← Chapters

အခန်း ၈၀

Vol. 8 Ch. 80

အခန်း ၈၀

Vol. 8 Ch. 80

ပြိုင်ဖက်ကင်းဓားသမား

အခန်း (၈၀) - အတောမသတ်နိုင်သော အရှက်မဲ့မှု

ရန်ရှင်းကျိုးသည် ပိုင်မားစိဘုရားကျောင်းသို့ ရောက်ရှိကတည်းက သွားလာ၊ အိပ်စက်၊ ထိုင်နုတ် နေထိုင်မှုတိုင်း၌ အထူးပင် သတိကြီးစွာ ထားလေသည်။ အကယ်၍ သူ၏ ကျင့်စဉ်အဆင့်ကသာ အနည်းငယ် မြင့်မားနေဦးမည်ဆိုပါက ပြင်ပအသက်ရှူခြင်းမှ အတွင်းအသက်ရှူခြင်းသို့ပင် အသေအချာ ပြောင်းလဲလိုက်ပေလိမ့်မည်။

ဤကိစ္စသည် အဆိပ်ဆေးဘုရင်နှင့် ပတ်သက်နေသဖြင့် မည်မျှပင် သတိထားစေကာမူ အပိုမဖြစ်နိုင်ပေ။ မျက်စိရှေ့ရှိ ပန်းခြံအတွင်းဝယ် အလုပ်လုပ်နေသော မိန်းကလေးကို ကြည့်နေစဉ်အတွင်း ရန်ရှင်းကျိုးသည် ခဏတာမျှ သတိလွတ်သွားခဲ့၏။ ထိုသို့ သတိထားနေသည့် ကြားမှပင် ထိုမိန်းမငယ်၏ ထောင်ချောက်အတွင်းသို့ သူ သက်ဆင်းသွားခဲ့ရသည်။ အကယ်၍ သူသည် အစွမ်းထက်လှသော အမည်မသိ စိတ်အာရုံကျင့်စဉ်ကို ကျင့်ကြံမထားခဲ့ပါက ယခုအချိန်တွင် မျက်လုံးများ မှိတ်ကျကာ အသိစိတ်လွတ်လျက် အိပ်မောကျနေလောက်ပြီ ဖြစ်သည်။

အသက်ရှူသံ တစ်ချက်ကို ထုတ်ဖော်လိုက်ပြီးနောက် ထိုမိန်းကလေး အသုံးပြုလိုက်သော အဆိပ်သည် အပြာရောင်ပန်းရနံ့နှင့် ရောနှောထားကြောင်း သူ သိရှိသွား၏။ ထို့ပြင် ထိုအဆိပ်၌ ကိုယ်ပိုင်ရနံ့တစ်ခုလည်း ရှိနေရမည် ဖြစ်သည်။ သို့မှသာ ရန်ရှင်းကျိုး၏ အာရုံခံစားမှုကို ကျော်ဖြတ်နိုင်ပေလိမ့်မည်။

အဆိပ်ငွေ့များကို မှုတ်ထုတ်လိုက်ပြီးနောက်တွင်မှ သူကျင့်ကြံနေသော အမည်မသိ စိတ်အာရုံကျင့်စဉ်သည် ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များကို သန့်စင်ပေးနိုင်သည့် စွမ်းရည်ရှိကြောင်း ရန်ရှင်းကျိုး သိလိုက်ရသည်။ ဤအချက်က သူ့ကို အံ့အားသင့်စေသလို ဝမ်းလည်း သာသွားစေ၏။ လောကကြီးတွင် အဆိပ်ခပ်သိမ်းကို ခုခံနိုင်သူဟူ၍ မရှိသလောက် ရှားပါးသော်လည်း မြင့်မြတ်သော သိုင်းကျင့်စဉ်များသည် အဆိပ်ကို ဖြေဖျောက်ပေးနိုင်ပြီး အသက်ရှည်စေနိုင်သည့် အစွမ်းရှိပေသည်။

“မိန်းကလေး... တစ်ခုခုတော့ မှားနေပြီထင်တယ်။ တာအိုဝတ်ရုံ ဝတ်ထားတိုင်းလည်း တာအိုဘုန်းကြီး မဟုတ်နိုင်သလို ရွာသူတစ်ယောက်လို ဝတ်ဆင်ထားတိုင်းလည်း ရွာသူတစ်ယောက် မဟုတ်နိုင်ဘူး မဟုတ်လား”

