အခန်း (၈၇၇-၈၇၈)
Vol. 74 Ch. 877-878
အပိုင်း (၈၇၇)
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဧကရာဇ်ကြီးက ခင်ဗျားကို သတ်ပြီးတဲ့ နောက်မှာ ခင်ဗျား ပြန်ရှင်လာတာလား။”
အောက်မင်က ဖြေ၏။ “ဟုတ်ပါတယ်။ ဧကရာဇ်ကြီးရဲ့ အဲဒီ ဓားချက်က အရမ်း ဆန်းကြယ်ပြီး ကျုပ်ကို တကယ် မသတ်ခဲ့ပါဘူး။ ဒါပေမဲ့ ကျုပ်ရဲ့ မိသားစု တစ်ခုလုံး ကတော့ တကယ် သတ်ခံလိုက်ရပါတယ်။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဧကရာဇ်ကြီးက ခင်ဗျားကို ဘာလို့ တကယ် မသတ်ခဲ့တာလဲလို့ ခင်ဗျား ထင်လဲ။”
အောက်မင်က ဖြေ၏။ “အဲဒီတုန်းက သူက ကျုပ်ဟာ လူတော် တစ်ယောက်လို့ ထင်ခဲ့ပြီး၊ အရှင်မင်းကြီးရဲ့ အကြောင်းတွေကြောင့် ကျုပ်အသက်ကို ချန်ထားခဲ့တာပါ၊ အသုံးဝင်ကောင်း ဝင်မယ် ဆိုပြီးတော့ပေါ့။”
ယွင်ကျုံးဟဲ့က မေးသည်။ “ခင်ဗျားက တကယ်ပဲ လူတော် တစ်ယောက်ပါ။ ဒါပေမဲ့ ဧကရာဇ်ကြီးက နောက်ပိုင်းမှာ ခင်ဗျားကို ဘာလို့ နေရာ မပေးခဲ့တာလဲ။”
အောက်မင် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဖြေသည်။ “လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က တာယင် အင်ပါယာ ဧကရာဇ်ဟာ အင်အားကြီးမားပေမယ့် လုံလောက်အောင် အင်အား မကြီးသေးပါဘူး၊ လုံလောက်အောင် မမြင့်မားသေးပါဘူး။ အဲဒါကြောင့် သူ့ရဲ့ မြင်ကွင်းမှာ ကျုပ် ဆိုတဲ့ လူတစ်ယောက် ရှိနေသေးတာပါ။
ဒါပေမဲ့ နောက်ပိုင်းမှာ သူ တာရှန်းမိစ္ဆာနိုင်ငံရဲ့ ဧကရာဇ် ဖြစ်လာပြီးနောက် အဆက်မပြတ် အသွင်ပြောင်းပြီး အဆက်မပြတ် အင်အားကြီးလာကာ ကောင်းကင်ဘုံ ကိုးထပ် အထက်ကို ရောက်သွားပါပြီ။ ကျုပ်အရိပ်က မြေကြီးပေါ်က ပုရွက်ဆိတ်လေး တစ်ကောင် ဖြစ်သွားပြီး သူက ကျုပ်ကို လုံးဝ မမြင်ရတော့ပါဘူး။”
ယွင်ကျုံးဟဲ့ စကားမပြောခဲ့ပေ။
အောက်မင် ၏ မျက်လုံးများတွင် ရုတ်တရက် မျက်ရည်များ ပြည့်လာပြီး ပြောလိုက်၏။ “အရှင်မင်းကြီး... ကျုပ်၊ ကျုပ် ခေတ်နောက်ကျသွားပါပြီ။”
ဤစကားများကို ပြောချိန်တွင် အောက်မင်၏ လေသံမှာ တကယ်ကို အလွန် ဝမ်းနည်းစရာ ကောင်းလို့နေသည်။
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ခင်ဗျားက တခြားသူတွေဆီမှာ ဆိုရင် အနာဂတ် ရှိသင့်တာပေါ့။ ခင်ဗျားက အဆိပ်ပြင်းတဲ့ ပညာတတ် တစ်ယောက်ပဲလေ။ တာယင် ဘုရင်ဆီမှာ ဖြစ်စေ၊ တာ့ရှ ဘုရင်ဆီမှာ ဖြစ်စေ ပိုပြီး အနာဂတ် ရှိသင့်တာပေါ့။ ဘာလို့ အနက်ရောင်ဘုရင်ကျိုးဆီ လာရတာလဲ။”
အောက်မင်က ခေါင်းယမ်းကာ ဖြေသည်။ “အရှင်မင်းကြီး... ကျုပ် အရင်ကလည်း အဲဒီလို ထင်ခဲ့ပါတယ်။ ဒါပေမဲ့... ကျုပ် တကယ်ကို ခေတ်နောက်ကျသွားပါပြီ။ ကျုပ်လည်း အသွင်ပြောင်းဖို့ သွားခဲ့ပါတယ်၊ သိုင်းပညာကို အစွမ်းကုန် လေ့ကျင့်ဖို့ ကြိုးစားခဲ့ပါတယ်၊ ပိုပြီး အင်အားကြီးလာအောင် ကြိုးစားခဲ့ပါတယ်။
ဒါပေမဲ့ သိုင်းပညာက ကျုပ်အတွက် အလှဆင်စရာ တစ်ခု သက်သက်ပါပဲ။ ကျုပ် အဂုဏ်ယူဆုံးက ကျုပ်ရဲ့ ဉာဏ်ပညာနဲ့ ပညာရေးပါ။ ဒါပေမဲ့ တာရှန်းမိစ္ဆာနိုင်ငံမှာတော့ ဒီအရာတွေက လုံးဝ အသုံးမဝင်ပါဘူး။ သိုင်းပညာကသာ အဓိကပဲ၊ အင်အားကသာ အဓိကပဲ။ ကျုပ် အစွမ်းကုန် ကြိုးစားပြီး လိုက်ခဲ့ပေမယ့် တကယ်ကို လိုက်မမီတော့ပါဘူး။
ဘုရင်ကြီးနဲ့ ကျုပ်ရဲ့ ဆက်ဆံရေးက ရှုပ်ထွေးပေမယ့် မည်သို့ပင်ဖြစ်စေ မိတ်ဟောင်းဆွေဟောင်းတွေ ဖြစ်လို့ အနည်းဆုံးတော့ သူ့အမြင်မှာ ကျုပ် အရိပ်လေး ရှိနေသေးပါတယ်။ အရှင်မင်းကြီး... ကျုပ် ခေတ်နောက်ကျ သွားပါပြီ။ သိုင်းပညာ လေ့ကျင့်ရာမှာ သူတို့ကို ကျုပ် တကယ် လိုက်မမီတော့ပါဘူး။ ပြီးတော့ ကျုပ် သိုင်းပညာကို တကယ် မကြိုက်ပါဘူး၊ ကျုပ် မြတ်နိုးတာက ပညာရေး၊ စာဖတ်ခြင်းနဲ့ ဉာဏ်ပညာတွေပါ။”
လင်ကုန်း သည်လည်း ဤစကားကို အကြိမ်ကြိမ် ပြောခဲ့ဖူး၏။
ယွင်ကျုံးဟဲ့က မေးသည်။ “ဒါဆို အရင် ဧကရာဇ် ထျန်းယန် ကော။”
