← Chapters

အခန်း (၈၇၁-၈၇၂)

Vol. 74 Ch. 871-872

အခန်း (၈၇၁-၈၇၂)

Vol. 74 Ch. 871-872

အပိုင်း (၈၇၁)

နန်းတော် အမြင့်ပိုင်းတွင် ရပ်ကာ ယွင်ကျုံးဟဲ့ ထွက်ခွာသွားသည့် နောက်ကျောကို ကြည့်ရင်း ပိုင်ဖေးဖေးက တုန်ယင်စွာ မေးလိုက်သည်။ “သူ ဘာသွားလုပ်မလို့လဲ။”

“သူ ရူးသွပ်တဲ့ ကိစ္စ တစ်ခုကို သွားလုပ်မလို့။” ဘုရင် ပိုင်ကုက ဖြေလိုက်၏။

“ဘာ ရူးသွပ်တဲ့ ကိစ္စလဲ။” ပိုင်ဖေးဖေးက ထပ်မေးသည်။

“တစ်ယောက်တည်းနဲ့ ပိုင်ယင်မြို့ တစ်ခုလုံးကို အနိုင်ယူမလို့လေ။” ဘုရင် ပိုင်ကုက ဖြေ၏။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။” ပိုင်ဖေးဖေးက အံ့ဩစွာ အော်ဟစ်လိုက်သည်။

ဘုရင် ပိုင်ကုက ပြော၏။ “သူက ကြက်လေး တစ်ကောင်တောင် မသတ်နိုင်တဲ့သူ ဖြစ်နေပေမယ့် သားဖြစ်သူကို ကာကွယ်ဖို့အတွက် ဒီလို ရူးသွပ်တဲ့ ကိစ္စမျိုးကိုတောင် လုပ်ရဲတယ်။ နောက်ဆက်တွဲ သူ အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ သူ့ခန္ဓာကိုယ် တစ်စစီ ဖြစ်သွားရင်တောင် မင်းတို့ သားအမိ နှစ်ယောက် ဂုဏ်ယူဖို့ လုံလောက်နေပါပြီ။”

ပိုင်ယင်မြို့ ရေယာဉ်စုမှ မရေမတွက်နိုင်သော လူများ၏ အကြည့်များအောက်တွင် ယွင်ကျုံးဟဲ့သည် စစ်သင်္ဘောပေါ်သို့ တက်ရောက်ကာ ဆိပ်ကမ်းမှ ထပ်မံ ထွက်ခွာသွားသည်။

သို့ပေမည့် ဤတစ်ကြိမ်တွင် သူသည် တောင်ပိုင်းပြည်နယ် ဆိပ်ကမ်းဘက်သို့ ပြန်မသွားတော့ဘဲ အရှေ့ဘက်သို့ တောက်လျှောက် ထွက်ခွာသွားသည်။

ခုနစ်ရက်အတွင်း ယွင်ကျုံးဟဲ့၏ စစ်သင်္ဘောကို လုံးဝ မတိုက်ခိုက်ရန် အမိန့်ရရှိထားသောကြောင့် လမ်းတစ်လျှောက်လုံး ခရီးစဉ်က အလွန် အေးချမ်းနေ၏။

ယွင်ကျုံးဟဲ့သည် အရှေ့မြောက်ဘက်သို့ တောက်လျှောက် ခုတ်မောင်းသွားသည်၊ တောက်လျှောက် ခုတ်မောင်းသွားသည်။

ပိုင်ယင်မြို့မှ မိုင်ငါးထောင်ခန့် ကွာဝေးလာခဲ့သည်။ တဖြည်းဖြည်းနှင့် ဤပင်လယ်ပြင်ပေါ်တွင် မည်သည့် သင်္ဘောမှ မရှိတော့ပေ။

ဆက်လက် ဝင်ရောက်သွားရာ ကောင်းကင်ယံတွင် အသွင်ပြောင်း ဇင်ယော်များ မရှိတော့သလို မည်သည့် ငှက်မှလည်း မရှိတော့ပေ။

ပိုမို ဝင်ရောက်သွားရာ ဤပင်လယ်ပြင်တွင် မည်သည့် သတ္တဝါမှ မရှိတော့ဘဲ ငါးတစ်ကောင်ပင် မရှိတော့ပေ။ လုံးဝ သေဆုံးခြင်း တားမြစ်နယ်မြေကြီး တစ်ခု အဖြစ် ပြောင်းလဲသွားသကဲ့သို့ ဖြစ်နေသည်။

“အရှင်... ဒီနေရာက အရမ်း ထူးဆန်းပါတယ်။”

“အရှင်... ကျုပ်တို့ လမ်းပျောက်နေပါပြီ။”

တာ့ယန် အင်ပါယာ၏ စစ်သင်္ဘောသည် တကယ်ကို လမ်းပျောက်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လုံးဝ သေဆုံး တိတ်ဆိတ်နေသော ပင်လယ်ပြင် အတွင်းသို့ ဝင်ရောက်သွားသောကြောင့်ပင်။

ထို့အပြင် လားရာ အာရုံခံနိုင်စွမ်း လုံးဝ ပျောက်ဆုံးသွားပြီး အရှေ့၊ အနောက်၊ တောင်၊ မြောက်ကို မခံစားနိုင်တော့ပေ။ သင်္ဘောပေါ်ရှိ သံလိုက်အိမ်မြှောင် စသည့် ကိရိယာများ အားလုံး အသုံးမဝင်တော့ပေ။ လျှို့ဝှက်ဆန်းကြယ်သော ပင်လယ်ပြင် တစ်ခု အတွင်းသို့ ဝင်ရောက်သွားသကဲ့သို့ ဖြစ်နေသည်။

ဤနေရာသည် ပိုင်ယင်မြို့ ရေပိုင်နက်၏ အကြွင်းမဲ့ တားမြစ်နယ်မြေ ဖြစ်ပြီး မြေအောက် အမှောင် ပိရမစ် အုပ်စုများ ရှိရာ နေရာ ဖြစ်၏။

လွန်ခဲ့သော ဆယ်နှစ်ကျော်က ရှာဖွေ တွေ့ရှိခဲ့ပြီး အသွင်ပြောင်း ပင်လယ် သားရဲကြီး စစ်တပ်များ အားလုံးကို ဤနေရာတွင် မွေးမြူထားခြင်း ဖြစ်၏။ ပိရမစ် အုပ်စု တစ်ခုလုံးတွင် ပိရမစ် ကိုးခု ရှိသည်။

ကျိန်စာတိုက်ခံထားရသော နယ်မြေဘက်နှင့် မတူညီဘဲပင်လယ်အောက် ပိရမစ် ဧရိယာသည် ပိုမို ကျယ်ဝန်းပြီး စတုရန်း ကီလိုမီတာ ရာပေါင်းများစွာ ကျယ်ဝန်းသည်။ ပိရမစ် တစ်ခုနှင့် တစ်ခုကြား အလွန် ဝေးကွာစွာ တည်ရှိနေကြ၏။

