အခန်း (၈၇၅-၈၇၆)
Vol. 74 Ch. 875-876
အပိုင်း (၈၇၅)
ထိုအချိန်တွင် အသွင်ပြောင်း မကောင်းဆိုးဝါး နဂါး၏ အကြည့်များတွင် အထင်သေးမှုများနှင့် လျစ်လျူရှုမှုများ ပြည့်နှက်သွားပြီးနောက် ၎င်း၏ ခန္ဓာကိုယ်သည် စတင် ကွေးလာသည်။ ထို့နောက် ၎င်း၏ တစ်ကိုယ်လုံးသည် အပြာရောင် အလင်းရောင်များ စတင် ထုတ်လွှတ်လိုက်၏။
“ဖြန်း...”
၎င်း၏ ဧရာမ ခန္ဓာကိုယ်ကြီး ရုတ်တရက် တစ်ချက် ခုန်ထွက်သွားသည်။
တစ်ခဏချင်း အတွင်းမှာပဲ အံ့ဩစရာကောင်းသော လျှပ်စီးကြောင်းများ ရုတ်တရက် အရှိန်အဟုန်ဖြင့် ပစ်ထွက်လာပြီး ကြောက်စရာကောင်းသော လျှပ်စီးတန်းကြီး တစ်ခု ရူးသွပ်စွာ ကျဆင်းလာပြီး ထိုစစ်သင်္ဘောကို တိုက်ရိုက် ရိုက်ခတ်သွား၏။
ထိုစစ်သင်္ဘောသည် သံချပ်ကာများ ဖုံးအုပ်ထားသော်လည်း သစ်သား သင်္ဘောသာ ဖြစ်၏။ တစ်ခဏချင်း အတွင်းမှာပဲ စစ်သင်္ဘော တစ်စင်းလုံးသည် အံ့ဩစရာကောင်းသော လျှပ်စီးတန်းကြီး၏ ခုတ်ပိုင်းမှုကြောင့် တိုက်ရိုက် နှစ်ပိုင်း ပြတ်သွားပြီး ရုတ်တရက် ပေါက်ကွဲထွက်ကာ မီးဟုန်းဟုန်း တောက်လောင်သွားသည်။
ထို့နောက် အသွင်ပြောင်း မကောင်းဆိုးဝါး နဂါးကြီးသည် လုံးဝ ဒေါသထွက်သွားသကဲ့သို့ ပင်လယ်အောက်သို့ ရုတ်တရက် ငုပ်လျှိုးသွားပြီး လျင်မြန်စွာ ကူးခတ်သွားသည်။ ၎င်း၏ အမြန်နှုန်းမှာ အလွန် မြန်ဆန်လွန်းသောကြောင့် ဖော်ပြ၍ပင် မရနိုင်ပေ။
မကြာမီ ၎င်းသည် ပိုင်ယင်မြို့ ရေတပ်၏ ရေအောက်သို့ ရောက်ရှိသွားပြီးနောက် ကောင်းကင်ယံသို့ ရုတ်တရက် ထိုးတက်လာသည်။
“ဝုန်း.. ဝုန်း...ဝုန်း...”
ထလာသော ရေလှိုင်းကြီးများကြောင့် ဘေးရှိ စစ်သင်္ဘောများ ပြင်းထန်စွာ ယိမ်းယိုင်သွားကြ၏။
ထို့နောက် ၎င်းသည် လျှပ်စီးတန်းများကို ရူးသွပ်စွာ ထုတ်လွှတ်လိုက်တော့သည်။
“ဖြန်း... ဖြန်း... ဖြန်း...”
ကောင်းကင်ကို တုန်လှုပ်စေသော လျှပ်စီးတန်းကြီးများက မီတာ ဆယ်ဂဏန်း၊ ရာဂဏန်းခန့် အထိ ကူးလူး ယှက်သန်းနေ၏။
လျှပ်စီးတန်းများက စစ်သင်္ဘောများကို ရိုက်ခတ်သွားရာ စွမ်းအား အလွန် ကြီးမားပြီး ပြင်းထန်စွာ ပေါက်ကွဲထွက်သွားကြသည်။
တစ်ခဏချင်း အတွင်းမှာပဲ ပင်လယ်ပြင် တစ်ခုလုံး နေရာတိုင်း၌ ပေါက်ကွဲသံများ ထွက်ပေါ်နေပြီး နေရာတိုင်း၌ မီးတောက်များ ထွက်ပေါ်နေ၏။
ပိုင်ယင်မြို့၏ စစ်သင်္ဘောများသည် အဆင့်မြင့်သည်ဟု ဆိုနိုင်သော်လည်း တာ့ယန် အင်ပါယာ၏ စစ်သင်္ဘောများကဲ့သို့ လျှပ်စီးကြောင်းများကို အပြည့်အဝ မကာကွယ်နိုင်သေးပေ။
စစ်သင်္ဘောများ တစ်စင်းပြီး တစ်စင်း အံ့ဩစရာကောင်းသော လျှပ်စီးတန်းကြီးများ၏ ဆုတ်ဖြဲခြင်းကို ခံလိုက်ရသည်။
ထို့အပြင် အထူး မြွေကြီးသည် ၎င်း၏ ရက်စက် ကြမ်းကြုတ်မှုများကို အပြည့်အဝ ပြသလာသည်။ လုံးဝ ကျပန်း ရွေးချယ်ပြီး သတ်ဖြတ်နေခြင်း ဖြစ်၏။
ယွင်ကျုံးဟဲ့ လည်း ၎င်း၏ ရက်စက် ကြမ်းကြုတ်မှုကြောင့် အံ့ဩမှင်တက်သွားသည်။ ‘သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ လျှပ်စစ် စွမ်းအင် ဘယ်လောက် ပါနေတာလဲ။ လျှပ်စစ် ငါးရှဉ့်တွေ အသွင်ပြောင်းပြီးနောက် လျှပ်စစ် ပါဝင်မှုက ဒီလောက်တောင် အံ့ဩစရာ ကောင်းတာလား။’
သတ်ဖြတ်မှုများ ပြုလုပ်ပြီးနောက် အသွင်ပြောင်း မကောင်းဆိုးဝါး နဂါးကြီးသည် ကောင်းကင်ယံသို့ ထပ်မံ ထိုးတက်လာပြန်ပြီး ပင်လယ်ပြင်ပေါ်တွင် မတ်တတ်ရပ်ကာ ဟိန်းသံများ စတင် ထုတ်လွှတ်လိုက်၏။ ထိုအရာက အမိန့်ပေးနေသကဲ့သို့ပင်။
နောက်တစ်စက္ကန့်တွင် အသွင်ပြောင်း လျှပ်စစ် ငါးရှဉ့်ကြီး ဆယ်ကောင်ကျော် ရုတ်တရက် ပြေးဝင်လာကြသည်။
အသွင်ပြောင်း လျှပ်စစ် ငါးရှဉ့်ကြီးများသည် ၎င်းလောက် မကြီးမားသော်လည်း မီတာ ဆယ်ဂဏန်းခန့် ရှည်လျား၏။