ထိုအချိန်တွင် ရန်ရှင်းကျိုးသည် သူ၏ မြင်းကို မှီ၍ လက်ပိုက်ကာ မိန်းကလေးကို စိုက်ကြည့်နေသည်။ သူ၏ အကြည့်တို့က သူ၏ မျက်နှာပေါ်သို့ ကျရောက်လာသော အလင်းရောင်နှင့်အတူ ဟန်ချက်ညီနေကာ သူ့ကို ပို၍ပင် ခန့်ညားထည်ဝါပြီး ဆွဲဆောင်မှုရှိသော လူငယ်တစ်ဦးအသွင် ဖြစ်ပေါ်စေသည်။

“ရှင်က တာအိုဘုန်းကြီး မဟုတ်ရင်တောင် လူတစ်ဖက်သားကို ဒီလိုမျိုး စိုက်ကြည့်နေတာက သင့်တော်သလား”

“မင်းက မိန်းကလေး ချန်လင်စု မဟုတ်လား”

“ကျွန်မနာမည်ကို ရှင် ဘယ်လိုသိတာလဲ”

“ဆရာတော် ရီချန် က စီချွမ်းနဲ့ တိဗက်မှာ ဆေးပင်တွေ လိုက်ရှာတုန်းက ကျွန်တော်နဲ့ အကြိမ်ကြိမ် ဆုံခဲ့ဖူးတယ်။ အဲ့ဒီတုန်းက ကျွန်တော်က သူ့ဆီမှာ တပည့်ခံချင်ခဲ့တာ။ ဒါပေမဲ့ သူက လက်မခံခဲ့ဘူး။ နောက်ပိုင်းကျမှ ကျွန်တော့်ရဲ့ စိတ်ရင်းမှန်ကို မြင်သွားပြီးတော့ လောကမှာ ရှာရခက်ဆုံး အဆိပ်တစ်ခုကို ရှာနိုင်ရင် မင်းကို တပည့်အဖြစ် လက်ခံပြီး လူ့အသက်ကယ်တဲ့ ဆေးပညာတွေကို သင်ပေးမယ် လို့ ကတိပေးခဲ့တယ်။ အခုတော့ ကျွန်တော် အဲ့ဒီရှားပါးတဲ့ အဆိပ်ကို ရှာတွေ့ခဲ့ပြီ။ ဒါကြောင့် ဆေးဘုရင်ရွာက ဆရာတော့်ဆီ လာခဲ့တာပဲ။ ဆရာတော် ပြောပြဖူးလို့ မင်းအကြောင်းကိုလည်း သိနေတာပေါ့။ မင်းက ဆရာတော့်ရဲ့ နောက်ဆုံးပိတ် တပည့်လေး မဟုတ်လား။ ဟင်း... ဆရာတော် မင်းကို တပည့်အဖြစ် လက်ခံတုန်းက မင်းက ငယ်ငယ်လေး ရှိသေးတာ။ မျက်တောင်တစ်ခတ်အတွင်းမှာ ဒီလောက်တောင် ကြီးပြင်းလာလိမ့်မယ်လို့ မထင်ထားမိဘူးဗျာ”

ချန်လင်စုမှာ ကြောင်အသွားရကာ အတွေးကမ္ဘာထဲသို့ နစ်မြှုပ်သွားတော့သည်။ ဆရာတော်က လူဝတ်ကြောင် ဘဝတုန်းက စိတ်တိုတတ်တယ်လို့ ပြောဖူးတယ်။ ရဟန်းဝတ်ပြီးစမှာ တာချန် လို့ ဘွဲ့အမည် ယူခဲ့တယ်။ နောက်ပိုင်း စိတ်ကို ယဉ်ပါးအောင် ကျင့်ကြံပြီးတဲ့အခါ ‘ရီချန်’ လို့ ပြောင်းခဲ့တယ်။ ကျွန်မကို တပည့်အဖြစ် လက်ခံတုန်းကတော့ အိုချန်လို့ အမည်ပြောင်းနေပြီ။ ဆရာတော် ပျံလွန်တော်မူခါနီးမှာတော့ ဝူချန်လို့ ပြောင်းလိုက်ပြန်တယ်။ ဒီအကြောင်းတွေကို လောကမှာ သိတဲ့သူ အတော်လေး နည်းပါတယ်။ အခု ဒီတာအိုဘုန်းကြီးက ဆရာတော့်ရဲ့ အရင်ဘွဲ့အမည်ကို သိနေတာဆိုတော့ ဆရာတော်နဲ့ တကယ်ပဲ ပတ်သက်မှု ရှိနိုင်တာပဲ။’

