← Chapters

အခန်း (၈၇၃-၈၇၄)

Vol. 74 Ch. 873-874

အခန်း (၈၇၃-၈၇၄)

Vol. 74 Ch. 873-874

အပိုင်း (၈၇၃)

ယွင်ကျုံးဟဲ့သည် နံပါတ် ၂၅ စိတ်ရောဂါသည် ပင်လယ်သားတော်၏ စွမ်းရည်ကို အသုံးပြုရန် ကြိုးစားလိုက်ပြီး အင်အားကြီးမားသော စိတ်စွမ်းအားများကို ထုတ်လွှတ်ကာ မျက်မှောက်ရှိ ဤပင်လယ် အရှင်သခင်ကြီးနှင့် ဆက်သွယ်ရန် ကြိုးစားသည်။

သို့သော်လည်း တစ်ဖက်လူထံမှ မည်သည့်တုံ့ပြန်မှုမှ ရှိမနေခဲ့ပေ။ အလွန် မာနကြီး၍ အေးစက်လွန်း၏။

၎င်းသည် နားမလည်ခြင်းမျိုး မဟုတ်ဘဲ ယွင်ကျုံးဟဲ့နှင့် ဆက်သွယ်လိုခြင်း မရှိခြင်းသာ ဖြစ်ပြီး၊ ယွင်ကျုံးဟဲ့မှာ မိမိနှင့် ဆက်သွယ်ရန် ထိုက်တန်မှုမရှိဟု ယူဆနေခြင်း ဖြစ်သည်။

သို့ရာတွင် ၎င်းသည် ယွင်ကျုံးဟဲ့အပေါ် ရန်လိုမှု မရှိသည့်အတွက်ကြောင့် ၎င်းအား တိုက်ခိုက်ခြင်းလည်း မပြုခဲ့ချေ။

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဒီလူအရိုးစုက မင်းရဲ့ အရင်က သခင်လား။”

ဤပင်လယ် အရှင်သခင်ကြီးသည် ဘာတုံ့ပြန်မှုမျှ မရှိပေ။

ယွင်ကျုံးဟဲ့က ထပ်မေးသည်။ “အကယ်၍ ကျုပ်က သူ့ကို ထိလိုက်ရင် မင်း ကျုပ်ကို တိုက်ခိုက်မှာလား။”

ဤအထူး ပင်လယ်မြွေကြီးသည် ဘာတုံ့ပြန်မှုမှ မရှိသေးသော်လည်း သူ၏ အကြည့်များက သေချာပေါက် တိုက်ခိုက်မည်ဟု ယွင်ကျုံးဟဲ့ကို ပြတ်သားစွာ ပြောပြနေ၏။

သူက လူအရိုးစုကို ထိလိုက်သည်နှင့် ပင်လယ် အရှင်သခင်ကြီးက ယွင်ကျုံးဟဲ့ကို တွန့်ဆုတ်မနေဘဲ သတ်ပစ်မှာ သေချာသည်။

ယွင်ကျုံးဟဲ့ မျက်စိမှိတ်လိုက်ပြီး အလေးအနက် စဉ်းစားကာ ချိန်ဆကြည့်သည်။ ထို့နောက် သူ၏ လက်သည် ထိုလူအရိုးစု၏ နဖူးဆီသို့ ဖြည်းညင်းစွာ ဆန့်တန်းသွား၏။

ချက်ချင်းပဲ ဤအထူး ပင်လယ်မြွေကြီး၏ အကြည့်များက ရက်စက် ကြမ်းကြုတ်လာပြီး စိတ်ပိုင်းဆိုင်ရာ ဖိအားသည် လုံးဝ ဖော်ပြ၍ မရနိုင်လောက်အောင်ဖြစ်ကာ တစ်ချက် ကြည့်လိုက်ရုံဖြင့် ဝိညာဉ် လွင့်စင်သွားမတတ်၊ အသည်းနှလုံးများ ကွဲထွက်သွားမတတ် ဖြစ်စေသည်။

သို့ပေမည့် ယွင်ကျုံးဟဲ့ နောက်မဆုတ်ဘဲ သူ၏ လက်သည် လူအရိုးစုဆီသို့ တစ်လက်မချင်းစီ ဆက်လက် ဆန့်တန်းသွားဆဲ ဖြစ်၏။

အထူး ပင်လယ်မြွေကြီးသည် သွေးဆာနေသော ပါးစပ်ကြီးကို ဖြည်းညင်းစွာ ဟလိုက်၏။ တစ်ကိုယ်လုံး ရုတ်တရက် ကွေးသွားပြီးနောက် သူ၏ တစ်ကိုယ်လုံး လင်းထိန်လာကာ အပြာရောင် အလင်းရောင်များ ပေါက်ကွဲထွက်လာကြောင်း ယွင်ကျုံးဟဲ့ တွေ့လိုက်ရသည်။

‘အရမ်း ထူးဆန်းလွန်းတယ်။ ဒီပင်လယ်မြွေနဲ့လည်း တူ၊ လျှပ်စစ် ငါးရှဉ့်နဲ့လည်း တူတဲ့ ဧရာမ သားရဲကြီးက တကယ်ပဲ လျှပ်စစ် ထုတ်လွှတ်နိုင်တာပဲ။’

နှစ်မီတာကျော် ရှည်လျားသော လျှပ်စစ်ငါးရှဉ့်တစ်ကောင်သည်ပင် ဗို့အားတစ်ထောင်နီးပါးရှိသော လျှပ်စစ် ဓာတ်အားကို ထုတ်လွှတ်နိုင်စွမ်း ရှိသည်။ ဤထူးခြားဆန်းပြားသော မိစ္ဆာကောင်ကြီး၏ အရွယ်အစားမှာမူ သာမန်လျှပ်စစ်ငါးရှဉ့်ထက် အဆပေါင်းသောင်းချီ၍ ကြီးမားလျက် ရှိနေ၏။

ထိုသို့ဖြစ်ရာ ၎င်းသည် မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးကြောင်းကို ထုတ်လွှတ် နိုင်မည်နည်း။ လုံးဝ စိတ်ကူး၍ပင် ရနိုင်မည် မဟုတ်ချေ။

ထို့အပြင် ဤအရာမှာ သက်တမ်းတစ်ထောင်တိုင် ရှင်သန်လာခဲ့သော အထူးအသွင်ပြောင်း ဧရာမ သားရဲကြီးတစ်ကောင်လည်း ဖြစ်သည်။

ထို့ကြောင့် ယွင်ကျုံးဟဲ့ကို ချက်ချင်းပဲ ပြာအတိဖြစ်သွားအောင် လျှပ်စစ်ဓာတ်လွှတ်၍ သတ်ဖြတ်ပစ်နိုင် လောက်သည် မဟုတ်ပါလား။

သို့ပေမည့် ယွင်ကျုံးဟဲ့သည် ခေါင်းထဲတွင် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် တွက်ချက်ပြီးနောက် သူ၏ လက်ကို ဤလူအရိုးစု၏ နဖူးဆီသို့ ပြတ်သားစွာ ဆန့်တန်းသွားဆဲ ဖြစ်သည်။

ထို့နောက် ဤပင်လယ်ပြင် အထူး အရှင်သခင်ကြီးသည် ချက်ချင်း စွမ်းအား ပြသလာသည်။

“ဖြန်း... ဖြန်း... ဖြန်း...”