ထို့နောက် အသွင်ပြောင်း ငါးမန်းများ၊ အသွင်ပြောင်း ရေဘဝဲများ၊ အသွင်ပြောင်း ဝေလငါးကြီးများ၊ အသွင်ပြောင်း ပင်လယ် သားရဲကြီးများ အားလုံး ပြေးဝင်လာကြသည်။
ဤအသွင်ပြောင်း ပင်လယ် သားရဲကြီးများသည် ပိုင်ယင်မြို့ ယဇ်ပုရောဟိတ်များ၏ အမိန့်ကို လုံးဝ ဂရုမစိုက်တော့ဘဲ အသွင်ပြောင်း မကောင်းဆိုးဝါး နဂါးကို ဝန်းရံကာ တပ်ဖွဲ့ ပုံစံများ စတင် ဖွဲ့စည်း လိုက်ကြ၏။
မရေမတွက်နိုင်သော အသွင်ပြောင်း ကျီးကန်းများလည်း ကောင်းကင်ယံသို့ အုပ်စုလိုက် ပျံတက်သွားပြီး စတင် လှည့်ပတ် ပျံသန်းကြသည်။
၎င်းသည် ပင်လယ်ပြင်၏ အရှင်သခင်ဖြစ်ပြီး အသွင်ပြောင်း ပင်လယ် သားရဲကြီးများကို အလွယ်တကူ အမိန့်ပေးနိုင်၏။
အသွင်ပြောင်း မကောင်းဆိုးဝါး နဂါးကို ဗဟိုပြု၍ မရေမတွက်နိုင်သော ပင်လယ် သားရဲကြီး စစ်တပ်များသည် ရူးသွပ်စွာ စတင် လည်ပတ်ကြသည်။
ပင်လယ်ပြင်ပေါ်တွင် ဧရာမ လေဝဲကတော့ကြီး တစ်ခု ချက်ချင်း ပေါ်ထွက်လာပြီး အချင်း မီတာ ထောင်ချီ ရှိသည်။ လေဝဲကတော့သည် ပို၍ ပို၍ မြန်ဆန်လာပြီး၊ ပို၍ ပို၍ အံ့ဩစရာ ကောင်းလာ၏။
အသွင်ပြောင်း ဇင်ယော် သောင်းချီကလည်း ကောင်းကင်ယံတွင် ရူးသွပ်စွာ လည်ပတ်နေကြပြီး အံ့ဩစရာ ကောင်းသော လေဆင်နှာမောင်းကြီး တစ်ခုကို ဖန်တီးလိုက်သည်။
ဤမြင်ကွင်းကို ကြည့်ပြီး ယွင်ကျုံးဟဲ့ လုံးဝ အံ့ဩမှင်တက်သွား၏။ ‘ချီးတဲ့မှ... ဒါ... ဒါက ဘာလုပ်မလို့လဲ။ အားလုံးက ကိုယ့်လူတွေပဲလေ၊ တကယ်ကြီး အကြီးအကျယ် သတ်ဖြတ်တော့မလို့လား။’
ပိုင်ယင်မြို့၏ မျှော်စင်မြင့်ပေါ်တွင် ရှိနေသည့် ပိုင်ချီနှင့် ဘုရင် ပိုင်ကုတို့ ဤမြင်ကွင်းကို မြင်လိုက်ရ ချိန်မှာတော့ မျက်လုံးများ ပြူးကျယ်သွားကြသည်။
ထို့နောက် ပိုင်ဖေးဖေး ပြေးလာပြီး မေးလိုက်၏။ “အဖေ... ယွင်ကျုံးဟဲ့ကို မြန်မြန် ရပ်ခိုင်းလိုက်ပါ။ သူက ကျွန်မတို့ရဲ့ အိမ်တွေကို ဖျက်ဆီးချင်နေတာလား။”
ဘုရင် ပိုင်ကုက ဖြည်းညင်းစွာ ပြောလိုက်သည်။ “သူ ရပ်လို့ မရတော့ဘူး၊ ရပ်ခိုင်းလို့လည်း မဖြစ်ဘူး။ ဘာလို့လဲဆိုတော့ အာဏာပြရမှာမို့လို့ပဲ။ ဘုရင် တစ်ပါး ဒေါသထွက်လာရင် ဘယ်လိုလုပ် သာမန်ကာလျှံကာ ပြီးသွားလို့ ရမလဲ။ သေချာပေါက် လူအများကြီး သေရမှာပေါ့။ သနားကြင်နာတတ်ရုံနဲ့ ဘုရင် လုပ်လို့ မရပါဘူး။
သူက ဒီလို အံ့ဩစရာကောင်းတဲ့ မြင်ကွင်းမျိုး ဖန်တီးလိုက်တာလည်း ကောင်းပါတယ်။ မရေမတွက်နိုင်တဲ့ လူတွေကို ဝိညာဉ် လွင့်စင်သွားမတတ် ကြောက်ရွံ့သွားစေပြီး စိတ်ထဲမှာ ကြည်ညို လေးစားသွားစေတာပေါ့။”
ပင်လယ်ပြင်ပေါ်တွင် မရေမတွက်နိုင်သော အသွင်ပြောင်း ပင်လယ် သားရဲကြီးများ ဆက်လက်၍ ရူးသွပ်စွာ လည်ပတ်နေပြီး ပို၍ ပို၍ မြန်ဆန်လာ၏။
ကောင်းကင်ယံရှိ အသွင်ပြောင်း ဇင်ယော်များလည်း ပို၍ ပို၍ မြန်ဆန်လာပြီး လေဆင်နှာမောင်းကြီး သည်လည်း ပို၍ ပို၍ အံ့ဩစရာ ကောင်းလာသည်။
ထို့နောက် အသွင်ပြောင်း မကောင်းဆိုးဝါး နဂါး သည် ရုတ်တရက် ဟိန်းလိုက်၏။
၎င်း၏ အမိန့်ပေးသံနှင့်အတူ အသွင်ပြောင်း ပင်လယ် သားရဲကြီး စစ်တပ်များသည် လည်ပတ်နေရင်း ရှေ့သို့ တိုးလာကြသည်။
ဧရာမ လေဝဲကတော့နှင့် လေဆင်နှာမောင်းကြီးသည် ပိုင်ယင်မြို့၏ ရေတပ်ဆီသို့ ရုတ်တရက် လှိမ့်ဝင်သွား၏။
တစ်ခဏချင်း အတွင်းမှာပဲ ဖျက်ဆီးနိုင်စွမ်း ရှိသော မြင်ကွင်း တစ်ခု ပေါ်ထွက်လာသည်။
အံ့ဩစရာကောင်းသော လေဝဲကတော့နှင့် လေဆင်နှာမောင်း ဖြတ်သန်းသွားသော နေရာတိုင်းတွင် အရာအားလုံး ဖျက်ဆီးခံရပြီး၊ အရာအားလုံး ဝါးမျိုခံလိုက်ရသည်။
ပိုင်ယင်မြို့၏ ရေယာဉ်စုသည် မည်မျှပင် ကြီးမားသော စစ်သင်္ဘော ဖြစ်ပါစေ လေဝဲကတော့၏ တိုက်ရိုက် ဝါးမျိုခြင်းကို ခံလိုက်ရပြီး ကစားစရာ အရုပ်လေး တစ်ခုကဲ့သို့ ဧရာမ လက်ကြီး တစ်ခု၏ လုံးဝ ကြိတ်ချေ ဖျက်ဆီးခြင်းကို ခံလိုက်ရကာ တိုက်ရိုက် တစ်စစီ ဖြစ်သွားသည်။
“ဘုန်း... ဘုန်း… ဘုန်း...”