အောက်မင် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဖြေလိုက်၏။ “အရှင်မင်းကြီး... သူကို ကျုပ် နည်းနည်း နားမလည်နိုင်ပါဘူး။”
ဤစကားက အနည်းငယ် နက်နဲသည်။
ယွင်ကျုံးဟဲ့ လင်ကုန်းကို ခေါ်ယူ တွေ့ဆုံပြီး သူ့ကို မေးခွန်း တစ်ခု မေးမြန်းခဲ့၏။
“အရင် ဧကရာဇ် ထျန်းယန် လား။”
လင်ကုန်းက ဖြေသည်။ “သူ့ကိုလည်း ကျုပ် နားမလည်နိုင်ပါဘူး။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဘာလို့ နားမလည်နိုင်တာလဲ။”
လင်ကုန်းက ဖြေသည်။ “သူက မကျေမနပ် ဖြစ်နေသလိုပဲ၊ ဒါပေမဲ့ ကံကြမ္မာကို လက်ခံလိုက်သလိုလည်း ဖြစ်နေတယ်။ အတွင်းစိတ်ထဲမှာ မျှော်လင့်ချက်လေး နည်းနည်း ရှိနေသလိုပဲ၊ ဒါပေမဲ့ သူ ဘာကို မျှော်လင့်နေမှန်းတော့ မသိဘူး။”
ဟုတ်ပေသည်။ လင်ကုန်း၏ ဤဖော်ပြချက်သည် အလွန့် အလွန် တိကျလှသည်။ ယွင်ကျုံးဟဲ့သည် ယခုအချိန်တွင် ထျန်းကျို့ကို နားမလည်သော်လည်း လင်ကုန်း၏ ဖော်ပြချက်သည် တကယ်ကို ပေတံဖြင့် တိုင်းတာထားသကဲ့သို့ တိကျလွန်းလှ၏။
ယွင်ကျုံးဟဲ့သည် တာ့ကျိုး အင်ပါယာ၏ ယခင် ဘုရင်ဟောင်း၊ တနည်းအားဖြင့် ယခင် ဧကရာဇ် ထျန်းယန်၊ ယခု တာရှန်းမိစ္ဆာနိုင်ငံ၏ ထျန်းကျို့ မြို့စား ကို ခေါ်ယူ တွေ့ဆုံလိုက်သည်။
“ကျုပ် ထျန်းကျို့... အရှင်မင်းကြီးကို အရိုအသေပေးပါတယ်။” ထျန်းကျို့ သည် ဒူးနှစ်ဖက်စလုံး ထောက်ကာ ခေါင်းငုံ့၍ အရိုအသေပေးလိုက်၏။
ဤမြင်ကွင်းသည် ပို၍ပင် ရှုပ်ထွေးသော ခံစားချက်များကို ဖြစ်ပေါ်စေသည်။
ဤသူသည် ယွင်ကျုံးဟဲ့ တွေ့ဖူးသမျှထဲတွင် အင်အားအကြီးဆုံး လူဖြစ်ပြီး၊ ကြောက်စရာ အကောင်းဆုံး လူဖြစ်ကာ၊ ဉာဏ်အများဆုံး လူလည်း ဖြစ်၏။
ယွင်ကျုံးဟဲ့က သူ့ကို သတ်ခဲ့သော်လည်း ယွင်ကျုံးဟဲ့သည် သူ့ကို တစ်ခါမှ အနိုင်မရခဲ့ဖူးပေ။
တစ်နည်းအားဖြင့် ပြောရလျှင် သူက ယွင်ကျုံးဟဲ့ကို ချက်ချင်း သတ်နိုင်ခဲ့သည်။ ထိုအချိန်က သူသည် တကယ်ကို မြင့်မားသော နေရာတွင် ရှိနေပြီး နတ်ဘုရား တစ်ပါးကဲ့သို့ ဖြစ်နေခဲ့သည်။ ယခုအခါတွင်မူ ယွင်ကျုံးဟဲ့၏ ရှေ့တွင် ဒူးထောက်နေရပြီဖြစ်သည်။
သို့သော်ငြား ဝမ်းသာ မရနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ထျန်းကျို့ မြို့စားက အခု ဒူးထောက်နေသည့် ပုံစံမှာ အရှက်ရနေသည့် ပုံစံ မပေါ်ဘဲ အတော်လေး တည်ငြိမ်နေပြီး လောကီရေးရာတွေကနေ ကင်းလွတ်နေတဲ့ ပုံစံမျိုး ပေါက်နေသောကြောင့်ပင်။
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ထျန်းကျို့... ခင်ဗျားကို တာရှန်းမိစ္ဆာနိုင်ငံရဲ့ ဧကရာဇ်က ကယ်တင်ခဲ့တာလား။”
ထျန်းကျို့ မြို့စားက ဖြေ၏။ “ဟုတ်လောက်ပါတယ် အရှင်မင်းကြီး။”
ယွင်ကျုံးဟဲ့က ထပ်မေးသည်။ “ဒါဆို သူက ခင်ဗျားကို ဘာလို့ ကယ်တင်ခဲ့တာလဲလို့ ခင်ဗျား ထင်လဲ။”
ထျန်းကျို့ မြို့စား ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဖြေလိုက်၏။ “သူ့ရဲ့ အောင်မြင်မှုတွေကို တခြားသူတွေ မြင်တွေ့ဖို့ လိုအပ်လို့ နေမှာပေါ့။ ကျုပ် အသက်ရှင်နေပြီး သူ လောကကြီးရဲ့ အထွတ်အထိပ်ကို ရောက်သွားတာကို ကြည့်နေရတာက သူ့ကို ကျေနပ်မှု တစ်ခုခု ပေးနိုင်လို့ နေမှာပေါ့။”
ယွင်ကျုံးဟဲ့က မေးလိုက်ပြန်သည်။ “ဒါဆို ဘာလို့ နောက်ပိုင်းမှာ သူက ခင်ဗျားကို မိစ္ဆာမြို့တော်မှာ မထားတော့ဘဲ ခင်ဗျားက အနက်ရောင်ဘုရင်ကျိုး ဆီ သွားခိုလှုံခဲ့ရတာလဲ။”
ထျန်းကျို့ မြို့စားက ဖြေ၏။ “သူ့ရဲ့ ကျေနပ်မှုက လုံလောက်သွားပြီလေ။ အကယ်၍ ကျုပ်ကို သူ့အနားမှာ ဆက်ထားပြီး နေ့တိုင်း ဒီကျေနပ်မှုထဲမှာ နစ်မွန်းနေမယ် ဆိုရင် ရိုးအီသွားမှာပေါ့။ ကျုပ်က အနက်ရောင်ဘုရင်ကျိုဆီ လာခိုလှုံခဲ့ရတာက သူက တခြား ချင်ဝမ်တွေနဲ့ မတူလို့ပါ။ သူက အဲဒီလောက် မတော်လို့ပါ။”