အလွန် အံ့ဩစရာကောင်းသော လျှပ်စီးကြောင်းသည် ရုတ်တရက် အရှိန်အဟုန်ဖြင့် ပစ်ထွက်လာ၏။

ပုံမှန်အားဖြင့် ဆိုလျှင် လျှပ်စီးကြောင်း အလင်းရောင်များ မပေါ်ထွက်လာသင့်ပေ။ သို့ပေမည့် မိုင်ရာပေါင်းများစွာ ကျယ်ဝန်းသော ပင်လယ်ရေသည် တောက်ပသော အလင်းရောင်များ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး တကယ့်ကို အထူး လျှပ်စီးကြီး တစ်ခုက ပင်လယ်အောက်တွင် တိုက်ရိုက် ပေါက်ကွဲထွက်လာသကဲ့သို့ပင် ဖြစ်သည်။

ဤအလွန် အင်အားကြီးမားသော လျှပ်စီးကြောင်းသည် ယွင်ကျုံးဟဲ့ တစ်ကိုယ်လုံးကို ပြင်းထန်စွာ ရိုက်ခတ်သွား၏။

တစ်ခဏချင်း အတွင်းမှာပင် ယွင်ကျုံးဟဲ့ တကယ်ကို ဝိညာဉ် လွင့်စင်သွား၏။ မျက်စိရှေ့တွင် အမှောင်ကျသွားပြီး ဘာမှ မသိတော့ဘဲ တကယ့်ကို ပြာဖြစ်သွားတဲ့ ခံစားချက်မျိုး ခံစားလိုက်ရသည်။

အနည်းဆုံးတော့ စိတ်ပိုင်းဆိုင်ရာ အသိဉာဏ်က တိုက်ရိုက် ပြာဖြစ်သွားခြင်းမျိုးပင်။ သို့ပေမည့် ဤအထူး ပင်လယ် သားရဲကြီးသည် သူ၏ စွမ်းရည် အနည်းငယ်မျှကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။

အချိန်မည်မျှ ကြာသွားသည်ကို မသိပေ။ ယွင်ကျုံးဟဲ့ နိုးလာ၏။

‘သူက ပြန်နိုးလာနိုင်သေးတယ်လား။’

အခြား သူများသာ ဆိုပါက သိုင်းပညာ မည်မျှပင် မြင့်မားပါစေ လုံးဝ သေဆုံးသွားပြီ ဖြစ်၏။ သို့ပေမည့် သူက အသက်ရှင်လာခဲ့သည်။

ဤသည်မှာ ပြီးခဲ့သည့် အကြိမ် အသွင်ပြောင်းပြီးနောက် ဆဲလ်များ လျင်မြန်စွာ ပြန်လည် ပြုပြင်နိုင်စွမ်းနှင့် အသစ် ပြန်လည် ဖြစ်ပေါ်နိုင်စွမ်း ရလဒ် ဖြစ်မည်လား။

ပြန်လည် ရှင်သန်လာသော ယွင်ကျုံးဟဲ့ကို ရင်ဆိုင်ရာတွင် ပင်လယ် အရှင်သခင်ကြီးသည်လည်း အလွန် အံ့ဩသွားပြီး ယွင်ကျုံးဟဲ့ကို မယုံကြည်နိုင်စွာ ကြည့်နေသည်။

သူ အလွန် ရှင်းလင်းစွာ သိရှိသည်။ သူက လျှပ်စစ် စွမ်းအား အနည်းငယ်ကိုသာ ထုတ်လွှတ်ခဲ့သော်လည်း အသွင်ပြောင်း ဝေလငါးကြီး အကောင် အတော်များများကို အလွယ်တကူ သတ်ပစ်နိုင်စွမ်း ရှိသည်။ သို့ပေမည့် မျက်မှောက်ရှိ ဤလူက သေမသွားခဲ့ပေ။

နိုးလာပြီးနောက် ယွင်ကျုံးဟဲ့ တစ်ကိုယ်လုံး မည်သည့်ခံစားချက်မှ မရှိတော့ဘဲ အာရုံကြောများ အားလုံး ပျက်စီးသွားသကဲ့သို့ ဖြစ်နေသည်။ သို့ပေမည့် မကြာခင်မှာပဲ အာရုံကြောများက တစ်လက်မချင်းစီ ပြန်လည် ရှင်သန်လာ၏။

ထို့နောက် သူသည် ထိုလူအရိုးစု၏ နဖူးဆီသို့ ထပ်မံ၍ လက်ဆန့်ထုတ်လိုက်ပြန်သည်။

အသွင်ပြောင်း မကောင်းဆိုးဝါး နဂါး လုံးဝ ဒေါသထွက်သွားခဲ့သည်။ ထို့နောက် ခန္ဓာကိုယ်ကို ထပ်မံ ကွေးလိုက်ပြီး လျှပ်စစ်များကို စုစည်းလိုက်ရာ စောစောက လျှပ်စစ် စွမ်းအားထက် နှစ်ဆ ပိုများ၏။

မျက်မှောက်ရှိ ဤအားနည်းသော လူသားကို ဓာတ်လိုက် မသေစေနိုင်ဘူး ဆိုသည်ကို သူ မယုံကြည်ပေ။

ယွင်ကျုံးဟဲ့သည် ဤလူအရိုးစုကို ထပ်မံ ထိတွေ့လိုက်ပြန်သည်။

“ဖြန်း... ဖြန်း... ဖြန်း...”