စစ်သင်္ဘော တစ်စင်းပြီး တစ်စင်း တိုက်ရိုက် ဆုတ်ဖြဲခံလိုက်ရသည်။ စစ်သင်္ဘောပေါ်ရှိ လူများသည် လေဆင်နှာမောင်း၏ ရုတ်တရက် လွင့်စင်ခြင်းကို ခံလိုက်ရပြီး ကောင်းကင်ယံသို့ ပျံတက်သွားကာ ခြေရာလက်ရာ မကျန်အောင် ပျောက်ကွယ်သွားကြ၏။
ထိုသို့ဖြင့် အံ့ဩစရာကောင်းသော လေဝဲကတော့နှင့် လေဆင်နှာမောင်းသည် ဤသို့ပင် လှိမ့်ဝင်သွားတော့၏။ ပိုင်ယင်မြို့၏ ရေတပ်များသည် အသုတ်လိုက်၊ အသုတ်လိုက် ပျောက်ကွယ်သွားကြသည်။
အသွင်ပြောင်း မကောင်းဆိုးဝါး နဂါးသည် တကယ် ဒေါသထွက်သွားပုံ ရသည်။ တစ်စုံတစ်ယောက်က သူ့ကို အထင်သေးခဲ့သောကြောင့် သူ၏ အင်အားကြီးမားမှုနှင့် ဩဇာအာဏာကို သက်သေပြရန်အတွက် မရေမတွက်နိုင်သော အသက်များဖြင့် ပေးဆပ်ရပေလိမ့်မည်။
ဧရာမ လေဝဲကတော့ကြီးသည် ပိုင်ယင်မြို့၏ ကမ်းစပ်အထိ တိုက်ရိုက် လှိမ့်ဝင်သွားသည်။ အသေအပျောက် မရေမတွက်နိုင်အောင် ဖြစ်သွားပြီး ဖျက်ဆီးမှုများ မရေမတွက်နိုင်အောင် ဖြစ်သွားသည်။
သို့ပေမည့် ဤသည်မှာ မပြီးဆုံးသေးပေ။ နောက်ဆက်တွဲ အနေဖြင့် လေဝဲကတော့နှင့် လေဆင်နှာမောင်း စတင် ခွဲထွက်သွားကြသည်။
အသွင်ပြောင်း ဇင်ယော် သောင်းချီ လျင်မြန်စွာ လည်ပတ်၍ ဖန်တီးထားသော လေဆင်နှာမောင်း သည် ကုန်းပေါ်သို့ စတင် တက်ရောက်လာပြီး ပိုင်ယင်မြို့ အတွင်းသို့ ဝင်ရောက်သွား၏။
ပိုမို ကြောက်စရာကောင်းသော ဖျက်ဆီးမှုများ ဖြစ်ပေါ်လာ၏။ အိမ်တစ်လုံးပြီး တစ်လုံး တိုက်ရိုက် အမြစ်မှ ဆွဲနှုတ်ခံလိုက်ရပြီး တစ်စစီဖြစ်သွားသလို မရေမတွက်နိုင်သော လူများ ကောင်းကင်ယံသို့ လွင့်စင်သွား ကြသည်။
ပင်လယ်ပြင်ပေါ်ရှိ လေဝဲကတော့သည်လည်း ဆက်လက်၍ ရူးသွပ်စွာ သောင်းကျန်းနေပြီး၊ ရူးသွပ်စွာ ဖျက်ဆီးနေ၏။
ဤအချိန်တွင် ယွင်ကျုံးဟဲ့ အနေဖြင့် ရပ်တန့်ရန် အော်ဟစ်နိုင်ကောင်း အော်ဟစ်နိုင်၏။ သို့ပေမည့် သူ မအော်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ဤအသွင်ပြောင်း မကောင်းဆိုးဝါး နဂါး၏ ဩဇာအာဏာကို မဖျက်ဆီးနိုင်သောကြောင့်ပင်။
အာဏာပြမည် ဆိုပါက လုံးဝ ပြတ်ပြတ်သားသား ပြသရမှာ ဖြစ်သည်။ ဤသည်မှာ သူ ဟေးယန် အင်ပါယာကို သိမ်းပိုက်ခဲ့သည့် ဖြစ်စဉ်နှင့် တစ်ပုံစံတည်း ဖြစ်၏။
ထိုအချိန်က အနက်ရောင် နဂါးဘုရင်သည် နေရာကို သူ့ထံ လွှဲအပ်ပေးခဲ့သော်လည်း အသုံးမဝင်ခဲ့ဘဲ ဟေးယန်အင်ပါယာတွင် အကြိမ်ကြိမ် ပုန်ကန်မှုများ ဖြစ်ပေါ်နေခဲ့သည်။
နောက်ဆုံးတွင် တာ့ယန် အင်ပါယာက စစ်တပ်များကို တစ်ဖွဲ့ပြီး တစ်ဖွဲ့ စေလွှတ်ကာ နှိမ်နင်းမှုနှင့် ဦးနှောက်ဆေးမှုများကို ပြုလုပ်ခဲ့ပြီး ဆယ်နှစ်နီးပါး အချိန်ယူကာမှ ဟေးယန်အင်ပါယာကို လုံးဝ သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်၏။
ထို့အပြင် ဟေးယန်အင်ပါယာ၏ မူလ အသွင်ပြောင်း သိုင်းသမား စစ်သည် နှစ်သိန်းမှာ တစ်ဝက်ပင် မကျန်တော့ပေ။
ပိုင်ယင်မြို့သည် အတော်လေး အမြင်ကျယ်ပြီး သဘောထား ပျော့ပျောင်းသော်လည်း တာရှန်းမိစ္ဆာနိုင်ငံ၏ အစိတ်အပိုင်း တစ်ခု ဖြစ်သောကြောင့် အင်အားကို ကြောက်ရွံ့ပြီး ကိုယ်ကျင့်တရားကို မကြောက်ရွံ့ကြပေ။ ဤသို့ အကြီးအကျယ် သတ်ဖြတ်ပြီးနောက်မှသာ သူတို့ လုံးဝ ကြောက်ရွံ့ပြီး အရှုံးပေးကြမှာ ဖြစ်သည်။
အချိန်မည်မျှ ကြာသွားသည်ကို မသိပေ။ သတ်ဖြတ်မှုကြီး ပြီးဆုံးသွားပြီး ပင်လယ်ပြင်ပေါ်တွင် နေရာတိုင်း၌ အလောင်းများ ရှိနေကာ နေရာတိုင်း၌ စစ်သင်္ဘော အပျက်အစီးများ ရှိနေ၏။
လူမည်မျှ သေဆုံးသွားသည်ကို မသိနိုင်သလို ပိုင်ယင်မြို့၏ စစ်သင်္ဘော မည်မျှ ဖျက်ဆီးခံလိုက် ရသည်ကိုလည်း မသိနိုင်ပေ။
ထို့နောက် အသွင်ပြောင်း မကောင်းဆိုးဝါး နဂါးသည် ပင်လယ်ရေအောက်သို့ ပြန်လည် ငုပ်လျှိုးသွားပြီး ခြေရာလက်ရာ မကျန်အောင် ပျောက်ကွယ်သွားတော့သည်။
