← Chapters

အခန်း ၇၉

Vol. 8 Ch. 79

အခန်း ၇၉

Vol. 8 Ch. 79

ပြိုင်ဖက်ကင်းဓားသမား

အခန်း ၇၉ - ပန်းဥယျာဉ်အတွင်းနှင့် ပြင်ပ

ဤတာအိုဘုန်းကြီးမှာ သာမန်လူသား ခန္ဓာကိုယ်သာ ရှိပြီး ရွှေခေါင်းလောင်းသိုင်း သို့မဟုတ် သံမဏိဝတ်စုံသိုင်း ကဲ့သို့သော ပြင်ပအား သိုင်းပညာရပ်များကိုလည်း လေ့ကျင့်ထားသူ မဟုတ်ပေ။ ထို့ကြောင့် ရန်ရှင်းကျိုး၏ လက်သည်းချက်အောက်တွင် သူ၏ ပေါင်မှာ သွေးစိမ်းရှင်ရှင် ထွက်ကာ အရိုးမှာလည်း တစစီ ကျိုးကြေသွားတော့သည်။

"အား..."

တာအိုဘုန်းကြီးမှာ နာကျင်စွာ အော်ဟစ်လိုက်ရပြီး ရန်ရှင်းကျိုးက သူ၏ ပေါင်ကို ဆွဲကာ မြည်းပေါ်မှ မြေပြင်သို့ အားပြင်းပြင်းဖြင့် ပစ်ချလိုက်လေသည်။ ရန်ရှင်းကျိုးက ရှေ့သို့ လှမ်းတက်လိုက်ပြီး တာအိုဘုန်းကြီး၏ ရင်ဘတ်ကို ခြေထောက်ဖြင့် နင်းကာ မေးမြန်းလိုက်၏။

"မင်းက ဘယ်ဂိုဏ်းကလဲ။ ငါ့ကို ဘာလို့ လာပြီး ရန်စတာလဲ"

ဤတာအိုဘုန်းကြီးမှာ ဆယ်စုနှစ်ပေါင်းများစွာ မိမိ၏ ဂိုဏ်းအတွင်း၌သာ အချိန်ကုန်ဆုံးခဲ့ပြီး ဂိုဏ်းခေါင်းဆောင် အဖြစ်နှင့် ဝန်းကျင် မိုင်တစ်ရာအတွင်း ပြိုင်ဘက်ကင်းသူ ဖြစ်ခဲ့သည်။ ထို့ကြောင့် သူသည် အမြဲတမ်း ဘဝင်မြင့်နေခဲ့ခြင်း ဖြစ်၏။ သူ၏ တပည့်များကလည်း သူ့ကို မြှောက်ပင့်လွန်းသဖြင့် သူသည် မိမိကိုယ်ကိုယ် ရှောက်လင်၊ ဝူတန်း နှင့် ပန်းနီဂိုဏ်း တို့ထက်ပင် သာလွန်သည်ဟု ထင်မှတ်နေခဲ့သည်။

သူသည် သိုင်းလောက ခေါင်းဆောင်များ အစည်းအဝေး သို့ ဖိတ်ကြားခံရသဖြင့် လာခဲ့ခြင်း ဖြစ်ပြီး လမ်းတလျှောက်တွင် ရန်ရှင်းကျိုး၏ အကြောင်းကို ကြားသိခဲ့ရသည်။ သို့သော် သူက ရန်ရှင်းကျိုးမှာ သာမန်လူများကိုသာ သတ်နိုင်သည့် လူတစ်ယောက်ဟု အထင်သေးခဲ့မိသည်။

ဖော့ရှန်းမြို့၌ ကျားငါးကောင်ဂိုဏ်း ခေါင်းဆောင် ဖုန်းထျန်းနန် သေဆုံးခဲ့သည့် သတင်းမှာ ဤနေရာအထိ မပျံ့နှံ့သေးပေ။ အကယ်၍ ဖုန်းထျန်းနန်ပင် ရန်ရှင်းကျိုး လက်ချက်ဖြင့် သေဆုံးခဲ့သည်ကို သိပါက သူသည် ရန်ရှင်းကျိုးကို အနည်းငယ် ပြန်လည် အကဲဖြတ်မိပေလိမ့်မည်။

