လိုက်ရပြီး ရန်ရှင်းကျိုးမှာ သူ၏ ရှေ့တည့်တည့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ရုတ်တရက် တိုက်ခိုက်မှုကြောင့် ဟူဖေးမှာ ထိတ်လန့်သွားပြီး သူ၏ ဓားကို ဆွဲထုတ်ကာ ရန်ရှင်းကျိုး၏ ဓားချက်ကို ထိပ်တိုက် တားဆီးလိုက်လေသည်။
"ဘန်း"
ဟူဖေး၏ လက်မောင်းမှာ ထုံကျဥ်သွားကာ ဓားပင် လွတ်ကျလုနီးပါး ဖြစ်သွား၏။ သူက အနောက်သို့ အမြန် ဆုတ်ခွာလိုက်ရာ သူ၏ ရိုက်ခတ်မှုကြောင့် နောက်မှ ငွေတုံးများ ထမ်းလာသော သိုင်းသမား နှစ်ဦးမှာ အော်ဟစ်ရင်း လွင့်ထွက်သွားကြသည်။ တံခါးချပ်ကြီးမှာလည်း အစိတ်စိတ် အမွှာမွှာ ကွဲကြေသွားကာ ငွေတုံးများမှာ လမ်းပေါ်၌ ပြန့်ကျဲကုန်တော့သည်။
"ကောင်းတယ်...”
ရန်ရှင်းကျိုးက လေထဲတွင် ဝဲပျံရင်း တိုက်စစ်ကို ဆက်လက် ဆင်နွှဲလိုက်ရာ ဓားအလင်းတန်းများမှာ ဟူဖေး၏ ခန္ဓာကိုယ် တစ်ခုလုံးကို ဝန်းရံသွားလေသည်။
"ကောင်လေး... မင်းတို့ ဟူမိသားစု ဓားသိုင်းက ဘယ်လောက်အထိ စွမ်းလဲဆိုတာ ငါ့ကို ပြစမ်းပါဦး"
***