အသွင်ပြောင်း ပင်လယ် သားရဲကြီး စစ်တပ်များလည်း ရေအောက်သို့ ငုပ်လျှိုးသွားကြသည်။ မရေမတွက် နိုင်သော အသွင်ပြောင်း ဇင်ယော် စစ်တပ်များ လည်း အသီးသီး ရပ်တန့်သွားကြပြီး သူတို့၏ အသိုက်များသို့ ပြန်သွားကြ၏။
ပင်လယ်ပြင်ပေါ်တွင် ယွင်ကျုံးဟဲ့၏ သင်္ဘော တစ်စင်းတည်းသာ ကျန်ရှိတော့ပြီး ပိုင်ယင်မြို့ ရေယာဉ်စု၏ သုံးပုံနှစ်ပုံခန့်သာ ကျန်ရှိတော့သည်။
ယွင်ကျုံးဟဲ့သည် လက်နက် တပ်ဆင်ထားခြင်း မရှိသော တာ့ယန် အင်ပါယာ၏ စစ်သင်္ဘောကို စီးနင်းကာ ဆက်လက်၍ ဖြည်းညင်းစွာ ခုတ်မောင်းလာ၏။
ဤတစ်ကြိမ်တွင် မည်သူကမှ မအော်ဟစ်ရဲကြတော့ပေ။ သူ၏ စစ်သင်္ဘော ဖြတ်သန်းသွားသော နေရာတိုင်းတွင် ပိုင်ယင်မြို့၏ ရေယာဉ်စုများ အားလုံး အလိုအလျောက် ဖယ်ရှားပေးကြသည်။
အရာအားလုံး မဖြစ်ပျက်ခဲ့သကဲ့သို့ပင် ဖြစ်နေပြီး ပင်လယ်ပြင်ပေါ်ရှိ သွေးများနှင့် မြေပြင်ပေါ်ရှိ အပျက်အစီး အကြွင်းအကျန်များကို ကြည့်မှသာ စောစောက ဖြစ်ပျက်ခဲ့သမျှသည် မည်မျှ ရက်စက် ကြမ်းကြုတ်ကြောင်း သိနိုင်၏။
ယွင်ကျုံးဟဲ့၏ အထီးကျန် သင်္ဘောလေးသည် ပိုင်ယင်မြို့၏ ဆိပ်ကမ်းတွင် ဆိုက်ကပ်လိုက်၏။ သူ တစ်ယောက်တည်း စစ်သင်္ဘောပေါ်မှ ဆင်းလာသည်။
ဤအချိန်တွင် ဘုရင် ပိုင်ကုသည် ဆိပ်ကမ်းပေါ်တွင် သူ့ကို စောင့်နေနှင့်ပြီ ဖြစ်ပြီး သူ၏ နောက်တွင် ပိုင်ယင်မြို့၏ ထိပ်သီး ခေါင်းဆောင် ဆယ်ဂဏန်းခန့် ရပ်နေကြ၏။
ယွင်ကျုံးဟဲ့သည် ဘုရင် ပိုင်ကု၏ ရှေ့သို့ ရောက်လာပြီး ဖြည်းညင်းစွာ မေးလိုက်သည်။ “ဘယ်လိုလဲ။ ဘုရင် ပိုင်ကု...”
ဘုရင် ပိုင်ကု၏ ခါးအောက်ပိုင်း တစ်ခုလုံး ပြတ်တောက်နေသော်လည်း သူ၏ ခန္ဓာကိုယ်သည် ကုလားထိုင်ပေါ်မှ ဖြည်းညင်းစွာ လွင့်ပျံလာပြီးနောက် တစ်ဝက်သာ ရှိသော ခန္ဓာကိုယ်ဖြင့် မြေကြီးပေါ်တွင် ပေါ့ပါးစွာ ဝပ်တွားလိုက်ကာ ရိုသေစွာ ပြောလိုက်၏။ “ပိုင်ယင်မြို့မှ ပိုင်ကု... အရှင်မင်းကြီးကို အရိုအသေပေးပါတယ်။ ပိုင်ကု... ပိုင်ယင်မြို့ တစ်ခုလုံးကို ဦးဆောင်ပြီး လက်နက်ချဖို့ ဆန္ဒရှိပါတယ်။ အရှင်မင်းကြီး လက်ခံပေးဖို့ တောင်းဆိုပါတယ်။”
ဤသည်မှာ လူအများစု၏ အခြေအနေ ဖြစ်ပြီး အထူးသဖြင့် အင်အားကို အဓိကထားပြီး သိုင်းပညာကို အလေးထားသော နိုင်ငံများတွင် ပို၍ပင် မှန်ကန်သည်။
ထို့ကြောင့် နောက်ဆက်တွဲ အနေဖြင့် ပိုင်ယင်မြို့ တစ်ခုလုံး လက်နက်ချခြင်းသည် မည်သည့် ဂယက်မျှ ထပ်မံ မဖြစ်ပေါ်ခဲ့တော့ပေ။
အဘယ်ကြောင့်ဆိုသော် စောစောက သတ်ဖြတ်မှုကြီးသည် လူတိုင်း၏ မကျေနပ်မှုများကို လုံးဝ ငြိမ်းသတ်သွားစေခဲ့သောကြောင့်ပင်။
တကယ်တမ်းတွင် ဤသည်မှာ စစ်ရေးအရ သိမ်းပိုက်ခြင်းဖြစ်ပြီး စစ်ပွဲနှင့် အလွန် နီးစပ်သော ပုံစံမျိုးကို အသုံးပြုခဲ့ခြင်းသာ ဖြစ်သည်။
ပိုင်ယင်မြို့၏ နန်းတော် အတွင်းတွင် ရိုးရှင်းသော်လည်း ခမ်းနားသော အခမ်းအနား တစ်ခုကို ကျင်းပခဲ့၏။
ဘုရင် ပိုင်ကု သည် တံဆိပ်တုံးကြီး တစ်ခုနှင့် လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ကျော်က တာရှန်းမိစ္ဆာနိုင်ငံ၏ အမိန့်ပေး ကတ်ပြား တစ်ခုကို ဆက်သခဲ့၏။ ထို့အပြင် သူ၏ ဘုရင်ရာထူးကိုလည်း စွန့်လွှတ်ခဲ့သည်။
“အရှင်မင်းကြီးကို အရိုအသေပေးပါတယ်။”
ပိုင်ယင်မြို့၏ တိုက်ရိုက် လက်အောက်ခံ ဗိုလ်ချုပ်များ အားလုံး ဒူးထောက်ကာ ယွင်ကျုံးဟဲ့ကို သစ္စာခံကြောင်း ပြသခဲ့ကြ၏။
ပိုင်ဖေးဖေး သည်လည်း နောက်ဆုံး၌ ယွင်ကျုံးဟဲ့၏ ကုတင်ပေါ်တွင် စိတ်အေးချမ်းသာစွာ အိပ်စက်နိုင်တော့ မှာဖြစ်သည်။
အပိုင်း (၈၇၆)
ပိုင်ဖေးဖေးက ရုတ်တရက် မေးခွန်း တစ်ခု မေးလိုက်သည်။ “ယွင်ကျုံးဟဲ့... မိန်းမတွေ အားလုံးက အားနည်းသူတွေလို့ ရှင် ထင်လား။”
ယွင်ကျုံးဟဲ့ ခဏမျှ စဉ်းစားပြီးနောက် ဖြေ၏။ “သေချာပေါက် မဟုတ်ပါဘူး။ ဘာလို့ အဲဒီလို ပြောရတာလဲ။”
ပိုင်ဖေးဖေးက ထပ်မေးသည်။ “ကျင်းကျုံးယွဲ့က အင်အားကြီးလား။”
ယွင်ကျုံးဟဲ့ ခေါင်းညိတ်ကာ ဖြေလိုက်၏။ “ကြီးတယ်။”