ယွင်ကျုံးဟဲ့က ပြောသည်။ “ကျုပ် အောက်မင် ကို မေးကြည့်ဖူးတယ်။ သူ ခင်ဗျားကို ဘယ်လို မြင်လဲ ဆိုတာ။ သူက နားမလည်ဘူးလို့ ပြောတယ်။ သေချာပေါက် နားမလည်ဘူးလို့ ပြောတာ ကိုယ်တိုင်က နည်းနည်းတော့ နားလည်နေလို့ပဲ။ ကျုပ် လင်ကုန်း ကို ထပ်မေးကြည့်တယ်၊ သူ ခင်ဗျားကို ဘယ်လို မြင်လဲ ဆိုတာ။ သူ ခင်ဗျားကို ဘယ်လို ဖော်ပြခဲ့လဲ ဆိုတာ ခင်ဗျား သိလား။”
ထျန်းကျို့ မြို့စားက ပြောလိုက်၏။ “ကျုပ် နားထောင်ပါ့မယ်။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “သူက ခင်ဗျားဟာ မကျေမနပ် ဖြစ်နေပေမယ့် ကံကြမ္မာကို လက်ခံလိုက်ပြီတဲ့။ ခင်ဗျားမှာ မျှော်လင့်ချက် ရှိနေပေမယ့် ဘာကို မျှော်လင့်နေမှန်း မသိဘူးတဲ့။”
ထျန်းကျို့ မြို့စား ဤစကားကို ကြားချိန်မှာတော့ ခန္ဓာကိုယ် အနည်းငယ် တုန်ယင်သွားပြီး မျက်လုံးများလည်း ဝေဝါးသွား၏။
အတော်ကြာမှ ထျန်းကျို့ မြို့စားက တုန်ယင်စွာ ပြောလိုက်သည်။ “အရှင်မင်းကြီး... လင်ကုန်းနဲ့ အောက်မင် တို့က သူတို့ ခေတ်နောက်ကျသွားပြီလို့ ထင်နေကြပြီး ဘယ်တော့မှ လိုက်မမီတော့ဘူးလို့ ထင်နေကြတာဟာ မျှော်လင့်ချက်မဲ့နေတဲ့ သနားစရာ ခံစားချက် တစ်မျိုးပါ။ ဒါပေမဲ့ ဒီလောကမှာ သနားဖို့ အကောင်းဆံဒးလူက ကျုပ်ပါ အရှင်မင်းကြီး။”
ထျန်းကျို့ မြို့စားက မြေကြီးပေါ်တွင် ဆက်လက် ဒူးထောက်နေဆဲဖြစ်ပြီး ယွင်ကျုံးဟဲ့ကို ကြည့်ကာ ပြောလိုက်၏။ “အရှင်မင်းကြီး... ကျုပ်ဟာ ဒီလောကကြီးရဲ့ အမြင့်ဆုံး နေရာနဲ့ အနီးစပ်ဆုံး ဖြစ်ခဲ့ဖူးပါတယ်။ အဲဒါတွေ အားလုံးက စိတ်ကူးယဉ် သက်သက် ဖြစ်ပြီး အဲဒီတုန်းက ကျုပ်ဟာ သူများရဲ့ နယ်ရုပ်လေး တစ်ရုပ် သက်သက်ပဲ ဖြစ်ခဲ့တယ် ဆိုရင်တောင်မှ အနည်းဆုံး လူအများစုရဲ့ အမြင်မှာတော့ ကျုပ်ရဲ့ ကိုယ်ပိုင် ကမ္ဘာထဲမှာတော့ ကျုပ် အဲဒီ အမြင့်ဆုံး နေရာနဲ့ နီးစပ်ခဲ့ဖူးတယ် မလား။”
ထိုအချိန်က ဧကရာဇ် ထျန်းယန်သည် တာယင် ဧကရာဇ်နှင့် ပိုင်ယင်မြို့စားတို့၏ အားပြိုင်မှုကြားတွင် မိမိသည် နယ်ရုပ်လေး တစ်ရုပ် သက်သက်သာ ဖြစ်ကြောင်း လုံးဝ မသိရှိခဲ့ပေ။
ထိုအချိန်က သူသည် တကယ်ကို အာဏာစက် ကြီးမားခဲ့ပြီး နတ်ဘုရားလောင်းကဲ့သို့ ဖြစ်နေကာ လောကကြီး၏ ဧကရာဇ် ဖြစ်လာတော့မည်ဟုပင် ထင်မှတ်ရသည်။
ထျန်းကျို့ မြို့စားက ဆက်ပြော၏။ “ဒါပေမဲ့ အခု ကျုပ်က တာရှန်းမိစ္ဆာနိုင်ငံရဲ့ မြို့စား တစ်ယောက် သက်သက်ပဲ ဖြစ်နေပြီ။ အရှင်မင်းကြီးက အရင်က ကျုပ်ရဲ့ အမတ် တစ်ယောက် ဖြစ်ခဲ့ဖူးပေမယ့် အခု ကျုပ်က အရှင်မင်းကြီးရဲ့ ရှေ့မှာ ဒူးထောက်နေရတယ်။ ကျုပ် ကိုယ့်ကိုယ်ကိုယ် မသနားသင့်ဘူးလား။ ကျုပ် မကျေမနပ် မဖြစ်သင့်ဘူးလား။”
ယွင်ကျုံးဟဲ့က ပြောသည်။ “ဒါပေမဲ့ ခင်ဗျားက အရမ်း တည်ငြိမ်နေပုံ ရတယ်။”
ထျန်းကျို့ မြို့စားက ပြောလိုက်၏။ “အရှင်မင်းကြီး... ကျုပ် အရှင်မင်းကြီးရဲ့ ရှေ့မှာ ဒူးထောက်နေပေမယ့် အရှင်မင်းကြီးဆီမှာလည်း ဝမ်းသာ ဂုဏ်ယူနေတဲ့ ပုံစံ သိပ်မရှိပါဘူး။ ဆန့်ကျင်ဘက် အနေနဲ့ သတိထားနေပြီး အန္တရာယ် ရှိနေတယ်လို့တောင် ခံစားနေရတယ်၊ ရေခဲပြင်ပါးပါးလေးပေါ် လမ်းလျှောက်နေရသလိုတောင် ခံစားနေရတယ်။ အဲဒါ ဘာလို့လဲ။”
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “လောကာကြီးရဲ့ အမှန်တရား တချို့ကို မြင်တွေ့လိုက်ရလို့ ကြောက်ရွံ့ လေးစားသွားတာပါ။ ဒါပေမဲ့ လောကကြီးရဲ့ အမြင့်ဆုံး အမှန်တရား တချို့ကိုတော့ ရှင်းရှင်းလင်းလင်း မမြင်ရသေးဘူးလေ။ အဲဒါကြောင့် အန္တရာယ် ရှိနေတယ်လို့ ခံစားရပြီး ရေခဲပြင်ပါးပါးလေးပေါ် လမ်းလျှောက်နေရသလို ခံစားရတာပါ။”
ထျန်းကျို့ မြို့စားက ပြောလိုက်၏။ “ကျုပ်လည်း အဲဒီလိုပါပဲ။ ကျုပ်လည်း အမှန်တရား တချို့ကို မြင်တွေ့လိုက်ရတယ်။ အနည်းဆုံးတော့ ကိုယ့်ကိုယ်ကိုယ်ရဲ့ အမှန်တရားကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရတယ်။ ကျုပ် ဒီကစားပွဲ ကနေ ထွက်လာခဲ့ရပြီ၊ လုံးဝ မျှော်လင့်ချက် မရှိတော့ဘူး ဆိုတာကို သိလိုက်တယ်။ အဲဒါကြောင့် သဘာဝကျကျ ကံကြမ္မာကို လက်ခံလိုက်တာပါ။