သူသည် ရန်ရှင်းကျိုးကို ဖမ်းဆီးကာ အစိုးရထံ အပ်နှံပြီး ဆုလာဘ်နှင့် ဂုဏ်သတင်းကို ရယူရန် ကြံစည်ခဲ့သော်လည်း စကားပင် မဆုံးသေးမီမှာပင် သူ၏ ပေါင်မှာ အရိုးကျိုးကာ မြေပြင်ပေါ်၌ ခွေးတစ်ကောင်လို လဲကျသွားရပြီ ဖြစ်၏။ ယခုမှပင် သူသည် ရန်ရှင်းကျိုး၏ အစွမ်းကို သိလိုက်ရသဖြင့် အလွန်အမင်း ထိတ်လန့်သွားတော့သည်။ ရန်ရှင်းကျိုး မေးလိုက်သည်နှင့် တစ်ပြိုင်နက် သူက တုန်ရီစွာ ပြန်ဖြေလေသည်။

"ကျုပ်... ကျုပ်က ကူလွန်ဓားမဂိုဏ်းရဲ့ ခေါင်းဆောင် ရှီးလင်ကျိပါ သူရဲကောင်းရန်... ကျုပ်က စတာပါ။ ကျေးဇူးပြုပြီး အတည်မယူပါနဲ့"

"ကူလွန်ဓားမ ဘာဂိုဏ်းလဲ အဲဒါ"

သူသည် ဓားကို ဆွဲထုတ်လိုက်ပြီး ရှီးလင်ကျိကို ရန်လိုသော အကြည့်ဖြင့် ကြည့်ကာ လှောင်ပြောင်လိုက်လေသည်။

"အသုံးမကျတဲ့ ဂိုဏ်းလေးကများ ငါ့ကို လာစိန်ခေါ်နေသေးတယ်။ ငါသာ ဒေါသထွက်ရင် မင်းတို့ ဂိုဏ်းတစ်ခုလုံးကို အမြစ်ပြတ်အောင် သတ်ပစ်မယ်"

ဂိုဏ်းခေါင်းဆောင် ရှီးလင်ကျိမှာ အလွန်အမင်း ထိတ်လန့်သွားပြီး "သူရဲကောင်းရန်... ကျုပ် တကယ် စတာပါ။ စိတ်မဆိုးပါနဲ့... အေးအေးဆေးဆေး စကားပြောရအောင်..."

"သေပေတော့"

ရန်ရှင်းကျိုး၏ ဓားရှည်မှာ အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားကာ ရှီးလင်ကျိ၏ လည်ပင်းသို့ ဦးတည် သွားလေသည်။

"အား...”

ရှီးလင်ကျိမှာ အလွန်အမင်း ကြောက်လန့်သွားသဖြင့် နေရာမှာတင် သေးထွက်သွားကာ အနံ့ဆိုးများပင် ထွက်ပေါ်လာတော့သည်။ ရန်ရှင်းကျိုး၏ ဓားမှာ တာအိုဘုန်းကြီး၏ လည်ပင်းနားတွင် ရုတ်တရက် ရပ်တန့်သွားပြီး ဓားကို အိမ်ထဲသို့ ပြန်ထည့်ကာ ရယ်မောလိုက်လေသည်။

"မင်းက ငါ့ကို စတယ်ဆိုတော့ ငါကလည်း မင်းကို ပြန်စလိုက်တာပေါ့။ အခုတော့ ကျေပြီနော်"

ရှီးလင်ကျိမှာမူ "ငါ သေပြီ ငါ သေပြီ" ဟုသာ တစာစာ အော်နေတော့သည်။ သူသည် အလွန်အမင်း ထိတ်လန့်သွားသဖြင့် ရန်ရှင်းကျိုး၏ စကားကိုပင် မကြားနိုင်တော့ဘဲ ရူးသွပ်လုနီးပါး ဖြစ်နေချေပြီ။

"ဒီလောက် သတ္တိနည်းတဲ့ လူကများ ငါ့ကို လာစိန်ခေါ်ရဲတယ်။ ကူလွန်ဓားမဂိုဏ်းခေါင်းဆောင် ဖြစ်ရတာ တော်တော် လွယ်ပုံရတယ်"