ပိုင်ဖေးဖေးက ဆက်မေးသည်။ “ဒါဆို သူက အခု ဘာလို့ ဒီလောက်တောင် ပျင်းရိနေရတာလဲ။ ရည်မှန်းချက် နည်းနည်းလေးမှ မရှိဘူး။”
ထို့နောက် ပိုင်ဖေးဖေးက မေးလိုက်ပြန်၏။ “လီဟွာမေ ကကော အင်အားကြီးလား။”
ယွင်ကျုံးဟဲ့က ဖြေသည်။ “သေချာပေါက် အင်အားကြီးတာပေါ့။”
ပိုင်ဖေးဖေးက နားမလည်ဟန်ဖြင့် ပြောလိုက်၏။ “ဒါဆို သူက ဘာလို့ ကိုယ်ပိုင် လမ်းကြောင်း တစ်ခုကို မဖောက်ချင်ရတာလဲ။ အဲဒီတုန်းက သူနဲ့ ကျွန်မအဖေ သဘောထား မတိုက်ဆိုင်လို့ ပိုင်ယင်မြို့ကို ပုန်ကန်ခဲ့ပေမယ့် လုံးဝ ပုန်ကန်ခဲ့တာ မဟုတ်ဘဲ ဝေးဝေး မသွားဘဲ အမြဲတမ်း အနားမှာ ရှိနေခဲ့တယ်။
အခု ပိုင်ယင်မြို့က ရှင့်ဆီ လက်နက်ချလိုက်တော့ သူက ဝန်ထုပ်ဝန်ပိုး လျော့ကျသွားသလို ဖြစ်သွားတယ်။ ဘာလို့လဲဆိုတော့ သူက တာရှန်းမိစ္ဆာနိုင်ငံရဲ့ လမ်းစဉ်ကို သဘောမတူပေမယ့် လမ်းသစ် တစ်ခုကိုလည်း ရှာမတွေ့နိုင်လို့ ရှင့်နောက်ကို လိုက်ဖို့ပဲ ရွေးချယ်ခဲ့ရတာလေ။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “မင်း ဘယ်အချိန်က ဒဿနိကဗေဒ ပညာရှင် ဖြစ်သွားတာလဲ။”
ပိုင်ဖေးဖေးက ပြော၏။ “ပြီးတော့ ကျွန်မ... ကျွန်မက လူမိုက် တစ်ယောက်လိုပဲလို့ ခံစားရတယ်။”
‘မင်း ကိုယ့်ကိုယ်ကိုယ် အဲဒီလို ပြောတာ တကယ်ကော ကောင်းရဲ့လား။ ပြီးတော့ ဒီစကားလုံးကို မင်း ဘယ်က သင်လာတာလဲ။ ဘာလို့လဲဆိုတော့ ဒီလောကမှာ ဒီစကားလုံး မရှိဘူးလေ။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်အတော်ကြာက ကျုပ်ဆီကနေ စပြီး ပျံ့နှံ့သွားခဲ့တာပဲ။’
ယွင်ကျုံးဟဲ့က သူမကို ကြည့်ကာ သူမ၏ ရှင်းပြချက်ကို နားထောင်ရန် စောင့်နေသည်။
ပိုင်ဖေးဖေးက ရှင်းပြလိုက်၏။ “ကျွန်မ ငယ်ငယ်တုန်းက ကျွန်မဟာ ဒီလောကမှာ အင်အားအကြီးဆုံး၊ အရက်စက်ဆုံး၊ အတော်ဆုံး မိန်းမ တစ်ယောက်လို့ ထင်ခဲ့တယ်။ ကျွန်မ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး၊ လုပ်ချင်တာ လုပ်မယ်၊ သတ်ချင်တဲ့သူ သတ်မယ်၊ ကိုယ့်အဒေါ်အရင်းကိုတောင် သတ်ရဲတယ်။
နောက်ပိုင်းကျတော့ ကျွန်မက တော်တာ မဟုတ်ဘဲ ကျွန်မရဲ့အဖေ တော်တာပဲ ဆိုတာကို သိလာတယ်။ အဖေက ဧကရာဇ်ကို ရှုံးသွားပြီးတဲ့ နောက်မှာ ကျွန်မရဲ့ ကျောရိုးလည်း ကျိုးသွားသလိုပဲ။”
ယွင်ကျုံးဟဲ့ စကားမပြောခဲ့ပေ။
ပိုင်ဖေးဖေးက ဆက်ပြောသည်။ “ရှင် ပြန်ရောက်လာပြီး ကျင်းဝူရွှမ်းကို အနိုင်ယူလိုက်တဲ့ အချိန်တုန်းက ရှင်က ကျွန်မကို ပိုင်ယင်မြို့ ကိုယ်စား လက်နက်ချဖို့ ပြောခဲ့တယ်။ ကျွန်မက လုံးဝ မဖြစ်နိုင်ဘူးလို့ ပြောခဲ့တယ်။ ကျွန်မတို့ တာရှန်းမိစ္ဆာနိုင်ငံက လုံးဝ လက်နက်မချဘူးလို့ ပြောခဲ့တယ်။ ပြီးတော့ ရှင့်ကို သတ်မယ်လို့ အမြဲတမ်း ပြောခဲ့တယ်။ ကျွန်မ ဘာလို့ အဲဒီလောက်တောင် ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့လဲ ဆိုတာ ရှင် သိလား။”
ယွင်ကျုံးဟဲ့ သေချာပေါက် သိသော်လည်း သူမကို မပြောပြခဲ့ပေ။
ပိုင်ဖေးဖေးက ပြောလိုက်၏။ “ဘာလို့လဲဆိုတော့ ကျွန်မရဲ့ အတွင်းစိတ်ထဲမှာ သဘောတူချင်နေလို့ပဲ။ အဲဒီလိုဆိုရင် တာဝန် အားလုံးကို ရှင့်ဆီ လွှဲပေးလိုက်လို့ ရပြီလေ။ ဒါပေမဲ့ အရမ်း ရှက်စရာ ကောင်းတယ်လို့ ခံစားရလို့ ဒီရှက်ရွံ့မှုကို ဖုံးကွယ်ဖို့ အစွန်းရောက်တဲ့ နည်းလမ်းတွေကို သုံးခဲ့တာ။
ပြီးတော့ ရှင်က ကျွန်မအဖေနဲ့ သွားဆွေးနွေးမယ်လို့ ပြောလိုက်တော့ ကျွန်မ ချက်ချင်း သက်ပြင်းချ နိုင်သွားတယ်။ ဘာလို့လဲဆိုတော့ နောက်ဆုံးတော့ လက်နက်ချဖို့ တာဝန်ကို ကျွန်မအဖေဆီ လွှဲပေးလို့ ရသွားပြီလေ။
လက်နက်ချတာက သတ္တိကြောင်တယ်လို့ ကျွန်မ ထင်ခဲ့ပေမယ့် လက်နက်မချရဲတာက ပိုပြီး သတ္တိကြောင်တယ် ဆိုတာကို ကျွန်မ ရုတ်တရက် နားလည်သွားတယ်။ ကျွန်မရဲ့အဖေက အရမ်း ရဲရင့်တယ်လို့ ထင်တယ်။ ကျွန်မကတော့ အသုံးမကျတဲ့ ကောင်မလေး တစ်ယောက်ပါပဲ။”
“အင်း....”