လူဆိုတာ ကိုယ့်ကိုယ်ကိုယ် သိဖို့ အရေးကြီးပါတယ်။ လူ့အစွမ်းနဲ့ ကောင်းကင်ကို အနိုင်ယူနိုင်တယ် ဆိုတဲ့ စကား ရှိပေမယ့် ဒါက လူတစ်စုကို ရည်ညွှန်းတာ ဖြစ်ကောင်း ဖြစ်နိုင်ပြီး လူတစ်ယောက်တည်းကို ရည်ညွှန်းတာ မဟုတ်ပါဘူး။ လူတစ်စု ဆိုရင်တောင် ဒီစကားက မှန်ချင်မှ မှန်မှာပါ။
အခြေအနေကြီး တစ်ခုလုံး ရိုက်ခတ်လာတဲ့ အချိန်မှာ ကျုပ်က သာမန် လူတစ်ယောက်ပဲ ဖြစ်ပြီး မခုခံနိုင်ဘူး ဆိုတာကို ကျုပ် ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရတယ်။ အဲဒါကြောင့် ကျုပ် ကံကြမ္မာကို လက်ခံလိုက်တယ်၊ ပြန်လည် ခုခံဖို့ စွန့်လွှတ်လိုက်တယ်။ ဧကရာဇ် တစ်ပါးရဲ့ ဂုဏ်သိက္ခာကို စွန့်လွှတ်ပြီး အရှင်မင်းကြီးရဲ့ ရှေ့မှာ ဒူးထောက်လိုက်တာပါ။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ပြီးတော့ကော။ ”
ထျန်းကျို့ မြို့စားက ဖြေ၏။ “သေချာပေါက် ကျုပ် လုံးဝ ပုန်းအောင်းသွားလို့ ရပါတယ်။ အဲဒီလိုဆိုရင် အရှင်မင်းကြီးရဲ့ ရှေ့မှာ ဒူးထောက်စရာ မလိုတော့ဘဲ အရှက်ကွဲစရာ မလိုတော့ဘူးပေါ့။ အရှင်မင်းကြီးက ကျုပ်ကို မစော်ကားခဲ့ပေမယ့် ဒီအရှက်ကွဲမှုက ကျုပ်ရဲ့ အတွင်းစိတ်ကနေ လာတာပါ။”
ယွင်ကျုံးဟဲ့က ပြောသည်။ “ဟုတ်တယ်။ ခင်ဗျား လုံးဝ ပုန်းအောင်းသွားလို့ ရပါတယ်။ ဒါပေမဲ့ ခင်ဗျား အဲဒီလို မလုပ်ဘဲ မုန်တိုင်းရဲ့ ဗဟိုချက်မှာ ဆက်နေနေသေးတယ်။ ခင်ဗျား ဘာကို မျှော်လင့်နေတာလဲ။”
ထျန်းကျို့ မြို့စားက ဖြေ၏။ “လင်ကုန်း ပြောတာ အရမ်း မှန်ပါတယ်။ ကျုပ်က တစ်ခုခုကို မျှော်လင့်နေပေမယ့် ဘာကို မျှော်လင့်နေမှန်းတော့ မသိပါဘူး။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ထျန်းကျို့... ခင်ဗျား ဘာကို မျှော်လင့်နေတယ် ဆိုတာကို ခင်ဗျား သိပါသေးတယ်။”
ထျန်းကျို့ မြို့စားက ပြော၏။ “အရှင်မင်းကြီးက အသိဉာဏ် အကြီးမားဆုံးပါ။ ကျုပ် အခု မျက်မြင်သက်သေ တစ်ယောက်ပဲ လုပ်ချင်ပါတော့တယ်။ ဒီလောကကြီးရဲ့ နောက်ဆုံး အဆုံးသတ်က ဘာလဲ ဆိုတာကို ကြည့်ချင်တယ်၊ ဒီနောက်ဆုံး ရလဒ်က ဘာလဲ ဆိုတာကို ကြည့်ချင်တယ်။”
ယွင်ကျုံးဟဲ့က မေလိုက်သည်။ “ပိုပြီး ရင်နာစရာ ကောင်းတာကကော။”
ထျန်းကျို့ မြို့စားက ဖြေ၏။ “ပိုပြီး ရင်နာစရာ ကောင်းတာကတော့ တာရှန်းမိစ္ဆာနိုင်ငံရဲ့ ဧကရာဇ်က အရမ်း မာနကြီးနေတာ မဟုတ်ဘူးလား။ သူ ဘယ်လို ပြုတ်ကျသွားမလဲ ဆိုတာကို ကျုပ် ကြည့်ချင်တယ်။ ဒါမှမဟုတ် အရှင်မင်းကြီးက ဘယ်လို ပြုတ်ကျသွားမလဲ ဆိုတာကို ကြည့်ချင်တယ်။
ဘာလို့လဲဆိုတော့ အခု အရှင်မင်းကြီးတို့ နှစ်ယောက်က ဒီလောကကြီးရဲ့ အမြင့်ဆုံး ကစားသမားတွေ ဖြစ်နေလို့ပါ။ ကျုပ်က အရင်က အမြင့်ဆုံး ကစားသမား တစ်ယောက် ဖြစ်ခဲ့တယ်။ အနည်းဆုံးတော့ ကျုပ် ကျရှုံးတဲ့အခါ အဖော် ရှိရမယ်လေ။ အဲဒီလူက တာရှန်းမိစ္ဆာနိုင်ငံရဲ့ ဧကရာဇ် ဖြစ်ဖြစ်၊ အရှင်မင်းကြီးပဲ ဖြစ်ဖြစ်ပေါ့။
အတိုချုပ် ပြောရရင် ရလဒ် တစ်ခုကိုတော့ ကျုပ် မြင်ချင်ပါတယ်။ အနည်းဆုံးတော့ ဒီလျှို့ဝှက်ချက်ကြီးကို ဖော်ထုတ်ပြလိုက်ပါ။ ဒါဆိုရင် ကျုပ် တစ်သက်လုံး ကြိုးစားခဲ့ရတာ၊ တစ်သက်လုံး လှည့်စားခံခဲ့ရတာ တန်သွားပါပြီ။”
အပိုင်း (၈၇၈)
ယွင်ကျုံးဟဲ့သည် ထျန်းကျို့ ကို အတော်ကြာအောင် စိုက်ကြည့်နေပြီးနောက် ဖြည်းညင်းစွာ ပြောလိုက်သည်။ “ခင်ဗျား တကယ် တစ်ခုခုကို သိထားတာပဲ။”