“ဒါပေမဲ့ ဆရာတော်က အဆိပ်ကို အရင်ရှာခိုင်းတာက တပည့်မခံချင်လို့ ပေးတဲ့ အကြောင်းပြချက် ဖြစ်မှာပါ။ ဆိုလိုတာက ဆရာတော်က သူ့ကို တပည့်အဖြစ် လက်ခံဖို့ စိတ်မကူးခဲ့ဘူးပေါ့။ အခု သူက ရောက်လာပြီဆိုတော့ တစ်ခုခု အကြောင်းပြပြီး ပြန်လွှတ်လိုက်ရမလား... ဒါပေမဲ့ ဒီတာအိုဘုန်းကြီးက တကယ်ကို ခန့်ညားတာပဲ”

“ရှင့်နာမည်က ဘယ်သူလဲ”

“ကျွန်တော့်မျိုးရိုးက ရန်၊ နာမည်က ဟိုင်၊ အမည်ပွားကတော့ ရှင်းကျိုးပါ။ ရန်ရှင်းကျိုးလို့ပဲ ခေါ်နိုင်ပါတယ်။ မိန်းကလေးချန်... ဆရာတော်ရီချန် အခု ဘယ်မှာလဲ။ ရှင်းကျိုး လာရောက် တွေ့ဆုံပြီး တပည့်ခံဖို့ လာခဲ့တယ်လို့ ကျေးဇူးပြုပြီး အကြောင်းကြားပေးပါဦး”

“ကျွန်မရဲ့ ဆရာတော်က ပျံလွန်တော်မူသွားပါပြီ”

“ပျံလွန်တော်မူသွားပြီ ဟုတ်လား”

“ဆရာတော်က ဆေးပညာရှင်ကြီးလေ။ အသက်တစ်ရာတောင် မပြည့်သေးဘဲနဲ့ ဘယ်လိုလုပ် ပျံလွန်တော်မူနိုင်မှာလဲ။ သူကိုယ်တိုင်ပဲ ပြောခဲ့တာလေ... ဆေးဘုရင် ဆွန်စစ်မြောင် နဲ့ ဘယ်သူ အသက်ပိုရှည်မလဲ ပြိုင်ဦးမယ်ဆို။ ဆေးဘုရင်က အသက်တစ်ရာကျော်ထိ နေသွားတာဆိုတော့ ဆရာတော်ရီချန်ကလည်း အရှုံးပေးမှာ မဟုတ်ဘူးလို့ ပြောခဲ့တာ။ အခု အသက်တစ်ရာတောင် မပြည့်သေးဘဲ ဘယ်လိုဖြစ်ပြီး...”

သူသည် စကားပင် ဆုံးအောင် မပြောနိုင်တော့ဘဲ မျက်ရည်များ ဝိုင်းလာကာ အသည်းကွဲမတတ် ငိုကြွေးလေတော့သည်။

“ဒါတွေ အားလုံးက အလိမ်အညာတွေပဲ။ အားလုံးက အလိမ်အညာတွေ ဆရာတော်ကြီးက ကျွန်တော့်ကို တပည့်အဖြစ် လက်ခံမယ်လို့ ကတိပေးခဲ့ပြီးမှ အခုတော့ ထားခဲ့ပြီလား။ ကျွန်တော် ဘယ်သူ့ဆီမှာ ပညာသင်ရတော့မှာလဲ။ ဆရာတော် ကျွန်တော့်အသက်ကို ကယ်ခဲ့တဲ့ ကျေးဇူးကိုတောင် မဆပ်ရသေးဘူး... အခုတော့ ဆရာတော်က မရှိတော့ဘူးလားဗျာ...”