“အခု ပိုင်ယင်မြို့က လက်နက်ချလိုက်ပြီ ဆိုတော့ ကျွန်မလည်း ရှင့်ရဲ့ ကုတင်ပေါ်ကို မြန်မြန် ပြန်တက်လာပြီ။ ကျွန်မကိုယ်ကျွန်မ အရမ်း ရှက်ဖို့ကောင်းတယ်လို့ ထင်တယ်။”
ပိုင်ဖေးဖေးက ဆက်ပြောသည်။ “ရှောင်ချီကို အနာဂတ် တစ်ခု ပေးချင်တယ်။ သူ့ကို ကာကွယ်ပေးချင်တယ်။ ဒါပေမဲ့ ကျွန်မကိုယ်တိုင် အားကိုးပြီးတော့ မကာကွယ်ပေးချင်ဘူး။ အရင်က အဖေ့ကို အားကိုးခဲ့ပြီး အခုတော့ ရှင့်ကို အားကိုးချင်နေပြန်ပြီ။ ဒါက အရမ်း ရှက်ဖို့ကောင်းပြီး သတ္တိကြောင်တယ်လို့ ရှင် မထင်ဘူးလား။ ဒီလောကမှာ တကယ် အင်အားကြီးတဲ့ မိန်းမ ဆိုတာ ရှိသေးရဲ့လား။”
“သေချာပေါက် ရှိတာပေါ့။”
ယွင်ကျုံးဟဲ့က ဖြေ၏။ “တချို့ မိန်းမတွေက ယောက်ျားတွေကို အားမကိုးဘဲ ကိုယ့်ဘာသာကိုယ် ကိုယ်ပိုင် လောကတစ်ခုကို ဖန်တီးနိုင်ကြတယ်။”
ပိုင်ဖေးဖေးက မေးလိုက်သည်။ “ဘယ်သူလဲ။”
ယွင်ကျုံးဟဲ့က ဖြေ၏။ “ကျင်းဝူရွှမ်း လေ။”
ပိုင်ဖေးဖေးက ပြောသည်။ “ဒါပေမဲ့ ရှင် သူ့ကို ကြည့်မရလို့ သတ်ပစ်လိုက်ပြီလေ။”
“အင်း...”
ကျင်းဝူရွှမ်းသည် သေချာပေါက် ကိုယ့်အားကိုယ်ကိုးပြီး အားကောင်းသော အမျိုးသမီး တစ်ဦး ဖြစ်သည်။ သူမ တစ်သက်လုံး ကြိုးစား ရုန်းကန်ခဲ့သော်လည်း...
ပိုင်ဖေးဖေးက မေးလိုက်၏။ “ရှင် နောက်ထပ် ဥပမာ တစ်ခုလောက် ထပ်ပေးပါအုံး။”
ယွင်ကျုံးဟဲ့ ခဏမျှ စဉ်းစားပြီးနောက် ဖြေလိုက်သည်။ “တာ့ယန် အင်ပါယာက ငါ့ဇနီး ကျီးချင့်။”
ပိုင်ဖေးဖေးက ထပ်မေး၏။ “ဘယ်လိုကြောင့်လဲ။”
ယွင်ကျုံးဟဲ့က ဖြေသည်။ “သူမက ပါရမီရှင် တစ်ယောက်ပါ။ ငါ့ကို ဘယ်တော့မှ မှီခိုမနေဘဲ ကိုယ့်ဘာသာကိုယ် ထူးခြားတဲ့ လုပ်ငန်းတွေကို ဖန်တီးနိုင်ခဲ့ပြီး အင်ပါယာ တစ်ခုလုံးအတွက် ကြီးမားတဲ့ အကျိုးဆောင်မှုတွေ လုပ်ပေးနိုင်ခဲ့တယ်။ အဲဒါကြောင့် သူက တာ့ယန် အင်ပါယာသစ်မှာ အရင်ဆုံး အင်ပါယာရဲ့ အကျိုးဆောင်၊ ရူပဗေဒ ပညာရှင်ကြီး ဖြစ်ပြီး၊ နောက်မှ ငါ့ရဲ့ ဇနီး ဖြစ်လာတာပါ။”
ပိုင်ဖေးဖေးက မေးလိုက်၏။ “နောက်ထပ်ကော။”
ယွင်ကျုံးဟဲ့၏ ခေါင်းထဲတွင် နာမည် တစ်ခု ပေါ်လာသော်လည်း ပါးစပ်မှ မပြောထွက်ခဲ့ပေ။
နောက်ထပ် အမျိုးသမီး တစ်ဦးလည်း ရှိသေး၏။ သူမသည် အင်အားကြီးသူများကို ဘယ်တော့မှ မအားကျဘဲ အတွင်းစိတ် ငြိမ်းချမ်းမှုကိုသာ ရှာဖွေသူ ဖြစ်ပြီး ကြည့်ရသည်မှာ အလွန် နူးညံ့ပုံ ရသော်လည်း တကယ်တမ်းတွင် အလွန် လွတ်လပ်ပြီး အင်အားကြီးမားသည်။ ထိုလူမှာ မင်းသမီး ရှန်းရှန်းပင် ဖြစ်၏။
ဤလောက၌ ယွင်ကျုံးဟဲ့သည် လူအများအပြားကို သိမ်းပိုက်နိုင်ခဲ့ပြီး မိန်းမ အများအပြားကိုလည်း သိမ်းပိုက်နိုင်ခဲ့၏။ သို့ပေမည့် မင်းသမီး ရှန်းရှန်းနှင့် ဆက်ဆံရေးတွင်မူ သူက သိမ်းပိုက်ခံရသူ ဖြစ်သည်။