ထျန်းကျို့ မြို့စားက ပြောလိုက်၏။ “အကယ်၍ အရှင်မင်းကြီး ခွင့်ပြုမယ်ဆိုရင် ကျုပ်ကို ဆက်ပြီး မျက်မြင်သက်သေအဖြစ် နေခွင့်ပြုပါ။ ကျုပ်က ကျရှုံးသွားတဲ့ သူတစ်ယောက် ဖြစ်ပြီး အသုံးမကျတော့ပါဘူး။ ကျုပ်ရဲ့ တစ်ခုတည်းသော အသုံးဝင်မှုက ဘေးမှာ ရပ်ပြီး မျက်မြင်သက်သေ လုပ်ဖို့နဲ့ အခွင့်အရေး ရရင် ဒူးထောက်ပြီး သက်တော်ရာကျော် ရှည်ပါစေလို့ အော်ဟစ်ပေးဖို့ပါပဲ။ ကျုပ် ဘာအနှောင့်အယှက်မှ မပေးပါဘူး။ သေချာပေါက် အကယ်၍ ကျုပ်ကို မျက်စိနောက်တယ်လို့ ထင်ရင် အရှင်မင်းကြီး ကျုပ်ကို သတ်ပစ်လို့ ရပါတယ်။”
ယွင်ကျုံးဟဲ့ ထျန်းကျို့ ကို ကြည့်လိုက်သည်။ တစ်ချိန်က အင်အားအကြီးဆုံး လူ၊ အကြံအစည် အများဆုံး လူ၊ ကြောက်စရာ အကောင်းဆုံး လူကို ကြည့်လိုက်သည်။
ထို့နောက် သူက ဖြည်းညင်းစွာ ပြောလိုက်၏။ “ကောင်းပြီ။ ဒါဆို ခင်ဗျား မျက်မြင်သက်သေ လုပ်လိုက်ပေါ့။ ပြီးတော့ ခင်ဗျားက ကျုပ်ကို ဘာအံ့ဩစရာတွေ ယူလာပေးမလဲ ဆိုတာကိုလည်း ကျုပ် ကြည့်ချင်သေးတယ်။”
ယွင်ကျုံးဟဲ့သည် အနက်ရောင်ဘုရင်ကျိုး ကို ခေါ်ယူ တွေ့ဆုံလိုက်သည်။
“ငါ... ငါ ဘာလို့ ရှေ့ဆက် မတိုးတော့ဘဲ မျှော်လင့်ချက် အားလုံးကို မင်းဆီ ပုံအပ်လိုက်လဲ ဆိုတာကို ငါ မသိဘူး။ ”
အနက်ရောင်ဘုရင်ကျိုးက ဖြည်းညင်းစွာ ပြောလိုက်၏။ “မင်းလည်း သိပါတယ်။ အရင်က ငါဟာ ဒီလောကမှာ အပူအပင် အကင်းဆုံး လူတစ်ယောက် ဖြစ်ပြီး အကြင်နာဆုံးနဲ့ အတက်ကြွဆုံး လူတစ်ယောက်လည်း ဖြစ်ခဲ့တယ်။ ဘာလို့လဲဆိုတော့ အဲဒီတုန်းက ငါ့နှလုံးမှာ ပြဿနာ ရှိနေပြီး အသက် နှစ်ဆယ် မကျော်နိုင်ဘူး ဆိုတာကို ငါ သိနေခဲ့လို့ပဲ။
အဲဒါကြောင့် နေ့ရက်တိုင်းက အရမ်း တန်ဖိုးရှိပြီး မိဘတွေကလည်း ငါ့ကို အရမ်း ဖြူစင်တဲ့ အချစ်တွေ ပေးခဲ့ကြတယ်။ အဲဒါကြောင့် ငါ နေ့ရက်တိုင်းကို ဖက်တွယ်ထားချင်တယ်၊ နေ့ရက်တိုင်းကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းချင်တယ်၊ ဘယ်သူ့ကိုမှ မမုန်းတီးချင်ဘူး။ အဲဒါကြောင့် နွေးထွေး တက်ကြွတဲ့ အောက်ယွီ ဆိုတာ ရှိလာခဲ့တာ။”
ဒီနေရာအထိ ပြောပြီးနောက် အနက်ရောင်ဘုရင်ကျိုး ခဏမျှ ရပ်တန့်သွား၏။ ထို့နောက် သူက ဆက်ပြောသည်။ “နောက်ပိုင်း ငါ မင်းနဲ့ တွေ့တယ်။ ငါ့ရဲ့ အမြွှာ ညီလေး။ ငါ ကိုယ့်ကိုယ်ကိုယ် စတေးပြီး မင်းကို ကယ်တင်နိုင်ခဲ့တာ တကယ်ကို အရမ်း ကျေနပ်တယ်၊ အရမ်း ပျော်ရွှင်တယ်။ နည်းနည်းလေးမှ မကျေမနပ် ဖြစ်တာမျိုး မရှိဘူး၊ တကယ်ပါ။
နောက်ပိုင်း... ငါ တကယ်ပဲ အသက်ရှင်လာခဲ့တယ်။ ပြီးတော့ ကိစ္စတွေ အများကြီး၊ အများကြီး သိလာရတယ်။ အဲဒီအထဲမှာ မင်းက ငါ့နေရာကို ယူပြီး ရှန်းရှန်းကို လက်ထပ်ခဲ့တယ် ဆိုတာလည်း ပါဝင်တယ်။”
အနက်ရောင်ဘုရင်ကျိုး ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဆက်ပြော၏။ “ငါ မနာလို ဖြစ်လား။ ငါ မုန်းတီးလား။ မနာလို ဖြစ်တာကတော့ နည်းနည်းလေး ရှိပါတယ်။ ဒါပေမဲ့ တကယ် နည်းနည်းလေးပါ။ လုံးဝ မမုန်းတီးပါဘူး။ ဒါက ငါ့စိတ်ထား ကျယ်ပြောလို့ မဟုတ်သလို၊ ရှန်းရှန်းကို ငါ မချစ်လို့လည်း မဟုတ်ဘူး။ ငါ သူ့ကို အရမ်း၊ အရမ်း ချစ်ပါတယ်။
ဘယ်လို ပြောရမလဲ မသိဘူး။ ငါ သူ့ အနားကို အရမ်း မကပ်ရဲဘူး။ ဘာလို့လဲဆိုတော့ ငါက သူနဲ့ မထိုက်တန်ဘူးလို့ ခံစားရလို့ပဲ။ အဲဒါကြောင့် အဲဒီတုန်းက ငါ မင်္ဂလာပွဲကနေ ထွက်ပြေးခဲ့တာက တကယ့် အမှန်တရားပါ။ အတိုင်းအဆ မရှိတဲ့ အချစ်တွေ ရှိနေပေမယ့် အစွမ်းကုန် ထွက်ပြေးချင်ခဲ့တာ။ ဒီခံစားချက်ကို ငါ ဖော်ပြလို့ မရဘူး။”
အနက်ရောင်ဘုရင်ကျိုးက သက်ပြင်းချလိုက်သည်။
“ခေါင်းတလားထဲမှာ နှစ်အတော်ကြာ ရေခဲ ရိုက်ခံရပြီးတဲ့ နောက်မှာ ငါ ပြန်နိုးလာပြီး အမှောင် ပိရမစ် ထဲကို အပစ်ခံခဲ့ရတယ်။”
အနက်ရောင်ဘုရင်ကျိုးက ဆက်ပြောသည်။ “အဲဒီနောက်... ငါ အသွင်ပြောင်းသွားတယ်၊ ငါ အင်အားကြီး လာတယ်။ ဒါပေမဲ့ ဒါတွေ အားလုံးက ငါ့ရဲ့ ကိုယ်ပိုင် ဆန္ဒနဲ့ သိပ်မသက်ဆိုင်ပါဘူး။ သွေးကြောကြောင့်၊ ငါ့ရဲ့ ထူးခြားမှုကြောင့် သက်သက်ပါပဲ။