သူသည် မြေပြင်ပေါ်တွင် လဲကျကာ ရင်ကွဲမတတ် ငိုကြွေးနေသည်ကို မြင်ရသောအခါ ချန်လင်စုမှာ သနားစိတ် ဝင်လာမိသည်။ “ဒီလူက တကယ်ကို ရိုးသားတာပဲ။ ဆရာတော်က ရှာရခက်တဲ့ အဆိပ်ကို ရှာခိုင်းတာက သူ့ကို ငြင်းလိုက်တာပဲလေ။ သာမန်လူဆိုရင် ဒါကို သိမှာပဲ။ ဒါပေမဲ့ သူကတော့ တကယ်ပဲ ရှာခဲ့တယ်။ အခု ဆရာတော် မရှိတော့ဘူးဆိုတော့ သူ နှစ်ပေါင်းများစွာ ကြိုးစားခဲ့သမျှ အချည်းနှီး ဖြစ်ကုန်တာပေါ့။ တကယ် သနားဖို့ ကောင်းပါတယ်”

ရန်ရှင်းကျိုးက ချန်လင်စု၏ မျက်နှာကို ခိုးကြည့်လိုက်ရာ သူမ စိတ်မကောင်း ဖြစ်နေသည်ကို မြင်သဖြင့် ပို၍ပင် ကျယ်လောင်စွာ ငိုကြွေးလေတော့သည်။ သူ၏ ငိုသံများမှာ ပတ်ဝန်းကျင် တစ်ခုလုံးကို တုန်ခါသွားစေ၏။ ပန်းခင်းထဲမှ အပြာရောင်ပန်းကလေးများသည်ပင် သူ၏ ငိုသံကြောင့် တုန်ရီနေကြကာ ချန်လင်စု ကိုင်ထားသော ရေပုံးထဲမှ ရေများသည်လည်း လှိုင်းထလာလေသည်။

ချန်လင်စုမှာ အလွန်အမင်း အံ့အားသင့်သွားရသည်။ ဒီလူရဲ့ အတွင်းအားက ဒီလောက်တောင် နက်ရှိုင်းလှပါလား။ အစောနက ငါ့ရဲ့ အိပ်မွေ့ချအဆိပ် ဘာလို့ မတိုးတာလဲ အခုမှ သိတော့တယ်။ ဒီလောက် အစွမ်းထက်တဲ့လူက လောကကြီးမှာ ဘယ်နေရာမဆို သွားနိုင်တာပဲ။ ဘာလို့ ဆရာတော့်ဆီမှာ ပညာသင်ချင်နေရတာလဲ။

ရန်ရှင်းကျိုး၏ ငိုသံက ရပ်တန့်မသွားဘဲ အနီးနားရှိ တောအုပ်ထဲမှ ငှက်များပင် လန့်နိုးကာ ပျံသန်းသွားကြသည်။ ချန်လင်စု၏ အိမ်အတွင်းရှိ ရေအိုးကြီးမှာလည်း ရန်ရှင်းကျိုး၏ ငိုသံကြောင့် ဝီ ဝီ ဝီ နှင့် တုန်ခါသံများ ထွက်ပေါ်လာတော့သည်။

“မိန်းကလေးချန်... ဆရာတော်ရီချန်ရဲ့ ဂူဗိမာန်က ဘယ်မှာလဲ။ ကျွန်တော် သွားပြီး ကန်တော့ချင်လို့ပါ”

“ခဏလေး စောင့်ပါဦး”

သူတို့ သုံးမိုင်ခန့် လမ်းလျှောက်လာပြီးနောက် တောင်ကုန်းတစ်ခုသို့ ရောက်ရှိလာကြသည်။ ထိုနေရာတွင် ဂူဗိမာန်တစ်ခု ရှိနေပြီး ကျောက်စာတိုင်တွင် ဆရာတော် ဝူချန်၏ ဂူဗိမာန် ဟု ရေးထိုးထားသည်။ ထိုစာသားအောက်တွင် တပည့် ချန်လင်စုမှ ဂါရဝပြု ကန်တော့ပါသည် ဟု စာလုံးအသေးလေးများဖြင့် ရေးထား၏။