ပိရမစ်ကြီး ရုတ်တရက် လင်းထိန်သွားပြီး ကောင်းကင်ကို တုန်လှုပ်စေသော လျှပ်စီးကြီး တစ်ခုက ဤအသွင်ပြောင်း ပင်လယ် သားရဲကြီး၏ ခန္ဓာကိုယ် အတွင်းမှ ရုတ်တရက် ပေါက်ကွဲထွက်လာသကဲ့သို့ပင်။

မီတာ ရာပေါင်းများစွာ ရှည်လျားသော လျှပ်စီးတန်းကြီး၏ တစ်ခဏတာ တောက်ပမှုက လူများကို မျက်စိကန်းသွားစေမတတ် ဖြစ်လို့နေသည်။

ယွင်ကျုံးဟဲ့ ထပ်မံ၍ ဝိညာဉ် လွင့်စင်သွားသကဲ့သို့ ခံစားလိုက်ရပြန်သည်။ အချိန်မည်မျှ ကြာသွားသည်ကို မသိပေ။ ယွင်ကျုံးဟဲ့ ထပ်မံ နိုးလာပြန်၏။

ထပ်မံ၍ အချိန် အတော်ကြာ စောင့်ဆိုင်းပြီးနောက် တစ်ကိုယ်လုံးရှိ အာရုံကြောများ တစ်လက်မချင်းစီ ပြန်လည် ရှင်သန်လာပြန်သည်။

အသွင်ပြောင်း မကောင်းဆိုးဝါး နဂါးကြီးကတော့ တကယ်ကို လုံးဝ အံ့ဩမှင်တက်သွားခဲ့သည်။ ‘ကျုပ်က ပင်လယ်ပြင် အရှင်သခင်ကြီးလေ၊ မိုင်ထောင်ချီ ကျယ်ဝန်းတဲ့ ပင်လယ်ပြင်ကို အုပ်စိုးထားတဲ့ အကြွင်းမဲ့ အရှင်သခင်၊ ဒီပိရမစ် အုပ်စုရဲ့ အမြင့်ဆုံး အုပ်ချုပ်သူ၊ အစောင့်အရှောက်လေ။

လူတစ်ယောက်တည်းကို မဆိုထားနဲ့၊ ပင်လယ်ရေထဲမှာ ရှိနေရင် လူတစ်ထောင်၊ တစ်သောင်း ဖြစ်နေရင်တောင် သူ ဓာတ်လိုက် သတ်ပစ်နိုင်တယ်။ အခုကျတော့ ဒီလောက် အားနည်းတဲ့ လူတစ်ယောက်ကို သူ နှစ်ကြိမ်တောင် လျှပ်စစ်နဲ့ တိုက်ခိုက်ခဲ့တာတောင် မသေသေးဘူးလား။’

နိုးလာပြီးနောက် ယွင်ကျုံးဟဲ့သည် ခေါင်းတလားအတွင်းရှိ လူအရိုးစုဆီသို့ ထပ်မံ၍ လက်ဆန့်ထုတ်လိုက် ပြန်သည်။

ဤအသွင်ပြောင်း မကောင်းဆိုးဝါး နဂါး တကယ်ကို လုံးဝ ဒေါသထွက်သွား၏။

သူက စကားမပြောတတ်၍သာ တော်တော့သည်။ မဟုတ်ပါက သေချာပေါက် ကျယ်လောင်စွာ အော်ဆဲမိမှာ ဖြစ်သည်။

‘ချီးတဲ့မှ... ခင်ဗျား ဦးနှောက် ပျက်နေတာလား။ ကျုပ်သခင်ရဲ့ အရိုးစုကို သေချာပေါက် ထိချင်နေရအောင်။ ခင်ဗျား လက်ဆော့နေတာလား။’

သူက မျက်မှောက်ရှိ ဤလူသားကို လုံးဝ မတိုက်ခိုက်ချင်ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ ခန္ဓာကိုယ် အတွင်းတွင် ထူးခြားသော အငွေ့အသက် တစ်ခုရှိနေပြီး ယခင်က ဤပိရမစ်အတွင်းသို့ လာရောက် ကစားခဲ့သော ကလေးလေးနှင့် တူနေသောကြောင့် ဖြစ်ပင်။

သူသည် အလွန် မာနကြီးပြီး အေးစက်ကာ ထိုကလေးနှင့် တစ်ခါမှ မတွေ့ဆုံခဲ့သော်လည်း ထိုကလေး ပိရမစ် အတွင်းသို့ ဝင်လာပါက သူ လုံးဝ အန္တရာယ် ပေးမည် မဟုတ်ပေ။

သို့ပေမည့် သူ့တွင် ကန့်သတ်ချက် ရှိသည်။ သူ့သခင်၏ အရိုးစုကို လုံးဝ ထိခွင့် မပေးနိုင်ချေ။

ယွင်ကျုံးဟဲ့ တတိယအကြိမ်အဖြစ် ခေါင်းတလားသခင်၏ အရိုးစုဆီသို့ လက်ဆန့်ထုတ်လိုက်သည်။

အသွင်ပြောင်း မကောင်းဆိုးဝါးနဂါး သည် ဆက်လက် သည်းမခံနိုင်တော့ဘဲ လျှပ်စစ်စွမ်းအား အားလုံးကို စုစည်းကာ ရုတ်တရက် ပေါက်ကွဲ ထုတ်လွှတ်လိုက်၏။

ကောင်းကင်ကို တုန်လှုပ်စေသော လျှပ်စီးတန်းကြီးသည် ပင်လယ်ရေကို တိုက်ရိုက် ဆုတ်ဖြဲပစ်လိုက်သည်။

ဤတစ်ကြိမ်တွင် လျှပ်စီးတန်းများ တောက်ပသွားရုံသာမက ပင်လယ်အောက် တစ်ခုလုံး ပြင်းထန်စွာ ပေါက်ကွဲ မြည်ဟည်းသွား၏။

ပင်လယ်ပြင် အထက်တွင်ပင် ကောင်းကင်ကို တုန်လှုပ်စေသော ရေလှိုင်းကြီးများ ဖြစ်ပေါ်လာသည်။ ဤစွမ်းအားသည် တကယ်ကို အံ့ဩစရာ ကောင်းလွန်းလှပြီး အင်အားကြီးမားရာ အထူး ပင်လယ် အရှင်သခင်ကြီး ပီသလှသည်။

တစ်ချိန်တည်းမှာပဲ ယွင်ကျုံးဟဲ့ တစ်ကိုယ်လုံး လွင့်စင်သွားသည်။ တစ်ခဏချင်း အတွင်းမှာပဲ တစ်ကိုယ်လုံး ချက်ချင်း မီးကျွမ်းသွားသကဲ့သို့ ဖြစ်သွားပြီး တောက်ပသော အလင်းရောင်များ ပေါက်ကွဲထွက်လာ၏။

သူ ထပ်မံ၍ ဝိညာဉ် လွင့်စင်သွားပြန်၏။ သို့ပေမည့် ဤတစ်ကြိမ်တွင် လုံးဝ မတူညီတော့ပေ။

ရုတ်တရက် သူ၏ မျက်လုံးများ ပွင့်လာသော်လည်း မျက်လုံး သူငယ်အိမ်များမှာ အလွန် ထူးဆန်းနေပြီး ပုံမှန် အချိန်များရှိ မျက်လုံးများနှင့် လုံးဝ မတူညီတော့ချေ။