ဤစတုရန်း ကီလိုမီတာ ရာပေါင်းများစွာ ကျယ်ဝန်းသော ဧရိယာ အတွင်းသည် အကြွင်းမဲ့ ကျိန်စာတိုက်ခံ ထားရသော နယ်မြေ ဖြစ်ပြီး ဟေးယန်အင်ပါယာ၏ ကျိန်စာတိုက်ခံထားရသော နယ်မြေထက် ပိုမို အန္တရာယ်များသော နေရာ ဖြစ်သည်။

ထိုအချိန်က ဤပင်လယ်ပြင်ကို ရှာဖွေ တွေ့ရှိချိန်တွင် သင်္ဘောများ အနားသို့ ချဉ်းကပ်သွားသည်နှင့် သင်္ဘောပေါ်ရှိ လူများ ချက်ချင်း ခေါင်းမူးလာပြီး အဆက်မပြတ် အန်ကာ သွေးကြောလေးများ ပေါက်ကွဲပြီး အသေဆိုးနှင့် သေဆုံးသွားကြသည်။ ထိုမျှမက မသေဆုံးမီတွင် ဝက်ရူးပြန်ရောဂါ၊ ရူးသွပ်သော ရောဂါများပင် ဖြစ်ပေါ်တတ်သေး၏။

ဤတုံ့ပြန်မှုများ အားလုံးသည် ဟေးယန်အင်ပါယာ၏ ကျိန်စာတိုက်ခံထားရသော နယ်မြေနှင့် တစ်ပုံစံတည်း ဖြစ်သော်လည်း တုံ့ပြန်မှုက ပိုမို ပြင်းထန်သည်။

ယခုအချိန်တွင် ဤတားမြစ်နယ်မြေနှင့် ကီလိုမီတာ ဆယ်ဂဏန်းခန့် ကွာဝေးနေသေးသော်လည်း စစ်သင်္ဘောပေါ်ရှိ ရေတပ် စစ်သည်များသည် တုံ့ပြန်မှုများ ဖြစ်ပေါ်နေပြီဖြစ်ပြီး ခေါင်းမူးလာကာ မျက်လုံးများ သွေးရောင် လွှမ်းလာ၏။

“အရှင်... ကျုပ်တို့ရဲ့ စစ်သင်္ဘောက တဖြည်းဖြည်း ထိန်းချုပ်လို့ မရတော့ပါဘူး။”

“အရှင်... ကျုပ်တို့ စစ်သင်္ဘောရဲ့ ဒိုင်ခွက်တွေ ရူးသွပ်စွာ လည်ပတ်နေပြီး လျှပ်စစ်ပတ်လမ်း အများအပြားလည်း ပျက်စီးသွားပါပြီ။”

ဤပင်လယ်အောက် တားမြစ်နယ်မြေသည် အလွန် ကြောက်စရာ ကောင်းလှပြီး ကီလိုမီတာ ဆယ်ဂဏန်းခန့် ကွာဝေးနေသေးသော်လည်း ဤမျှ ကြောက်စရာကောင်းသော တုံ့ပြန်မှုများ ဖြစ်ပေါ်လာသည်။

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ခင်ဗျားတို့ မိုင်သုံးဆယ်လောက် နောက်ဆုတ်သွားပြီး ပင်လယ်ပြင်ပေါ်မှာ ကျုပ်ကို စောင့်နေကြ။ ဒါ အမိန့်ပဲ။”

“အရှင်... အရှင် ဘာလုပ်မလို့လဲ။” စစ်သင်္ဘော၏ တပ်မှူးက အံ့ဩစွာ မေးလိုက်သည်။

ယွင်ကျုံးဟဲ့သည် ရေငုပ်ဝတ်စုံ၊ အောက်ဆီဂျင်ဘူးနှင့် ရေအောက် မီးထွန်း ကိရိယာများကို လဲလှယ် တပ်ဆင်လိုက်၏။

“ဒါ အမိန့်ပဲ။” ပြောပြီးနောက် ယွင်ကျုံးဟဲ့သည် ကုန်းပတ်ပေါ်မှ ခုန်ချသွားပြီး တားမြစ်နယ်မြေ၏ ဗဟိုချက်ဆီသို့ ကူးခတ်သွားသည်။

အခြား သာမန် လူတစ်ယောက်သာ ဆိုပါက ဤပင်လယ်အောက် တားမြစ်နယ်မြေ အတွင်းသို့ ဝင်ရောက် ပြီးသည်နှင့် စောစောတည်းက သေဆုံးသွားလောက်ပြီ ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် တားမြစ်နယ်မြေနှင့် ပိုမို နီးကပ်လေလေ၊ ရေဒီယိုသတ္တိကြွ စွမ်းအင်က ပိုမို ကြောက်စရာ ကောင်းလေလေ ဖြစ်သောကြောင့်ပင်။

သို့ပေမည့် ယွင်ကျုံးဟဲ့သည် ယခုအခါ မည်သည့် ခံစားချက်မှ မရှိတော့ပေ။ အကယ်၍ အသွင်ပြောင်းခြင်းသာ ရှိခဲ့ပါက သူသည် အသွင်အပြောင်းဆုံး လူတစ်ယောက် ဖြစ်လောက်သည်။

သို့ပေမည့် သူက အခြားသူများကဲ့သို့ အထူး အသွင်ပြောင်းသူများ ဖြစ်လာကာ အားအင် အလွန် ကြီးမားလာခြင်း မဟုတ်ပေ။ သူ၏ အသွင်ပြောင်းသည့် လားရာမှာ စိတ်စွမ်းအားနှင့် ဆဲလ်များ၏ ပြန်လည် ပြုပြင်နိုင်စွမ်း၊ အသစ် ပြန်လည် ဖြစ်ပေါ်နိုင်စွမ်းတို့ ဖြစ်၏။

ထို့ကြောင့် ဤကြောက်စရာကောင်းသော ရေဒီယိုသတ္တိကြွ စွမ်းအင်များသည် သူ့ကို မည်သည့် ထိခိုက်မှုမှ မဖြစ်စေနိုင်ပေ။ အဆက်မပြတ် ရေအောက်သို့ ငုပ်လျှိုးသွားသည်။

“ဘုန်း...”

ရေအောက် မီးထွန်း ကိရိယာသည် ကြောက်စရာကောင်းသော ရေဒီယိုသတ္တိကြွမှုကို မခံနိုင်တော့ဘဲ တစ်စစီ ပေါက်ကွဲပျက်စီးသွား၏။

ယွင်ကျုံးဟဲ့သည် ထူးခြားသော စိတ်ပိုင်းဆိုင်ရာ အခြေအနေသို့ ချက်ချင်း ဝင်ရောက်သွားရာ မှောင်မိုက်သော နေရာတွင်ပင် ရှင်းလင်းစွာ မြင်တွေ့နိုင်သော်လည်း အလွန် ထူးခြားသော အမြင်အာရုံမျိုး ဖြစ်သည်။

မကြာမီ သူသည် ပင်လယ်အောက်ရှိ ပိရမစ်ကို တွေ့မြင်လိုက်ရသည်။ ၎င်းမှာ ပထမ ပိရမစ် ဖြစ်သည်။ သူ အောက်သို့ ငုပ်လျှိုးသွားပြီး ပင်လယ်အောက် ပထမ ပိရမစ် ၏ တံခါး အတွင်းသို့ ဝင်ရောက်သွား၏။

ဤပိရမစ်သည် အလွန် ကြီးမားပြီး အတွင်းတွင် ရေဘဝဲများ ပြည့်နှက်အောင် ပေါလောပေါ်နေကာ အကောင်ရေ ဆယ်ဂဏန်း၊ ရာဂဏန်းခန့် ရှိ၏။ ၎င်းတို့သည် ပိရမစ် အတွင်းတွင် အသွင်ပြောင်းမှုကို ခံယူနေကြခြင်း ဖြစ်သည်။

“ဘုန်း...”