ရန်ရှင်းကျိုးသည် ဤလူကို သတ်ရန်ပင် စိတ်မပါတော့ဘဲ သူ၏ ဒန်ထျန်ကို ခြေထောက်ဖြင့် ကန်လိုက်ရာ အတွင်းအားများမှာ ပေါက်ကွဲသွားပြီး သိုင်းပညာ အားလုံး ပျက်စီးသွားလေတော့သည်။ ရှီးလင်ကျိ၏ အော်ဟစ်သံများကြားမှာပင် ရန်ရှင်းကျိုးသည် မြင်းပေါ်တက်ကာ ထွက်ခွာခဲ့လေသည်။

ရှီးလင်ကျိနှင့် တွေ့ပြီးနောက် သူသည် ရုပ်ဖျက်ရန် စဥ်းစားမိသွားသည်။ ထို့ကြောင့် အနီးနားရှိ တာအိုဘုရားကျောင်း တစ်ခုသို့ ခိုးဝင်ကာ တာအိုဝတ်စုံ တစ်ခုကို ခိုးယူပြီး သူ၏ ဆံပင်ကို တာအိုဘုန်းကြီး စတိုင် စည်းလိုက်သည်။ ထို့နောက် တာအိုဘုန်းကြီးပျို တစ်ဦးအသွင်ဖြင့် ခရီးဆက်ခဲ့လေသည်။

ဤသို့ ရုပ်ဖျက်လိုက်ခြင်းက အစိုးရအရာရှိများ၏ ပြဿနာကို များစွာ လျော့နည်းသွားစေ၏။

နောက်တစ်ရက်တွင် သူသည် ဒုံထင်အိုင် ကမ်းစပ်သို့ ရောက်ရှိလာပြီး သိုင်းသမား အချို့ကို စုံစမ်းကြည့်ရာ ပိုင်မားစိ၏ တည်နေရာကို သိလိုက်ရသည်။ သူ ရောက်ရှိချိန်တွင် ညမှောင်နေပြီ ဖြစ်သဖြင့် နားခိုရန် ဇရပ်တစ်ခု ရှာဖွေကာ ထိုညတွင် အတွင်းအားကို လေ့ကျင့်လျက် နောက်တစ်ရက်၌ ဆေးဘုရင် ကို တွေ့ရန် ပြင်ဆင်လိုက်သည်။

တကယ့် ဆေးဘုရင်ကြီးမှာ သေဆုံးသွားပြီ ဖြစ်သော်လည်း သူ၏ တပည့် ၄ ဦးမှာ မြင်းဖြူဘုရားကျောင်း အနီးတွင် နေထိုင်ကြဆဲ ဖြစ်၏။ ပထမ၊ ဒုတိယနှင့် တတိယ တပည့်များမှာ သိုင်းပညာ ကောင်းသော်လည်း ဆေးဘုရင် ဝူချန်း၏ အနှစ်သာရများကိုမူ မရရှိခဲ့ကြပေ။ အငယ်ဆုံး တပည့်ဖြစ်သူ ချန်လင်စုသာလျှင် ဆေးဘုရင်၏ အမွေကို ဆက်ခံနိုင်ခဲ့ခြင်း ဖြစ်သည်။

ပညာရပ်ပိုင်းတွင် ချန်လင်စုမှာ အတော်ဆုံး ဖြစ်သော်လည်း အန္တရာယ် ပေးနိုင်စွမ်းတွင်မူ ကျန်တပည့် သုံးဦးက ပို၍ ကြောက်စရာ ကောင်းလှသည်။ အကြောင်းမှာ ချန်လင်စုသည် စိတ်ထား ကောင်းမွန်သဖြင့် အဆိပ်ကို မကောင်းသော နေရာတွင် တစ်ခါမျှ မသုံးခဲ့သောကြောင့် ဖြစ်၏။ စိတ်ထား မစင်ကြယ်သူမှာ ဆေးဘုရင်၏ ပညာအစစ်ကို မရရှိနိုင်ဟု ဝူချန်းက ယူဆထားသောကြောင့်ပင်။

ရန်ရှင်းကျိုးသည် ချန်လင်စုထံမှ အသက်ကယ် အဆိပ်အတတ်ကို သင်ယူနိုင်ရန် ရည်ရွယ်၍ လာခဲ့ခြင်း ဖြစ်သည်။ သို့သော် ဆေးဘုရင်ဂိုဏ်းတွင် တားမြစ်ချက်များစွာ ရှိသဖြင့် ပညာသင်ယူရန်မှာ အလွန် ခက်ခဲပေလိမ့်မည်။ ထို့အပြင် ချန်လင်စုမှာ လောကတွင် အထက်မြက်ဆုံး အမျိုးသမီး ဖြစ်သဖြင့် ရန်ရှင်းကျိုးအနေဖြင့် သူမကို လှည့်စားရန်မှာလည်း မလွယ်ကူလှပေ။