ထို့နောက် သူသည် တစ်ခါမှ မရှိဖူးသော အသံတစ်ခုကို ထုတ်လွှတ်လိုက်ပြီး ပြောလိုက်သည်မှာလည်း တရုတ်စကား မဟုတ်ပေ။ တစ်ခါမှ မကြားဖူးသော ဘာသာစကား တစ်မျိုး ဖြစ်သည်။

“မြွေကြီး... မြွေကြီး...” သူ ပြောလိုက်သည်မှာ ဤစကားလုံး နှစ်လုံး ဖြစ်၏။

အသွင်ပြောင်း မကောင်းဆိုးဝါး နဂါးသည် မူလက လုံးဝ ဒေါသထွက်နေခဲ့ပြီး လျှပ်စီးတန်းဖြင့် ပြင်းထန်စွာ တိုက်ခိုက်ပြီးနောက် ယွင်ကျုံးဟဲ့ကို ဆက်လက် လိုက်လံ သတ်ဖြတ်ကာ တိုက်ရိုက် ဝါးစားပစ်ရန် ပြင်နေခဲ့ခြင်း ဖြစ်သည်။

သို့ပေမည့် ဤအသံကို ကြားလိုက်ရချိန်မှာတော့ အသွင်ပြောင်း မကောင်းဆိုးဝါးနဂါး ရုတ်တရက် ကြောင်အသွား၏။

ယွင်ကျုံးဟဲ့ကို မယုံကြည်နိုင်စွာ ကြည့်နေပြီး တိုက်ခိုက်လိုစိတ်များ အားလုံး ပျောက်ဆုံးသွားကာ အကြည့်များ အလွန် ယဉ်ကျေး နူးညံ့သွားသည်။

အကယ်၍ ယွင်ကျုံးဟဲ့ ယခုအချိန်တွင် နိုးထနေပါက အထူး မြွေကြီးထက်ပင် ပိုမို အံ့ဩသွားမှာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယခု စကားပြောနေသူမှာ သူ ယွင်ကျုံးဟဲ့ မဟုတ်သောကြောင့်ပင်။

ဤတစ်ကြိမ် ဝင်ပူးသွားသူမှာ တစ်ခါမှ မရှိဖူးသော စိတ်ရောဂါသည် တစ်ဦး ဖြစ်သည့် နံပါတ် ၃ စိတ်ရောဂါသည် ဂြိုဟ်သားပင် ဖြစ်သည်။

...........

ယွင်ကျုံးဟဲ့ ထပ်မံ နိုးလာချိန်တွင် အရာအားလုံးသည် ငြိမ်သက်သွားခဲ့ပြီ ဖြစ်သည်။ သူသည် ပင်လယ်ပြင်ပေါ်တွင် အပြည့်အဝ ပေါလောပေါ်နေပြီ ဖြစ်၏။

စောစောပိုင်းက မည်သည့်အရာများ ဖြစ်ပျက်ခဲ့သနည်း။ ဦးနှောက်အတွင်း၌ မည်သည့်အရိပ်အယောင်မှ ကျန်ရစ်ခြင်း မရှိသကဲ့သို့ မည်သည့်မှတ်ဉာဏ်မှလည်း ရှိမနေတော့ချေ။

ထူးခြားသော မြွေကြီး၏ နောက်ဆုံးလျှပ်စစ်တိုက်ခိုက်မှုမှာ အလွန်တရာ ပြင်းထန်လွန်းလှသောကြောင့် အမှန်တကယ်ပင် ဝိညာဉ်လွင့်စင်သွားခဲ့ရသည်ဟူသောအချက်ကိုသာ သူ့အနေဖြင့် မှတ်မိနေတော့သည်။

ထိုအချိန်မှာပဲ ပင်လယ်ပြင်ပေါ်တွင် ဧရာမ လေဝဲကတော့ကြီး တစ်ခု ပေါ်လာပြီးနောက် ကောင်းကင်ကို တုန်လှုပ်စေသော ရေလှိုင်းကြီးများ ရုတ်တရက် ထလာကာ ထိုပင်လယ် အရှင်သခင်ကြီးသည် ပင်လယ်ပြင်ပေါ်သို့ ရုတ်တရက် ထွက်ပေါ်လာ၏။

ထို့နောက် သူက ပင်လယ်ရေထဲမှာ မတ်တတ်ရပ်လိုက်၏။ ထို့ကြောင့် ပင်လယ်ပြင်ပေါ်တွင် အလွန် အံ့ဩစရာကောင်းသော မြင်ကွင်း တစ်ခု ပေါ်ထွက်လာသည်။

ယွင်ကျုံးဟဲ့ ပင်လယ်ပြင်ပေါ်တွင် ပေါလောပေါ်နေပြီး ပေါ်နေသော အပိုင်းမှာ တစ်မီတာပင် မပြည့်ပေ။ ဤအသွင်ပြောင်း မကောင်းဆိုးဝါး နဂါးကြီးကမူ ခေါင်းကို မော့ကာ မတ်တတ်ရပ်နေပြီး မီတာ တစ်ရာကျော် မြင့်မားကာ တောင်ကြီး တစ်တောင်လို မြင့်မားနေ၏။

လူတစ်ယောက်နှင့် မြွေတစ်ကောင် တိတ်ဆိတ်စွာ အပြန်အလှန် ကြည့်နေကြသည်။

ယွင်ကျုံးဟဲ့သည် ဤတစ်ကြိမ်တွင် နံပါတ် ၂၅ စိတ်ရောဂါသည်၏ စွမ်းရည်ကို အသုံးပြု၍ အသွင်ပြောင်း မကောင်းဆိုးဝါး နဂါးကြီးနှင့် ဆက်သွယ်လိုက်သည်။ တစ်မိနစ် အကြာတွင် ဆက်သွယ်မှု ပြီးဆုံးသွား၏။

ယွင်ကျုံးဟဲ့ စစ်သင်္ဘော ရှိရာဘက်သို့ ကူးခတ်သွား၏။ အသွင်ပြောင်း မကောင်းဆိုးဝါး နဂါးကြီးသည်လည်း ပင်လယ်ရေအောက်သို့ ငုပ်လျှိုးသွားသည်။

နာရီအနည်းငယ် အကြာတွင် ယွင်ကျုံးဟဲ့သည် သူ၏ စစ်သင်္ဘောပေါ်သို့ ပြန်ရောက်လာ၏။

“ပိုင်ယင်မြို့ကို ပြန်မယ်။”

“ကောင်းပါပြီ။”

အပိုင်း (၈၇၄)

ဆဋ္ဌမမြောက်နေ့၊ ယွင်ကျုံးဟဲ့ လက်မှတ်ရေးထိုးထားသော စာချုပ် ပါရက် မပြည့်မီ တစ်ရက် အလိုတွင်...