ရုတ်တရက် ရေဘဝဲ တစ်ကောင်က ကြောက်စရာကောင်းသော အသွင်ပြောင်းမှုကို မခံနိုင်တော့ဘဲ တစ်စစီ ပေါက်ကွဲထွက်သွားသည်။ ထို့နောက် ၎င်းသည် အခြား ရေဘဝဲများ၏ အစာ ဖြစ်သွားတော့၏။

“ဘုန်း...”

ထို့နောက် ဒုတိယမြောက် ရေဘဝဲလည်း အသွင်ပြောင်းမှုကို မခံနိုင်တော့ဘဲ ပေါက်ကွဲထွက်သွားပြန်သည်။

ဤကဲ့သို့ အသွင်ပြောင်းမှု၏ ကျရှုံးနိုင်ခြေမှာ အလွန် ကြီးမားပြီး ကိုးဆယ့်ကိုးရာခိုင်နှုန်း ကျရှုံးနိုင်ခြေ ရှိကြောင်း ထင်ရှားသည်။ ရေဘဝဲ အကောင် တစ်ရာတွင် တစ်ကောင်သာ အသွင်ပြောင်း အောင်မြင်နိုင်မှာ ဖြစ်၏။

ဤသည်မှာ တာရှန်းမိစ္ဆာနိုင်ငံ၏ အဆိပ်ပြင်း အကောင်များ မွေးမြူသည့် နည်းလမ်းနှင့် တစ်ပုံစံတည်း ဖြစ်သည်။

ယွင်ကျုံးဟဲ့ ဝင်ရောက်လာပြီးနောက် ဤအသွင်ပြောင်း ရေဘဝဲများသည် သူ့ကို မည်သည့် တိုက်ခိုက်မှုမှ မပြုလုပ်ကြပေ။

အဘယ်ကြောင့်ဆိုသော် အသွင်ပြောင်းနေစဉ် အတွင်း အခြေခံအားဖြင့် အိပ်မောကျနေသောကြောင့် ဖြစ်သည်။

ထို့နောက် ယွင်ကျုံးဟဲ့သည် ပင်လယ်အောက် ဒုတိယမြောက် အမှောင် ပိရမစ် ဆီသို့ သွားရောက်သည်။ ဤပင်လယ်အောက် ပိရမစ်သည် ပထမ ပိရမစ်နှင့် ပိုနီး၏။

ယွင်ကျုံးဟဲ့ ဝင်ရောက်သွားပြီးနောက် ပြည့်ကျပ်နေသော ငါးမန်းများကို တွေ့မြင်လိုက်ရ၏။ သို့ပေမည့် ဤနေရာတွင် ထိုမျှလောက် သိမ်မွေ့ခြင်း မရှိတော့ဘဲ ရက်စက် ကြမ်းကြုတ်မှုများနှင့် သွေးထွက်သံယိုမှုများ ပြည့်နှက်နေသည်။

ဤဒုတိယမြောက် ပိရမစ် အတွင်းတွင် ငါးမန်းများသည် အလွန် သွေးဆာ ရက်စက်လာကြပြီး အချင်းချင်း ရူးသွပ်စွာ တိုက်ခိုက်ကာ၊ အချင်းချင်း ဝါးမြို စားသောက်နေကြသည်။ ပိရမစ် တစ်ခုလုံး အတွင်းတွင် နေရာတိုင်း၌ သွေးများ ပြည့်နှက်နေ၏။

ဤနေရာ၏ ဖယ်ရှားခံရမှု ရာခိုင်နှုန်းက ပို၍ပင် မြင့်မားပြီး ငါးမန်း အကောင် တစ်ရာတွင် တစ်ကောင် အသွင်ပြောင်း အောင်မြင်ရန်ပင် မလွယ်ကူပေ။

သို့ပေမည့် နောက်ဆုံးအထိ အသက်ရှင် ကျန်ရစ်သော ငါးမန်းသည် အင်အားအကြီးဆုံး ဖြစ်မည်မှာ သေချာလှပြီး ပိုင်ယင်မြို့၏ အင်အားကြီးမားသော အသွင်ပြောင်း ပင်လယ် သားရဲ စစ်တပ်၏ အဖွဲ့ဝင် ဖြစ်လာပေလိမ့်မည်။

ထို့နောက် ယွင်ကျုံးဟဲ့သည် တတိယမြောက် ပိရမစ် ဆီသို့ ထပ်မံ ရောက်ရှိသွားပြန်သည်။ ဤပင်လယ်အောက် ပိရမစ်သည် အနည်းငယ် ကွာခြားသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ပင်လယ်အောက်တွင် ရှိနေသော်လည်း တံခါး အတွင်းသို့ ဝင်ရောက်သွားပြီးနောက် ပင်လယ်ရေ မရှိသောကြောင့်ပင်။

ဤနေရာ အတွင်းရှိ မြင်ကွင်းမှာ ပို၍ပင် အံ့ဩစရာ ကောင်းသည်။ အတွင်းတွင် ဖောက်ထွင်းမြင်ရသော သေတ္တာများ ပြည့်ကျပ်နေပြီး သေတ္တာ တစ်ခုစီတိုင်းတွင် ဥဆယ်လုံးစီ ရှိကာ မျိုးစုံသော ပင်လယ်ငှက်များ၏ ဥများ ဖြစ်လောက်သည်။

ထို့အပြင် ပိရမစ် တစ်ခုလုံး၏ အပူချိန်မှာ အလွန် မြင့်မားသောကြောင့် ၎င်းတို့ကို သားပေါက်စေရန် လုံလောက်၏။

ဧရာမ ပိရမစ် အတွင်းတွင် ပင်လယ်ငှက် ဥပေါင်း သိန်းချီ ရှိပြီး ဖောက်ထွင်းမြင်ရသော သေတ္တာများ အတွင်းတွင် ငှက်ပေါက်လေးများ အဆက်မပြတ် ပေါက်လာကြသည်။

ထို့အပြင် ပေါက်လာပြီးနောက် အစားအစာ မရှိသောကြောင့် ငှက်ပေါက်လေးများသည် အရှင်လတ်လတ် ငတ်သေရမည်၊ သို့မဟုတ် တခြား ငှက်ပေါက်လေးများကို ဖမ်းစားရမှာဖြစ်၏။