ငါ အဖေ့ကို ကယ်ချင်တယ်၊ ရှန်းရှန်း ကို ကယ်ချင်တယ်၊ ငါလည်း အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ငါ့ရဲ့ ကန့်သတ်ချက်ကို ငါ မြင်တွေ့ခဲ့ရတယ်။ အဲဒီ အခက်အခဲကို ငါ မဖြတ်ကျော်နိုင်ဘူး ဆိုတာကို ငါ သိလိုက်တယ်။ ငါဟာ အဲဒီလူ မဟုတ်ဘူး။ ဒီလောကကြီးရဲ့ အထွတ်အထိပ်ကို တက်လှမ်းနိုင်မယ့် လူ မဟုတ်ဘူး ဆိုတာကိုပေါ့။ မဟုတ်ဘူး၊ မဟုတ်ဘူး... ဒီလို ဖော်ပြတာလည်း မမှန်သေးဘူး။”
အနက်ရောင်ဘုရင်ကျိုး အောက်ယွီက ပြောသည်။ “အဲဒီ အခက်အခဲကို ငါ ဖြတ်ကျော်နိုင်ကောင်း ဖြတ်ကျော်နိုင်လိမ့်မယ်၊ ဆက်ပြီး အသွင်ပြောင်းနိုင်လိမ့်မယ်၊ ဆက်ပြီး အင်အားကြီးလာနိုင်လိမ့်မယ်၊ အခုထက် ပိုပြီး အဆင့်တက်နိုင်လိမ့်မယ်။
ဒါပေမဲ့... ငါ ကြောက်နေတာက တခြား ကိစ္စ တစ်ခု ဖြစ်နေသလိုပဲ။ ဒီအဆင့်ကို ကျော်လွန်သွားပြီးရင်၊ ပိုပြီး အင်အားကြီးလာပြီးရင် ငါက ပိုပြီး ရက်စက်တဲ့ အမှန်တရားကို ရင်ဆိုင်ရမှာကို ကြောက်နေတာ ဖြစ်နိုင်တယ်။ ဟုတ်တယ်... ငါ ကြောက်နေတာက ပိုမို အဆင့်မြင့်တဲ့ အမှန်တရားကိုပဲ။ အဲဒါကြောင့် ငါ့ရဲ့ ဝိညာဉ် အနက်ရှိုင်းဆုံးကနေ နောက်ဆုတ်သွားတာ။ ဝိညာဉ်က နောက်ဆုတ်သွားပြီ ဆိုရင် ရှေ့ဆက်တိုးဖို့ ခက်ခဲသွားပြီလေ။ ”
“မင်း ကြောက်နေတဲ့ အမှန်တရားက ဘာလဲ။” ယွင်ကျုံးဟဲ့က မေးလိုက်၏။
“အဲဒီ အမှန်တရားက ဘာလဲဆိုတာ ငါ မသိဘူး။ ဒါပေမဲ့ ကြောက်တယ်။”
အနက်ရောင်ဘုရင်ကျိုး အောက်ယွီက ပြောသည်။ “ပုံမှန်အားဖြင့်ဆိုရင် ငါက အဆက်မပြတ် အင်အားကြီး လာအောင် လုပ်ပြီး တာရှန်းမိစ္ဆာနိုင်ငံဧကရာဇ်ကို တိုက်ရိုက် သတ်ပစ်ရမှာ၊ အဖေ့ကို ကယ်ထုတ်ရမှာ၊ ရှန်းရှန်း ကို ကယ်ထုတ်ရမှာ။ ဒါပေမဲ့... ငါ့ရဲ့ ဝိညာဉ် အနက်ရှိုင်းဆုံးကနေ ဒီကိစ္စကို ကြောက်ရွံ့နေတယ်။ အမြင့်ဆုံး အမှန်တရားကို မြင်တွေ့ရမှာကို ငါ ကြောက်နေတယ်။ သေရမှာကို ကြောက်လို့ မဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ ငါက တစ်ခါ သေဖူးပြီးပြီလေ။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “မင်း တာရှန်းမိစ္ဆာနိုင်ငံရဲ့ ဧကရာဇ်ကို မုန်းလား။”
အနက်ရောင်ဘုရင်ကျိုး အောက်ယွီ ခဏမျှ စဉ်းစားပြီးနောက် ခေါင်းယမ်းကာ ဖြေသည်။ “ငါ မုန်းတယ်လို့ ပြောချင်ပေမယ့် တကယ်တမ်းကျတော့ အဲဒီလောက် မမုန်းပါဘူး။ အနည်းဆုံးတော့ ဒီအမုန်းတရားက မင်းကို လုံးဝ မမီပါဘူး။ ဘာလို့လဲဆိုတော့ သူက မင်းအပေါ်ကို အနက်ရှိုင်းဆုံး လှည့်စားမှုတွေနဲ့ သစ္စာဖောက်မှုတွေ လုပ်ခဲ့ပေမယ့် ငါ့အတွက်တော့ သူက ငါ့ကို တစ်ခါမှ မနာကျင်စေခဲ့ဖူးပါဘူး။ အဖေက သူ့ဆီမှာ အကျဉ်းကျနေပြီး အဖေ့ကို ငါ အရမ်း ကယ်ထုတ်ချင်ပေမယ့် ဘယ်လို ပြောရမလဲ မသိဘူး။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “အစ်ကို... မင်းက လူတစ်ယောက်ကို ကြောက်နေတာပဲ။”
အနက်ရောင်ဘုရင်ကျိုး အောက်ယွီ တိတ်ဆိတ်သွားပြီးနောက် မေးလိုက်သည်။ “ညီလေး... မင်းကော ကြောက်လား။”
ယွင်ကျုံးဟဲ့ ခဏမျှ စဉ်းစားပြီးနောက် ဖြေလိုက်၏။ “ငါ ကိစ္စ အများကြီးကို ကြောက်ပါတယ်။ ဘာလို့လဲဆိုတော့ ငါက မိသားစုကို ချစ်တယ်၊ အင်ပါယာက ပြည်သူတွေကို ချစ်လို့ပါ။ ဒါပေမဲ့ ဝိညာဉ် အနက်ရှိုင်းဆုံးက လာတဲ့ ကြောက်ရွံ့မှု၊ ငါ့ကို ရှေ့ဆက် မတိုးရဲအောင် လုပ်တဲ့ ကြောက်ရွံ့မှု မျိုးတော့ မရှိပါဘူး။ ဒီလောကကြီးရဲ့ အမှန်တရားကို ရင်ဆိုင်ဖို့ ငါ ဆန္ဒရှိပါတယ်။ အဲဒီ အမှန်တရားက ဘယ်လောက်ပဲ ရက်စက်နေပါစေ ငါ ဂရုမစိုက်ပါဘူး။”
အနက်ရောင်ဘုရင်ကျိုး အောက်ယွီက ပြောလိုက်သည်။ “ညီလေး... မင်းက ငါ့ထက် ပိုရဲရင့်တယ်။”
ယွင်ကျုံးဟဲ့က ပြော၏။ “အစ်ကို... မင်းက ငါ တွေ့ဖူးသမျှထဲမှာ ဉာဏ်အကောင်းဆုံး လူပဲ။”
အနက်ရောင်ဘုရင်ကျိုးက မေးလိုက်သည်။ “ဉာဏ်ကောင်းတာလား။ ရှေ့က ကြောက်စရာကောင်းတာကို မြင်လို့ နောက်ဆုတ်သွားတာကို ဉာဏ်ကောင်းတယ်လို့ ခေါ်လို့ ရလား။”