ပိုင်ယင်မြို့ အနီးတစ်ဝိုက် ရေပြင်တွင် ကောင်းကင်ကို ဖုံးလွှမ်းသွားမတတ် ဖြစ်နေပြီး မြို့တွင်းတွင် လူများ ပြည့်ကျပ်နေသည်။ ပင်လယ်ပြင်ပေါ်တွင်လည်း စစ်သင်္ဘောများ ပြည့်ကျပ်နေ၏။

ပိုင်ယင်မြို့၏ အဓိက အင်အားစုမှာ အမြဲတမ်း ရေတပ် ဖြစ်ခဲ့ပြီး ရေတပ် စစ်သည် သုံးသိန်း၊ စစ်သင်္ဘော တစ်ထောင်ကျော် ရှိသည်။

နာမည်ခံအားဖြင့် မြို့ ဟု ခေါ်ဆိုသော်လည်း သူတို့ အုပ်ချုပ်သော ရေပိုင်နက်မှာ မိုင်သောင်းချီ ကျယ်ဝန်းပြီး သူတို့ အုပ်ချုပ်သော ကုန်းမြေများ အားလုံး ပေါင်းလိုက်လျှင်လည်း စတုရန်း ကီလိုမီတာ နှစ်သန်းကျော် ရှိ၏။

ရေတပ် အဓိက အင်အား သုံးသိန်းသည် ကျင်းဝူရွှမ်း၏ တောင်ပိုင်း ရေတပ်ထက် ပိုမို များပြားခြင်း မရှိသော်လည်း အားလုံးမှာ တကယ့် အထူးချွန်ဆုံး စစ်သည်များ ဖြစ်ကြသည်။

ကျင်းဝူရွှမ်း၏ ရေတပ် သုံးသိန်း ဆိုသည်မှာ လုံးဝ စုပေါင်းစပ်ပေါင်း စစ်တပ် သက်သက်သာ ဖြစ်၏။

ပိုင်ယင်မြို့၏ စစ်သင်္ဘောများ အားလုံးမှာ နုဧကရာဇ် စစ်သင်္ဘောများ ဖြစ်ကြပြီး အရွယ်အစား မျိုးစုံ ရှိ၏။ ပင်လယ်ပြင်ပေါ်တွင် ဖြန့်ကြက်ထားရာ မိုင်ဆယ်ဂဏန်းခန့်အထိ ရှိသည်။

ဧရာမ ရေယာဉ်စုကြီး၏ ရှေ့တွင် မရေမတွက်နိုင်သော အသွင်ပြောင်း ပင်လယ် သားရဲကြီး စစ်တပ်များ ရှိနေ၏။

အသွင်ပြောင်း ဝေလငါးကြီးများ၊ အသွင်ပြောင်း ငါးမန်းများ၊ အသွင်ပြောင်း ရေဘဝဲများ၊ အသွင်ပြောင်း လျှပ်စစ် ငါးရှဉ့်များ မရေမတွက်နိုင်အောင် ရှိသည်။

ထို့အပြင် ကောင်းကင်ယံတွင် ပျံသန်းနေသော အသွင်ပြောင်း ပင်လယ်ငှက်များလည်း သောင်းချီ ရှိနေပြီး ကောင်းကင် တစ်ခုလုံးကို အမည်းရောင် ဖုံးလွှမ်းသွားမတတ် ဖြစ်နေ၏။

ဤသည်မှာ တကယ်ကို လောကတွင် အင်အားအကြီးဆုံး ရေတပ် အင်အားစု ဖြစ်ပြီး အသွင်ပြောင်း မကောင်းဆိုးဝါး နဂါးကြီးကို ထည့်မတွက်လျှင်ပင် မျက်မှောက်ရှိ ရေတပ် အင်အား တစ်ခုတည်းကတင် ယွင်ကျုံးဟဲ့၏ အဓိက ရေတပ် အင်အားစု လာရောက်ပါက အသက်အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်သည်။

အသွင်ပြောင်း ပင်လယ် သားရဲကြီးများ အလွန် များလွန်းသောကြောင့် အကယ်၍ ရေနက်ပိုင်းမှနေ၍ ဝင်ရောက် တိုက်ခိုက်မည် ဆိုပါက တစ်ဆယ့်ငါးမိနစ် အတွင်းမှာပဲ တာ့ယန် အင်ပါယာ ရေယာဉ်စုကို သေရေးရှင်ရေး ဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်၏။

ဘုရင် ပိုင်ကု သည် ပင်လယ်ကမ်းစပ် ဆိပ်ကမ်းရှိ ရဲတိုက် အမြင့်ဆုံး နေရာတွင် ရပ်ကာ ပင်လယ်ပြင်ကို တိတ်ဆိတ်စွာ ကြည့်နေ၏။ သူ၏ နောက်တွင် ပိုင်ချီ ရပ်နေသည်။

လီဟွာမေ နှင့် ပိုင်ဖေးဖေး တို့သည် ပိုင်ယင်မြို့၏ ရေတပ် စစ်သေနာပတိများ အဖြစ် အသင့်ပြင်ထားကြ၏။

လူသိန်းချီက အရှေ့ဘက် ပင်လယ်ပြင်ကို လှမ်းကြည့်နေကြ၏။ ယွင်ကျုံးဟဲ့ ရောက်လာမည့် အချိန်ကို စောင့်မျှော်နေကြခြင်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် စာချုပ်ပေါ်တွင် ရှင်းလင်းစွာ ရေးသားထားသည်။ ယွင်ကျုံးဟဲ့က တာ့ယန် အင်ပါယာ ရေတပ်ကို ခေါ်လာမည် မဟုတ်ဘဲ သူ တစ်ယောက်တည်း၏ အင်အားဖြင့် ပိုင်ယင်မြို့၏ ရေတပ် သိန်းချီကို အနိုင်ယူမည်ဟု ရေးသားထားသောကြောင့်ပင်။

မကြာမီ....

ရုတ်တရက် အမြင့်ပိုင်းရှိ မီးပြတိုက်ပေါ်မှ ခေါင်းလောင်းသံများ ထွက်ပေါ်လာသည်။

“ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင်...”