ထို့ကြောင့် အချို့သော ပင်လယ်ငှက် ဥများသည် မပေါက်သေးမီမှာပင် တခြား ငှက်ပေါက်လေးများ၏ ဖောက်ခွဲ စားသောက်ခြင်းကို ခံလိုက်ရ၏။ ဤငှက်ပေါက်လေးများသည် မျက်စိပင် မပွင့်သေးမီ အချင်းချင်း သတ်ဖြတ်ရန် သင်ယူတတ်နေပြီ ဖြစ်သည်။

ထို့ကြောင့် ဤနေရာရှိ သတ်ဖြတ်မှုများသည် သွေးထွက်သံယို မဖြစ်သော်လည်း ပို၍ပင် ကြက်သီးမွေးညင်း ထစရာ ကောင်းလို့နေ၏။

ဤအသွင်ပြောင်း ဖြစ်စဉ်သည် အချိန် အကြာကြီး ယူရသောကြောင့် ပင်လယ်ငှက် ဥသိန်းချီတွင် နောက်ဆုံး၌ တစ်ထောင်ပုံ တစ်ပုံခန့်သာ အသွင်ပြောင်း အောင်မြင်နိုင်မည်ဖြစ်ပြီး ကျန်ရှိသော ၉၉.၉ ရာခိုင်နှုန်းမှာ သေဆုံးသွားမည်ဖြစ်ကာ တခြား ငှက်ပေါက်လေးများ၏ အစားအစာ ဖြစ်သွားမှာ ဖြစ်သည်။

ယွင်ကျုံးဟဲ့ လေကို ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီးနောက် ပြန်ထွက်လာခဲ့သည်။

စတုတ္ထမြောက် ပိရမစ် အတွင်းသို့ ဝင်ရောက်သွားရာ အတွင်းတွင် အသွင်ပြောင်းနေသည်မှာ ဝေလငါးကြီးများ ဖြစ်သည်။ ပဉ္စမမြောက် ပိရမစ်သို့ ရောက်သွားသည်။ ဤသည်မှာ ယခုလက်ရှိ ပိုင်ယင်မြို့ ဖွင့်လှစ်ထားသော အမြင့်ဆုံး အဆင့်ရှိ ပိရမစ် ဖြစ်၏။

ထို့ကြောင့် ဤအတွင်းရှိ အသွင်ပြောင်း ပင်လယ် သားရဲကြီးများသည်လည်း ကြောက်စရာ အကောင်းဆုံးနှင့် အင်အားအကြီးဆုံး ဖြစ်လောက်သည်။

သို့ပေမည့် ယွင်ကျုံးဟဲ့ ဝင်ရောက်သွားပြီးနောက် မှော်ကမ္ဘာတစ်ခု အတွင်းသို့ ဝင်ရောက်သွားသကဲ့သို့ ဖြစ်သွား၏။

အတွင်းတွင် ရေခူများ ပြည့်ကျပ်နေပြီး မရေမတွက်နိုင်သော ရေခူများ ဖြစ်ကာ အကြီးဆုံး ရေခူ၏ အချင်းမှာ မီတာ ဆယ်ဂဏန်းခန့် ရှိပြီး အသေးဆုံး ရေခူမှာ လက်သီးဆုပ် အရွယ်အစားခန့်သာ ရှိသည်။

ထို့အပြင် ဤရေခူများသည် အရောင်စုံလင်သော အလင်းရောင်များကို ထုတ်လွှတ်နေကြသည်။ ကြည့်ရသည်မှာ လုံးဝ အန္တရာယ် ကင်းမဲ့သည့် ပုံစံ ပေါက်နေ၏။

‘သူတို့က ဘာကို အားကိုးပြီး ပိုင်ယင်မြို့ရဲ့ အင်အားအကြီးဆုံး အသွင်ပြောင်း ပင်လယ်သားရဲ စစ်တပ် ဖြစ်လာရတာလဲ။’

ဤအထူး ဧရာမ ပိရမစ်ကြီး အတွင်းတွင် ရေခူ သိန်းချီမက ရှိနေ၏။ မကြာမီ ယွင်ကျုံးဟဲ့သည် သူတို့၏ ကြောက်စရာကောင်းမှုကို ခံစားလိုက်ရသည်။

ဤရေခူများသည် အဆိပ်ကောင်များ ဖြစ်ကြပြီး သူတို့၏ တိုက်ခိုက်မှု ပုံစံမှာ အလွန် ထူးဆန်းသည်။ ပင်လယ်ပြင်ပေါ်သို့ ရောက်ရှိသွားပြီးနောက် ခန္ဓာကိုယ်များ စတင် ဖောင်းပွလာကာ မီးပုံးပျံများကဲ့သို့ ပျံတက်သွားပြီးနောက် ရုတ်တရက် ပေါက်ကွဲထွက်သွား၏။

မရေမတွက်နိုင်သော အဆိပ်များသည် ဤသို့ဖြင့် လေထု အတွင်းရှိ နေရာတိုင်းသို့ ပြန့်နှံ့သွား၏။ အရပ်လေးမျက်နှာ သတ်ဖြတ်မှုကြီး ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံ တိုက်ခိုက်မှုလည်း ဖြစ်၏။ ပိုမို လှပသော အရာများသည် ပိုမို ကြောက်စရာ ကောင်းသည်။

သို့ပေမည့် ဤအရာများသည် ယွင်ကျုံးဟဲ့ သွားမည့် နေရာများ မဟုတ်ပေ။ သူ၏ ရည်မှန်းချက်မှာ ဤပင်လယ်အောက် ပိရမစ် အုပ်စု၏ နဝမမြောက် ပိရမစ် တစ်နည်းအားဖြင့် အလယ်ဗဟိုရှိ ပိရမစ်ပင် ဖြစ်၏။

ပြီးခဲ့သည့် အကြိမ်က သူသည် ဟေးယန်အင်ပါယာ ကျိန်စာတိုက်ခံထားရသော နယ်မြေရှိ နဝမမြောက် ပိရမစ် အတွင်း၌ နုဧကရာဇ်၏ ခေါင်းတလားကို တွေ့ရှိခဲ့သည်။

ထို့အပြင် ယွင်ကျုံးဟဲ့သည် ထိုနေရာတွင် အောင်မြင်စွာ အသွင်ပြောင်းနိုင်ခဲ့ပြီး စိတ်ပိုင်းဆိုင်ရာ ကြီးမားသော ဉာဏ်အလင်းပွင့်မှု ဖြစ်ပေါ်ကာ ဆဲလ်များ လျင်မြန်စွာ ပြန်လည် ပြုပြင်နိုင်စွမ်းနှင့် အသစ် ပြန်လည် ဖြစ်ပေါ်နိုင်စွမ်းကို ရရှိခဲ့၏။

တစ်နည်းအားဖြင့် ပြောရလျှင် မအိုမသေ ထာဝရ အသက်ရှင်ခြင်းနှင့် နီးစပ်၏။ ဤပင်လယ်အောက် ပိရမစ် အုပ်စု၏ အရွယ်အစားမှာ ကျိန်စာတိုက်ခံထားရသော နယ်မြေထက် ပိုမို ကြီးမားသည်။