ထို့အပြင် အစမှ အဆုံးထိ မင်းသမီး ရှန်းရှန်းကသာ သူ့ကို ကူညီခဲ့ခြင်း ဖြစ်ပြီး သူက ရှန်းရှန်း ကို ကူညီခဲ့ခြင်း မဟုတ်ပေ။
ပိုင်ဖေးဖေး သည် သူမ၏ ကိုယ်ပိုင် တွေးခေါ်မှုများ အတွင်းသို့ နစ်မွန်းနေပုံ ရသည်။
“ဘာလို့ အဖေက အဲဒီလောက်တောင် ကိုယ်ပိုင် အမြင် ရှိပြီး ခိုင်မာတဲ့ စိတ်ဆန္ဒတွေ ပြည့်နှက်နေရတာလဲ။”
ပိုင်ဖေးဖေးက မေးလိုက်၏။ “ပြီးတော့ ရှင်လည်း အဲဒီလိုပဲ။ ခိုင်မာတဲ့ လမ်းကြောင်းနဲ့ ခိုင်မာတဲ့ စိတ်ဆန္ဒတွေ ရှိတယ်။ ကျွန်မတို့သား ရှောင်ချီ တောင် အဲဒီလိုပဲ။ ရှင်တို့ အားလုံးက ယောက်ျားတွေ ဖြစ်နေလို့လား။”
ယွင်ကျုံးဟဲ့က ဖြေသည်။ “အဲဒါ မင်း ငါ့သမီး ကျင်းချွဲ ကို မမြင်ဖူးလို့ပါ။ သူမလည်း ဉာဏ်ပညာတွေ ပြည့်နှက်နေပြီး ကိုယ်ပိုင် ဆန္ဒတွေ ပြည့်နှက်နေတဲ့ ကောင်မလေး တစ်ယောက်ပါ။”
ပိုင်ဖေးဖေးက မေးလိုက်၏။ “ဒါဆို ဧကရာဇ်မင်းကြီး ကကော လမ်းကြောင်း ရှိပြီး ခိုင်မာတဲ့ စိတ်ဆန္ဒ ရှိတဲ့ လူတစ်ယောက်လို့ ရှင် ထင်လား။”
သူမ ပြောသော ဧကရာဇ် ဆိုသည်မှာ သေချာပေါက် တာယင် အင်ပါယာ ဧကရာဇ်၊ ယခု တာရှန်းမိစ္ဆာနိုင်ငံ၏ ဧကရာဇ် ပင် ဖြစ်သည်။
ယွင်ကျုံးဟဲ့က ဖြေ၏။ “သေချာတာပေါ့။ သူက သေချာပေါက် ဒီလောကမှာ စိတ်ဆန္ဒ အခိုင်မာဆုံး ယောက်ျားပဲ။”
ပိုင်ဖေးဖေးက ထပ်မေးသည်။ “ဒါဆို သူ ဘာတွေးနေလဲလို့ ရှင် ထင်လဲ။”
ယွင်ကျုံးဟဲ့ အနည်းငယ် အံ့ဩသွားသည်။ အဘယ်ကြောင့်ဆိုသော် ပိုင်ဖေးဖေး၏ ဤမေးခွန်းသည် ဝိညာဉ်ရေးရာ မေးခွန်းထုတ်ခြင်းနှင့် တူလုနီးပါး ဖြစ်နေသောကြောင့်ပင်။
ပိုင်ဖေးဖေးက မေးလိုက်၏။ “ယွင်ကျုံးဟဲ့... ရှင့်ရဲ့ ရည်မှန်းချက်က ဘာလဲ။”
ယွင်ကျုံးဟဲ့က ဖြေသည်။ “တာရှန်းမိစ္ဆာနိုင်ငံကို ဖျက်ဆီးပြီး အမှောင် မိစ္ဆာဘုရင်ကို ဖျက်ဆီးပစ်ဖို့ပဲ။”
ပိုင်ဖေးဖေးက မေးလိုက်ပြန်၏။ “ဒီရည်မှန်းချက် ပြီးသွားရင်ကော။ ရှင့်မှာ ရည်မှန်းချက် ရှိသေးလား။”
ယွင်ကျုံးဟဲ့ ခဏမျှ စဉ်းစားပြီးနောက် ခေါင်းယမ်းကာ ဖြေလိုက်သည်။ “မရှိတော့ဘူး။”
ပိုင်ဖေးဖေးက မေး၏။ “ဒါဆို ဧကရာဇ်မင်းကြီး ရဲ့ ရည်မှန်းချက်က ဘာလဲလို့ မင်း ထင်လဲ။”
ဤအချက်ကို ယွင်ကျုံးဟဲ့ သိသည်။ အဘယ်ကြောင့်ဆိုသော် ဧကရာဇ် ကိုယ်တိုင် ပြောခဲ့ဖူး၏။ သူသည် ဤလောကကြီး၏ အမြင့်ဆုံး နေရာတွင် ရပ်ကာ ရှုခင်းများကို ကြည့်ရှုလိုကြောင်း ပြောခဲ့ဖူးသည်။
ပိုင်ဖေးဖေးက ပြောလိုက်၏။ “သူ့ရဲ့ အရင်က ရည်မှန်းချက်က တာရှန်းမိစ္ဆာနိုင်ငံရဲ့ ဧကရာဇ် ဖြစ်လာဖို့၊ ဒီလောကကြီးရဲ့ အမြင့်ဆုံး ဘုရင် ဖြစ်လာဖို့၊ တကယ့် လောကမှာ ပြိုင်ဘက်ကင်း ဖြစ်လာဖို့ပဲ။ ဒါပေမဲ့... သူ အကောင်အထည် ဖော်နိုင်ခဲ့ပြီလေ။”
“အင်း...”