မီးပြတိုက်ပေါ်ရှိ လူများက အမြင့်တွင် ရပ်နေသောကြောင့် အဝေးကို မြင်နိုင်ပြီး အဝေးမှ လာနေသော စစ်သင်္ဘော တစ်စင်းကို တွေ့မြင်လိုက်ရသောကြောင့်ပင်။

ယွင်ကျုံးဟဲ့၏ စစ်သင်္ဘော ပင် ဖြစ်သည်။ မကြာမီ အခြားသူများလည်း တွေ့မြင်သွားကြသည်။ အထီးကျန် သင်္ဘော တစ်စင်းက အဝေးမှ တဖြည်းဖြည်း နီးကပ်လာ၏။

လူတိုင်း အံ့ဩသွားကြသည်။ ‘ယွင်ကျုံးဟဲ့ တကယ် ရောက်လာတာလား။ ကတိပေးထားတဲ့ အချိန် မပြည့်ခင် တစ်ရက် အလိုမှာ သူ ရောက်လာပြီ။ သူ့ရဲ့ အဲဒီ သင်္ဘော တစ်စင်းတည်းပဲ၊ ပြီးတော့ အဲဒီ သင်္ဘောပေါ်မှာ ဘာလက်နက်မှ မရှိဘူး။

ဒီလူက... တကယ်ကို ရူးသွပ်လွန်းတာပဲ။ ပုရွက်ဆိတ်က ဆင်ကို သွားတိုက်တဲ့ ပြဇာတ်ကို တကယ် ကပြတော့မလို့လား။’

လူတိုင်း၏ အကြည့်များအောက်တွင် ယွင်ကျုံးဟဲ့၏ စစ်သင်္ဘောသည် ပို၍ ပို၍ နီးကပ်လာသည်။ မကြာမီ ပိုင်ယင်မြို့၏ အသွင်ပြောင်း ပင်လယ် သားရဲ စစ်တပ်များနှင့် မီတာ ထောင်ချီသာ ကွာဝေးတော့၏။

နှစ်ဖက်စလုံး၏ စစ်အင်အားမှာ ကွာဟချက် ကြီးမားလွန်းလှသည်။

ဘယ်ဘက်ရှိ ပိုင်ယင်မြို့ ရေတပ်က အဆုံးအစမရှိ ကောင်းကင်ကို ဖုံးလွှမ်းသွားမတတ် ဖြစ်နေသည်။ ညာဘက်ရှိ ယွင်ကျုံးဟဲ့ ကတော့ အထီးကျန် သင်္ဘောလေး တစ်စင်းတည်းသာ ဖြစ်၏။

‘ဒီလို အခြေအနေမျိုးနဲ့ စစ်တိုက်မယ် ဆိုတာက ပုရွက်ဆိတ်က ဆင်ကို သွားတိုက်တာ မဟုတ်တော့ဘူး၊ ပုရွက်ဆိတ်က ဧရာမ တောင်ကြီး တစ်တောင်ကို သွားတိုက်တာနဲ့ တူနေပြီ။’

မျှော်စင် အမြင့်ပိုင်းမှ ပိုင်ကုက ပြောလိုက်သည်။ “စကား လှမ်းပြောလိုက်။ ယွင်ကျုံးဟဲ့ တကယ် တိုက်ချင်တာ သေချာပြီလား လို့ မေးလိုက်။ ကျုပ်တို့ သူ့ကို ထွက်သွားခွင့် ပြုနိုင်တယ်၊ ဒါပေမဲ့ ပိုင်ယင်မြို့ လက်နက်ချမယ် ဆိုတဲ့ ကိစ္စကိုတော့ နောက်တစ်ခါ စကားတစ်လုံးမှ မဟနဲ့တော့လို့။”

မကြာမီ အသွင်ပြောင်း သိုင်းသမား ထောင်ချီက ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။ “ယွင်ကျုံးဟဲ့... ခင်ဗျား တကယ် တိုက်ချင်တာ သေချာပြီလား။ တိုက်မယ် ဆိုရင် ခင်ဗျား သေချာပေါက် အသေဆိုးနဲ့ သေရမယ်။ မတိုက်ဘူး ဆိုရင် ချက်ချင်း ထွက်သွား၊ ပိုင်ယင်မြို့ လက်နက်ချမယ် ဆိုတဲ့ ကိစ္စကိုတော့ နောက်တစ်ခါ စကားတစ်လုံးမှ မဟနဲ့တော့။”

လူထောင်ချီ၏ အော်ဟစ်သံသည် မိုင်ထောင်ချီအထိ တိုက်ရိုက် ပျံ့နှံ့သွားပြီး ပင်လယ်ပြင် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွား၏။

ယွင်ကျုံးဟဲ့ ဘက်ကတော့ ဘာမှ မပြောဘဲ စစ်အလံကို တိုက်ရိုက် လွှင့်ထူလိုက်ပြီးနောက် သူ၏ သင်္ဘောက စတင် ပြေးဝင်လာတော့သည်။

တစ်ခဏချင်း အတွင်းမှာပင် ပိုင်ယင်မြို့ဘက်မှ ပို၍ပင် အံ့ဩမှင်တက်သွားကြ၏။

‘ဒီမြင်ကွင်းက အရမ်း ရူးသွပ်လွန်းတယ် မဟုတ်ဘူးလား။ လူတစ်ယောက်တည်းက လူသိန်းချီကို သွားတိုက်တယ်လား။’

ပိုင်ယင်မြို့ ရေတပ်သည် ခဏမျှ ကြောင်အမ်းသွားပြီးနောက် လုံးဝ ဒေါသထွက်သွားကြသည်။

‘ယွင်ကျုံးဟဲ့ ခင်ဗျားက ကြီးမားတဲ့ ရေတိုက်ပွဲကြီးကို ကလေး ကစားစရာလို သဘောထားနေတာလား။ ပြဇာတ် ကပြနေတယ်လို့ ထင်နေတာလား။ ခင်ဗျား သေချင်နေတာလား။ ကျုပ်တို့ ခင်ဗျားကို ဖြည့်ဆည်းပေးမယ်။’

“တိုက်... ယွင်ကျုံးဟဲ့ရဲ့ စစ်သင်္ဘောကို တိုက်ရိုက် တစ်စစီ ဆွဲဖြဲပစ်လိုက်...”

အမိန့်ပေးသံနှင့်အတူ မရေမတွက်နိုင်သော အသွင်ပြောင်း ပင်လယ် သားရဲကြီးများသည် ရေလှိုင်းကြီးများ ကဲ့သို့ ယွင်ကျုံးဟဲ့၏ သင်္ဘောဆီသို့ ရူးသွပ်စွာ ပြေးဝင်သွားကြသည်။ တစ်ခဏချင်း အတွင်းမှာပဲ ပင်လယ်ပြင် တစ်ခုလုံး လုံးဝ ဆူပွက်သွားသကဲ့သို့ ဖြစ်သွား၏။

ထို့နောက် ပိုင်ယင်မြို့၏ အမျိုးအစားစုံလင်သော စစ်သင်္ဘော တစ်ထောင်ကျော်သည်လည်း အရှိန်အဟုန်ဖြင့် ယွင်ကျုံးဟဲ့၏ အထီးကျန် သင်္ဘောလေးဆီသို့ ပြေးဝင်သွားကြသည်။