ထိုသို့ဆိုလျှင် ဤနဝမမြောက် ပိရမစ်က ကျိန်စာတိုက်ခံထားရတဲ့ နယ်မြေရှိ နဝမမြောက် ပိရမစ် ထက် ပိုပြီး အံ့ဩစရာ ကောင်းနေမည် မဟုတ်ပါလား။

အပိုင်း (၈၇၂)

ယွင်ကျုံးဟဲ့ အဆက်မပြတ် ဝင်ရောက်သွားသည်၊ ဝင်ရောက်သွားသည်။ နောက်ဆုံးတွင် ဤတားမြစ် နယ်မြေ၏ အဓိက ဗဟိုချက်၊ တစ်နည်းအားဖြင့် နဝမမြောက် ပိရမစ်၏ရှေ့သို့ ရောက်ရှိလာ၏။

တကယ်ကို အလွန် ကြီးမားလွန်းလှပြီး ကျိန်စာတိုက်ခံထားရတဲ့ နယ်မြေက နဝမမြောက် ပိရမစ်ထက် အများကြီး၊ အများကြီး ပိုကြီးကာ အမြင့် မီတာ သုံးရာခန့် ရှိ၏။ တကယ့်ကို တောင်ကြီး တစ်တောင်လိုပင် ဖြစ်သည်။

ယွင်ကျုံးဟဲ့၏ ခန္ဓာကိုယ်သည် ဤပိရမစ် ရှေ့တွင် မျောပါနေရင်း အလွန် သေးငယ်လွန်းသည်ဟု ထင်ရ၏။

ယခင်က ကျိန်စာသင့်ထားသော နယ်မြေရှိ နဝမမြောက် ပိရမစ်အတွင်းသို့ မည်သူမဆို ဝင်ရောက် သွားသည်နှင့် လမ်းလျှောက်နေသော အလောင်းကောင်အဖြစ်သို့ ပြောင်းလဲသွားကာ ထိုနေရာ၌ ချက်ချင်း သေဆုံးသွားကြ၏။

ယွင်ကျုံးဟဲ့လည်း ထိုနဝမမြောက် ပိရမစ် အတွင်းရှိ ကြောက်စရာကောင်းမှုများကို အပြည့်အဝ ခံစားခဲ့ရ၏။ အတားအဆီး တစ်ခုပြီး တစ်ခု ထူးဆန်းပြီး ကြောက်စရာ ကောင်းလှသည်။

ယွင်ကျုံးဟဲ့တွင်သာ စိတ်ရောဂါသည် နှစ်ဆယ်ကျော်၏ အကူအညီ မရှိခဲ့ပါက သူလည်း ချက်ချင်း သေဆုံးသွားပေလိမ့်မည်။ ထိုအတားအဆီးများသည် သာမန် လူသားများ ဖြတ်ကျော်နိုင်သော အရာများ လုံးဝ မဟုတ်ပေ။

ထို့အပြင် ယွင်ကျုံးဟဲ့ ဝင်ရောက်သွားပြီးနောက် ဦးနှောက် တစ်ခုလုံး ချက်ချင်း ဗလာဖြစ်သွားကာ အသိဉာဏ် လုံးဝ ပျောက်ဆုံးသွားပြီး မှတ်ဉာဏ်များလည်း အခြေခံအားဖြင့် မရှိတော့ချေ။

ဟေးယန်အင်ပါယာဘက်မှ ပိရမစ် အုပ်စုတွင် အနည်းဆုံးတော့ အနက်ရောင် နဂါးဘုရင်သည် သတ္တမမြောက် ပိရမစ်အထိ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့သည်။

ဤပင်လယ်အောက် ပိရမစ် အုပ်စုတွင်မူ အမြင့်ဆုံးအနေဖြင့် ပဉ္စမမြောက် ပိရမစ် အထိသာ ဝင်ရောက်နိုင်ခဲ့သည်။ ထို့ကြောင့် ဤပင်လယ်အောက် ပိရမစ်သည် ပိုမို အန္တရာယ်များပြီး ပိုမို ကြောက်စရာ ကောင်းလောက်၏။

လေကို ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး ယွင်ကျုံးဟဲ့သည် နဝမမြောက် ပိရမစ်၏ တံခါးဆီသို့ ဖြည်းညင်းစွာ ကူးခတ်သွားသည်။

မည်ကဲ့သို့ ရလဒ်မျိုး ဖြစ်လာမည်နည်း။ ဦးနှောက် တစ်ခုလုံး တိုက်ရိုက် ပေါက်ကွဲထွက်သွားမည်လား။ တိုက်ရိုက် အရူး ဖြစ်သွားမည်လား။ သို့မဟုတ် ခန္ဓာကိုယ် တစ်ခုလုံး ပေါက်ကွဲထွက်သွားမည်လား။

ထိုသို့ဖြင့် ယွင်ကျုံးဟဲ့သည် နဝမမြောက် ပိရမစ်၏ တံခါး အတွင်းသို့ ဝင်ရောက်သွားသည်။ သို့သော်ငြား မည်သည့်အရာမှ ဖြစ်ပျက်မလာခဲ့ချေ။

မည်သည့်အတားအဆီးမှ မရှိ၊ မည်သည့်သေမင်း၏ သတ်ဖြတ်မှုမျိုးမှ မရှိသကဲ့သို့ မည်သည့်တုံ့ပြန်မှုမှလည်း ရှိမနေခဲ့ပေ။

ယခင်က ကျိန်စာသင့်နယ်မြေ၏ နဝမမြောက် ပိရမစ်အတွင်း၌ပင် အနည်းဆုံး အတားအဆီးအချို့ ရှိနေသေးသည်။

ထိုစဉ်က မရေမတွက်နိုင်သော သတင်းအချက်အလက်များ ဦးနှောက်အတွင်းသို့ စီးဝင်လာကာ လမ်းလျှောက် နေသော အလောင်းကောင်အဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားခဲ့ခြင်း ဖြစ်၏။

ထို့အပြင် ဟင်းလင်းပြင်မျက်နှာပြင်များ ပြိုကျခြင်းကဲ့သို့သော စိတ်ကူး၍ပင် မရနိုင်သည့် ခက်ခဲလှသော အတားအဆီးများလည်း ရှိနေသေးသည်။

သို့ရာတွင် အဆင့်ပိုမိုမြင့်မားနိုင်သော ဤနဝမမြောက် ပိရမစ်အတွင်း၌မူ မည်သည့်အရာမှ ရှိမနေချေ။ ဗလာကျင်း၍ ဟာလာဟင်းလင်းသာ ဖြစ်နေ၏။

ယွင်ကျုံးဟဲ့သည် ဤသို့ဖြင့် အလွယ်တကူ ဝင်ရောက်လာခဲ့ပြီး လျှို့ဝှက် လမ်းကြောင်းအတိုင်း တောက်လျှောက် ဝင်ရောက်သွားသည်။

ဤပိရမစ်သည် အလွန် ကြီးမားပြီး အတွင်းရှိ လမ်းကြောင်းများသည် တစ်ခါတစ်ရံ အပေါ်တက်၊ တစ်ခါတစ်ရံ အောက်ဆင်းကာ အကြိမ်ကြိမ် လှည့်ပတ်သွားလာရ၏။