ယွင်ကျုံးဟဲ့က ဖြေ၏။ “ဒီလောက် အဝေးကြီးအထိ မြင်နိုင်တာက သေချာပေါက် ဉာဏ်ကောင်းလို့ပေါ့။ မင်းကော ထျန်းကျို့ကော အရမ်း ဉာဏ်ကောင်းကြတယ်။ ဒီလောကမှာ ဉာဏ်အကောင်းဆုံး လူတွေပဲ။ မင်းက အဲဒီလောက် ဉာဏ်ကောင်းတဲ့သူ ဆိုတော့ အခု တာရှန်းမိစ္ဆာနိုင်ငံရဲ့ ဧကရာဇ်က ဘာတွေ တွေးနေပြီး၊ ဘာတွေ လုပ်နေမယ်လို့ မင်း ထင်လဲ။”
အနက်ရောင်ဘုရင်ကျိုး ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။ “သူက ပြိုင်ဘက်ကင်း ဖြစ်ခဲ့ပြီးပြီ ဆိုတော့ ပိုပြီး ရူးသွပ်ပြီး၊ ပိုပြီး စိတ်ကူးယဉ်ဆန်တဲ့ ရည်မှန်းချက်တွေဆီ ရှေ့ဆက်နေလောက်ပြီ။”
...................
ရက်အနည်းငယ် အကြာတွင်...
တာရှန်းမိစ္ဆာနိုင်ငံ၏ အနက်ရောင်ဘုရင်ကျိုးသည် တာရှန်းမိစ္ဆာနိုင်ငံမှ နုတ်ထွက်ပြီး တာ့ယန် အင်ပါယာသို့ လက်နက်ချကြောင်း တရားဝင် ကြေညာခဲ့သည်။ ထို့နောက် ပုန်ကန်မှုများ နေရာတိုင်းတွင် ဖြစ်ပေါ်လာ၏။
ယွင်ကျုံးဟဲ့သည် စစ်သည် သိန်းချီ စေလွှတ်၍ ပုန်ကန်မှုများကို နှိမ်နင်းခဲ့သည်။ တာ့ယန် အင်ပါယာ စစ်တပ် သာမက အနက်ရောင်ဘုရင်ကျိုး၏ တိုက်ရိုက် လက်အောက်ခံ စစ်တပ်နှင့် ပိုင်ယင်မြို့၏ စစ်တပ်များလည်း ပါဝင်သည်။
တစ်လကျော် အတွင်း ပုန်ကန်မှုများကို နှိမ်နင်းနိုင်ခဲ့ပြီး လူတစ်သိန်းကျော် သတ်ဖြတ်ခံခဲ့ရ၏။
နောက်ထပ် တစ်လကျော် အကြာတွင် တာ့ယန် အင်ပါယာ ပြည်တွင်း၊ အထူး ပြည်နယ် အသီးသီး၊ ယွင်ပြည်နယ်၊ တောင်ပိုင်းပြည်နယ် စသည့် နယ်မြေ အားလုံးရှိ အမတ်ကြီးများ အားလုံးက ပူးတွဲ တောင်းဆိုလွှာများ ပေးပို့လာကြသည်။
အင်ပါယာ စစ်တပ် အားလုံးကလည်း ပူးတွဲ တောင်းဆိုလွှာများ တင်ပြကာ ယွင်ကျုံးဟဲ့ကို ဧကရာဇ် အဖြစ် နန်းတက်ရန် တောင်းဆိုကြသည်။ ဤတစ်ကြိမ်တွင် ယွင်ကျုံးဟဲ့ ထပ်မံ မငြင်းပယ်တော့ဘဲ ပြည်သူ့ ဆန္ဒကို လိုက်လျောလိုက်၏။
ဧကရာဇ် အဖြစ် နန်းတက်ခြင်း...
သူသည် ယခင် တာ့ကျိုး အင်ပါယာ၏ နန်းတော်သို့ ထပ်မံ ပြန်ရောက်လာပြန်သည်။ တကယ်ကို မထင်မှတ်ထားခဲ့ပေ၊ သူသည် ဤနန်းတော်တွင် ဧကရာဇ်အဖြစ် နန်းတက်ရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ သေချာပေါက် ဤနန်းတော်သည် သူ အချိန် အကြာဆုံး နေထိုင်ခဲ့သော နန်းတော်လည်း ဖြစ်သည်။
“အရှင်ဧကရာဇ် သက်တော်ရာကျော် ရှည်ပါစေ၊ ရှည်ပါစေ၊ ရှည်ပါစေ။”
အမတ် ထောင်ချီက စနစ်တကျ ဒူးထောက်ကာ အရိုအသေပေးလိုက်ကြ၏။
သေချာပေါက် ဤသည်မှာ နန်းတက်ပွဲ အခမ်းအနားတွင် ဒူးထောက် အရိုအသေပေးခြင်း သက်သက်သာ ဖြစ်ပြီး နောက်ပိုင်းတွင် ဒူးထောက်သည့် ထုံးစံကို ပယ်ဖျက်မှာ ဖြစ်သည်။
တစ်ချိန်တည်းမှာပဲ တာ့ယန် အင်ပါယာ ပြည်တွင်း မြို့တော်ရှိ ဝန်ကြီးအဖွဲ့နှင့် စစ်တပ် ဦးစီးဌာန တို့သည်လည်း အရှေ့ဘက်သို့ မျက်နှာမူကာ ဒူးထောက် အရိုအသေပေးလိုက်ကြ၏။
“အရှင်ဧကရာဇ် သက်တော်ရာကျော် ရှည်ပါစေ၊ ရှည်ပါစေ၊ ရှည်ပါစေ။”
ထို့နောက် တာ့ယန် အင်ပါယာသစ်၏ မြို့တိုင်းတွင် မီးရှူးမီးပန်းများ အကြီးအကျယ် လွှတ်တင်ကြသည်။
ပထမလ ကိုးရက်နေ့တွင် ယွင်ကျုံးဟဲ့သည် တာ့ယန် အင်ပါယာ၏ ဧကရာဇ်သစ် ဖြစ်လာခဲ့သည်။ ထိုအချိန်မှစ၍ သူသည် တာရှန်းမိစ္ဆာနိုင်ငံဧကရာဇ်နှင့် အဆင့်အတန်း တန်းတူ ဖြစ်သွားခဲ့ပြီဖြစ်၏။
တာ့ယန် အင်ပါယာ၏ နယ်မြေတွင် အင်ပါယာ ပြည်တွင်း၊ ယခင် ကိုလိုနီ နယ်မြေ အချို့၊ ရှန့်ဝမ် ပြည်နယ်၊ နုပြည်နယ်၊ ယွင်ပြည်နယ် ၊ တောင်ပိုင်းပြည်နယ်၊ ယခင် တာ့ကျိုး အင်ပါယာ၊ ပိုင်ယင်မြို့ စသည်တို့ ပါဝင်ပြီး အကျယ်အဝန်းမှာ စတုရန်း ကီလိုမီတာ သန်းသုံးဆယ်ကျော် ရှိသည်။
နယ်မြေ အကျယ်အဝန်းကို နှိုင်းယှဉ်မည်ဆိုပါက ယခုအခါ တာ့ယန် အင်ပါယာနှင့် တာရှန်းမိစ္ဆာနိုင်ငံတို့သည် အခြေခံအားဖြင့် တန်းတူ ဖြစ်နေပြီ ဖြစ်၏။
သုံးလပိုင်း ရှစ်ရက်နေ့...