ဤမြင်ကွင်းသည် တကယ်ကို ကောင်းကင်ကို တုန်လှုပ်စေသော ဆူနာမီ လှိုင်းလုံးကြီး တစ်ခုက အထီးကျန် သင်္ဘောလေး တစ်စင်းဆီသို့ လှိမ့်ဝင်သွားသကဲ့သို့ ဖြစ်ပြီး ယွင်ကျုံးဟဲ့၏ စစ်သင်္ဘောကို တိုက်ရိုက် တစ်စစီ ကြိတ်ချေပစ်တော့မည့် အလား ဖြစ်နေ၏။

ယွင်ကျုံးဟဲ့၏ အထီးကျန် သင်္ဘောလေးသည် ဆက်လက်၍ ရှေ့သို့ ပြေးဝင်နေဆဲ၊ ပြေးဝင်နေဆဲ ဖြစ်သည်။

သင်္ဘောပေါ်ရှိ ရေတပ် စစ်သည်များသည် နောက်ဆက်တွဲ ဘာတွေ ဖြစ်လာမည် ဆိုသည်ကို အခြေခံအားဖြင့် လုံးဝ မသိရှိကြဘဲ သူတို့သည် တာ့ယန် အင်ပါယာ၏ စစ်တပ်များ ဖြစ်ကြပြီး အမိန့်ကို နာခံခြင်းက သူတို့၏ မွေးရာပါ တာဝန် ဖြစ်ကြောင်းကိုသာ သိရှိကြ၏။

ယွင်ကျုံးဟဲ့က သူတို့ကို ရှေ့ဆက် ပြေးဝင်ရန် အမိန့်ပေးပါက သူတို့ ပြေးဝင်ကြမည်သာ ဖြစ်သည်။

အင်အားကြီးမားသော ပင်လယ် သားရဲကြီး စစ်တပ်များကို ရင်ဆိုင်ရလျှင်ပင်၊ သူတို့၏ စစ်သင်္ဘောပေါ်တွင် ဘာလက်နက်မှ မရှိလျှင်ပင်၊ နောက်တစ်စက္ကန့်တွင် တစ်စစီ ဖြစ်သွားရမည် ဆိုလျှင်ပင် တာ့ယန် အင်ပါယာ၏ စစ်သည်များသည် အနည်းငယ်မျှ မကြောက်ရွံ့ကြပေ။

နှစ်ဖက်စလုံး၏ အကွာအဝေးသည် ပို၍ ပို၍ နီးကပ်လာပြီး၊ ပို၍ ပို၍ နီးကပ်လာ၏။ မကြာမီ ပိုင်ယင်မြို့၏ အင်အားကြီးမားလှသော အသွင်ပြောင်း ပင်လယ် သားရဲကြီး စစ်တပ်များသည် ယွင်ကျုံးဟဲ့၏ စစ်သင်္ဘော ရှေ့သို့ ရောက်ရှိလာကြသည်။

ထို့နောက် အင်အားကြီးမားသော အသွင်ပြောင်း ပင်လယ် သားရဲကြီး ထောင်ချီသည် ရုတ်တရက် ခုန်အုပ်လာကြပြီး ယွင်ကျုံးဟဲ့၏ သင်္ဘောကို တိုက်ရိုက် တစ်စစီ ဆွဲဖြဲပစ်ရန် ပြင်လိုက်ကြ၏။

သို့ပေမည့် ထိုအချိန်မှာပဲ ပင်လယ်ပြင်ပေါ်တွင် ဧရာမ လေဝဲကတော့ကြီး တစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် ကောင်းကင်ကို တုန်လှုပ်စေသော ဟိန်းသံကြီးတစ်ခု ထွက်ပေါ်လာပြီး ပင်လယ် အရှင်သခင်ကြီး ဖြစ်သော အသွင်ပြောင်း မကောင်းဆိုးဝါး နဂါးသည် ရုတ်တရက် ကောင်းကင်ယံသို့ ထိုးတက်လာ၏။

ပင်လယ်ပြင်ပေါ်တွင် တောင်ကြီး တစ်တောင်လို တိုက်ရိုက် မတ်တတ်ရပ်နေပြီး အလွန် အင်အား ကြီးမားသော အရှိန်အဝါ တစ်ခုက ပင်လယ်ပြင် တစ်ခုလုံးကို လုံးဝ လွှမ်းမိုးသွားသည်။

ပိုင်ယင်မြို့၏ အသွင်ပြောင်း ပင်လယ် သားရဲကြီးများ အားလုံး ချက်ချင်း တုန်ယင်သွားကြပြီး သေးနှင့် ချေးများ ထွက်ကျမတတ် ဖြစ်သွားကာ တိုက်ခိုက်မှုကို ရပ်တန့်လိုက်ရုံသာမက ပင်လယ်ပြင်ပေါ်တွင် ချက်ချင်း ဝပ်တွားသွားကြပြီး သူတို့၏ အဆုံးအစမရှိသော ကျိုးနွံမှုနှင့် ကြောက်ရွံ့မှုများကို ပြသလိုက်ကြ၏။

ထို့နောက် ဤအသွင်ပြောင်း မကောင်းဆိုးဝါး နဂါးကြီးသည် ခေါင်းကို ငုံ့ချလိုက်ပြီး ယွင်ကျုံးဟဲ့၏ စစ်သင်္ဘောရှေ့တွင် အလွန် ယဉ်ကျေး ကျိုးနွံစွာဖြင့် ဝပ်တွားနေသည်။

ယွင်ကျုံးဟဲ့သည် အသွင်ပြောင်း မကောင်းဆိုးဝါး နဂါးကြီး၏ ခေါင်းပေါ်သို့ လျှောက်သွားပြီး ၎င်း၏ ခေါင်းပေါ်ရှိ ချိုနှစ်ချောင်းကို ကိုင်ထားလိုက်၏။

ထို့နောက် အထူး မြွေကြီးသည် ထပ်မံ၍ မတ်တတ်ရပ်လိုက်ပြန်ရာ မီတာ တစ်ရာကျော် မြင့်သွား၏။ ယွင်ကျုံးဟဲ့သည် ချက်ချင်းပဲ လူတိုင်း၏ အပေါ်သို့ ရောက်ရှိသွားပြီး တစ်ကွင်းလုံးကို အပေါ်စီးမှ ကြည့်ရှုနေသည်။

ဤမြင်ကွင်းကို မြင်လိုက်ရချိန်မှာတော့ လူတိုင်း အံ့ဩမှင်တက်သွားကြ၏။ ‘ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။’

အသွင်ပြောင်း မကောင်းဆိုးဝါး နဂါးသည် ဤပင်လယ်ပြင်၏ အရှင်သခင်ကြီးဖြစ်ပြီး အလွန် အင်အား ကြီးမားကာ အလွန် မာနကြီး၏။ မည်သည့် သတ္တဝါမျှ အနားသို့ မကပ်နိုင်ဘဲ အနားကပ်ပါက ချက်ချင်း တစ်စစီ ဖြစ်သွားမှာဖြစ်သည်။