သို့သော်လည်း အတွင်းပိုင်း၌ အမှန်တကယ်ပင် မည်သည့်အရာမှ ရှိမနေသလို သက်ရှိဟူ၍လည်း တစ်ခုမျှပင် မရှိချေ။

ဤအချက်မှာ အလွန်တရာ ထူးဆန်းလွန်းလှရာ မဖြစ်သင့်၊ မဖြစ်နိုင်သော အရာမျိုးပင် ဖြစ်သည်။ ထိုသို့ဆိုလျှင် မည်သူမဆို မည်သည့်အတားအဆီးမှ မရှိဘဲ လွတ်လပ်စွာ ဝင်ရောက်နိုင်နေပြီ မဟုတ်ပါလား။

ဤနေရာသည် အဆင့်အတန်း အလွန်မြင့်မားပြီး အန္တရာယ် အလွန်ကြီးမားလှသော နဝမမြောက် ပိရမစ် ဖြစ်သင့်ရုံမျှမက ပင်လယ်အောက် ကျိန်စာသင့်နယ်မြေ၏ အဓိက ဗဟိုချက်လည်း ဖြစ်သင့်သည်။ အဘယ်ကြောင့် မည်သည့်အတားအဆီးမှ ရှိမနေရသနည်း။ ချုပ်ငြိမ်းသေဆုံးသွားသော နယ်မြေ တစ်ခုကဲ့သို့ပင် ဖြစ်နေသည်။

ထိုသို့ဖြင့် ယွင်ကျုံးဟဲ့သည် ဤနဝမမြောက် ပိရမစ် ၏ အဓိက သင်္ချိုင်းဂူ အတွင်းသို့ ရောက်ရှိလာ၏။

ဤပိရမစ်၏ တည်ဆောက်ပုံသည် ဟေးယန်အင်ပါယာ ကျိန်စာတိုက်ခံထားရသော နယ်မြေရှိ နဝမမြောက် ပိရမစ်နှင့် ဆင်တူသော်လည်း ပိုမို ကြီးမားသည်။

ထို့အပြင် သင်္ချိုင်းဂူ အတွင်းတွင် စာလုံးများ ရေးသားထားခြင်း မရှိပေ။ ဟိုဘက်က သင်္ချိုင်းဂူ အတွင်းတွင်တော့ နေရာတိုင်း၌ နုဧကရာဇ် ချန်ထားခဲ့သော စာလုံးများ ရှိ၏။

ဤသင်္ချိုင်းဂူ အလယ်တွင်လည်း ခေါင်းတလား တစ်ခု ရှိ၏။ ထို့အပြင် ဤခေါင်းတလားပေါ်တွင် စာလုံး အချို့ ရှိနေပုံ ရသည်။

ယွင်ကျုံးဟဲ့ ရှေ့တိုးသွားပြီး ဖတ်ကြည့်ရာ ထိုအရာမှာ နုဧကရာဇ်၏ အနက်ရောင် ကျမ်းစာမှ မူလ စာလုံးများ ဖြစ်ပြီး ပြုပြင်ပြောင်းလဲထားခြင်း မဟုတ်ပေ။

‘ဒါဆို ဒီစာလုံးတွေကို နုဧကရာဇ်က ထွင်းထုသွားခဲ့တာလား။ မဟုတ်ဘူး၊ မဟုတ်လောက်ဘူး။ ဒီစာလုံးတွေက နုဧကရာဇ်ရဲ့ သမိုင်းကြောင်းထက် ပိုရှေးကျလောက်ပြီး နုဧကရာဇ်က ဒီစာလုံးတွေကို သင်ယူပြီး အသုံးပြုသွားတာပဲ ဖြစ်လောက်တယ်။’

ဤခေါင်းတလားပေါ်ရှိ စာလုံးများသည်လည်း ရင်းနှီးသော စာလုံး လေးလုံး ဖြစ်သည်။ သေမင်း ထာဝရ ရှင်သန်ခြင်း။

သေချာပေါက် ဤခေါင်းတလား၏ သမိုင်းကြောင်းသည် ကျိန်စာတိုက်ခံထားရသော နယ်မြေရှိ ခေါင်းတလားထက် ပိုမို ရှေးကျလောက်မည်။ နုဧကရာဇ် ထက် ပိုမို ရှေးကျလောက်သည် မဟုတ်ပါလား။

ထိုသို့ဆိုလျှင် ဤခေါင်းတလားအတွင်း၌ ယခင်က မည်သူ လဲလျောင်းအိပ်စက်ခဲ့ဖူးသနည်း။ ယခင် ကျိန်စာသင့်နယ်မြေရှိ ပိရမစ်အတွင်း၌ ယွင်ကျုံးဟဲ့သည် မအိုမသေ ထာဝရအသက်ရှင်ခြင်းကဲ့သို့သော အသွင်ပြောင်းလဲမှုကို ရရှိခဲ့ဖူးသည်။

ထိုသို့ဖြစ်ရာ ဤနဝမမြောက် ပိရမစ်ကြီးကကော ယွင်ကျုံးဟဲ့အတွက် မည်ကဲ့သို့သော အရာများကို ထပ်မံ ပေးစွမ်းနိုင်ပါဦးမည်နည်း။

ယွင်ကျုံးဟဲ့ မျက်စိမှိတ်ကာ စဉ်းစားခန်း ဝင်နေသည်။

‘ဘာလို့ ပိရမစ် ဖောက်တဲ့ ခရီးစဉ်တွေ ဖြစ်ကုန်တာလဲ။ အရင်က ဟေးယန်အင်ပါယာကို သိမ်းပိုက်ဖို့ လုပ်တုန်းကလည်း ကျိန်စာတိုက်ခံထားရတဲ့ နယ်မြေက ပိရမစ်ဆီ သွားခဲ့ရတယ်။ အခု ပိုင်ယင်မြို့ကို သိမ်းပိုက်ဖို့ လုပ်တော့လည်း ဒီပင်လယ်အောက်က ပိရမစ်ဆီ ရောက်လာရပြန်တယ်။ ဒီခေါင်းတလား တွေထဲမှာ ကျုပ်ကို ဘာအရာတွေက စောင့်ကြိုနေတာလဲ။

သေချာပေါက် သဲကန္တာရ အောက်က အဲဒီ မိစ္ဆာမြို့တော်ကမှ ဒီလောကရဲ့ အဆင့်အမြင့်ဆုံး အမှောင် ပိရမစ် ဖြစ်မယ်။ ပြီးတော့ တကယ့် နုဧကရာဇ်ရဲ့ သင်္ချိုင်းဂူ တည်နေရာကလည်း အဲဒီနေရာကို ပြသနေတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ အဲဒါက နုဧကရာဇ်ရဲ့ သင်္ချိုင်းဂူ မဟုတ်ဘဲ နုဧကရာဇ်က မိစ္ဆာမြို့တော်ရဲ့ ပိရမစ်ကို ရှာတွေ့ပြီး အထဲ ဝင်လှဲအိပ်သွားခဲ့တာ။