ရန်ရှင်းကျိုးသည် ဂူရှေ့တွင် ဝပ်စတွားကာ အတန်ကြာ ငိုကြွေးပြန်သည်။ သူ၏ စိတ်ထဲတွင်မူ ‘ဝူချန်... ဝူချန်... ဒီတစ်ခါတော့ ငါ တကယ်ကို အကုန်အစင် ရင်းလိုက်ပြီဟေ့။ ငါ ဒီလောက်တောင် ကြိုးစားနေရတာ... အကယ်၍ ဆေးဘုရင်ရဲ့ ပညာတွေကိုသာ မသင်ရရင် ငါတော့ အကြီးအကျယ် ရှုံးပြီပဲ’ ဟု တွေးနေလေသည်။

“ညီမလေး... ဆရာတော် ပျံလွန်တော်မူသွားတဲ့အချိန်မှာ ကျွန်တော် တပည့်ဝတ် မကျေပွန်ခဲ့ရတဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်။ ညီမလေး အရင်ပြန်နှင့်ပါ။ ကျွန်တော် အနီးနားက မြို့ကို သွားပြီး ဆရာတော့်အတွက် ဆွမ်း၊ ခဲဖွယ်နဲ့ အလှူအတန်းတွေ ပြုလုပ်ဖို့ ပစ္စည်းတွေ သွားဝယ်ဦးမယ်”

ချန်လင်စုမှာ ကြောင်အသွားရပြန်သည်။ ‘ငါက ဘယ်တုန်းက ရှင့်ညီမ ဖြစ်သွားတာလဲ။ ပြီးတော့ ဆရာတော်ကရော ဘယ်တုန်းက ရှင့်ဆရာ ဖြစ်သွားလို့လဲ’

သို့သော်လည်း ရန်ရှင်းကျိုးက ဆရာတော့်အပေါ် အလွန်အမင်း ရိုသေကိုင်းရှိုင်းပြီး ဝမ်းနည်းနေသည်ကို မြင်ရသဖြင့် သူသည် ဝမ်းနည်းလွန်း၍ စကားများကို လွှတ်ကနဲ ပြောမိနေခြင်း ဖြစ်မည်ဟု ယူဆကာ သူမက မပြင်ပေးတော့ပေ။

“ဆရာတော်က ရဟန်းတစ်ပါးဖြစ်လို့ လူတွေလို စက္ကူမြင်းတွေ၊ စက္ကူရုပ်တွေ မီးရှို့ပြီး ကန်တော့ဖို့ မလိုပါဘူး”

“ဒါက ကျွန်တော်တို့ ဂိုဏ်းတူအစ်ကို တစ်ယောက်ရဲ့ စေတနာပါ။ ဆရာတော်က အနောက်ဘက် နတ်ပြည်ကို ရောက်ပြီး ဘုရားဖြစ်နေရင်တောင် ကျွန်တော့်ရဲ့ ဒီသိမ်မွေ့တဲ့ စိတ်ထားကို ပယ်မှာ မဟုတ်ပါဘူး”

ချန်လင်စုက ဆက်၍ မတားတော့ပေ။ သူမ စိတ်ထဲတွင်တော့ ‘ဒီလူက တကယ်ကို သိတတ်တဲ့သူပဲ။ ဆရာတော် ပျံလွန်တော်မူပြီးကတည်းက ကျန်တဲ့ တပည့်တွေက ဘာမှ မမေးကြဘဲ ဆေးဘုရင်ကျမ်းကိုပဲ လိုချင်နေကြတာ။ အဲ့ဒီလူတွေနဲ့ ယှဉ်ရင် ဒီလူကမှ ဆရာတော့်ရဲ့ တပည့်စစ်စစ်နဲ့ ပိုတူနေသေးတယ်’

ဤသို့ တွေးလိုက်မိသည်နှင့် ရန်ရှင်းကျိုးအပေါ် ထားရှိသော စိတ်ထားမှာ ပို၍ ကောင်းမွန်လာတော့သည်။

“အကယ်၍ သူက တကယ်ပဲ ဆေးပညာသင်ချင်တာဆိုရင်... သူ့ရဲ့ ဒီလို သိတတ်တဲ့ စိတ်ထားကြောင့် အရေးမကြီးတဲ့ ဆေးပညာ အချို့ကို သင်ပေးလိုက်ရင်လည်း မမှားလောက်ပါဘူးလေ”

***

All Chapters