သို့ပေမည့် ယခုအခါ ယွင်ကျုံးဟဲ့က ၎င်း၏ ခေါင်းပေါ်တွင် ရပ်နေသည်လား။

ယွင်ကျုံးဟဲ့ စကားမပြောဘဲ တစ်ကွင်းလုံးကိုသာ လှည့်ပတ် ကြည့်ရှုနေသည်။

ပင်လယ်ပြင် တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားသည်။

ရုတ်တရက် အသွင်ပြောင်း သိုင်းသမား ဗိုလ်ချုပ် တစ်ဦးက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “ဒါက ပင်လယ်မြွေ တစ်ကောင် သက်သက်ပဲ။ ဘာအရှင်သခင်မှ မဟုတ်ဘူး၊ ဘာမြင့်မြတ်တဲ့ သတ္တဝါမှ မဟုတ်ဘူး။ ခင်ဗျားတို့ ကြည့်ကြည့်... သူ့ရဲ့ ခန္ဓာကိုယ် အရွယ်အစားက အသွင်ပြောင်း ဝေလငါးကြီး ထက် ပိုမကြီးပါဘူး။ ပြီးတော့ သူက လုံးဝ နဂါး မဟုတ်ဘူး၊ သာမန် ပင်လယ်မြွေ တစ်ကောင်ပဲ။”

လူတိုင်း အသွင်ပြောင်း မကောင်းဆိုးဝါး နဂါးကို သေချာ ကြည့်လိုက်ကြသည်။

‘ဟုတ်တယ်။ ပင်လယ်မြွေ တစ်ကောင် သက်သက်ပါပဲ။ ပိုကြီးတဲ့ ပင်လယ်မြွေ တစ်ကောင် သက်သက်ဖြစ်ပြီး လုံးဝ နဂါး တစ်ကောင်နဲ့ မတူဘူး၊ ခြေသည်းတောင် မရှိဘူး။’

အတိတ်ကာလက ပိုင်ယင်မြို့သူမြို့သားများ သူ့အပေါ် နတ်ဘုရားတစ်ပါးကဲ့သို့ ကြည်ညိုလေးစား ခဲ့ကြခြင်းမှာ ၎င်း၏ လျှို့ဝှက်ဆန်းကြယ်မှုများကြောင့် ဖြစ်နိုင်သည်။ အကြောင်းမူကား ၎င်းသည် မည်သည့် အခါမျှ မိမိ၏ ရုပ်သွင်အစစ်အမှန်ကို ထုတ်ဖော်ပြသခြင်းမရှိဘဲ ပေါ်ထွက်လာသည့် အကြိမ်တိုင်းတွင်လည်း ဧရာမ လေဝဲဂယက်ကြီးအသွင်ဖြင့်သာ ကိုယ်ထင်ပြလေ့ရှိသောကြောင့်ပင်။

ထို့အပြင် အသွင်ပြောင်း ပင်လယ်သားရဲကြီးများကပင် သူ့ကို ကြောက်ရွံ့ရိုသေကြသောကြောင့် ပိုင်ယင်မြို့သား အားလုံးက သူ့အား အထွတ်အမြတ်ထား၍ ကိုးကွယ်ခဲ့ကြခြင်းဖြစ်သည်။

အဓိကအကျဆုံးအချက်မှာ နုဧကရာဇ်၏ အနက်ရောင်ကျမ်းစာ ထဲတွင် ၎င်း၏အကြောင်းကို မှတ်တမ်းတင် ရေးသားထားခြင်းဖြစ်ပြီး၊ လူအများကလည်း သူ့ကို နုဧကရာဇ်၏ မကောင်းဆိုးဝါးနဂါးဟု ခေါ်ဆိုခဲ့ကြ သောကြောင့်ဖြစ်၏။

ထိုအချက်များကြောင့်ပင် လူတိုင်း၏ စိတ်အာရုံထဲတွင် သူသည် ပိုမို၍ လျှို့ဝှက်ဆန်းကြယ်လာကာ၊ ပိုမိုအင်အားကြီးမားလာပြီး၊ အထူးပင် မြင့်မြတ်လွန်းသော တန်ခိုးရှင်တစ်ပါးအဖြစ် စွဲထင်လာခဲ့တော့သည်။

ထို့နောက် ဤပိုင်ယင်မြို့၏ အသွင်ပြောင်း သိုင်းသမား ဗိုလ်ချုပ်က ကျယ်လောင်စွာ အော်ပြောလိုက်၏။ “ညီအစ်ကိုတို့... ကျုပ်တို့ ပိုင်ယင်မြို့က တာရှန်းမိစ္ဆာနိုင်ငံရဲ့ အစစ်မှန်ဆုံး မျိုးဆက်တွေပဲ။ အသွင်ပြောင်း ပင်လယ်မြွေ တစ်ကောင်ကြောင့်နဲ့ ယွင်ကျုံးဟဲ့ဆီကို ဘယ်လိုလုပ် လက်နက်ချနိုင်မှာလဲ။ ဟုတ်တယ်။ ပင်လယ်မြွေ တစ်ကောင်တည်းနဲ့ ကျုပ်တို့က ဝိညာဉ် လွင့်စင်သွားမတတ် ကြောက်ရွံ့သွားရမှာလား။

အရင်က တောင်ပိုင်းမှာ ရှိတဲ့ တာ့ရီတောင်ကို အားလုံး မှတ်မိကြသေးလား။ ယွမ်ထျန်းရှဲ့က မကောင်းဆိုးဝါး နဂါးအတု တစ်ကောင် ဖန်တီးပြီး တောင်ပိုင်းက တိုင်းရင်းသားတွေကို သူ့ကို နတ်ဘုရား တစ်ပါးလို ကိုးကွယ်လာအောင် လုပ်ခဲ့သေးတယ်လေ။သူ့ကို သတ်လိုက်၊ သူ့ကို သတ်လိုက်။ သူက သာမန် အသွင်ပြောင်း ပင်လယ်မြွေ တစ်ကောင် သက်သက်ပဲ။”

ထို့နောက် ဤအသွင်ပြောင်း သိုင်းသမား ဗိုလ်ချုပ်၏ အမိန့်ပေးသံနှင့်အတူ နုဧကရာဇ် စစ်သင်္ဘောကို မောင်းနှင်ကာ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသည်။

“သူ့ကို သတ်လိုက်၊ အသွင်ပြောင်း ပင်လယ် သားရဲကြီးတွေ အားလုံး ထွက်တိုက်၊ သူ့ကို သတ်လိုက်။”

All Chapters