ဒါဆို နုဧကရာဇ်က မိစ္ဆာမြို့တော်ရဲ့ အဆင့်အမြင့်ဆုံး ပိရမစ်ရဲ့ သင်္ချိုင်းဂူထဲမှာ ရှိနေသေးတာလား။ အဲဒီလို ဆိုရင်တော့ နုဧကရာဇ်က နှစ်ပေါင်း တစ်ထောင်ကျော် အိပ်နေခဲ့ပြီပေါ့။ တာယင် ဧကရာဇ် ပျောက်ကွယ်သွားတာ သုံးနှစ် ရှိပြီ ဆိုတာကကော ဒီနုဧကရာဇ်နဲ့ ပတ်သက်မှု ရှိနေမလား။’

လတ်တလောတွင် ထိုအတွေးပွားစရာ အဖုံဖုံတို့ကို ဘေးဖယ်ထားကာ ယွင်ကျုံးဟဲ့သည် ခေါင်းတလား အတွင်း ဝင်ရောက်လဲလျောင်းမည့် ခရီးစဉ်ကို စတင်ရတော့မှာ ဖြစ်၏။

အနည်းငယ် အားစိုက်ပြီး သင်္ချိုင်းဂူအတွင်းရှိ ခေါင်းတလား၏ အဖုံးကို တွန်းဖွင့်လိုက်သည်။

ပြီးခဲ့သည့် အကြိမ်က ကျိန်စာတိုက်ခံထားရသော နယ်မြေရှိ နဝမမြောက် ပိရမစ်တွင် ထိုခေါင်းတလားကို တွန်းဖွင့်လိုက်သည်နှင့် ပြဿနာ အကြီးကြီး တက်သွားခဲ့၏။

အဆုံးအစ မရှိသော ရေဒီယိုသတ္တိကြွ စွမ်းအင်များ တိုက်ရိုက် ပေါက်ကွဲထွက်လာပြီး ယွင်ကျုံးဟဲ့ကို တစ်ခဏချင်း အတွင်းမှာပဲ ဝါးမျိုသွားကာ သူ တစ်ကိုယ်လုံး အသိစိတ် လွတ်သွားပြီး ခေါင်းတလား အတွင်းသို့ ပြုတ်ကျသွားခဲ့သည်။

သို့ရာတွင် ယခုအခါ၌မူ မည်သည့်တုံ့ပြန်မှုမှ မရှိသလို မည်သည့် ရေဒီယိုသတ္တိကြွ စွမ်းအင်မှလည်း ထွက်ပေါ်လာခြင်း မရှိချေ။

သို့သော်လည်း ဤခေါင်းတလားအတွင်း၌ လူ့အရိုးစုတစ်ခု ရှိနေသည်။ အလွန် စုံလင်ပြည့်စုံသော လူ့အရိုးစုတစ်ခုပင် ဖြစ်သည်။ ဤအရာက မည်သည့်အဓိပ္ပာယ်ကို ဖော်ဆောင်နေသနည်း။

ဤပိရမစ်၏ အဆင့်အတန်းက ပိုမိုမြင့်မားလှသောကြောင့် ဤအထဲ၌ လဲလျောင်းနေသောသူသည်လည်း ပို၍ပင် ထူးကဲအစွမ်းထက်သင့်သည်။ အနည်းဆုံးမူ ထိုစဉ်က နုဧကရာဇ်ထက်ပင် သာလွန်ထူးခြားသင့်သည် မဟုတ်ပါလား။

နုဧကရာဇ်သည် ထိုခေါင်းတလားအတွင်းမှ ထွက်လာပြီးနောက်တွင် မအိုမသေ ထာဝရအသက်ရှင်ခြင်းကို ရရှိသွားကာ လောက၌ ပြိုင်ဘက်ကင်း ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

သို့သော်ငြား ဤလူသားကမူ ခေါင်းတလားအတွင်း၌ပင် တိုက်ရိုက် သေဆုံးသွားခဲ့ရလေသည်။ သူသည် အမှန်တကယ်တွင် မည်သူဖြစ်သနည်း။ သူသည် အလွန်တရာ စွမ်းအားကြီးမားထူးကဲရမည့်သူ ဖြစ်ပါလျက် နှင့် အဘယ်ကြောင့် ဤကဲ့သို့ သေဆုံးသွားရသနည်း။

ထို့နောက် ယွင်ကျုံးဟဲ့သည် အနည်းငယ် ထိတ်လန့်စရာကောင်းသော ကိစ္စတစ်ခုကို တွေ့ရှိလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဤလူအရိုးစုသည် သူ၏ ခန္ဓာကိုယ် ပုံစံနှင့် အလွန် ဆင်တူနေသောကြောင့်ပင်။

အရပ်အမောင်း ဆင်တူသည်၊ လက်နှစ်ဖက်နှင့် ခြေနှစ်ဖက်၏ အရှည်လည်း ဆင်တူသည်။ အရိုး သိပ်သည်းဆလည်း ဆင်တူသည်။

‘ဒီလောက်တောင် ကြောက်စရာ ကောင်းနေဖို့ လိုလို့လား။’

ယွင်ကျုံးဟဲ့ တစ်ကိုယ်လုံး အေးစက်သွားပြီး လက်ဆန့်ထုတ်ကာ ဤလူအရိုးစုကို မထိတွေ့ဘဲ မနေနိုင်အောင် ဖြစ်သွား၏။

သို့ပေမည့် ထိုအချိန်မှာပဲ...

“ဘုန်း... ဘုန်း... ဘုန်း...”

ကောင်းကင်နှင့် မြေကြီး ပြောင်းပြန်လန်မတတ် ဖြစ်သွားပြီး ပိရမစ် တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားကာ သင်္ချိုင်းဂူ၏ မြေပြင်တွင် ဧရာမ အက်ကွဲကြောင်းကြီး တစ်ခု ဖြစ်ပေါ်လာ၏။ ထို့နောက် အထူး ဧရာမ သားရဲကြီး တစ်ကောင် ရုတ်တရက် တိုးထွက်လာသည်။

‘ချီးတဲ့မှ... ဒီလောက် ကြီးတာလား။’

ယွင်ကျုံးဟဲ့ လုံးဝ အံ့ဩမှင်တက်သွားသည်။ အချင်း နှစ်မီတာ၊ အရှည် မီတာ တစ်ရာ့ငါးဆယ်ကျော် ရှိသော အထူး ဧရာမ သားရဲကြီး ဖြစ်၏။

သေချာပေါက် တကယ်တမ်းတွင် အသွင်ပြောင်း ဝေလငါးများ၏ အရွယ်အစားမှာလည်း အလွန် အံ့မခန်း ဖြစ်၏။ သို့ပေမည့် သူသည် သိမြင်နားလည်နိုင်သော အတိုင်းအတာ အတွင်းတွင်သာရှိပြီး ဝေလငါးများ၏ ခန္ဓာကိုယ် အရွယ်အစားမှာ အံ့မခန်း ဖြစ်ကြောင်း လူတိုင်း အလိုအလျောက် သိရှိကြသည်။