အမှန်စင်စစ် ပိုင်ဖေးဖေး၏ စကားတစ်ခွန်းက ပကတိအမှန်တရားကို လှစ်ဟပြနေခြင်း ဖြစ်သည်။
ဧကရာဇ်မင်းကြီး၏ မြင့်မားလှသော စံပြရည်မှန်းချက်များနှင့် ပန်းတိုင်များသည် အမှန်တကယ်ပင် အကောင်အထည်ပေါ်လာခဲ့သည်။ ထိုအရာမှာ ယခုမှ မဟုတ်ဘဲ လွန်ခဲ့သော နှစ်ပေါင်းများစွာတည်းကပင် အောင်မြင်ခဲ့ခြင်း ဖြစ်၏။
ယွင်ကျုံးဟဲ့သည် တာ့ယန်အင်ပါယာသစ်သို့ သွားရောက်ကာ အင်အားတောင့်တင်းလာသည်မှာ မှန်သော်လည်း ဧကရာဇ်မင်းကြီးအနေဖြင့်မူ ထိုအကြောင်းအရာကို အပြည့်အဝ သိရှိထားခြင်း မရှိသေးပေ။
သို့ပေမည့် အနည်းဆုံးအားဖြင့် လွန်ခဲ့သော နှစ်ကာလများစွာအတွင်း သူသည် ဤလောက၌ ပြိုင်ဘက်ကင်းသူတစ်ဦး ဖြစ်နေခဲ့သည်။ လောကကြီး၏ အမြင့်ဆုံးသော နေရာတွင် ရပ်တည်လျက် တုနှိုင်းမဲ့ ကြီးစိုးနေခဲ့သည်မှာ ကြာပြီဖြစ်သည်။
လူတစ်ဦးသည် လောက၌ ပြိုင်ဘက်ကင်းသွားပြီးနောက် ရှေ့ဆက်ရမည့် ရည်မှန်းချက်များ ပျောက်ဆုံး သွားပါက မည်သို့ဖြစ်လာနိုင်သနည်း။ ဓားကို ဆွဲထုတ်ကာ အရပ်လေးမျက်နှာကို ငေးမောရင်း လမ်းစပျောက်၍ တွေဝေနေမိမည်လား။
ပြိုင်ဘက်ကင်းရခြင်းသည် မည်မျှ အထီးကျန်ဆန်လှသနည်း။ အထွတ်အထိပ်သို့ ရောက်ရှိသွားခြင်းသည် မည်မျှပင် ဟာလာဟင်းလင်း ဖြစ်ကာ တိတ်ဆိတ်လွန်းသနည်း။
တရုတ်သမိုင်းတစ်လျှောက်တွင်လည်း ဧကရာဇ်မင်းများသည် ပြိုင်ဘက်ကင်းသော အခြေအနေတစ်ခုသို့ ရောက်ရှိသွားသည့်အခါတိုင်း များသောအားဖြင့် မအိုမသေဘဲ ထာဝရအသက်ရှင်နိုင်မည့် နည်းလမ်းများကိုသာ လိုက်လံရှာဖွေတတ်ကြသည်။
ထိုသို့ဆိုလျှင် တာရှန်းမိစ္ဆာနိုင်ငံ၏ ဤဧကရာဇ်မင်းကြီးသည် ယခုအချိန်တွင် မည်ကဲ့သို့သော အကြံအစည် များကို ကြံစည်လျက် မည်သည့်အရာများကို လုပ်ဆောင်နေမည်နည်း။
ပိုင်ယင်မြို့၏ သစ္စာခံမှုကို လက်ခံရရှိပြီးနောက် ပိုင်ဖေးဖေး၊ ပိုင်ချီ၊ လီဟွာမေ တို့သည် ပိုင်ယင်မြို့၏ အဓိက ရေတပ် တစ်စိတ်တစ်ပိုင်းနှင့် အသွင်ပြောင်း ပင်လယ် သားရဲကြီး စစ်တပ်များကို ခေါ်ဆောင်ကာ ထွက်ခွာသွားပြီး ယခင် တာ့ကျိုး အင်ပါယာ၏ နယ်မြေသို့ သွားရောက်ကြသည်။
ထို့နောက်တွင် အနက်ရောင်ဘုရင်ကျိုး၏ သစ္စာခံမှု ဖြစ်၏။
ရက်အနည်းငယ် ကြာပြီးသည့်နောက် ယွင်ကျုံးဟဲ့သည် တောင်ပိုင်းပြည်နယ်သို့ ပြန်ရောက်လာပြီးနောက် ယခင် တာ့ကျိုး အင်ပါယာ ပြည်တွင်းသို့ ထပ်မံ ပြန်သွားကာ အနက်ရောင်ဘုရင်ကျိုး၏ အပြည့်အဝ သစ္စာခံမှုကို လက်ခံရန် ပြင်ဆင်သည်။
“ကျုပ်... အရှင်မင်းကြီးကို အရိုအသေပေးပါတယ်။” အောက်မင် ဒူးထောက်ကာ မြေကြီးပေါ်တွင် လုံးဝ ဝပ်တွားနေ၏။
ယွင်ကျုံးဟဲ့သည် သူ့ကို အတော်ကြာအောင် ကြည့်နေပြီး အတွင်းစိတ်ထဲတွင် အလွန် လွမ်းဆွတ်နေမိသည်။
ယခင်က ဤဝမ်းကွဲ အစ်ကိုသည် မိမိ၏ အကြီးမားဆုံး ရန်သူ ဖြစ်ခဲ့ပြီး အယုတ်မာဆုံး ရန်သူလည်း ဖြစ်ခဲ့သည်။ ယခင်က ဤလူသည်လည်း မိမိထံသို့ အကြိမ်ကြိမ် ဟန်ဆောင် လက်နက်ချခဲ့ဖူး၏။
ယွင်ကျုံးဟဲ့က တာ့ကျိုး ဧကရာဇ်ဟောင်းကို ကူညီပြီး ဧကရာဇ် ဝမ်ယွင်ကို အနိုင်ယူခဲ့ချိန်ကရော၊ ယွင်ကျုံးဟဲ့က တာယင် အင်ပါယာ ကိုယ်စား တာ့ကျိုး အင်ပါယာကို ဖျက်ဆီးခဲ့ချိန်ကပါ အောက်မင် သည် ဟန်ဆောင်ကာ သစ္စာခံကြောင်း ပြသခဲ့သော်လည်း သူ၏ အတွင်းစိတ်ထဲတွင် ရန်လိုမှုများနှင့် အမုန်းတရားများ ပြည့်နှက်နေပြီး ယွင်ကျုံးဟဲ့ကို အချိန်တိုင်း သတ်ချင်နေကာ၊ အချိန်တိုင်း ပြန်လည် အနိုင်ယူချင်နေကြောင်း ခြေဖနောင့်ဖြင့် တွေးကြည့်လျှင်ပင် သိနိုင်သည်။
သို့ပေမည့် ယခုအခါ သူ တကယ်ကို ဒူးထောက်သွားပြီ ဖြစ်ပြီး တကယ် သစ္စာခံသွားပြီ ဖြစ်ကြောင်း ယွင်ကျုံးဟဲ့ တကယ် ခံစားလိုက်ရသည်။ အတွင်းစိတ်မှနေ၍ ဝိညာဉ် အနက်ရှိုင်းဆုံး အထိ သစ္စာခံသွားပြီ ဖြစ်၏။
‘ဒါက ဘာလို့လဲ။ ခင်ဗျားက လူတစ်ယောက်ထက် နည်းနည်းလေး ပိုသာနေတဲ့ အချိန်မှာ သူက မနာလို ဖြစ်ပြီး မုန်းတီးမယ်။ ခင်ဗျားက သူ့ထက် အများကြီး၊ အများကြီး ပိုသာသွားတဲ့ အချိန်၊ အကွာအဝေး အများကြီး ကွာဟသွားတဲ့ အချိန်ကျရင် သူက စတင် ကိုးကွယ်ပြီး ကြောက်ရွံ့ လေးစားလာမယ်။ ဒါက အကြောင်းရင်း အပြည့်အစုံ မဟုတ်လောက်ဘူး၊ ပိုနက်ရှိုင်းတဲ့ အကြောင်းရင်းတွေ ရှိသေးတယ်။’