နောက်တစ်နေ့ မနက်တွင် ရန်ရှင်းကျိုးသည် ဆေးဘုရင်စံအိမ်သို့ ဦးတည်ခဲ့သည်။ လမ်းတွင် တောင်ကုန်းလေး တစ်ခုပေါ်၌ ပေါက်တူးကို ကိုင်ကာ ဆေးပင် ရှာဖွေနေသော အဘိုးအို တစ်ဦးကို တွေ့လိုက်ရ၏။ ထိုသူမှာ ပညာရှိတစ်ဦးနှင့် တူပြီး ရုပ်ရည် သန့်ပြန့်လှသည်။ ရန်ရှင်းကျိုးက မြင်းကို ရပ်တန့်ကာ သူ့ကို ခဏတာ စိုက်ကြည့်ပြီးနောက် ရယ်မောရင်း ဆက်လက် ထွက်ခွာခဲ့လေသည်။ အဘိုးအိုမှာ ရန်ရှင်းကျိုး ထွက်သွားသည်ကို ကြည့်ကာ အံ့အားသင့်နေမိ၏။

"ဒီတာအိုဘုန်းကြီးက တကယ့်ကို ထူးခြားတာပဲ။ သူက ဒုတိယ တပည့်ကို ရှာနေတာလား၊ ဒါမှမဟုတ် အဲဒီ မိန်းကလေးကို ရှာနေတာလား"

ရန်ရှင်းကျိုး စိုက်ကြည့်လိုက်စဥ်က အဘိုးအို၏ ရင်ထဲတွင် ကျောက်တုံးကြီး တစ်ခုနှင့် ဖိထားသကဲ့သို့ ခံစားလိုက်ရပြီး အလိုလို ကြောက်စိတ်များ ဝင်လာခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ ထိပ်တန်းပညာရှင် တစ်ဦး၏ လွှမ်းမိုးသော အရှိန်အဝါပင်။ ရန်ရှင်းကျိုး ထွက်သွားမှသာ အဘိုးအိုမှာ သက်ပြင်းချနိုင်တော့သည်။

"ဒီလိုလူမျိုးကတော့ သာမန် အဆိပ်တွေနဲ့ မလွယ်ဘူး။ အကယ်၍ သူသာ ဒုတိယ တပည့်က ဖိတ်ခေါ်ထားတဲ့သူ ဆိုရင်တော့ ငါ့အတွက် ခက်ပြီ"

ရန်ရှင်းကျိုးသည် မြင်းကို နှင်လာရင်း လမ်းကွေ့ အချို့ကို ကျော်ဖြတ်ပြီးနောက် ပန်းဥယျာဉ် တစ်ခုကို မြင်တွေ့လိုက်ရသည်။ အပြာရောင် ဝတ်စုံ ဝတ်ဆင်ထားသော မိန်းကလေး တစ်ဦးမှာ ပန်းများကို စိုက်နေ၏။ ဥယျာဉ်၏ အနောက်တွင် မြက်မိုးထားသော အိမ်ကလေး သုံးလုံး ရှိနေသည်။

ရန်ရှင်းကျိုးက မြင်းပေါ်မှ ဆင်းကာ ရှေ့ရှိ ပန်းခင်းကို ကြည့်လိုက်သည်။ ပန်းများ အားလုံးမှာ အပြာရင့်ရောင် ဖြစ်ပြီး ပုံစံမှာ ရှူးဖိနပ်ကလေးများ နှင့် တူလှ၏။ လေအဝေ့တွင် ပန်းလေးများ ယိမ်းနွဲ့သွားကာ မွှေးပျံ့သော ရနံ့များ ထွက်ပေါ်လာသည်။

သူသည် လက်ပိုက်လျက် မိန်းကလေးက ပန်းခင်းထဲမှ ပေါင်းပင်များကို နှုတ်နေသည်ကို ကြည့်နေမိသည်။ သူမသည် တစ်ခါတရံ မတ်တပ်ရပ်ကာ သူမ၏ ကျောကို ညင်သာစွာ ထုပြီး ရန်ရှင်းကျိုးကို လှမ်းကြည့်တတ်သော်လည်း ဘာမှ မပြောဘဲ ဆက်လက် အလုပ်လုပ်နေ၏။