ယွင်ကျုံးဟဲ့ ဧကရာဇ်အဖြစ် နန်းတက်ပြီး နှစ်လ အကြာတွင် တာ့ယန် အင်ပါယာသည် မြောက်ဘက်သို့ စတင် စစ်ချီသည်။
ရေတပ်၊ ကြည်းတပ်နှင့် ဝေဟင် အသွင်ပြောင်း စစ်တပ်များ ပေါင်းစပ်၍ စစ်သည် တစ်သန်းကျော်သည် ခမ်းနားကြီးကျယ်စွာဖြင့် လူသူကင်းမဲ့သော နေရာသို့ ချီတက်သွားပြီး တာယင် အင်ပါယာသို့ ချီတက်သွား၏။
ခြောက်လ အကြာတွင် မြောက်ဘက် စစ်ချီမှု ပြီးဆုံးသွားသည်။
စတုရန်း ကီလိုမီတာ ငါးသိန်း ကျယ်ဝန်းသော လူသူကင်းမဲ့သော နေရာသည် တာယင် အင်ပါယာ၏ အုပ်ချုပ်မှုအောက်သို့ ရောက်ရှိနေသည်မှာ နှစ်ပေါင်း နှစ်ဆယ်နီးပါး ရှိနေပြီ ဖြစ်၏။
တာရှန်းမိစ္ဆာနိုင်ငံတည်ထောင်ပြီးနောက် လျင်မြန်စွာ အင်အားကြီးမားလာသော သူတစ်ယောက် ရှိသည်။ ထိုသူမှာ ထျန်ထိုင်ကျင့် ဖြစ်သည်။
သူ၏ ပါရမီမှာ အလွန် မြင့်မားပြီး ကျင်းကျုံးယွဲ့ နှင့် အကြမ်းဖျင်း တူညီလောက်သည်။ သို့ပေမည့် သူက ကျင်းကျုံးယွဲ့ ထက် အများကြီး ပိုမို အသက်စွန့် ကြိုးစားသည်။ သူသည် တကယ်ကို တစ်ယောက်တည်းဖြင့် မိသားစု တစ်ခုလုံး၏ တက်ကျခြင်းကို ထမ်းပိုးထားရသူ ဖြစ်၏။
ထို့ကြောင့် သူသည် ရူးသွပ်စွာ လေ့ကျင့်သည်၊ ရူးသွပ်စွာ အသွင်ပြောင်းမှုများ ပြုလုပ်ပြီး အကြိမ်တိုင်းတွင် ကိုယ့်အသက်ကို ပဓာန မထားဘဲ ကြိုးစားခဲ့သည်။
ထို့နောက် သူသည် တာရှန်းမိစ္ဆာနိုင်ငံ၏ မြို့စားများထဲမှ တစ်ဦး ဖြစ်လာခဲ့သည်။ လူသူကင်းမဲ့သော နေရာ တစ်ခုလုံးသည် သူ၏ ပိုင်နက် ဖြစ်လာခဲ့၏။
သူပိုင်ဆိုင်သော မြို့စားဘွဲ့ထူး၏ တန်ဖိုးမှာ ကျင်းဝူရွှမ်းလောက် မကြီးမားသလို အုပ်ချုပ်ရသည့် နယ်မြေကလည်း ထိုမျှ မကျယ်ဝန်းဘဲ လက်အောက်ရှိ စစ်တပ်ကလည်း နှစ်သိန်း မပြည့်သော်လည်း သူသည် ဘိုးဘေးများ တစ်ခါမှ မအောင်မြင်ခဲ့ဖူးသော ဂုဏ်ကျက်သရေကို အကောင်အထည် ဖော်နိုင်ခဲ့ပြီး လူသူကင်းမဲ့သော နေရာ တစ်ခုလုံးကို အပြည့်အဝ ပေါင်းစည်းနိုင်ခဲ့သည်။
ဆယ်နှစ်ကျော်ကြာ ဆုံးရှုံးသွားခဲ့သော ထန်ထိုင်မြို့ကို သူ ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။ ထို့နောက် သူသည် ထန်ထိုင်မြို့ကို အစွမ်းကုန် တိုးချဲ့ တည်ဆောက်သည်။ အဘယ်ကြောင့်ဆိုသော် ယခင်က ထန်ထိုင်မြို့ ကျဆုံးသွားခဲ့မှုသည် ထန်ထိုင် မိသားစုအတွက် ကြီးမားလွန်းသော နာကျင်မှုများကို ယူဆောင်လာခဲ့ သောကြောင့်ပင်။
ထို့ကြောင့် ဤတစ်ကြိမ်တွင် ထန်ထိုင်မြို့ တစ်ခုလုံး၏ မြို့ရိုး အမြင့်ကို မီတာ ငါးဆယ်အထိ တိုးမြှင့်လိုက်ပြီး ပတ်လည် မိုင်သုံးဆယ် ရှိကာ ခိုင်ခံ့လွန်းသော ဧရာမ ခံတပ်ကြီး တစ်ခု ဖြစ်လာခဲ့သည်။
အမြောက်များ၏ ဖောက်ခွဲမှုကို စိုးရိမ်သောကြောင့် မြို့ရိုး၏ အထူကိုလည်း မီတာ ဆယ့်ငါးခန့် အထိ တိုးမြှင့်လိုက်၏။