‘ဒါက... ဒါက ပင်လယ်မြွေလား။ ကမ္ဘာပေါ်မှာ မှတ်တမ်းတင်ထားတဲ့ အကြီးဆုံး မြွေက အရှည် ဆယ့်ငါးမီတာ၊ အလေးချိန် ကီလိုဂရမ် လေးရာ ဝန်းကျင်လောက်ပဲ ရှိတာလေ။ ဒါပေမဲ့ မျက်စိရှေ့က ပင်လယ်မြွေက မီတာ တစ်ရာ့ငါးဆယ်ကျော်တောင် ရှိနေပြီမလား။ ဆန့်ထုတ်လိုက်ရင် အထပ်ငါးဆယ်လောက် ရှိတဲ့ အဆောက်အအုံလောက် မြင့်နေပြီ။ ဒါ ဘာအကောင်လဲ။ ဒီလို ပုံစံမျိုးထိ အသွင်ပြောင်းသွားနိုင်တာလား။’

ထို့အပြင် ၎င်း၏ ကိုယ်ပေါ်မှနေ၍ ယွင်ကျုံးဟဲ့သည် အလွန် ရင်းနှီးသော အငွေ့အသက်ကို ခံစားလိုက်ရသည်။ ၎င်းသည် ထိုပင်လယ်အောက် အထူး အရှင်သခင်ကြီးပင် ဖြစ်၏။

ထိုနေ့က ၎င်းသည် ဤပင်လယ်ပြင်ကို ဖြတ်သန်းသွားသည့်အချိန်တွင် မရေမတွက်နိုင်သော အသွင်ပြောင်း ပင်လယ်သားရဲကြီးများ၏ စစ်တပ်သည် အသည်းခိုက်မတတ် ထိတ်လန့်တုန်လှုပ်လျက် လုံးဝ ဝပ်တွား သွားခဲ့ကြသည်။

၎င်းသည် ပိုင်ယင်မြို့၏ ရေတပ်အားလုံးကိုလည်း ရပ်တန့်သွားစေကာ လုံးဝ အသက်ပင် မရှူဝံ့လောက်အောင် ပြုလုပ်နိုင်ခဲ့သူပင် ဖြစ်သည်။ ၎င်းသည် နုဧကရာဇ် မကောင်းဆိုးဝါးနဂါးဟု ခေါ်ဆိုသော အရာပင် ဖြစ်၏။

သို့ပေမည့် ဤအရာသည် နုဧကရာဇ်နှင့် မသက်ဆိုင်လောက်ပေ။ ၎င်းသည် ဤပင်လယ်အောက် ပိရမစ်၏ အမြင့်ဆုံး အစောင့်အရှောက် ဖြစ်သည်။

အရင်က နဝမမြောက် ပိရမစ် အတွင်း၌သာ အမြဲတမ်း ရှိနေခဲ့လောက်ပြီး ဤပိရမစ် အုပ်စုကို ရှာဖွေ တွေ့ရှိပြီးနောက် ၎င်းသည်လည်း နိုးထလာကာ ပင်လယ်ပြင်တွင် ထွက်ပေါ်လာပြီး အကြွင်းမဲ့ အရှင်သခင် ဖြစ်လာကာ ပိုင်ယင်မြို့၏ အစောင့်အရှောက် နတ်ဘုရား၊ ပိုင်ယင်မြို့ ရေတပ်၏ ယုံကြည်ကိုးကွယ်ရာ ဖြစ်လာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ယွင်ကျုံးဟဲ့သည် ၎င်း၏ ဧရာမ ခန္ဓာကိုယ်ကြီး ရှေ့တွင် တကယ်ကို ပိုးကောင်လေး တစ်ကောင်လို သေးငယ်သွားသည်။ ၎င်းက တကယ်ပဲ နဂါး တစ်ကောင်လား။

ယွင်ကျုံးဟဲ့ သေချာ ကြည့်ရှုလိုက်ရာ မဟုတ်ကြောင်း တွေ့လိုက်ရသည်။ ကြည့်ရသည်မှာ ကြောက်စရာကောင်းပြီး ရက်စက် ကြမ်းကြုတ်ကာ မကောင်းဆိုးဝါး ဆန်ပြီး လျှို့ဝှက်ဆန်းကြယ်ကာ အလွန် ကြီးမားသော်လည်း ဒဏ္ဍာရီထဲက နဂါးတွေရဲ့ လက္ခဏာတွေ လုံးဝ မရှိချေ။

ပထမဆုံး အနေဖြင့် ၎င်းတွင် ခြေသည်း မရှိပေ။ ချိုရှိသော်လည်း နဂါးချို မဟုတ်ပေ။ သို့ပေမည့် ယွင်ကျုံးဟဲ့ လည်း ၎င်းမှာ ဘာသတ္တဝါလဲ ဆိုသည်ကို နားမလည်တော့ဘဲ လုံးဝ အသွင်ပြောင်းသွားပြီ ဖြစ်သည်။

‘ပင်လယ်မြွေ နဲ့လည်း တူသလို လျှပ်စစ် ငါးရှဉ့် နဲ့လည်း တူတယ်။ ဒါပေမဲ့ လျှပ်စစ် ငါးရှဉ့် အများစုက ရေချို သတ္တဝါတွေလေ။’

သို့ပေမည့် ပင်လယ်မြွေဟု ခေါ်သည်ဖြစ်စေ၊ လျှပ်စစ် ငါးရှဉ့်ဟု ခေါ်သည်ဖြစ်စေ သိပ်မခန့်ညားသောကြောင့် အသွင်ပြောင်း မကောင်းဆိုးဝါး နဂါးဟု ခေါ်ဆိုမှသာ ခန့်ညားထည်ဝါမှာဖြစ်၏။

၎င်းသည် ယွင်ကျုံးဟဲ့ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေပြီး အကြည့်များတွင် သတိပေးမှုများ ပြည့်နှက် နေ၏။ ယွင်ကျုံးဟဲ့ကို ဤနေရာမှ ချက်ချင်း ထွက်သွားရန်၊ ဤလူအရိုးစုကို မထိတွေ့ရန် ပြောနေသကဲ့သို့ပင်။

ယွင်ကျုံးဟဲ့ အံ့ဩသွားသည်။ ‘ဒီလူအရိုးစုက သူ ကာကွယ်နေတဲ့ သခင်များလား။ မဖြစ်နိုင်ပါဘူး။ ဒီလူအရိုးစုရဲ့ သမိုင်းကြောင်းက အရမ်း၊ အရမ်းကို ကြာမြင့်နေလောက်ပြီလေ။ ဒီအထူး ပင်လယ်မြွေကြီးက လိပ်မှ မဟုတ်တာ၊ အသက် တစ်ထောင် နေနိုင်မလား။ ဒါပေမဲ့ ဒီလောက် အကြာကြီး အသက်မရှင်ခဲ့ဘူး ဆိုရင်လည်း သူ ဒီလောက် ကြီးလာမှာ မဟုတ်ဘူးလေ။’

ယခုအခါတွင် ယွင်ကျုံးဟဲ့သာ ထွက်ခွာသွားမည်ဆိုပါက ၎င်းအနေဖြင့် တိုက်ခိုက်လိမ့်မည် မဟုတ်ပေ။

All Chapters