မိန်းကလေး မော့ကြည့်လိုက်စဥ်မှာပင် ရန်ရှင်းကျိုးသည် သူမ၏ မျက်နှာကို ရှင်းလင်းစွာ မြင်လိုက်ရသည်။

ဤမိန်းကလေးမှာ သာမန် ရုပ်ရည်သာ ရှိပြီး အသားအရည်မှာ ဝါဖျော့ဖျော့နှင့် အာဟာရ မပြည့်ဝပုံ ပေါက်နေသည်။ ဆံပင်မှာလည်း ကျဲပါးကာ ဝါကျင့်ကျင့် ဖြစ်နေပြီး ပခုံးများမှာလည်း ကျဥ်းလှ၏။ အသက် ၁၇၊ ၁၈ ခန့် ရှိမည် ထင်ရသော်လည်း ခန္ဓာကိုယ်မှာ ၁၅ နှစ် သမီးလေး အလား သေးသွယ်လွန်းလှသည်။

သို့သော် သူမ၏ မျက်လုံးများမှာမူ လုံးဝ မေ့ပစ်၍ မရနိုင်လောက်အောင် တောက်ပလှပေသည်။ မျက်ဝန်းများမှာ နက်မှောင် နေကာ သူမ မော့ကြည့်လိုက်တိုင်း ထူးခြားသော အလင်းတန်းများ တောက်ပလာသကဲ့သို့ ခံစားရ၏။

ရန်ရှင်းကျိုးမှာ ဥယျာဉ်အပြင်၌ ရပ်နေပြီး မိန်းကလေးမှာ ဥယျာဉ်အတွင်း၌ ရှိနေသည်။ နှစ်ဦးလုံး တိတ်ဆိတ်နေကြ၏။

ခဏအကြာတွင် ရန်ရှင်းကျိုးသည် မြင်းကို မှီထားရင်း ရုတ်တရက် အိပ်ငိုက်လာသည်။ ဤအိပ်ငိုက်မှုမှာ အလွန် ပြင်းထန်ပြီး မြန်ဆန်လှသဖြင့် သူ၏ မျက်ခွံများမှာ ကျောက်တုံးကြီးများဖြင့် ဖိထားသကဲ့သို့ လေးလံလာတော့သည်။ ရန်ရှင်းကျိုးမှာ ချက်ချင်း သတိဝင်လာ၏။

"ငါ အဆိပ်မိပြီလား... သူ ဘယ်လို လုပ်လိုက်တာလဲ"

သူသည် ကိုယ်တွင်းရှိ "အမည်မသိ အတွင်းအားကျမ်း" ကို အမြန် လှည့်ပတ်လိုက်ရာ ခဏအကြာတွင် ပါးစပ်မှ အသက်ရှူသံ တစ်ခုကို မှုတ်ထုတ်လိုက်လေသည်။ ထိုသို့ လုပ်ဆောင်ပြီးနောက် သူ၏ မျက်လုံးများမှာ ပြန်လည် တောက်ပလာပြီး အိပ်ငိုက်နေမှုများလည်း ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ ဥယျာဉ်အတွင်းရှိ မိန်းကလေးမှာ "ဟယ်..." ဟု အံ့အားသင့်စွာ ရေရွတ်လိုက်ပြီး ရန်ရှင်းကျိုးကို မော့ကြည့်ကာ ပြောလိုက်လေသည်။

"ရှင်က ဘာလို့ ကျမကို ဒီလောက်တောင် စိုက်ကြည့်နေရတာလဲ တာအိုဘုန်းကြီး။ ဒီလို လုပ်တာက ဘုန်းကြီးတွေအတွက် ဝိနည်းနဲ့ မညီဘူး မဟုတ်လား"

ဤသည်မှာ သူမက ရန်ရှင်းကျိုးကို ပထမဆုံး စကားပြောခြင်း ဖြစ်သည်။ သူမ၏ ရုပ်ရည်မှာ သာမန်သာ ဖြစ်သော်လည်း သူမ၏ အသံမှာမူ အလွန် ကြည်လင်ပြတ်သားလှသဖြင့် သူမ၏ ရုပ်ရည်နှင့် လုံးဝ မလိုက်ဖက်ဘဲ ဖြစ်နေပေတော့သည်။

***

All Chapters